Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လေ့လာသင်ယူရင်းဖြင့် ပြတိုက်စီမံခန့်ခွဲမှု နည်းဗျူဟာများနှင့် အနုပညာဖွံ့ဖြိုးတိုးတက်မှု သဘောသဘာဝများကို အလေးပေးသော အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို New Zero Art Space တွင် ၂၀၁၃ ဇန်န၀ါရီ ၁၄ရက်နေ့မှ ၁၈ရက်နေ့အထိ ငါးရက်တာပြုလုပ်ခဲ့ပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့ဝင် ၇ ဦးပါဝင်သော အဖွဲ့၏လိုလားချက်အရ အတွေးအခေါ် အယူအဆများကို အသားပေးသည့် ကိုယ်ပိုင် Project ဖန်တီးမှုကို အဓိကထား ဆွေးနွေးကြရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ပြင် ပါဝင်တစ်ဦးချင်းစီ ၏ကိုယ်ပိုင် Project ဖန်တီးမှုတွင်လည်း အနုပညာပြပွဲများတွင် ပရိသတ် ပူးပေါင်းပါဝင်မှု မြင့်တက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်ကို ဆွေးနွေးပွဲအနှစ်သာရအဖြစ် အလေးပေးခဲ့ကြသည်။

ထိုငါးရက်ကြာအလုပ်ရုံဆွေးနွေးပွဲ၏ ရလာဒ်ဖြစ်သော Project များကို ခင်းကျင်းပြသသည့် ပြပွဲကို New Zero Art Space တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ ပြုလုပ်လျက်ရှိသည်။

အဆိုပါပြပွဲတွင် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ကြသူ ၇ဦးချင်းစီ၏ ကိုယ်ပိုင် Project တည်ဆောက်ပုံအဆင့်ဆင့်ကို ခင်းကျင်းပြသထားပါသည်။ ပြပွဲတွင်ခင်းကျင်းပြသထားသည့် project များနှင့်ပါဝင်ပြသသူများမှာ ၁။သော်က(Art and Politic project)၊၂။ ကိုသန့်(Laughting project)၊၃။ဟေမန်ဦး(Mobile child Ard Education project)၊၄။ကိုလင်း(Yangon-Moving Art project(Y-MAP) )။၅။ သန္တာညို( They them Their Art Festival project)၊၆။ ရတနာဝင်း(Entering into fragile Heatrs project)၊၇။နိုရာ(Time of Transparency project(TOT)) တို့ဖြစ်ကြသည်။

Project ခင်းကျင်း ပြပွဲကို New Zero Art Space တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၄ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ပြသထားမည်ဖြစ်သည်။ ပြပွဲကျင်းပြခြင်းအတွက် Party ကို ဖေဖော်ဝါရီ ၂၈ရက်နေ့ ညနေ ၅ နာရီမှ ၇ နာရီအထိပြုလုပ်ခဲ့ပြီး ကဗျာဆရာအောင်ဇင်မင်း၊ အောင်ဘညို၊ စိုးရိမ်၊ ခိုင်မျိုး၊မောင်ညီညွတ် ၊ပန်းချီမြတ်ကျော့ စသော အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

  ပြပွဲတွင်ခင်းကျင်းထားသော Project များသည် ခေတ်ပြိုင်နိုင်ငံရေးအရွေ့၊ ခေတ်ပြိုင်လူ့အဖွဲ့အစည်းအရွေ့များကို ခေတ်ပြိုင်အနုပညာဖြင့် ပေါင်းစပ်ရန်ကြိုးပမ်းအားထုတ်မှုများဖြစ်ပြီး ပါဝင်သူတစ်ဦးချင်းစီ၏ စိတ်ကူးဆန်းသစ်မှုများကို တွေ့မြင်ခံရစားရသည့် ထူးခြားကောင်းမွန်သောအားထုတ်မှုများဟု ဆိုရပေမည်။

                                                                                                    ကိုဘုန်း