ဆောင်းပါး
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
   အတိတ်ကအဖြစ်​အပျက်​​တွေကို ​မေ့ထားချင်​​လောက်​​အောင်​ ဘယ်​လိုပဲ ကြိုးစား​ဖျောက်​ဖျက်​​ပေမယ့်​ စိတ်​​တွေသာ လွတ်​လွတ်​သွားတယ်​ အ​တွေး​တွေသာ ​ငေးငိုင်​သွားတယ်​ ဘ၀မှာ အတိတ်​​မေ့​ကြေးသာ ကစား​နေရတယ်​ ။ ဟိုအရင်​ကအ​ကြောင်းများ ​ခေါင်းထဲ​ရောက်​လာ​တော့ လူက ​ငေးသွားတယ်​ ငိုင်​သွားတယ်​ ရင်​ထဲ ထိခိုက်​ရှနာ ဒဏ်​ရာ​တွေသာ များလာရတယ်​ ။
  တစ်​စုံတစ်​​ယောက်​က ပုခုံးပုတ်​နှုတ်​ဆက်​လိုက်​တာ​တောင်​ သတိမမူမိတဲ့အထိ တစ်​​ယောက်​တည်းအထီးကျန်​လွင့်​​​နေတဲ့ ​နေ့​တွေမှာ အနာ​ဖေးတက်​ ရင်​ဘတ်​ထဲသိမ်းဆည်းသိုမှီး ထားခဲ့ရ ဒဏ်​ရာ​တွေ ထုတ်​ကြည့်​ဖြစ်​တယ်​ ။ ဒဏ်​ရာ​တွေမှာ ​ငွေသံ​ကြေးသံ မပီပြင်​ကြဘူး ဒဏ်​ရာ​တွေမှာ ခုနှစ်​​ထွေကကြိုး မစုံလင်​ကြဘူး ဒဏ်​ရာ​တွေဟာ တန်းမ၀င်​ စံချိန်​လဲမတင်​ခဲ့ကြပါဘူး ။
  အ​သေချာဆုံး​ပြောနိုင်​တာက​တော့ ဒီဒဏ်​ရာ​တွေအတွက်​ ဘယ်​သူတစ်​ဦးတစ်​​ယောက်​ကိုမှ ​အောက်​ကျို့​တောင်းပန်​တိုးလျှိုးခြင်းမပြုခဲ့ရသလို ဒီဒဏ်​ရာ​တွေနဲ့ အလဲအထပ်​ပြုလုပ်​ဖို့ဘယ်​လိုအ​လျော်​အစားတစ်​စုံတစ်​ရာကိုမှလဲ အ​ပေးအယူလုပ်​ရခြင်းမရှိခဲ့ပါဘူး ။ စိတ်​နဲ့တစ်​ထပ်​တည်းကျ​နေတဲ့ စိတ်​ဒဏ်​ရာများပါပဲ ။
  စိတ်​ဒဏ်​ရာများရဲ့​နောက်​ခံပန်းချီကားထဲမှာ အ​ရေး​တော်​ပုံအ​မှောင်​​ခေတ်​ကြီးက ပင်​တိုင်​ဇာတ်​၀င်​ခန်း​ပေါ့ ။ ၁၉၈၈ မှာ စနစ်​တစ်​ခု​ပြောင်းလဲဖို့ ​ကြွေး​ကြော်​တိုက်​ပွဲဝင်​ရင်း လမ်းများ​ပေါ်က​နေ အိမ်​ပြန်​​ရောက်​မလာတဲ့ အ​ဖေ အစ်​ကို တို့ရဲ့ သတင်းအစအန အ​ငွေ့အသက်​ ​ပျောက်​ချင်းမလှ ​ပျောက်​သွား​ပေမယ့်​ ၂၀၁၅ မှာ လမ်းစ တစ်​ခု ​မျှော်​လင့်​​နေမိခြင်းဟာလဲ ရင်​ဘတ်​အနာထဲက ဒဏ်​ရာတစ်​ခုအဖြစ်​ ရှိ​နေပါတယ်​ ။ ကျီးလန့်​စာစား ​နေ့ည များစွာ ဖြတ်​သန်းအပြီး ​နောက်​တစ်​ကြိမ်​ထွက်​လာကြ လမ်းများ​ပေါ်... ​နောက်​တစ်​ကြိမ်​ထွက်​လာကြ လမ်းများ​ပေါ်...၊ ဒဏ်​ရာ​တွေသာ တိုးတိုးလာပါတယ်​ ။ ထပ်​ဆင့်​တိုးလာတဲ့ ဒဏ်​ရာ​တွေကိုလဲ တလွဲမာန​တွေနဲ့အတူ ရင်​ဘတ်​ထဲကိုသာ ပစ်​ထည့်​ထားလိုက်​ပါတယ်​ ။ အခုချိန်​ထိ တရားဟာ ပီပီသသ မဖြစ်​​သေးဘူး ။ အမှား​တွေသာ ပီပီပြင်​ပြင်​ မြင်​​နေရတယ်​ ။
  အမှား​တွေကြားထဲ အသည်းအသန်​ ​ပြေးရင်းလွှားရင်း ကန်း​နေရတဲ့ ဉာဏ်​ပညာ ​တွေလဲဘာမှ မတတ်​နိုင်​ကြဘူး ။ တကယ်​​တော့ အ​တွေးဟာလဲ အ​တွေး​ကောင်း​ကောင်း မဖြစ်​​သေးဘူး ။
  ဘယ်​လို​တွေး​ခေါ်​မျှော်​မြင်​မှု့မျိုးနဲ့ ဘ၀​တွေ လမ်းစ​ပျောက်​ရသလဲ ၊ ဘယ်​လိုစဉ်းစား​ဝေဖန်​မှု့မျိုးနဲ့အလှ​တွေ ​မှောင်​မိုက်​ ဆိတ်​သုဉ်းရသလဲ ။
ချစ်​ခြင်းတရားမှာ အခါခါ​သေ​နေတဲ့ ဘ၀အဓိပ္ပါယ်​​တွေ ။
 ဒါဟာ လမ်းဆုံး​ရောက်​ပြီလား ၊ ဒါဟာ ပန်းတိုင်​မှီပြီလား ကိုယ့်​ကိုယ်​ကိုယ်​သာ အခါခါ ​မေး​နေရတယ်​ ။ ဘယ်​လိုကြိုးစား​ဖြေ​ဖြေ ဒီစာ​မေးပွဲဟာ ကိုယ့်​ကို မျက်​နှာသာမ​ပေးမှန်း သိလိုက်​ပြီ ။ ​မေးခွန်းကို ​မေးခွန်းအတိုင်းထားလိုက်​ ပြီး အ​ဖြေကို အ​ဖြေအတိုင်းထားလိုက်​ပြီးတဲ့​နောက်​ ရယ်​ရယ်​​မော​မော ​ပေါက်​ကွဲ ​နေလိုက်​တယ်​ ။
အများကြီးရှိ​နေတာပဲ မဟုတ်​ပါလား ။
ငေးတယ်​ ၊ ငိုင်​တယ်
လွတ်​လွတ်​သွားတဲ့စိတ်​နဲ့
အတိတ်​​မေ့​ကြေး ကစားတယ်
အနာ​ဖေးတက်​တက်​လာတဲ့ ရင်​ဘတ်​ထဲ
တလွဲမာန​တွေ ပစ်​ထည့်​ထားတယ်
တရားဟာ
တရားပီပီသသ မဖြစ်​​သေးဘူး
အ​တွေးဟာ
အ​တွေး​ကောင်း​ကောင်း မဖြစ်​​သေးဘူး
ဒီလိုနဲ့
ပြေးရင်းလွှားရင်း ကန်း​နေတဲ့ဉာဏ်​ပညာ​တွေ
ချစ်​ခြင်းတရားမှာ
အခါခါ​သေ​နေတဲ့ ဘ၀အဓိပ္ပါယ်​​တွေ
ဘယ်​လိုကြိုးစား ​ဖြေ​ဖြေ
ဒီစာ​မေးပွဲဟာ
ကိုယ့်​ကို မျက်​နှာသာမ​ပေးမှန်း သိလိုက်​ပြီ
ဘာအ​ရေးလဲ
ရယ်​ရယ်​​မော​မော ​ပေါက်​ကွဲ​နေလိုက်​တယ်​ ။
ရတုသစ်
၂၁ × ၄= ကဗျာ     စာအုပ်​မှ
ကဗျာဆရာ ရတုသစ်​ရဲ့
ငေး​မောခြင်း - ၁၂ ကဗျာအား
ခံစား​ရေးဖွဲ့ပါသည်​ ။
မိုးသက်​ငြိမ်​ဦး
6.9.2015
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
                     ၁
     လူ့ဘဝရပ်တည်ရှင်သန်မှု့အတွက် အမှန်တရားနဲ့ အပေးအယူလုပ်တမ်း ကစားကြသော လူတန်းစားများ ရှိပါတယ် ။ လူတန်းစား တစ်ချို့က အမှန်တရားဘက် ရပ်တည်ရင်ဆိုင်ဖို့ ခွန်အားမရှိပဲ ရေငုံနှုတ်ပိတ်နေကြပြီး လူတန်းစားတစ်ချို့ကတော့ အမှန်တရားရှိရာ အရောက်သွားပြီး အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ရင်ဆိုင်ကြပါတယ် ။
     ကျွန်တော်တို့ နိုင်ငံမှာ ယာယီ အခိုက်အတန့်အားဖြင့် အမှန်တရား ငုပ်လျှိုးခဲ့ရတဲ့ အချိန်တစ်ခုရှိခဲ့ပါတယ် ။  ဒါပေမယ့် လူတန်းစားတစ်ချို့က ဘယ်လို အကျိုးရလာဒ် မျှော်လင့်ချက် တစုံတရာမျှ    ရယူမထားပဲ အမှန်တရားရှိရာမှာ ကဗျာဆရာရှိတယ်   ကဗျာဆရာက  ကဗျာနဲ့ အမှန်တရားကို ညွှန်ပြတယ်ဆိုတဲ့ လူတန်းစားကတော့  ကဗျာဆရာ လူတန်းစားပါပဲ ။
     အဲ့ဒီလို ကဗျာဆရာလူတန်းစားဟာ ဘယ်သူတဦးတယောက် တာဝန်ပေးထားလို့မှမဟုတ်ပဲ ပင်ကိုယ်သိစိတ် အရ ကဗျာများ ရေးသားတဲ့အခါ မလွှဲမသွေ ရင်ဆိုင်ရဖွယ်ရှိတဲ့ အန္တရာယ်နဲ့ ကြုံရင်တောင် တစ်စက်ကလေးမှ နောက်တွန့် မသွားပဲ မရ ရတဲ့နည်းနဲ့ ကဗျာ အနုပညာအားကိုးပြီး ရေးသားပုံဖော်ကြတာပဲ ဖြစ်ပါတယ် ။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
                       မနက်ဖန်ဆိုရင်   ဖေဖေါ်ဝါရီလ(၁၂) ရက်ကို ရောက်တော့မယ်၊ ပြည်ထောင်စုနေ့ဆိုတာကို သတိရရုံတင်မက နင်တို့ မြောက်ပိုင်းကျောင်းသားရဲဘော်တွေရဲ့ နှလုံးသားတွေ ထိခိုက်နာကျင် ကြေကွဲခဲ့ရတဲ့ နေ့ဆိုတာ ငါလဲ အမြဲ သတိရနေပါတယ်၊ အဲဒီနေ့မတိုင်ခင်ကတည်းက ဖေဖေါ်ဝါရီ( ၁၂) ရောက်တော့မယ်ဆိုရင် ဆို့နစ်ကြေကွဲစရာ အဖြစ်တွေကို တနုံ့နုံ့ ပြန်သတိရနေတတ်တယ်၊ မြောက်ပိုင်းကနေ အသက်မသေပဲ လွတ်လာတယ်ဆိုပေမယ့် ဒီသမိုင်းကြောင်းမှာ လူးလိမ့်အောင် ခံစားခဲ့ရတာကို တို့လဲ ထပ်တူ ခံစားရပါတယ်၊ ဒါ့ကြောင့် မိသားစုထဲမှာ အမေအပါအဝင် မောင်နှမအားလုံးက နင့်အပေါ်မှာ အစစ နားလည် ထားတတ်ကြတယ်။
                ၁၉၈၈ခုနှစ် ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းသား အရေးအခင်းမှာ နင်ပါနေပြီ ဆိုတာကို ငါပဲ အရင်ဆုံးသိခဲ့ တာကစလို့ နောက်ပိုင်း ထားဝယ်ကို ထွက်သွားတာ၊ အဲဒီကနေ စစ်တပ်အာဏာသိမ်းတဲ့အခါ ရန်ကုန်ကို ပြန်တက်လာတာ၊ ဘယ်ရောက်နေမှန်းမသိတဲ့ အချိန်တွေကနေ သတင်းအစအနရတဲ့အခါ အနောက်ကနေ ငါကလိုက်ပြီး တွေ့ရတာ ဆိုတော့ နိုင်ငံရေးနယ်ထဲ ကိုယ်ရောစိတ်ရော နစ်ဝင်ပြီး ကျောင်းသားအရေး၊ အစိုးရပြုတ်ကျရေးသာ နင့်ခေါင်းထဲမှာ ရှိတယ်ဆိုတာ တွေ့နေ သိနေတယ်၊ 
         ငါမှတ်မိသေးတယ်၊ တို့ငယ်ငယ်တုန်းက အဖေနဲ့အမေ မကြာခဏ စကားများရန်ဖြစ်ကြတဲ့ အခါ နင်ကအမြဲ အမေ့ဖက်က၊   အဖေနဲ့အမေ ရန်ဖြစ်ပြီး အမေ့ကို ဒေါသတကြီးပြောဆိုတာ၊ အမေငိုတာကို နင်ကပါ လိုက်ငိုပြီး အဖေ့ကို စိတ်ဆိုးဒေါသထွက်တဲ့အခါ ငါက နင့်ကိုဖျောင်းဖျပြီး ဒီလိုပဲ အဖေနဲ့အမေက စကားများရန်ဖြစ်၊ ပြီးရင် ပြန်တည့်သွားကြတာပဲ၊ အဖေ့ကို ဘယ်တော့မှ ပြန်မအော်နဲ့ အဖေဆိုတာ အဖေပဲ၊ နင်ပဲ ငရဲကြီးမယ်လို့ ပြောပြီး အိမ်ရှေ့မှာ ထွက်ထိုင်ပြီး ငိုနေတဲ့ နင့်ကို ငါဖျောင်းဖျခဲ့တယ်၊ နင်က မိသားစု အထူးသဖြင့်အမေ့ကို ချစ်ခင်တွယ်တာပေမယ့် နိုင်ငံရေး လုပ်နေတဲ့ အချိန်မှာ မိသားစုကို လုံးဝ မေ့ထားတယ်ဆိုတာ ကြည့်ပြီး နိုင်ငံရေးအလုပ်ပဲစိုက်စပ်မတ်စပ် လုပ်နေတာသိလာတယ်။ ဒါ့ကြောင့် ငါတို့ အလိုလိုသိပြီး ဘယ်သူကမှ မတားကြဘူး၊ တတ်နိုင်သလောက် ကြည့်ကြတယ်။ ကျောင်းသားတွေ သေကြ ထောင်ကျ ကြ တာတွေ့နေ ကြားနေရတဲ့ အတွက် နင်လုပ်တာကို အားလုံးက မသိမသာ ထောက်ခံပြီး လိုက်လျောထားခဲ့ကြတယ်။ 
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
                        ဘိုင်စကုပ်ဆိုတာ ရုပ်ရှင်ကို  ယခင်ခေတ်က အခေါ်ပါ၊  အဖိုးအဖွားတွေ ခေတ်ကဆိုပေမယ့်  ကိုယ်တို့ ငယ်ငယ်တုန်းက နာမည်ကျော် စတီရီယို သီချင်းတစ်ပုဒ်မှာတော့  " ဘိုင်စကုပ်ထဲကလို ချစ်ကြ ကြိုက်ကြတယ် အမိ " တဲ့၊ အဲဒီသီချင်းက တော်တော်ပေါက်တာပေါ့၊ 
ရုပ်ရှင်ဆိုတာ အနုပညာ ခံစားမှုတစ်ခုပင်၊ ဒါတင်မက ရုပ်ရှင်မှတဆင့် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို မြင်ရသည်၊ ရိုးရာဓလေ့နှင့် အစားအသောက် အနေအထိုင် ထုံးတမ်းစဉ်လာများကို မြင်တွေ့ သိရှိရသည်။ ထိုနိုင်ငံ၏ သမိုင်းကြောင်းတွေကိုလဲ ရုပ်ရှင်ဇာတ်လမ်းတွေမှ တဆင့် သိမြင်ရသည်။
                       မကြည့်တာ နှစ်နဲ့ချီနေပြီ ဖြစ်သည့် ကိုးရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေ  အခုတလောမှာ ပြန်ကြည့်ဖြစ်လေသည်။ အကြောင်းက နံနက်မိုးလင်းက ညနေ မိုးချုပ်တိုင်အောင် အိမ်မှုကိစ္စများလုပ်ကိုင်ရင်းက စက်ရုပ်တစ်ခုလို ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်မိတဲ့ အချိန်၊ တစ်ဆက်ထဲမှာ မိသားစုနဲ့ စကားပြောရင်း ကိုယ်ဝင်ဆွေးနွေးလိုက်တဲ့ အချက်ကို ကျန်မိသားစုဝင်တွေက တူညီသော စကားတစ်ခွန်းဖြင့်  ဝေဖန်လိုက်ကြသည်။
" အနုပညာခံစားချက် မရှိတဲ့ လူတစ်ယောက်ပဲ" 
                    အလယ်တန်းကျောင်းသူ ဘဝမှာကတည်းက စာကျက်ရင်း တစ်ဖက်မှာ ရေဒီယိုဖွင့်ထားတတ်သည်။ သီချင်းနားထောင်ရင်း စာကြည့်သည်၊  ဂဏန်းသင်္ချာတွက်သည်။ လုပ်ငန်းခွင်ဝင်တော့လည်း အလုပ်က သီချင်းတွေ၊ ဇာတ်လမ်းပမာတွေ အသံသွင်း၊ တည်းဖြတ်၊ အသံလွှင့်ရသည့် အလုပ်ကို လုပ်ရသည်၊  ကိုယ့်ပတ်ဝန်းကျင်သည် သီချင်းတအေးအေးနှင့် အမြဲရှိနေသည်။ လုပ်ဖော်ကိုင်ဖက်များမှာပင်  တေးသံရှင်၊ အဆိုတော်များ ပါဝင်ပြီး အနုပညာသည်များနှင့် ရင်းနှီးပတ်သက်စွာ ကာလအတန်ကြာ နေခဲ့ရဖူးသည်။ 
                  အိမ်မှုကိစ္စတွေ လုပ်ကိုင်ရာပင် သီချင်းဖွင့်ပြီး လုပ်လေ့ရှိရာက ဘယ်လိုကဘယ်လို  ထိုအလေ့ ပျောက်သွားမှန်းမသိလိုက်၊ ကိုးရီးယားဇာတ်လမ်းတွဲတွေ ပေါ်ကာစက မအိပ်မနေ ကြည့်ပြီး ဇာတ်လမ်းအတိုင်း မျောပါကာ နောက်နေ့ မိုးလင်းသည်နှင့် ဘာဆက်မဖြစ်လဲ မသိဆိုသည့် အတွေးက ဆက်တိုက်ပေါ်လာသေးသည်။ ထိုမျှစွဲလန်းခဲ့သော ရုပ်ရှင်တွေလဲ မကြည့်ဖြစ်၊ 
အနုပညာခံစားချက် ကင်းမဲ့နေပြိလားလို့ ကိုယ့်ကိုယ်ကို တွေးမိပြီး   စာအုပ်တွေ ပြန်လှန်ဖြစ်သည်။ တစ်ဆက်ထဲမှာပင် ရုပ်ရှင်ဇာတ်လမ်း တွေ ပြန်ရှာမိသည်။ 
                     ဒီမှာပင်  မကြည့်တာ ကြာပြီဖြစ်သည့် ကိုးရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေဖက် ပြန်လှည့်ဖြစ်လေသည်။ ဒီနေရာမှာ ကိုးရီယားဆိုသည်က တောင်ကိုးရီးယား ( Republic of Korea) ပါ။ ကိုးရီယားရုပ်ရှင် ဇာတ်လမ်းတွေက message တစ်ခုခုတော့ ရသည်ပင်၊ ကြည့်ရတာ တန်သည်။ အချစ်ဇာတ်လမ်း ဖြစ်နေရင်တောင် သူတို့ အစားအစာ တစ်မျိုးမျိုးကိုတော့ စားချင်စဖွယ် သိရသည်။ ( စာရေးဆရာ တစ်ယောက်ပြောသလို ရသ မြောက်တဲ့ ရုပ်ရှင်လို့ ရယ်စရာ တွေးမိသည်) ။
 ပဲခေါက်ဆွဲ၊ ကင်မ်ချီ၊ ၊ တော့ပုကီ ၊ ရေညှိထမင်းလိပ်၊ ထမင်းသုပ် စတာတွေ ကိုယ်နဲ့ရင်းနှီးလာပြီး ရှာဖွေ စားသောက်ကြည့်မိလသည်။ 
ကိုးရီးယားအနုပညာက ကမ္ဘာအနှံ့လွှမ်းမိုးလာယုံမက စားသောက်ဆိုင်တွေပါ ပြန်နှံ့လာလေသည်။ ကိုးရီယားစီးပွားရေးမှာ အနုပညာကတစ်ဆင့် တိုးတက်လာလေသည်။  Endless Love ဆိုသည့် ရုပ်ရှင်ဇာတ်ကားကို ကြည့်မိရင်း ကိုးရီးယားနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းကို စာအုပ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာ ပြန်ရှာပြီး ဖတ်ဖြစ်လေသည်။ 
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
kh
ဘာလိုလိုနဲ့ ၂၀၁၄ခုနှစ် ကုန်ဆုံးပေတော့မည်၊ တစ်နှစ်တစ်နှစ် ကုန်တာမြန်လိုက်တာလို့ ပြောနေကျ အတိုင်း ပြောဖြစ်ပြန်လေသည်။ နာရီ၊ မိနစ်၊ စက္ကန့်တွေက သူ့ပုံမှန်အတိုင်းသွားနေတာပဲ ဖြစ်သည်၊ ရက်တွေ လတွေကရော ပိုပြီးမြန်လာတာ မရှိ၊ သူ့ပုံမှန်သာ လည်ပတ် နေတာသာ ဖြစ်သည်။ ဒါဖြင့် ဘာ့ကြောင့် ငယ်ငယ်တုန်းကနဲ့မတူ အချိန်တွေ ကုန်တာ မြန်လိုက်တာလို့ ဖြစ်လာပါလိမ့်၊ ဒါက အသက်အရွယ်ရလာတဲ့  လူတွေဆီက ဒီလို စကားတွေ  ထွက်ကျလာမြဲ၊ ဒါဖြင့် ကိုယ်ကိုယ်တိုင် ထိုအသက်အရွယ်ရလာပြီ ဆိုတဲ့ အရွယ်ကို ရောက်လာပြီလို့ အလိုလို သိလာလေသည်။ အချိန်တွေ ကုန်မြန်တယ်ဆိုတဲ့ သဘောက ကုန်ခဲ့တဲ့ အချိန်ကိုတွက်တာထက် ရှေ့မှာ သိပ်မကျန်တော့တဲ့ အချိန်တွေကို ကြိုမြင်မိလို့ သာပဲ ဖြစ်မည်။ 
                 ဘယ်လိုပဲ ဖြစ်ဖြစ် အတိတ်ကို အတိတ်မှာထားလို့ ပြောကြပေမယ့် တစ်နှစ်ကုန်ခါနီးမှာ ဒီနှစ်ထဲ ကောင်းတာ ဆိုးတာ ဘာတွေများ လုပ်ခဲ့ပါလိမ့်လို့  ပြန်ဆင်ခြင်မိ တာတော့ အမှန်ပင်၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊  ကိုယ့်တိုင်းပြည်နဲ့ပတ်သက်တဲ့အရေး နောက်ကြောင်းပြန် သုံးသပ်နေမိသည်။ 
              အိမ်ရဲ့စီးပွားရေးက ကုန်သည်၊ အရောင်းအဝယ် စီးပွားရေး သမား မဟုတ်တဲ့အတွက် ခါတိုင်းနှစ်တွေလို ပုံမှန်လို့ ဆိုရမည်ပင်၊ တခုတော့ရှိသည်၊ ဘယ်လောက်စုမိသလဲ ဆိုပါက အရင်နှစ်တွေလိုပါပဲ ၊ ရတာနဲ့ ကုန်တာ စာရင်းအတိအကျပါပဲ၊ ပိုငွေ လိုငွေမရှိလို့ ပြောရမည်။ တခုတော့ ရှိသည်။ သမီးတယောက် တက္ကသိုလ်စတက်၍ သူ့အတွက် ကုန်ကျစားရိတ် ပိုလာသည်။