ဆောင်းပါး

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
"တီဟီလ်ကာ၊ သူရိယနေ၀န်းနဲ့ အင်ဗက်စတီဂိတ် သတင်းစာသမား"

photo

                 

မကြာသေးခင်က ရန်ကုန်သွားလည်ပြီး နော်ဝေးပြန်ရောက်လာတဲ့ သူငယ်ချင်းများဖြစ်တဲ့ ကိုထက်အောင်ကျော် နဲ့ ကိုသူရိန်တို့ ကျေးဇူးကြောင့် ရန်ကုန်ထုတ် သတင်းစာနဲ့ ဂျာနယ် တချို့ ဖတ်ရပါတယ်..။ ခုတလော အ၀ါရောင်ဂျာနယ်လို့ နာမည်ကြီးပြီး ရောင်းအားကောင်းတဲ့ သူရိယနေ၀န်းလည်းပါတယ်။ သူကတော့ တခြားဂျာနယ်တွေထက် မျက်နှာဖုံးကိုယ်က အ၀ါရောင်၊ အနီရောင် စာလုံးကြီးတွေနဲ့ ပြူးပြူးပြဲပြဲဖော်ပြပြီး  မျက်နှာဖုံးမှာရော အတွင်းစာမျက်နှာတွေရော ဓာတ်ပုံနဲ့ ဒီဇိုင်းခေါင်းစဉ်ကိုယ်က စာမျက်နှာပြည့်လုနီးပါး ဖော်ပြထားတော့ နာမည်တွေ အကြီးကြီး ဖြစ်နေတာကတော့ သေချာပါတယ်။ အတွင်းစာမျက်နှာမှာလည်း ထိုနည်းလည်းကောင်းပေါ့လေ။ ဒါပေမယ့် တခြား ဂျာနယ်တွေ သတင်းစာတွေထက် စကားလုံးပြောင်ပြောင်နဲ့ ရေးရဲ ဖော်ပြရဲတာတွေမြင်ရသလို ခရိုနီတွေ၊ အစိုးရ၀န်ကြီးတချို့၊ ခေါင်းဆောင်တချို့ရဲ့ မတရားစီးပွားခြစားမှုတွေ ဖွင့်ချထားတာလည်း တွေ့ရတယ်။  ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို ဖော်ပြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ သမိုင်းအဖြစ်အပျက်တွေလည်း တွေ့ရတယ်။ 

 

ခေတ်အပြောင်းမှာ မြန်မာ့စာနယ်ဇင်းလောကရဲ့ ဖြေလျှော့မှုတချို့ တွေ့လာရတယ်။ တချိန်က စာပေကင်ပေတိုင်လို့ စာနယ်ဇင်းသမားတွေ မြည်တွန်ကင်ပွန်းတပ်ခဲ့တဲ့ မလိုလားအပ်တဲ့ အဖွဲ့လည်း ရုတ်သိမ်းသွားတယ်။ ဒါပေမဲ့ Self Sensorship မိမိဖာသာ ထိမ်းချုပ်တည်းဖြတ်ရတဲ့ တာဝန်ယူရဲမှုကိုတော့ ကြုံလာရပါတယ်။ ဒါကလည်း ကျင့်ဝတ်တစ်ပါးမို့ ယူသင့်လိုက်နာသင့်တဲ့ တာဝန်ပါ။ ဒီကနေ့ စာနယ်ဇင်းလောကဆိုတာက ငါးပွက်ရာ ငါးစာသူ အများအပြားမို့ အရည်အသွေး၊ စံချိန်မမှီတာတွေလည်း ရှိနေတာ မဆန်းသလိုပါပဲ။ အဆိုးဆုံးက ငွေရှိ၊ လုပ်ပိုင်ခွင့်အာဏာ ရှိနေသူတွေတချို့ရဲ့ မီဒီယာလောကအပေါ် လက်ဝါးကြီးအုပ်ထားလိုမှုပါ။ မြန်မာပြည်သူတေအတွက် အတွေးအခေါ်နဲ့ အသိပညာတွေ သတင်းမှန်တွေ ပေးရမယ့်အစား မိမိတို့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ စေတနာကွက်ကြားတွေပဲ မြင်တွေ့ရပါတယ်။ မီဒီယာအကျိုးမျော်ကိုးလို့ဖြစ်စေ၊ မီဒီယာအပေါ် စေတနာပါပါနဲ့ မြှင့်တင် အားပေးလိုတဲ့ စိတ်တွေ တော့ ထင်ထင်းရှားရှားမမြင်ရပါဘူး။ တက်သာဆုတ်တာ သိုင်းကွက်နင်းနေတာပဲမြင်ရပါတယ်။ တစ်ချိန်က အာဏာရှင်တွေနဲ့ ပုလင်းတူဗူးဆို့ မြိန်ရေရှက်ရေ ရှိခဲ့သူတွေက သူတို့ရဲ့ ရာဇ၀တ်မှုတွေ၊ မတရားခြစားမှုတွေ၊ ခိုးဝှက်သိုလှောင်ထားမှုတွေကို မပေါ်လာအောင် ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ မီဒီယာတွေကို  လက်ဦးမှုယူ မောင်ပိုင်စီးထားကြတယ်။ ခရိုနီတွေ ချယ်လှယ်နေတဲ့ ဒီကနေ့မီဒီယာလောကကို  နတ်ဆိုးတွေ ကခုန်နေတဲ့ မီဒီယာလို့ပဲ အမည်ပေးရမလိုဖြစ်နေတယ်။ ဒါကလည်း ကိုယ်ကတိုက်ယူလို့ရတဲ့ လမ်းကြောင်းမဟုတ်ဖဲ သူတို့က ဖွင့်ပေး၊ ခင်းပေးတဲ့ နေရာလေးတခုပေါ်မှာ ရပ်တည်နေရတာမို့ ဒီလောက်တော့ ရှိမှာပဲလေ..ဆိုပြီးတော့ ရသေ့စိတ်ဖြေလိုက်ပါတယ်။ ဒါပေမယ့် ဘ၀င်မကျ။

မနှစ်က နိုဝင်ဘာလကုန်ခါနီး ပြည်တွင်းစာနယ်ဇင်းသမားတချို့ နဲ့ အော်စလိုမှာ တွေ့ဆုံခွင့်ရတယ်။

 

စာနယ်ဇင်းကောင်စီက ကိုဇော်သက်ထွေးက “ကျနော်တို့ရနေတာ Freedom (လွတ်လပ်မှု) မဟုတ်သေးပါဘူး၊ Liberalization (တင်းကျပ်မှုများဖြေလျှော့ ပျော့ပြောင်းလာသည့် အခြေအနေမျိုး) ပဲဖြစ်ပါတယ်။ မီဒီယာမှာလည်း ကျနော်တို့ရနေတာက ဆင်ဆာအဖွဲ့ဖျက်သိမ်းသွားပြီး လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ပြောဆိုခွင့်တချို့ ရနေပေမဲ့ Freedom of expression (လွတ်လပ်စွာပြောဆိုခွင့်) ကို Law (ဥပဒေ) အရ ရထားတာမဟုတ်ပဲနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရ Give and Take (အပေးအယူအရ) ရထားတာဖြစ်တယ်။ ဥပဒေအရ တရားဝင်ရရှိဖို့ လွှတ်တော်ကိုတင်ထားပါတယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပြီ၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့လုပ်ထားတယ်၊ ဒါကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတဲ့ အခါကျမှ ဥပဒေအရ အတည်ပြုပြီးတဲ့ Freedom of expression ကို ရမှာပါ။ ကျနော်တို့အားလုံး ကြမ်းတမ်းတဲ့ တော်လှန်ရေးကာလကို ဖြတ်သန်းပြီးတဲ့အခါ အခုသွားနေတာက Evolution (အဆင့်ဆင့် တဖြေးဖြေးချင်း ပြောင်းလဲမှု) နဲ့ ရွေ့နေတာ။ အခြေအနေက အခြေအတင်တွေ ပြောနေကြရတယ်။ ပြည်တွင်းမှာလည်း တကယ့်ကို ကသောင်းကနင်းပဲ လို့ ပြောသွားပါတယ်။ သမ္မတ ဦးသိန်းစိန် သက်တမ်း၃နှစ်ဟာ ကို့ယို့ကားယား၊ ကသောင်းကနင်းနှစ်များလို့ ဆိုရမှာပါ။

 

အဲဒီလို ဘယ်ဥပဒေကမှ စာနယ်ဇင်းလောကအပေါ် တိတိကျကျနဲ့ ပြဌာန်းပြီး အကာအကွယ်မပေးနိုင်သေးတဲ့ အကွက်ရှာ အချိန်ဆွဲ စပ်ကူးမတ်ကူး ကာလမျိုးမှာ သူရိယနေ၀န်းရဲ့ မျက်ကန်းတစ္ဆေမကြောက် ရင်ဘတ်ဖွင့်ပြီးတိုက်နေတဲ့ လုပ်ရပ်ကိုတော့ အရမ်းကာရော လက်ခုတ်လက်ဝါးမတီးချင်တောင် သတိထားပြီး မျော်လင့်ချက်ထားနေမိတာတော့ အမှန်ပါ။ တချိန်က စစ်အာဏာရှင်တွေ သောင်းကျန်းနေတဲ့အချိန် ပြည်သူပိုင်မြန်မာ့အလင်း၊ ကြေးမုန်သတင်းစာတွေကိုတောင် စစ်ဝါဒဖြန့်လက်နက်လိုသုံးပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖေတော့ မောင်တော့ သဘောမျိုး ဆဲရေး တိုင်းထွာတဲ့အထိ လုပ်ရက်တာပဲလေ၊ မြက်ခင်းသစ်လို မဂ္ဂဇင်း (ဒီမိုတွေက နွားစားကျက်လို့ နာမည်ပေးတယ်) တွေရော၊ ရုပ်ရှင် ဗွီဒီယိုတွေကရော ဒီမိုကရေစီ အရေးတော်ပုံကို သေးသိမ်အောင် ၀ါဒဖြန့်ပြီး စာနယ်ဇင်းလောကကြီးကို လိုသလိုပုံဖျက်ခဲ့ကြတာပဲ ဆိုတော့ ဒီကနေ့ သူရိယနေ၀န်း ပြောတာလောက်က အကင်းလေးပါ။ သူရဲဘောကြောင်သူ၊ အခွင့်အရေးရှာသူတွေထူပြောတဲ့ ခေတ်ပျက်ကြီးမှာ သူရိကနေ၀န်းကို ဒီကနေ့အချိန် လူကြိုက်များတာ သဘာဝကျပါတယ်။ ခရိုနီတွေကို ဗြောင်ဖွင့်ချတိုက်ခဲ့တဲ့ မနှစ်က အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာပဲ ကိုမိုးဟိန်းတို့ ရဲ့ အယူအဆမတူတဲ့ ရှယ်ရာအကွဲအပြဲ သတင်းတွေထွက်လာပါတယ်။ သိပ်မကြာဘူး ၈၈နိုင်ငံရေးမျိုးဆက်  တောခို၊ ထောင်ထွက်၊ နိုင်ငံခြားပြန် နိုင်ငံရေးအုပ်စုတွေနဲ့ ၀ိုင်းဖွဲ့ပြီး သူရိယနေ၀န်းနာမည်နဲ့ ဂျာနယ်သစ်ဟာ မြန်မာ့စာနယ်ဇင်းလောကမှာ ချွန်ပြီးထွက်လာပါတယ်။ သိပ်ပြီး နာမည်ကောင်း ကျင့်ဝတ်ကောင်းတွေနဲ့ချည်းတော့ မဟုတ်ပါဘူး။ လဘက်ရည်ဆိုင်မှာ ပေါက်ကရထိုင်ပြောတဲ့ အတင်းအဖျင်း သတင်းဆန်ဆန်တွေပဲလို့ ကြိုဆိုဝေဖန်သံတွေနဲ့ပါ။ တကယ်လည်း ဒီဂျာနယ်က အဲလို အတင်းအဖျင်းဆန်ဆန် အရေးအသားတွေမြင်ရပါတယ်။ ဦးတေဇကတောင် ဒီဂျာနယ်ကို တရားစွဲမယ် ဘာညာပြောခဲ့သေးတယ်၊ သူကိုယ်တိုင်ကရော တချိန်က တရားဥပဒေအတိုင်း နည်းလမ်းမှန်မှန် စီးပွားရှာခဲ့သူမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ချင်စရာပါ။

 

အဆိုးတိုင်းမှာ အကောင်းပါ၊ အကောင်းတိုင်းမှာ အဆိုးရှိ ဆိုသလို သူရိယနေ၀န်းမှာ အရာရာတိုင်း ဆိုးရွားနေတာတော့မဟုတ်ပါဘူး။ သေချာတိကျတဲ့ သတင်းအရင်းအမြစ်နဲ့ အချက်အလက်ကျကျဖော်ပြမှု အားနည်းနေတာပါ။ ပြီးတော့ သေသေချာချာ Investigation (စုံစမ်းလေ့လာစစ်ဆေးမှု) လုပ်ထားတာမျိုးမဟုတ်ဖဲ အပေါ်ယံ ဖော်ထုတ်မှုတွေသာဖြစ်တယ်။ သူရိယထက် ပိုမို သိထားတဲ့ သတင်းသမားတွေက မပြောရဲ၊ မဖော်ပြရဲတော့ မျက်ကန်းတွေကြား တဖက်ကန်းသူက ဗိုလ်ဖြစ်လာသလိုပေါ့။ အယ်ဒီတာကိုမိုးဟိန်းတို့ရဲ့ ကိုယ်သိသလောက် ပြန်ပြောရဲတဲ့ သတ္တိကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီထက်ကောင်းမွန်တဲ့ လမ်းကြောင်းကို လျှောက်စေချင်လို့ပါ..။ အဲဒါကတော့ ဒီကနေ့သူရိယနေ၀န်း ရွေးချယ်တဲ့လမ်းကြောင်းဖြစ်တဲ့ Investigative ကျကျနနနဲ့ စနစ်တကျ တည်ဆောက်ဖို့ပါ။ ပြောရတာလွယ်ပေမယ့် လက်တွေ့လုပ်ရတာခက်မှန်း၊ အန္တရာယ်နီးမှန်းလည်း သဘောပေါက်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ၊ သုသေသနတွေ၊ သတင်းအရင်းအမြစ်နဲ့ Investigator လို့ခေါ်တဲ့အလွတ်စုံထောက်၊ အတွင်းလူတွေ လိုမှာဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းတွေလို လူအရင်းအမြစ်၊ ငွေအရင်းအမြစ်လည်းလိုအပ်မှာသေချာပါတယ်။ ပိုဆိုးတာက အသက်အန္တရာယ်နဲ့ အာဏာပိုင်အစိုးရတွေ၊ ခရိုနီတွေရဲ့ ငြိုငြင်မှုနဲ့ တုန့်ပြန်ချက်တွေဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ အိန္ဒိယမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဥပမာပေးပြီး ခွန်အားပါပေးလိုပါတယ်။

 

လွန်ခဲ့တဲ့ မတ်လ ၁၄ရက် ၂၀၀၁ခုနှစ်မှာ အိန္ဒိယအခြေစိုက် သတင်းစာတွေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ မီဒီယာတွေကနေ အစိုးရ၀န်ကြီးတွေ အရာရှိတွေရဲ့  ခြစား လဂ်စားမှုတွေကို တခုပြီးတခု၊ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် အထောက်အထားတွေနဲ့တကွ ဖွင့်ချလိုက်တဲ့ သတင်းတွေကြောင့် အိန္ဒိယ တနိုင်ငံလုံး သာမက တကမ္ဘာလုံး အုပ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ သတင်းတွေထဲမှာ အာဏာရပါတီ ဥက္ကဌ နဲ့ ၀န်ကြီးဌာနတွေရဲ့ ခြစားမှုတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှောင်ခိုဈေးကွက်ကနေ လက်နက်ဝယ်ယူ ရောင်းချမှု၊ ခရစ်ကက်အားကစားလောကရဲ့ လဂ်ပေးလဂ်ယူမှုနဲ့ ပညာရေး၊ ကျန်းမာရေးနယ်ပယ်က လဂ်ပေးလဂ်ယူမှုတွေကို တိတ်တဆိတ်ခိုးရိုက်ထားတဲ့ ကင်မရာနဲ့ ရုပ်သံတေအသုံးပြုပြီး သက်သေပြဖော်ထုတ်ခဲ့တာပါ။ ဥပမာ Bharatiya Janta Party (BJP) ကဥက္ကဌ Bangaru Laxman ကို နှစ်သစ်ကူး အသေးသုံးလက်ဆောင် အဖြစ် ရူပီး တစ်သိန်းခွဲ (ဒေါ်လာ၂၄၀၀) ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတချို့ဆီ အတွက် ဒေါ်လာ ၁၆၀ နဲ့ ဒေါ်လာ ၉၆၀၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဂျော့ဖာနန်ဒေ့ခ်ျ ရဲ့ ပါတီဖြစ်တဲ့ Samata ပါတီ ဥက္ကဌ  Jaya Jaitley ဆီတွေ့ပြီး ရူပီး ၃သိန်း (အမေရိကန်ဒေါ်လာ ၄၈၀၀)  စသဖြင့်..စသဖြင့်ပေးခဲ့တယ်။

 

သူတို့ရဲ့ စစ်ဆင်ရေးကို  Operation West End လို့နာမည်ပေးခဲ့တဲ့ တဟီလ်ကာ သတင်းဌာနက အထူးသတင်းထောက် (၂) ယောက်ကတော့  မက်သရူးစံမြူးလ် (Mathew Samuel) နဲ့   အနုရုဓ္ဒဘဟာလ် (Aniruddha Bahal) တို့ဖြစ်ပါတယ်။ သူတို့ရဲ့ စီမံကိန်းကို ၂၀၀၀ခုနှစ်ကတည်းကစခဲ့တယ်။ တည်ကြက်အဖြစ် အသုံးပြုဖို့ လဂ်ငွေအတွက် အိန္ဒိယ ရူပီးငွေ ၁၅သိန်း (အမေရိကန်ဒေါ်လာ ၂၄၀၀၀) ရင်းနှီးခဲ့တယ်။ ဒါတောင် ဒီထက်ငွေများများ ရင်းနှီးနိုင်ရင် ဒီထက်ပိုပြီး အမှုမှန်တွေ ဖော်ထုတ်နိုင်မယ်လို့သက္ကရာဇ် ၂၀၀၀ပြည့်မှာ Tehelka အွန်လိုင်း သတင်းဌာန ၀က်ပ်ဆိုဒ်ကို စတင်ထူထောင်ခဲ့တဲ့ Tarun Tejpal က ပြောပါတယ်။ သူတို့အဖွဲ့ဟာ NDA (အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ - အိန္ဒိယအစိုးရ) ထဲက ထိတ်တန်း နိုင်ငံရေးသမားတွေကို တွေ့ခဲ့သလို ၂၀၀၁ကစလို့  Operation West End ဆိုပြီး အိန္ဒိယ နိုင်ငံရေးပါတီ၊ စစ်တပ်၊ အားကစား၊ ပညာရေး၊ စီးပွားရေး နယ်ပယ်အသီးသီးထဲ ၀င်ရောက် စုံစမ်းဖော်ထုတ်မှုတွေလုပ်ခဲ့တယ်။ နိုင်ငံရေးပါတီအကြီးအကဲတွေ၊ စစ်ဘက် အရပ်ဘက်၊ ခေါင်းဆောင်တွေကို လှို့ဝှက် တွေ့ဆုံဆွေးနွေးပြီး လဂ်ပေးမှုတွေပြုလုပ် မှတ်တမ်းတင်ခဲ့တယ်။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တိတ်တဆိတ်တွေ့ပြီး လက်နက်ပွဲစား (အတု) လုပ်ခဲ့တယ်။ သူတို့ကိုယ်သူတို့ လန်ဒန် က West End လို့ လူသိများတဲ့ Regent Street မှကုမ္မဏီပိုင်ရှင်တွေလို ပိပိရိရိဟန်ဆောင်ခဲ့တယ်။

 

ဒီလိုလေ့လာစုံစမ်း ဖော်ထုတ်မှုတွေကြောင့် အစိုးရဟာ အထူးတရားစီရင်ရေးရေးနဲ့ စုံစမ်းစစ်ဆေးဘို့ တရားရေးဝန်ထမ်းတွေပါတဲ့ အထူးအဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ ပါဝင်ပတ်သက်သူတွေ၊ နီးစပ်သူတွေကို ဆင့်ခေါ်ပြီး  စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ရတယ်။ အကျိုးဆက်တွေကတော့ အာဏာရ အစိုးရရဲ့ BJP ပါတီဥက္ကဌ Laxman အပါအ၀င်ဝါရင့်နိုင်ငံရေးသမားကြီး (၅) ဦး နောက်တနေ့မှာပဲ ရာထူးကနှုတ်ထွက်သွားကြတယ်။ အာဏာရပါတီ အင်အားချိနဲ့သွားတယ်။ ကာကွယ်ရေးဝန်ကြီးလည်း ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးခံရတယ်။   ကိုယ့်ဘက်ကလည်း တုန့်ပြန်ခံရတာတွေရှိပါတယ်။ အစိုးရဘက်က ပြန်လှန် တရားစွဲတာ၊ အစိုးရသြဇာခံမီဒီယာတွေက ရှုံချပြစ်တင်တာ၊ ဝေဖန်တာတွေလည်းခံရပါတယ်။ ဘယ်လိုပဲဖြစ်စေ သူတို့သတင်းဌာန အောင်မြင်ကျော်ကြားမှုတွေ ရခဲ့ပြီး တဟီလ်ကာ အွန်လိုင်းသတင်းဌာနကလည်း ၂၀၀၄မှာ သတင်းစာနဲ့ ၂၀၀၇မှာ ဂျာနယ်ထုတ်ဝေတဲ့အထိ အရှိန်သြဇာကြီးသွားတယ်။ ဆုလဒ်တွေလည်းရခဲ့တယ်။ ဥပမာ ၂၀၀၇ ခုနှစ်မှာကမ္ဘာကျော် ဂါးဒီးယန်း သတင်းစာတိုက်က တီဟီလ်ကာ သတင်းအဖွဲ့ကို အိန္ဒိယ ထိတ်တန်းသတင်းဆုတွေ ပေးခဲ့သလို ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ တွေမှာလည်း အိန္ဒိယရဲ့ သတင်းမီဒီယာဆိုင်ရာ ထိတ်တန်းအဖွဲ့အစည်းတွေရဲ့ ဆုချီးမြှင့်မှုတွေခံခဲ့ရတယ်။ ဒီကနေ့အထိလည်း၊ ခြစားမှု၊ အုပ်စုဖွဲ့မုဒိန်းကျင့်မှု၊ လူသတ်မှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားနယ်ပယ်က အာဏာပိုင် အဖွဲ့အစည်းတွေရဲ့အကျင့်ပျက် ခြစားမှု၊ လဂ်ပေးလဂ်ယူမှု တွေကို အစဉ်တစိုက် ဖော်ထုတ်ပေးနေပါတယ်။ (စိတ်ဝင်စားသူတွေ www.tehelka.com ကို သွားရောက် လေ့လာနိုင်ပါတယ်)

 

ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ အင်ဗက်စ်တီဂိတ် လုပ်ပြီး စနစ်တကျ အထောက်အထားခိုင်ခိုင်နဲ့ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေ၊ သတင်းစာတွေ များများပေါ်လာဖို့လိုတယ်။ ဒါမျိုးတွေဟာ အသွင်ကူးပြောင်းစနိုင်ငံတိုင်း အာရှနဲ့ အာဖရိက၊ အရှေ့ဥရောပ နိုင်ငံတွေမှာပါ ဖြစ်ပေါ်နေကျပါ။ မြန်မာပြည်ကျမှ သတင်းသမားတွေ အကြောက်ကြီးပြီး ရွာလွန်ရွက်တိုက်နေလို့မဖြစ်ပါ။ တချိန်က ကျနော်တို့တတွေ ပြည်ပ ရေဒီယိုတွေကနေ အထဲက သတင်းစာဆရာကြီးတွေ၊ ဂျာနယ်၊ မဂဇင်းသမားတွေ၊ စာရေးဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက်ပြီး မြန်မာ့မီဒီယာလောက ပိုမိုပွင့်လင်းလာစေဘို့ နဲ့ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ပြီးတော့ စစ်အစိုးရရဲ့ ခြစားမှုတွေ၊ လဂ်ပေးလဂ်ယူမှုနဲ့ စစ်ဆင်ရေးတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခက်အခဲတွေ အမျိုးမျိုးကြားက ဖော်ထုတ် သတင်းလွှင့်ခဲ့တယ်။ တခါတလေ  လေလှိုင်းမှာ ၃ မိနစ်လောက်သာ ကြာမဲ့ သတင်းတပုဒ်ကို ခိုင်ခိုင်လုံလုံ ရေးသားအသံလွှင်နိုင်ဖို့ လနဲ့ချီ စုံစမ်းဖော်ထုတ်ခဲ့ရတယ်။ မှတ်မိသလောက် စာနယ်ဇင်းလောကဖိနှိပ်မှုများနဲ့ ဆင်ဆာဘုတ်ရဲ့ ခြစားမှု၊ မူဆယ်နယ်ခြားဂိတ်ခြစားမှု၊ တပ်မတော်သားများရဲ့ လက်နက်နဲ့ကျီဆံ တဖက်နိုင်ငံသူပုန်တွေဆီ မှောင်ခိုရောင်းဝယ်မှု၊ နေပြည်တော်မြို့တော်သစ်စီမံကန်း၊ ဘ၀သစ်စီမံကိန်းခေါ် ကဘော်ဒေသ ရဲဘက် အကျဉ်းစခန်းအခြေအနေမှန်၊ ဒီပဲယင်းလုပ်ကြံမှု၊ စတဲ့..စတဲ့  သတင်းတွေဟာ ကျနော့အဖို့ သီတင်းပတ်ပေါင်းများစွာ အချိန်ကုန်ခံ ငွေကုန်ခံပြီး ဆက်သွယ်စုံစမ်းပြီး မျက်မြင်တွေ၊ အတွင်းလူတွေ ပြောဆိုချက်များနဲ့အတူ ဖော်ထုတ် အသံလွှင့်ခဲ့ရတာပါ။

 

ဒါပေမဲ့ ဒီကနေ့ ပြည်တွင်းထဲ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားပြီး သတင်းယူနေတဲ့ ရေဒီယိုသတင်းဌာနတွေဟာ ဟိုတချိန်ကလို စုံစမ်းလေ့လာ အချိန်ယူပြီး ဖော်ထုတ်ရတဲ့ သတင်းတွေမျိုးတွေ အသံလွှင့်တာသိပ်မတွေ့ရပါ။ အစိုးရအာဏာပိုင်တွေ လုပ်ပိုင်ခွင့်မပေးမှာကို  ကြောက်ရွံ့နေပါတယ်။ တချိန်က ပြည်ပကနေ တယ်လီဖုံးနဲ့ ဆက်သွယ်သတင်းယူတာကမှ အလုပ်ဖြစ်နေပြီး အထဲရောက်တော့ ချာတူးလန်ကုန်တယ်လို့ လုပ်ဖော်ကိုင်ဖက် ရေဒီယို သတင်း အယ်ဒီတာတယောက်က ပြန်ငြီးပြတယ်။ ပြည်ပအခြေစိုက်တဲ့ သတင်းဌာနတောင် အဲ့ဒီလောက် ပူပန်စိုးရိမ်နေမှတော့ ပြည်တွင်းအခြေစိုက် သတင်းဌာနတွေကြောက်လန့်တာကို အပြစ်တင်ရမှာတောင် အားနာရတော့မလိုလိုပါ။ ဟိုတုန်းက ပြည်တွင်းကို သတင်းထောက်တွေမွေးပြီး တိတ်တဆိတ် စပိုင် ကင်မရာအသေးစားလေးတွေ (ဦးထုတ်၊ ကြယ်သီး၊ နာရီ ပုံစံ ကင်မရာများ) နဲ့ သတင်းတွေ သက်စွန့်ဆံဖျား ခဲရာခဲဆစ် ဖော်ထုတ်ကြပေမယ့် ဒီကနေ့မှာ အသုံးမပြုတော့လို့စပိုင် ကင်မရာတွေ ဖုံတက်နေပါပြီလို့ ပြောတဲ့ သတင်းထောက်လည်းရှိပါတယ်။ အနေချောင်မယ့်သတင်းတွေနဲ့ တင်းတိမ်နေကြတယ်။ အင်းယားမြိုင် ၅ လောင်းပြိုင်သတ်ဖြတ်မှု၊ နေပြည်တော် အတွင်းရေး၊ လက်ပံတောင်း ပရောဂျက်၊ မြစ်ဆုံပရောဂျက်၊ ရခိုင်ဓာတ်ငွေ့၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပြည်တွင်း ပြည်ပအရင်းအနှီး စတဲ့ ထင်သာမြင်သာရှိနေတဲ့ သတင်းတွေတောင် သေသေချာချာ မလိုက်တော့ပါဘူး။ ပိုဆိုးတာက သတင်းဌာနတွေဘက်ကလည်း တိတ်တဆိတ် သတင်းနှိုက်ယူတာ၊ စပိုင် ကင်မရာသုံး သတင်းဖော်ထုတ်တာက (အန္တရာယ်ရှိတာ၊ မရှိတာအသာထား) ဒီလုပ်ရပ်ဟာ သတင်းကျင့်ဝတ် နဲ့ မလျှော်ညီပါဘူးလို့ ကိုယ်ကျိုးကွယ်ကာ ဆင်ခြင်မျိုးတွေပေးလာတာမျိုးပါ။ ပြည်သူပိုင်ပစ္စည်း ခိုးဝှက်စားသုံးပြီး ဘိုကျမိုက်မဲနေသူတွေအတွက် အကာအကွယ် ဆင်ခြေတစ်ခုပေါ့။ သူခိုးဓားရိုးကမ်း အတွေးအခေါ်ပါ။ ဥပဒေကို လိုသလို အသုံးချပြီးတရားမျှတမှုမရှိတဲ့ နိုင်ငံမှာ မြန်မာ့ သတင်းလောကကြီးဟာ ရှေ့တန်းရောက်သင့်သလောက် မရောက်လာနိုင်ဘူး။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ မေးခွန်းပြန်ထုတ်ခံရမယ့် အခြေအနေ။  သတင်းဌာန အများစုမှာ အယ်ဒီတာတွေက လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိပဲ CEO တွေ၊ ညွှန်ကြားရေးမှုးတွေရဲ့ သြဇာအာဏာနဲ့ သတင်းရေးသားပုံနှိပ် ထုတ်လွှင့်နေတာပါ။ သတင်းအရည်အသွေးထက် သတင်းဖောင်ပြည့်ဘို့၊ အကျိုးစီးပွားမထိပါးဘို့၊ ပြဿနာမတက်ဖို့ကို ဦးစားပေးနေရတယ်။ အာဏာရှင်၊ အာဏာကိုင်တွေ မျက်နှာ မော့ကြည့်နေရရှာတယ်။ ဒီကြားထဲ အခုရက်ပိုင်းလေးတင် ရခိုင်ပြည်နယ် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အေပီသတင်းဌာနက သတင်းမှားပေးတယ်ဆိုပြီး အစိုးရ ပြန်ကြားရေးဌာန သတင်းစာရှင်းပွဲမှာ အေပီသတင်းဌာနကို တက်ရောက် သတင်းယူခွင့် မပြုပါဘူး။ ဒါဟာ သေးနှုတ်တဲ့ အစိုးရမူဝါဒကို ထင်ထင်ရှားရှားပြသလိုက်သလို ကျန်သတင်းဌာနတွေကိုလည်း ငါတို့အကြောင်း မကောင်းရေးရင် အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်တာ လဲဖြစ်ပါတယ်။ တကယ်တော့ သတင်းထောက်ဆိုတာ သူတော်စဉ်လို ရိုးသားဖြောင့်မတ်ရမှာ ဖြစ်သလို စုံထောက်တယောက်လိုလည်း ပရိယာယ်သုံး လှို့ဝှက်ထောက်လှမ်းရတာမျိုးပါ။

 

သူရိယနေ၀န်းအကြောင်း ပြန်ဆက်ချင်ပါတယ်။ အများပြည်သူ အဖတ်များတယ်၊ စောင်ရေတိုးတယ်၊ နာမည်ကြီးတယ်ဆိုပြီး သာယာစိတ်နဲ့ ဒီအတိုင်းကျေနပ် မျောပါမသွားစေချင်ပါ။ ခရိုနီဦးတေဇနဲ့ ခရိုနီတချို့ကို တိတိကျကျ၊ သက်သေအထောက်အထားနဲ့တကွ ပြနိုင်အောင် ၀ီရိယစိုက်စေချင်ပါတယ်။ ပြီးတော့ ဦးတေဇ တယောက်ထဲမဟုတ်ပါ။ ဒီကနေ့ တိုင်းပြည်ခေါင်းဆောင်လုပ်နေတဲ့ သမတကြီး ဦးသိန်းစိန်အပါအ၀င်၊ လွှတ်တော်အာဏာကိုင် ဦးရွှေမန်းနဲ့ စစ်ဗိုလ်ချုပ်အဟောင်း အသစ်တွေရဲ့ သတင်းတွေပါ ကျိုးစား ဖော်ထုတ်သင့်ပါတယ်။ သူရိယနေ၀န်း အပါအ၀င် သတင်းဂျာနယ်တိုင်းဟာ တစ်ပတ်ပြီးတစ်ပတ် အကြောင်းအရာတွေထပ်နေပြီး အစောပိုင်းက ကျနော် တင်ပြခဲ့တဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အစိုးရနဲ့ ဦးပိုင်ကုမဏ္ဍီအပါအ၀င် အဖွဲ့အစည်းတွေရဲ့ ပရောဂျက်တွေ၊ ဘာသာရေးလှို့ဆော်မှု နောက်ကွယ်က အခြေအနေတွေ စသဖြင့် စုံစမ်း ဖော်ထုတ်နိုင်ဘို့ လိုပါတယ်။ ချက်ချင်းလက်ငင်းဖြစ်လာဘို့ လွယ်ကူတာမျိုးမဟုတ်တာကို သဘောပေါက်ပါတယ်။ အိန္ဒိယက တီဟီလ်ကာ သတင်းဌာနကတောင် လပေါင်းအတန်ကြာ အချက်အလက်တွေစုဆောင်း၊ သုသေသနလုပ်၊ စုံစမ်း စစ်ဆေး အတည်ပြုပြီးမှ တခုချင်းစီ ထုတ်ဖော်ကြတာပါ။  နောက်တစ်ခုက မိမိတို့ဂျာနယ်ကို လူပြိန်းကြိုက် အဆင့်ကနေ တဖြေးဖြေးချင်း မြှင့်တင်သွားဖို့လိုပါတယ်။ သြဇာရှိတဲ့ စာကောင်းတွေ၊ သတင်းစာဆရာကြီးတွေရဲ့ စာတွေ အသုံးပြုနိုင်ဖို့လိုပါတယ်။ အ၀ါရောင် ဂျာနယ်ကနေ ဂုဏ်သိက္ခာရှိတဲ့ တန်ဘိုးကြီးတဲ့ စာတွေဖော်ပြနိုင်တဲ့ ဂျာနယ်ဘ၀ရောက်အောင် အဆင့်မြှင့်ရပါ့မယ်။ အခုလည်း ဆရာကြီးဦးဝင်းတင်စာတွေကို တွေ့ရပါတယ်။ တခြား အပြုသဘောနဲ့ ရေးသားတဲ့ ဆောင်းပါးတွေ လည်း ဖိတ်ခေါ်သင့်ပါတယ်။ စက္ကူတွေ အလဟဿ မဖြုန်းသင့်ပါဘူး။ ဒီအတိုင်းဆက်သွားရင်မကြာခင်မှာပဲ  အ၀ါရောင်ကနေ မဲပြာပုဆိုးရောင် ဖြစ်သွားပါလိမ့်မယ်။ အရေမရ အဖတ်မရစာတွေနဲ့ ရိုးအီသွားလိမ့်မယ်။ သတင်းတန်ဘိုးကင်းမဲ့တဲ့၊ သိမ်းထားချင်စရာ မကောင်းတဲ့ အိမ်သာစက္ကူလောက်တောင် သုံးမရတဲ့ ဂျာနယ်ဘ၀ ရောက်ပြီး ဇီဝိန်ချုပ်သွားမှာပါ။

 

ဒီတော့ သူရိယနေ၀န်း မှ မဟုတ်ဘူး၊ ဂျာနယ်သမားတိုင်း သတင်းစာသမားတိုင်း တိုင်းပြည်ရဲ့ လိုအပ်နေတာကို ဖြည့်ပေးသင့်ပါတယ်။ ပြည်သူတွေဘက်က သစ္စာရှိရှိ ရပ်တည်သင့်ပါတယ်။ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုတွေကို စုံစမ်းဖော်ထုတ်ရမှာ သတင်းသမားတွေ မဖြစ်မနေ လုပ်ရမယ့် အလုပ်ဖြစ်တယ်။  လက်နက်ကိုင် အာဏာရှင်တွေရဲ့ Mind-set ပုံသေ အတွေးအခေါ်က အကြောက်တရားနဲ့ အကာအကွယ်ယူတတ်ကြတယ်။ ကိုယ့်အင်အားကြီးအောင် လုပ်တတ်တယ်၊ မိမိစိတ်လုံခြုံမှုကို ဖန်တီးတတ်တယ်။ ကိုယ့်ထက်အင်အားကြီးရင် စိုးရိမ်ကြောက်ရွံ့တတ်တယ်။ မဟာမိတ်ဖွဲ့တတ်တယ်။ ကိုယ့်အပေါ်အာခံရင်လည်း စိုးရိမ်ကြောက်ရွံ့တယ်။ မိမိအားနည်းချက်ကို သိသွားပြီးဆို တုန်လှုတ်တတ်တယ်။ ဒါဆို သူ့ဘက်က ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်ချင်ရင် တုန့်ပြန်မယ်၊ မတုန့်ပြန်ရဲရင် ညှိနှိုင်းလာလိမ့်မယ်၊ အပေးအယူလုပ်လိမ့်မယ်။ ဒီနှစ်လမ်းပဲ လုပ်တတ်ပါတယ်။ သူတို့မှာ အုပ်ချုပ်ခံ ပြည်သူ့မျက်နှာဆိုတာမရှိဘူး၊ ကိုယ့်တန်ခိုးထွားအောင်လုပ်မယ်၊ ဆန့်ကျင်သူနဲ့ယှဉ်ပြိုင်မယ်။ ဒါမှမဟုတ် အပေးအယူလုပ်မယ်။ ဒီကနေ့ အချိန်ကာလဟာ အာဏာရှင်တွေဘက်က ဟိုအရင်ကလို လက်လွတ်စပယ် မထိမတို့ရဲတဲ့ အချိန်ပါ။ နိုင်ငံတကာ မျက်စေ့အောက်ကို ရောက်နေပါတယ်။ အာပတ်လွတ်ပဲ လုပ်ရဲမှာပါ။ ဒါဟာ ရန်သူရဲ့ အားနည်းချက် မိမိရဲ့ အခွင့်အရေးလို့ ခံယူထားသင့်တယ်။ ကိုယ့်ဘက်က တရားမျှတတဲ့ အခွင့်အရေးကို ကိုင်ပြီး မိမိလုပ်ပိုင်ခွင့်နယ်ပယ်ချဲ့ထွင်ယူရမှာဖြစ်ပါတယ်။ ဒါဟာ စတုတ္ထမဏ္ဍိုင်တည့်မတ်ဖို့ လမ်းစလည်းဖြစ်တယ်။ အာဏာရှင်တွေက အကျင့်ဟောင်းနဲ့ အရိုးစွဲနေသလို ကိုယ့်ဘက်ကလည်း နဂိုအတိုင်း အပိုးကျိုးမနေဘို့လည်း လိုပါတယ်။ အောင်ပွဲဆိုတာ စိုးရိမ်ထိတ်လန့်နေသူတွေ၊ ခေါင်းငုံ့ခံနေသူတွေအတွက် မဟုတ်ပါ။ ကျနော်တို့ရှေ့က ဂျာနယ်လစ်စ် ဆရာကြီးတွေ လည်း ကိုယ့်နယ်ပယ်ကို ကိုယ်ကချဲ့ထွင် ပြီး ခိုင်အောင် အုတ်မြစ်ချခဲ့တာပါပဲ။ ကျနော်တို့ခေတ်ကျမှ အညံ့ခံအရှုံးပေးလို့ မဖြစ်နိုင်တော့ပါ..။

 

(သတင်းထောက် ကိုညို)

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

                                                                               

  မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နဲ့ ပတ်သက်ပြီး  မြန်မာပြည်က လွတ်လပ်လာတဲ့ အခြေအနေ၊  ပွင့်လင်းလာတဲ့ သတင်းထုတ်ပြန်မှု ၊ ဖြေလျှော့ပေးလာတဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေး စတာတွေ ပြောဖြစ်ကြရင်း မိတ်ဆွေ တစ်ယောက် ပြောတာ သတိရမိလေသည်။

 

“ မြန်မာနိုင်ငံက ပိတ်ဆို့ခံထားရတာ ကြာလာတော့ အခုလို ပိတ်ဆို့တာတွေ မရှိတော့ဘူး ဆိုရင် စီးပွားရေးမှာ အရမ်းကောင်းလာလိမ့်မယ်၊ ကုန်ပစ္စည်းတွေ အိပ်စ်ပို့လုပ်နိုင်မယ် ထင်ရင် မှားမယ်ဗျ၊ ဘာလို့လဲဆိုတော့ ဟိုးအရင် ပိတ်ဆို့ထားကတည်းက နယ်စပ်ကနေ တရားမဝင်နည်းနဲ့ ဈေးပေါပေါ ရသလောက် ပို့ထားတာတွေ ရှိပြီးသား။ သစ်ဆိုရင် သစ်လုံးအတိုင်း ပို့တာလေ၊  ဘာမှ ဈေးမရဘူး။ ဟော….. တဖက်နိုင်ငံက ကုန်ချောလုပ်ပြီး မိတ်အင်သူတို့နိုင်ငံတံဆိပ်ကပ်လိုက်တော့ ဥရောပအထိ ရောက်သဗျာ။

မြန်မာပြည်က ကျွန်း၊ ပျဉ်းကတိုး ပိတောက်နဲ့ လုပ်တဲ့ ပစ္စည်းတွေဆို မျက်နှာပန်းလှတာပေါ့၊ ကုန်ကုန်ပြောမယ်ဗျာ မြန်မာပြည်က မုန့်လင်မယားတောင် ထိုင်းမှာ သူတို့ မုန့်လင်မယား ဖြစ်နေပြီ”

          သူက ဆက်ပြောသေးသည်။ မုန့်လက်ဆောင်း၊ ရွှေရင်အေး ၊ မုန့်လုံးရေပေါ် စသဖြင့် မုန့်တွေသည် ထိုင်းသို့ ရောက်နေပြီ။ ဒါတွေက မြန်မာ့ရိုးရာ မုန့်တွေ လို့ မြန်မာပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ပြောပြရင် သူတို့က

“ ဟင်  ဟုတ်ရဲ့လား၊ ဒါတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ထိုင်းမှာ စားဖူးပါတယ်၊ ထိုင်းလူမျိုးတွေရဲ့ ရိုးရာ အစားအစာတွေလေ” လို့ ပြောနိုင်လေသည်။ ပြောနိုင်တာ မဟုတ် ပြောကို ပြောကြမည်တဲ့။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

           

ဓမ္မသည် အများ ပိုင် အများဆိုင်ဖြစ်သည်။အများ၏ အကျိုးကို သယ်ပိုး ဆောင်ရွက်သည်။ ဂိုဏ်း ဂဏ တခုခုနှင့်သော်လည်းကောင်း အုပ်စု တစ်ခုခု နှင့်သော်လည်းကောင်း၊လူမျိုးတမျိုးမျိုးနှင့်သော် လည်းကောင်း ချည်နှောင်ထားခြင်းမရှိပေ။ ယင်းသို့ နားလည်သဘောပေါက်ပြီးမှသာလျှင် ဓမ္မကို ကျင့်သုံးဆောက်တည်သင့်လေသည်။ အကယ်၍ ဓမ္မသည် ဂိုဏ်းဂဏ တခုခုနှင့်သော်လည်းကောင်း အုပ်စု တစုစု နှင့် သော်လည်းကောင်း လူမျိုးတမျိုးမျိုး နျင့်သော်လည်းကောင်း ချည်နှောင်ထားပါက ဓမ္မ၏ စင်ကြယ်မှု ၊စစ်မှန်မှုသည် ပျက်စီး ပျောက်ကွယ် သွားပေ လိမ့်မည်။ဓမ္မသည် လူအားလုံးနှင့်ဆိုင်နေသမျှ ကာလပတ်လုံး ဒေသ အားလုံးနှင့် ဆိုင်နေသမျှ ကာလပတ်လုံး ကာလ အားလုံးနှင့်ဆိုင်နေသမျှ ကာလပတ်လုံး စင်ကြယ်နေပေလိမ့်မည်။ စစ်မှန်နေပေလိမ့်မည်။ ဓမ္မ သည် အားလုံး အတွက် တပြေးညီ အကျိုးပေးသည်။ ကျေးဇူးပြုသည်။ ချမ်းသာမှုကိုပေးသည်။ ဓမ္မ သည် အားလုံး အတွက် လက်ခံနာယူ ထိုက်သည့် အရာဖြစ်သည်။

 

          စင်ကြယ်သန့်ရှင်းသည့် ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း စင်ကြယ်သန့်ရှင်းသည့်လေကို ရှူခြင်း၊ကုယိကာယကို သန့်ရှင်းစွာထားခြင်း သန့်ပြန့်သော အ၀တ်အစားကို ၀တ်ခြင်း သန့်ရှင်းလတ်ဆတ်သည့် အစားအစာ ရိုးရိုးတို့ကိုစားခြင်းတို့ကို ပြုလုပ်ခြင်းမှာ ကိုယ့်အတွက် အကျိုးရှိသောကြောင့် ဖြစ်သည်။ သို့ရာတွင် ယင်းအရာများသည် ကိုယ့်အတွက်မျှသာ မဟုတ်ပေ။ လူမျိုးတစ်မျိုး၊ အုပ်စုတစု။ဂိုဏ်းဂဏ တခု အတွက်လည်း ညီတူညီမျှ ပင် အကျိုးဖြစ်ထွန်းစေလေသည်။

 

           ကျန်းမာရေးနှင့်ပတ်သက်သော ရိုးရိုးစည်းကမ်း ဥပဒေများသည် အားလုံး၏ ကိုယ်ကာယ နှင့် စိတ်နှလုံးတို့အပေါ် ညီတူညီမျှ ချကြည့်၍ ရသည်။ သဘာဝသည် ယင်း စည်းကမ်းဥပဒေချိုးဖေါက်သူ မည်သူနည်း၊ မည်သည့်လူမျိုးနည်း။ မည်သည့်ဂိုဏ်းဂဏနည်း ဆိုသည်ကို မကြည့်ပေ။ သဘာဝသည် မည့် ဂိုဏ်းဂဏ တစ်ခုခုက ပုဂ္ဂိုလ် ကိုမှ မငဲ့ညှာ မသနားပေ။အခြားမည်သည့်ပုဂ္ဂိုလ် တဦးတယောက်ကိုမျှလည်း အမျက်မပွါးပေ။

 

ငှက်ဖျားသည် ငှက်ဖျားသာဖြစ်သည်။ ဟိန္ဒူလည်းမဟုတ်ပေ။ ဗုဒ္ဓဘာသာလည်းမဟုတ်ပေ။ ဂျိန်းလည်းမဟုတ်ပေ။ ဖါရစီလည်းမဟုတ်ပေ။မွတ်စလင် လည်းမဟုတ်ပေ။ ခရစ်ယန်လည်းမဟုတ်ပေ။ ဖောက်ပြန်မှု ကင်းရှင်းအောင် နေနည်းသည်သာလျှင် ဓမ္မဖြစ်သည်။ ထို့ကြောင့် ဓမ္မစစ် ဓမ္မ မှန်သည်  ဟိန္ဒူလည်းမဟုတ်ပေ။ ဗုဒ္ဓဘာသာလည်းမဟုတ်ပေ။ မွတ်စလင်လည်းမဟုတ်ပေ။ ခရစ်ယန်လည်းမဟုတ်ပေ။ ယင်းသည် ဓမ္မစစ် ဓမ္မမှန် သက်သက်သာ ဖြစ်သည်။

 

          ဓမ္မသည် စံထားလောက်သည့်နေထိုင်နည်း တစ်ခု ဖြစ်သည်။ချမ်းသာသုခ ရှိစွာဖြင့် နေသော မြင့်မြတ်သည့်နေနည်းထိုင်နည်း ဖြစ်သည်။ ငြိမ်းချမ်းမှုကို ရရှိစေသည့် ညစ်ကြေးကင်းသည့် နိသရည်းဖြစ်သည်။ အားလုံးကို ကောင်းကျိုးပေးတတ်သည့် ကျင့်ဝတ်ဥပဒေ ပေါင်းချူပ်ဖြစ်သည်။ ယင်းသည် အားလုံး အတွက် ဖြစ်သည်။

 

          သီလနှင့်ပြည့်စုံခြင်း သမာဓီနှင့်ပြည့်စုံခြင်း ပညာနှင့် ပြည့်စုံခြင်းတို့သည် ဗုဒ္ဓ ဘာသာ၏ ဓမ္မသာ ဖြစ်သလား။ တခြားပုဂ္ဂိုလ်များ၏ဓမ္မ မဖြစ်နိုင်ဘူးလား။ ရာဂကင်းခြင်း၊ ဒေါသကင်းခြင်း၊ မောဟကင်းခြင်းသည် ဂျိန်းတို့၏ ဓမ္မသာ ဖြစ်ပါသလား အခြားဘာသာဝင်တို့၏ ဓမ္မရော မဖြစ်နိုင်ဘူးလား။ မေတ္တာ ကရုဏာစိတ်ဖြင့် လူ့အကျိုးဆောင်ခြင်းသည် ခရစ်ယန်တို့၏ ဓမ္မသာ ဖြစ်သလား ။ အခြားပုဂ္ဂိုလ်များ၏ ဓမ္မ မဖြစ်ထိုက်ဘူးလား။ ဇာတ်ခွဲခြားမှု မထားဘဲ လူမှုရေး ညီမျှမှု ကို ဆောင်ရွက် ခြင်းသည် မွတ်စလင်တို့၏ ဓမ္မသာ ဖြစ်သလား။ တခြားပုဂ္ဂိုလ်များ၏ ဓမ္မ မဖြစ်နိုင်ဘူးလား။

 

          ဓမ္မကို ကျင့်သုံးဆောက်တည်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ လူဖြစ်ရန်အတွက်ဖြစ်သည်။ လူတော်လူကောင်းဖြစ်ရန်အတွက်ဖြစ်သည်။ လူတော်လူကောင်း ဖြစ်ပါက ဟိန္ဒူကောင်း ဗုဒ္ဓဘာသာကောင်း၊ ဂျိန်းကောင်း ၊မွတ်စလင်ကောင်း၊ ခရစ်ယန်ကောင်း စသည်တို့ ဖြစ်လာမည်မှာ မလွဲပေ။ လူတော်လူကောင်း မဖြစ်ပါက ဗုဒ္ဓဘာသာ ဖြစ်နေ၍ကော ဘာထူးမည်နည်း။

 

          ဓမ္မ၏ ယင်း စင်ကြယ်မှု ၊စစ်မှန်မှုကို နားလည်ရမည်။ ဦးထိပ်ထားရမည်။ ကျွန်ုပ်တို့ အားလုံး၏ ဘ၀တွင် ဓမ္မစစ် ဓမ္မမှန် နိုးကြားပေါက်ဖွါးအောင်လုပ်ရမည်။အနှစ်မဲ့သည့် အကာ အခွံတို့၏ တန်ဖိုးကို လျော့ချပစ်ရမည်။ အမြစ်ဖြုတ်ပစ်ရမည်။ စင်ကြယ်သန့်ရှင်းသော အနှစ်၏ တန်ဖိုးအမှန်ကို အကဲဖြတ်တတ်ရမည်။ ဓမ္မစစ် ဓမ္မမှန်သည် ဘ၀၏ အင်္ဂါ အစိတ်အပိုင်းဖြစ်ရမည်။ ယင်းသို့ပြုလုပ်ခြင်းသည်သာလျှင် ကျွန်ုပ်တို့၏ စစ်မှန်သော ကောင်းကျိုး။ စစ်မှန်သော သုခ တည်နေပေသည်။

 

                                                                                                                            ဂုရုကြီး ဂိုအင်ကာ

                                                                                      ဆရာကြီး ပါရဂူ ဘာသာပြန်သည့် ဓမ္မ ဘ၀တလျောက်နေသွားနည်း အတတ်ပညာ စာအုပ်မှ ကောက်နုတ်ကူးယူဖေါ်ပြပါသည်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

                                            

Independent Film ဆိုတာ

Independent Film လွတ်လပ်သောရုပ်ရှင် ဆိုတာ လက်ရှိ Main Stream Film Industry ပင်မရေစီးကြောင်း က ရုပ်ရှင်ရဲ့ ထုတ်လုပ်မှု ယန္တယား မှ ခွဲထွက်ပြီး လွတ်လပ်စွာ ရိုက်ကူး၊ထုတ်လုပ် ရုပ်ရှင်ပုံစံကို ဆိုလိုပါတယ်။

 

Main stream Film (ပင်မရေစီးကြောင်း ရုပ်ရှင်) နဲ့ Independent Film

ပင်မရေစီးကြောင်း ဆိုတာ စီးပွားဖြစ်ရိုက်ကူးထုတ်လုပ်နေတဲ့ ပင်မ ရုပ်ရှင်ဈေးကွက်အတွင်းမှ ရုပ်ရှင်တွေကိုဆိုလိုပါတယ်။ ဈေးကွက် ရဲ့ တောင်းဆိုမှုကိုလိုက်ပြီး ရိုက်ကူးထုတ်လုပ်ရတာဖြစ်သောကြောင့် အနုပညာရှင်ရဲ့ လွတ်လပ်စွာဖန်တည်း တင်ပြမှုကို ဈေးကွက်က ပြန်လည် ကန့်သတ်မှုမျိုးတွေကြုံ တွေ့ နိုင်ပါတယ်။ ပင်မရေစီးကြောင်းမှ ရုပ်ရှင်အများစုဟာ ဖျော်ဖြေရေး ပုံဆန်အဖြစ်အများဆုံးတွေ့ နိုင်ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

                                                

     အောက်တွင် ဖေါ်ထားသည့်  ၀ိပသနာတရားပြဆရာ ဂုရုကြီး ဂိုအင်ကာ ရေးသားပြီး စာရေးဆရာကြီး ပါရဂူ ဘာသာပြန်ထားသည့်  ဓမ္မ သို့မဟုတ် ဘ၀တလျောက် နေသွားနည်း အတတ်ပညာ စာအုပ်မှ ကောက်နုတ်ချက်များဖြစ်ပါသည်။ ယခုမျက်မှောက် အွန်လိုင်း စာမျက်နှာများပေါ်တွင် ဘာသာရေး ယုံကြည်ချက်များ ကို အကြောင်းပြုပြီး ရေးသား   ဆွေးနွေး ငြင်းခုံ နေကြနေကြသည့် ဖြစ်စဉ်တွင် ထည့်သွင်း  စဉ်းစားဆင်ခြင်စရာ ကောင်းသောဆောင်းပါးတခုဖြစ်သည်ဟု ယုံကြည်ပါသဖြင့် ပြန်လည်ကူးယူဖေါ်ပြအပ်ပါသည်။ 

                                                                                                                                                                 စာတည်းအဖွဲ့

                                                   ဓမ္မ၏ အနှစ်သာရ  

 ဓမ္မ၏ အနှစ်သာရကို သိရှိနားလည်အောင်လုပ်သင့်သည်။အနှစ်သာရကိုသိရှိနားလည်ပါမှ အနှစ်သာရကို ရနိုင်သည်။ သို့မဟုတ်ပါက အတွင်းသားအနှစ်သာရကို စွန့်ပယ်ပြီး အခွံ အကာနှင့်သာလျင် လုံးချာလိုက်နေလိမ့်မည်။ အခွံအကာကိုသာ အနှစ်သာရ အောက်မေ့ပြီး ဓမ္မဟု မှတ်ထင်နေပေလိမ့်မည်။ 

          အနှစ်သာရတွင် အခါခပ်သိမ်းတူညီမှု ရှိနေသည်။အခွံအကာများမှာမူ အမျိုးမျိုးအစားစား ကွဲပြားနေသည်။ ယင်းအခွံအကာများကို ဓမ္မဟု မှတ်ထင်နေသည့် နေရာတွင်လည်း အမျိုးမျိုးအစားစား ကွဲပြားခြားနားသွားသည်။

 

          ဟန္ဒူတို့၏ ဓမ္မကိုကြည့်ပါ။ သနာတန နှင့် အာရယမာ့ဂ်ျ ဟုရှိနေသည်။ ဗုဒ္ဓဘာသာတို့ ဓမ္မကိုကြည့်ပါ။ မဟာယနနှင့် ဟိနယာန ဟူ၍ ရှိနေသည်။ဂျိမ်းတို့၏ ဓမ္မကိုကြည့်ပါ။ ဒိဂမ္ဗရ နှင့် ရွှေတမ္ဗရ ဟူ၍ ရှိနေသည်။ခရစ်ယန်တို့၏ ဓမ္မကိုကြည့်ပါ။ ကက်သလစ်နှင့် ပရိုတက်စတင့် ဟူ၍ရှိနေသည်။ မွတ်စလင်တို့၏ ဓမ္မ ကိုကြည့်ပါ။ ရှိယာနှင့် ဆုန္နီ စသည်ဖြင့်ရှိနေသည်။ယင်းတို့ သည် တခုနှင့်တခု ကွဲပြား ခြားနားယုံမျှသာ မကတော့ပဲ ပဋိက္ခပင်ဖြစ်နေကြလေသည်။

          အနှစ်သာရမဲ့သည့် အခွံအကာများကို ဦးစားပေးနေကြသည်ဖြစ်၍ ယင်းကွဲပြားမှုများ ဖြစ်ပေါ်နေကြခြင်းဖြစ်သည်။အခွံအကာများကို အကြောင်းပြု၍သာလျှင် တစ်ခုနှင့်တစ်ခု ပဋိပက္ခ ဖြစ်နေကြခြင်း ဖြစ်သည်။