၂၀၁၆ နှစ်ဆန်းတစ်ရက်နေ့မှာ နဝဒေးလမ်းက Think art Gallery မှာ ပြနေတဲ့ MPP ရဲမြင့် ရဲ့ ဗန်ဂိုး
ပုဂံကိုအလည်လာခြင်း ပြပွဲကို ရောက်သွားပါတယ်။ အမြဲတမ်းစောင့်ကြည့်ရတဲ့ ကိုယ်တွေရှေ့ က အနုပညာရှင် ကိုရဲမြင့် က ညောင်ဦးမြို့မှာ အခြေစိုက်ပြီးတဲ့နောက်မှာ ရှေးဟောင်းအမွေ အနှစ်တွေ ရဲ့ အသည်းနှလုံး ပုဂံရှုခင်း ရှုကွက်တွေနဲ့ ဗန်ဂိုး ရဲ့ စုတ်ချက်တွေ ဗန်ဂိုးရဲ့ နာမည်ကျော်ကားတွေထဲက ပုံရိပ်တွေ ကို ရောနှော မွေနှောက်ပြီး အရောင်ပြင်းပြင်းတွေနဲ့ ချယ်မှုန်းပြထားတဲ့ လက်ရာတွေက ပြပွဲလာသူတိုင်းကိုဖမ်းစားနိုင်ခဲ့ပါတယ်။ အနုပညာရှင်ကိုရဲမြင့် ဟာ ငယ်စဉ်ဘဝက ဆရာတင်ထွေး ဘာသာပြန်တဲ့ ဘဝကြမ်းလို့ အမည်ရတဲ့ စာအုပ်ကိုဖတ်ပြီးတဲ့နောက် အနုပညာရှင်ဗင်းဆင့်ဗန်ဂိုး အနုပညာလက်ရာတွေကို ခြေရာကောက်ရင်း က ဒီပန်းချီကားတွေ ရေးဆွဲမိခဲ့တဲ့ အကြောင်း ပြပွဲကတ်တလောက်ထဲမှာ ဖွင့်ဟ ဝန်ခံထားပါတယ်။ ဒီမှတ်စု ထဲမှာ ညွန်းထားတဲ့ ဘ၀ကြမ်းဆိုတဲ့ စာအုပ်လေးဟာ ဆရာရဲ့မြင့်တင်မက ကျွန်တော်တို့ မျိုးဆက် အနုပညာရှင်တွေ ကို ဗင်းဆင့်ဗန်ဂိုးဒဏ္ဍာရီ ဆန်လှတဲ့ အနုပညာရှင်ဗန်ဂိုးရဲ့ ဘ၀ကို မိတ်ဆက်ပေးခဲ့တဲ့ စာအုပ်လေးပါ။ ကျွန်တော့်ဘဝမှာရော ဗန်ဂိုးကို ဘယ်တုန်းကစကြားဖူးခဲ့သလဲ ပြန်ဖေါ်ကြည့်နေမိပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးတော့ ဒီမိုကရေစိကို လက်နက်ကိုင်တော်လှန်ရေး နည်း နဲ့ တိုက်ယူ မှဖြစ်မယ် ဆိုတဲ့ ကြွေးကြော်သံကိုင်စွဲ ပြီး အိန္ဒိယ နယ်စပ်ကို ဖြတ်ပြီး တကယ့် ဘဝကြမ်းကို စလှမ်းခဲ့က ပေါ့ ဗျာ လို့ ဇာတ်သံလေးနှောပြီး ပြောပြချင်မိပါတယ်။ အဲဒီလိုနဲ့ မဏိပူရတောင်တန်းတွေ ပေါ်က လေခွန်းစခန်းမှာ သောင်တင်နေတဲ့ မန်းလေးဆိုင်းဘုတ်လောကမှာ နာမည်အကြီးဆုံးဆိုတဲ့ အနုပညာရှင် ကိုစစ်ငြိမ်းအေးနဲ့ တွေ့ ဆုံဖြစ်ခဲ့ပါတယ်။ နောက်တော့ ဒုက္ခသည် စခန်းလေးထဲမှာ ကိုစစ်ငြိမ်းအေးရဲ့ ပန်းချီသင်တန်းလေးတက်ရင်း ကိုစစ်ရဲ့ ပန်းချီအနုပညာဆိုင်ရာ လက်ချာတွေ ထဲမှာ စပြီး ကမ္ဘာကျော် ဆြာကြီး ဗန်းဆင့်ဗင်ဂိုး ရဲ့ လက်ရာတွေ အကြောင်းလှိုင်လှိုင်ကြားရပါတော့တယ်။ ပြသနာက ပန်းချီသင်တန်းသာဆိုတယ် ဒုက္ခသသည် စခန်းထဲမှာမို့ စာအုပ်စာတန်းဆိုတာ တစ်အုပ်မှ အရှိတာမို့ ဗင်ဆင့်ပန်းချီကားတွေ က ဘယ်လိုစုတ်ချက်တွေ ထူးခြားကြောင်း အရောင်တွေက ဘယ်လိုသစ်လွင်ကြောင်း ကိုစစ်က ရေပက်မဝင်ပြောနေသမျကို ကျွန်တော်က စိတ်ကူးထဲ ကြုံ သလို ပုံဖေါ်ပြီး ဘာမသိညာမသိ ဘလိုင်းကြီး ဗင်းဆင့် အမာခံပရိတ်သတ် ဖြစ်လာခဲ့ရတာ ရီစရာတော့ တော်တော်ကောင်း ပါတယ်.။
နောက်တော့ ရန်ကုန် ကို ခံကတုတ် ယူပြီး အနုပညာ နဲ့ သောက်ဖက်စားဖတ်တွေ ဖြစ်လာတဲ့ အခါမှာတော့ လက်လှမ်းမှီသလောက် နို်င်ငံခြားမဂ္ဂဇင်းတွေမှာ တွေ့သမျှ ဗင်ဂိုးပန်ချီကားပုံ ပါတဲ့ စာမျက်နှာလေးတွေ ဆုတ်ပြီး သိမ်းထားခဲ့ ဘူးပါတယ်။
ထူးထူးခြားခြား သတိရနေတာကတော့ ၁၉၉၆ ခုလောက်မှာအနုပညာမိတ်ဆွေ ပန်းချီစိုးဝင်းငြိမ်း ဆီက ငှါးကြည့် ရတဲ့ ဂျပန်ဒါ ရိုက်တာကြီးကူရိုဆားဝါးရဲ့ The Drem ဆိုတဲ့ ရုပ်ရှင်ကား ပါ။ ရုပ်ရှင်ထဲမှာ ဇာတ်ဆောင်တယောက်က ဗင်ဂိုးရဲ့ ပန်းချီကား တစ်ကားရှေ့ မှာ ရပ်ပြီး ငေးကြည့်နေရာကနေ ပန်းချီကားထဲဝင်သွားပြီး ပန်းချီကားထဲက တံတားပေါ်ကိုဖြတ် ပြီးတော့ ပန်းချီကားတွေ ထဲ လျောက်သွားနေတာကို ရိုက်ပြပြီး နောက်ဆုံး ဂျူံခင်းထဲမှာ ပန်းချီဆွဲနေတဲ့ ဗင်ဂီုးကို တွေ့တော့ နောက်ကနေ အော်ခေါ်ရင်း လိုက် ။ ဟိုက လည်းကျောခိုင်းပြီး ဂျုံခင်းထဲ ထိုးဝင်သွားချုက်မှာ ဒိုင်းကနဲ သေနတ်သံတစ်ချက်ထွက်လာပြီး ကျီးကန်းတွေ လန့်ပျံသွားရာက ပန်းချီကားကြည့်နေတဲ့လူငယ်ဟာ ဂျုံခင်းပေါ်က ကျီးကန်းများပန်းချီကားရှေ့ကို ရောက် နေတာနဲ့ အဆုံးသတ်ထားပါတယ်။
ဒီလိုနဲ့ ၂၀၀၆ ခုမှာ လန်ဒန်မြို့ကို ပြောင်းရွေ့နေထိုင်ဖြစ်တဲ့ အခါမှာတော့ ပထမဆုံး ဗင်ဂိုးရဲ့ ပန်းချီကားတွေနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ခွင့် ရပါတော့တယ်။ လန်ဒန်မြို့လယ်က အမျိုးသားပန်းချီပြတိုက်ဟာ လန်ဒန်ုမြို့ ရဲ့ ကျက်သရေဆောင် ပေါ့။ ကျက်သရေဆောင်လို့ ပြောရတာက ဥရောပသမိုင်းမှာပန်းချီ အနုပညာဟာ ဘယ်လို ဆင့်ကဲ တိုးတက် ဖြစ်ထွန်းလာခဲ့တယ် ဆိုတာကို လေ့လာနိုင်ဘို့ ၁၂ ရာစု နှစ်က တေ ၁၉ ရာစုထိ ပန်းချီကားကြီးတွေ နဲ့ စံနစ်တကျ ပြသထားပုံက အင်မတန်ခမ်းနားလို့ပါ။ ပြီးတော့ ဥရောပ နိုင်ငံတွေ နဲ့ အမေရိကားမှာ ဒီလိုပြခန်းမျိုးကို ၁၅ ဒေါ်လာလောက်ဝင်ကြေးကောက် ပေမယ့် ဒီပြတိုက်ကြီးမှာ မည်သူမဆို အခမဲ့ ၀င်ရောက်လေ့လာလို့ ရပါသဗျ။ ဒီပြတိုက်ကြီးရဲ့ အခန်းနံပတ်၄၂ ကနေ ၄၆ ထိမှာ အင်ပရက်ရှင်နစ် ပန်းချီလှုပ်ရှားမှု က ပန်းချီကားတွေ ကို ပြသထားပြီး ဆရာကြီး ဗန်ဂိုးရဲ့ နေကြာပန်းများ၊ ဗန်ဂိုးကုလားထိုင်၊ နဲ့ ကြယ်စုံညနဲ့ ဆိုက်ပရပ်လမ်း ကားတွေ အပါအ၀င် ဗန်ဂိုးပန်းချီကား ရှစ်ကားလောက်ကို ခင်းကျင်းပြသထားပါတယ်။ လန်ဒန်ကို လာလည်တဲ့ မြန်မာ မိတ်ဆွေတွေ ကို အမြဲခေါ်သွားပြလေ့ရှိတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ ဒီပန်းချီကားတွေနဲ့ ပတ်သက်ပြီး အမှတ်ရနေတာက လန်ဒန်ကို ကဗျာဆရာ ကိုခင်အောင်အေးလာလည်တော့ ထုံစံအတိုင်း ပြတိုက်ကို ခေါ်သွားဖြစ်သပေါ့လေ။ နောက်ဆုံးဗန်ဂိုးပန်းချီကားတွေ ထားတဲ့ အခန်းရောက်တော့ ကိုခင်အောင်အေး က ဆိုက်ပရပ်လမ်းပန်းချိကားကို အကြာကြီးဝအောင်စိုက်ကြည့်ပြီးတော့ ကျွန်တော့်ဖက်ပြီး ငမျိုး (ပန်းချီကေမြိုး)ကို သတိရလိုက်တာကွာ ငါ့ထက်အများကြီးရှုးတဲ့ကောင်ကွ လို့ ငိုသံပါကြီးနဲ့ ပြောတာနားထဲခုထိစွဲနေပါသေးတယ်.။ ဒီပြတိုက်ထဲ ကို ဘယ်အချိန်ပဲ သွားသွား ဒီအခန်းဟာ ကြည့်ရှုသူတွေ အများဆုံးနဲ့ ကြည့်သူတိုင်းကို အထက်က ကိုခင်အောင်အေး လိုပဲ တစုံတခု ထိထိခိုက်ခိုက် ဖြစ်သွားကြတာကို အမြဲ သတိထားမိပါတယ်။ ဒါလိုဖြစ်ရတဲ့ အကြောင်းကတော့ ဗင်ဂိုးရဲ့ အရောင်တွေ စုတ်ချက်တွေ ကြောင့်အပြင် အများနဲ့မတူ ဒဏ္ဍာရီဆန်လွန်းတဲ့ သူ့ဘဝဇာတ်လမ်းကြောင့်လို့ ကောက်ချက်ချမိပါတယ်။ ကျွန်တော်တို့ မြန်မာစာပေအနုပညာပရိတ်သတ်အတွင်းမှာ လည်း ဗင်ဂိုး အကြောင်းဘာသာပြန်ထားတဲ့ ဆောင်းပါးမျိုးစုံ နိုင်ငံခြားရုပ်ရှင် အနည်းငယ်ရဲ့ သြဇာ ကြောင့် အစွန်းရောက်တဲ့ ဗင်ဂိုးနဲ့ သူ့ခေတ်ပြိုင် အနုပညာရှင်တွေဖြစ်ကြတဲ့ ဂေါ်ဂီ မိုဒီကလျာနီ စတဲ့ သူပုန် အနုပညာရှင်တွေ ရဲ့ ဘဝနေထိုင်မှု ပုံစံတွေဟာ ကျွန်တော်တို့နဲ့ ခေတ် ပြိုင်ပန်းချီအနုပညာရှင်တွေရဲ့ အပေါ် သြဇာလွမ်းမိုးထားတာကို တွေ့ရပါတယ်။
၂၀၀ရခုနှစ်မှာ အမ်စတာဒမ်မြို့ ရောက်တဲ့ အချိန်မှာ ဗင်ဂိုးပန်းချီ ပြတိုက်ရောက်သွားပါတယ်။ ဗန်ဂိုး ဘ၀ အသေးစိတ် အချက်အလက်တွေနဲ့ ဘ၀တလျေက် ရေးခဲ့တဲ့ ပန်းချီကား၂၀၀ ကျော်ကို တဝကြီး ကြည့်ရှုခွင့် ခံစားပါတယ်။ တိုတောင်းလှတဲ့ အသက်ရှင်ခွင့် ရတဲ့ အချိန်လေးအတွင်းထဲမှာ ဒီလောက်များပြားတဲ့ အနုပညာ လက်ရာတွေကို ရေးဆွဲသွားတာကိုကြည့်ပြီး ပန်းချီရေးနေတဲ့အချိန်ကလွဲ့ပြီး အခြားအချိန်တွေရော ရှိခဲ့ရဲ့လားလို့တောင် တွေးမိချင်စရာ ဖြစ်လာပါတယ်။ခင်းကျင်းထားပုံကလည်း အစောပိုင်းလက်ရာကနေ နောက်ဆုံးလက်ရာထိ တဖြည်းဖြည်း ပြောင်းလာပုံကို ခြေရာကောက်ခွင့် ရတဲ့ အပြင် ကားတကားချင်းစီ ကိုရေးခဲ့တဲ့ ခုနှစ် ရေးခဲ့တဲ့နေရာ အကြောင်းအရာတို့ကို ဖေါ်ပြထားတာမို့ လိုက်ဖတ်ကြည့်နိုင်ရင် ဖတ်ကြည့်နိုင်သလောက် လက်ရာကို ချည်းကပ် ခံစားတဲ့နေရာမှာ အင်မတန် အထောက်ကူပြုလှပါတယ်။
ဒီနေရာမှာကျွန်တော့်ဆောင်းပါးမှာ အဓိကဆွေးနွေးချင်တာက ဆရာ MPPရဲ့မြင့်ကနေ ဗန်ဂိုးဘဝ အနုပညာ ဆီ အစချီလာခဲ့ပေမယ့် ဗန်ဂိုးအနုပညာအကြောင်း မဟုတ်ပါဘူး Curation လို့ ခေါ်တဲ့ ပြပွဲ ပြတိုက်တွေ ခင်းကျင်းတင်ဆက်ခြင်း ပညာရပ်နဲ့ Curator လိုခေါ် တဲ့ အနပညာပြပွဲ စီစဉ်ခင်းကျင်းသူတွေရဲ့ အခန်းကဏ္ဍ အကြောင်းကိုဆွေးနွေးလိုခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ တကိုယ်တော်ပြပွဲပဲဖြစ်ဖြစ် အုပ်စုလိုက် ပြပွဲပဲ ဖြစ်ဖြစ် ပြပွဲလုပ်မဲ့နေရာကို ပန်းချီ ကားတွေ တစ်ရက် နှစ်ရက် ကြို ပို့ လိုက်ကြပြီး ပန်းချီဆရာတွေ သူတိုမိတ်ဆွေ တွေ ရောက်လာကြပြီး ပန်းချီကား အရွယ်နဲ့ အရေအတွက် ရှိထားတဲ့ နေရာ အကျယ်အဝန်း တို့ အပေါ်မှာ မူတည်ပြီး အဆင်ပြေသလို တိုင်ပင်ပြီး လိုက်ချိတ်လိုက်ကြတာပဲ။ ပြီးရင် ပန်းချီကားအောက်မှာ နာမည်လေးတွေ လိုက်ကပ်လိုက်မယ် စသည်ဖြင့် လိုက်ချိတ်လိုက်ပြီးရင်ပြီးသွားတော့တာပါပဲ။တချို့ပန်းချီအုပ်စုတွေမှာတော့ အဖွဲ့လိုက်ပြပွဲတွေမှာ အုပ်စုထဲမှာ ပါတဲ့ ပန်းချီအနုပညာရှင် တစ်ဦးချင်းက အလှည့်ကျ ဦးဆောင်တာဝန်ယူပြီး ခင်းကျင်းတဲ့ အလေ့ရှိကြပေမယ့် ကာလသားခေါင်းက ကာလသားဟင်းစုချက်စားကြတဲ့အခါ ဦးဆောင်ဆော်သြစီမံတဲ့ သဘောသာသာပဲ ရှိတာတွေ့ရပါတယ်။ အခုအခါမှာတော့ မြန်မာအနုပညာရှင်တွေထဲ က art Curation ရဲ့ အခန်းကဏ္ဍ အှာ လစ်လပ်နေတဲ့နေရာကို ဖြည့်ချင်စိတ်နဲ့ ပြည်တွင်းရော ပြည်ပပွဲတွေမှာ ပါ art Curator အဖြစ်ခံယူပြီး မြေစမ်းခရမ်းပျိုး လိုက်ကိုင်ကြတာရှိလာပေမယ့် တက္ကသိုလ်မှာ art Curation ပညာရပ်ကို စနစ်တကျ လေ့လာပြီးလုပ်တဲ့သု မရှိသေးတာတွေ့ရပါတယ်။ကျွန်တော်တို့နိုင်ငံက အနုပညာတက္ကသိုလ်မှာ ကိုက ဒီဘာသာရပ် မရှိသေးပါဘူး။
၂၀၀၉ ဆောင်းဦးပေါက် လန်ဒန်ုမြိုရဲ့ ကျက်သရေဆောင် တော်ဝင်အနုပညာအကယ်ဒမီ ခမ်းမမှာ (ဗင်ဂိုးအစစ်၊ အနုပညာရှင် နဲ့ သူ့ရဲ့စာများ )လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲ တခမ်းတနား ကျင်းပတော့မယ့်အကြောင်း ဦးဦးဖျားဖျား ကြည့်ချင်ရင် ကြိုတင်လက်မှတ်တွေ ဝယ်ထားကြဘို့ ကြော်ညာတွေ ကို ကားမှတ်တိုင်တွ ရထားတွေမှာတွေ့လာရပြီး တီဗွီံ သတင်းတွေမှာ ပါလာထဲက လန်ဒန်သားတွေက လှုပ်လှုပ်ရွရွ ဖြစ်လာပါတယ်.။၂၀၀၉ ဆောင်းဦးပေါက်ကနေ ၂၀၁၀ ဧပြီလ နွေဦးပေါက်အထိပြထားတဲ့ ဒီပွဲဟာ လန်ဒန်အနုပညာပြပွဲသမိုင်းမှာ ပရိတ်သတ် အများဆုံးလာတဲ့ ပွဲအဖြစ်မှတ်တမ်းကျန်ရစ်ပါတယ်။ တနေ့တနေ့ ထောင်နဲ့ချီ လုတွေလာကြည့်ကြပြီး လက်မှတ်ကြိုဝယ်မထားကြတဲ့လူတွေဟာ လက်မှတ်ရဘို့ ဆောင်းတွင်းနှင်းတွေထဲမှာ နာရီဝက်လောက် အနည်းဆုံးတန်းစီခဲ့ကြရပါတယ်။
လန်ဒန်အနပညာပရိတ်သတ်အဘို့ ဗန်ဂိုးပန်းချီကားဆိုတာ အထက်ဖေါ်ပြခဲ့သလို မစိမ်းပါဘူး။ သို့ပေမယ့် ပြပွဲစီစဉ်တဲ့ နာမည်ကျော် art Curator Ann Dumas က နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က ဗင်ဂိုးပြတိုက် က ကားတွေအဓိကထားပြီး နိုင်ငံတကာပြတိုက်တွေမှာ ပြန့်နေတဲ့ ဗန်ဂိုးပန်းချီကား ၆၅ ကား နဲ့ ပုံကြမ်း လက်ရာ(၃၀) နဲ့ ဗန်ဂိုးသက်ရှင်ထင်ရှားရှိစဉ်က ညီဖြစ်သူ သီအိုထံကို သူရေးခဲတဲ့ စာမူရင်း ၃၅ စောင်ကို မော်ကွန်းတိုက်တွေ ကနေ ဒီပွဲအတွက် ငှါးယူပြီး စံနစ်တကျ ပြသခဲ့ပါတယ်။ အထူးသဖြင့် ဗင်ဂိုး သက်ရှိထင်ရှားရှိစဉ် က ဖတ်ရှုလေ့လာခဲ့တဲ့စာအုပ်မူရင်းတွေ့  ဗန်ဂိုးလက်ရာတွေအပေါ် သိသိသာသာသြဇာသက်ရောက်တဲ့ ဂျပန်ရိုးရာ ပုံနှိပ် ပန်းချီ ချပ်တွေ ကိုပါ လေ့လာဖတ်ရှု နိုင်အောင်စီစဉ်ထားတာမို့ ဘယ်လိုစာပေ ဘယ်လို အနုပညာတွေကို ရဲ့ သြဇာကြောင့် ဒီလို တန်ဖိုးဖြတ်မရတဲ့ အနုပညာလက်ရာတွေ ထွက်လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခွင့်ရကြပါတယ်။ဒါကြောင့် ပွဲစီစဉ်တဲ့ Ann Dumas ကပြပွဲနာမည် ကို ဗင်ဂိုး အစစ် အနုပညာရှင် နဲ့ ပေးစာများလို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဗြိတိသျအနုပညာသမိုင်း မှာ လုပ်ခဲ့တဲ့ ဗင်ဂိုး လက်ရာပွဲတွေထဲမှာ နှစ်ပေါင်း ၄၀ အတွင်း အရေးကြီးဆုံးနဲ့ အပြည်စုံဆုံးအဖြစ်သတ်မှတ်ကြပါတယ်. မှတ်တမ်းအရ ပရိတ်သတ် ၃ သိန်း ကျော် လာကြည့်ခဲ့ ကြတယ်ဆိုပါတယ်။
ဒီပြပွဲ ရဲ့ အဓိကထူးခြားမှုက ပြပွဲစီစဉ်သူတွေရဲ့ ခင်းကျင်းတင်ပြမှု ကြောင့် လာကြည့်တဲ့ ပရိတ်သတ် အရင်သိထားတဲ့ အနုပညာရှင် ဗင်ဂိုး ရဲ့ ပုံရိပ် ကို ပြောင်းလဲ ပြစ်လိုက်နိုင်တာဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဗင်ဂိုး ဟာ ပန်းချီအနုပညာကို ကျောင်းမှာ စံနစ်တကျ သင်ခဲ့တာ မဟုတ်ပဲ မိမိဖါသာလေ့လပြီး ကိုယ်ပိုင်လမ်းဖေါက်ခဲ့သူတစ်ယောက်ဆိုတာတော့ အနုပညာစိတ်ဝင်စားသူတိုင်းလိုလို သိကြပါတယ်။ဒါပေမယ့် အများစု နားလည်ထားကြပုံက ဗင်ဂိုးရဲ့ လက်ရာတွေ မှာ သူကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေငတ်ဖြတ်မှု နဲ့ မူးရစ်ရီဝေ မှုတွေ ကြောင့် ခုလို တမူထုူခြားအားကောင်းတဲ့ လက်ရာတွေ ထွက်လာတာလို့ အပေါ်ယံနားလည်ထားကြပါတယ်။ ဒါကြောင့်လည်း တချို့ စာတွေမှာ ဆိုရင် အနုပညာ လက်ရာ ကောင်းထွက်ဘို့ ဗင်ဂိုး လို ငတ်ငတ်ပြတ်ပြတ် ကြောင်တောင်တောင် နေတတ်ရမယ်လို့သရော်တော်တော် ရေးကြသားကြတဲ့ စာတွေမျိုးတောင် ရေးကြ သားကြတာ တွေ့ကြရပါတယ်။ စိတ်ဝေဒနာ ခံစားခဲ့ရတဲ့ အခါ ဖြစ်ပွါးခဲ့တဲ့ ပြသနာအချို့ ကို ကွက်ကြည့်ပြီး ရုးကြောင်မူးကြောင် စရိုက်ရှိတဲ့ လူတယောက် အပြစ် နားလည်ထားလိုက်ပြီး သှူုဘဝ နေထိုင်မှု နဲ့ အနုပညာကို ရောထွေး ပြီး သုံးသပ်ကြတာတွေ မကြာခဏ မြင်ရကြားရတတ်ပါတယ်။ဒါပေမယ့် ဒီပွဲဟာ ပြပွဲကိုလာတဲ့ ပရိတ်သတ်ရဲ့ ဗင်ဂိုး ကို မြင်သိထား တဲ့ အမြင်ကို ပြောင်းလဲလိုက်နိုင်ခဲ့ပါတယ်။
ပြပွဲကို လာတဲ့ ပရိတ်သတ်တွေဟာ ဗငိဂီုးဟာပန်းချီကားတွေများစွာရေးဆွဲခဲ့သလို ပေးစာပေါင်းများစွာရေးထားခဲ့တယ် ဆိုတာတော်တော်များများ သိကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတောင် ဗင်ဂိုး ရဲ့ ပေးစာတွေကို ဘာသာပြန်ထားတဲ့ စာအုပ်ထွက်ခဲ့ ဘုးပါတယ်။သို့ပေမယ့် ပေးစာတွေရဲ့ မူရင်းကို တွေ့ဘူးသူတော့ အင်မတန်နည်းလှပါတယ်။ ဒီပြပွဲမှာ ပြထားတဲ့ မူရင်းပေးစာလေးတွေ က ပရိတ်သတ် ကို များစွာ တအံ့တသြဖြစ်စေပါတယ်။ ဒီစာတွေမှာ တချို့က တကယ့်စာရေးစက္ကူ နဲ့ရေးခဲ့သလို အများစု က တော့ ကြုံရာရရာ စာရွက်လေးတွေပေါ်မှာ ပဲ ရေးထားပါတယ်။ စာတွေက ရေးဆွဲပြီးခဲ့ တဲ့ ပန်းချီကားအကြောင်းတွေပါ။ သူဘာကြောင့်ဒီမြင်ကွင်းကိုရေးဆွဲ့တယ်။သူ့ရှေ့က ပန်းချီဆရာတွေက ဘယ်လိုရေးခဲ့တယ်။ သူ့အမြင် အ.ယူအဆ က ဘာကြောင့် ဘယ်လို ပါစပက်တစ်တွေ ဘယ်လိုစုတ်ချက်တွေ ရေးခဲ့တယ်။ ဒီလိုစုတ်ချက်တွေ သုံးခဲ့တယ် ဘယ်အရောင်နဲ့ရေးထားတယ်။ ဘာကြောင့် ဒီအရောင်ကို ရွေးခဲ့တယ်စသည်ဖြင့်ပါ။ အင်မတန်ထူးခြားတာက ပန်းချီကားကို စာဖတ်ထဲသူ စိတ်ထဲမြင်လာအောင် ရေးဖွဲ့ထားပြီး ဒါတင် စာရဲ့ ညာဘက်ထောင့် အပေါ်ပိုင်းမှာ တစ်လက်မခွဲ နှစ်လက်မလောက် လေးထောင့်ကွက်တေးမှင်နဲ့ဆွဲပြီးတော့ ရေးပြီးခဲ့တဲ့ ပန်းချီကားရဲ့ ဖွဲ့စည်းပုံနဲ့ စုတ်ချက်လေးတွေကို မှင်နဲ့ခြစ်ရေးပြထားတာဖြစ်ပါတယ်။ ပြခန်းထဲမှာ ခင်းကျင်းတဲ့အခါ ပန်းချီကား ဘေးမှာ အဲဒီကား ပတ်သက်တဲ့စာ ကို ယဉ်တွဲပြီး ကပ်ထားတာမို့ စာရွက်ထောင့်လေးက တစ်လက်မခွဲပတ်လည် လောက်ရှိတဲ့ ပုံကြမ်းလေးဆိုပေမယ့့် နှစ်ပေခွဲ သုံးပေလောက်ကား ကြီးထဲက အဓိက စုတ်ချက်တွေ အချက်လက်တွေ အားလုံးနီးနီးပါအောင်ရေးဆွဲထားခဲ့တာဟာ အင်မတန် အံ့သြစရာကောင်းလှပါတယ်။ ခုခေတ်လို ကင်မရာတွေပေါရင်တော့ သူ့ပန်းချီကားတွေကို ဓါတ်ပုံ နဲ့မှတ်တမ်းတွေလုပ်ခဲ့မှာ သေချာလှပါတယ်။ အခုတော့ မှင်ခြစ်ကောက်ကြောင်းနဲ့ စံနစ်တကျ စိတ်ရှည်လက်ရှည် မှတ်တမ်းတွေ ပြုစုထားခဲ့တာ ကိုကြည့်ပြီး ဗင်ဂိုးဟာ အနုပညာကို စံနစ်တကျ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လေ့လာချည်းကပ်သွားခဲ့သူလို့ နားလည်အဘောပေါက်လိုက်ရပါတယ်။ ဒါဟာ ပြပွဲစီစဉ်မှု ပညာရှင် Curator ရဲ့ ကျွမ်းကျင်လိမ္မာ မှု ဗဟုသုတကြွယ်ဝ နှံ့စပ်မှု စိတ်ကူးစိတ်သန်း ကောင်းမွန်မှုတို့ကြောင့် ပြပွဲတွေရဲ့ အရည်အသွေးကောင်းမွန်တိုးတက်တဲ့အကြောင်းတင်ပြရခြင်းဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် လန်ဒန်မြို့ တော်ဝင်အနုပညာအကယ်ဒမီက ဗန်ဂိုး ပွဲကို ကြည့်ပြီးတော့ ဗင်ဂိုး နဲ့ပတ်သက်ရင်တော့ နောက်ထပ်ကြည့် စရာ မလိုတော့ လောက်အောင် ပြည့်စုံခဲ့ပြီလို့ ကိုယ်ဖာသာ အထင်ရောက်ခဲ့ပါတယ်။ အဲဒီလို နဲ့ ၂၁၀၄ခုနှစ်ဧပြီလ မိသားစုနဲ့ လန်ဒန်ကို ပြန်တဲ့ အခေါက် ပဲရစ်မြို့ကို သွားဘို့ အကြောင်းဖန်လာတဲ့အခါ ပဲရစ်ရောက်ရင် ဘယ်ပြပွဲတွေသွားကြည့်ရင်အကျိုးရှိနိုင်မလဲ လို့ အရင်စုံစမ်းဖြစ်ပါတယ်။ နယူးဒေလီ မြို့မှာ ဒေဗီ အနုပညာဖောင်ဒေးရှင်း ထူထောင်ထားတဲ့ အနုပညာစုဆောင်းသူ လေးခါးပေါ်ဒါ က လောလောလတ်လတ်ပဲရစ်က ပြန်လာတာမို့ မေးကြည့်တော့ လောလောဆယ်The Muse’e d’Orsay မှာပြနေတဲ့ ဗင်ဂိုး ပုံတူတွေပြပွဲ ကိုဝင်ပြီး ကြည့်ဖြစ်အောင်ကြည့်ခဲ့ဘို့ပြောပါတယ်။ပြပွဲကတော့ သေးသေးလေးပါ ဒါပေမယ့်နင်ကြည့်ဖြစ်အောင်ကြည့်ခဲ့လို့မှာပါတယ်။အထက်မှာ ပြောခဲ့သလို ဗင်ဂိုး အစစ် နဲ့ ပေးစာများ ပြများပြပွဲကြည့်ပြီးတဲ့နောက် ဗင်ဂိုးလက်ရာနဲ့ပတ်သက်ပြီး တော်တော်ပြည့်စုံပြီလို့ ယူဆထားတဲ့ ကျွန်တော့် အဖို သိပ်တော့စိတ်မပါလှပါဘူး။ ဒါပေမယ့် မိတ်ဆွေ ဖြစ်တဲ့ လေးခါးပိုတာ ရဲ့ အနုပညာနဲ့ပတ်သက်ပြီး အကဲဖြတ်တွေဟာ အမြဲ လေးစားလောက်တဲ့ သူတစ်ဦးမို့ ပဲရစ်ရောက်တဲ့အခါ သွားကြည့်ဖြစ်သွားပါတယ်။တကယ်ပဲ လာကြည့်သူတွေ အများအပြားနဲ့လောလောဆယ် ပဲရစ်မှာ ပေါ်ပြူလာအဖြစ်ဆုံး ပွဲဖြစ်နေတာ တွေ့ရပါတယ်။ အကြောင်းကို ရှာကြည့်တော့ ဒီပြပွဲကို ခင်းကျင်းစီစဉ်သူ Isabelle Cahn ပေးထားတဲ့ပြပွဲ နာမည် ထူးခြားမှု ကို သွားတွေ့ပါတယ် ။
Isabelle Cahn ကပြပွဲကို The Man Suicided by Society လို့ အမည်ပေးထားပါတယ်.။လူ့အဖွဲ့အစည်းကြောင့်မိမိကိုယ်ကိုအဆုံးစီရင်လိုက်ရတဲ့ လူ လို့မြန်မာလိုပြန်လိုက်လို့ ရပေမယ့် သူ့မူရင်းနာမည်မှာလိုတော့ လှပပြီးပြင်းရှတဲ့ ရသကို မရနိုင်တာတွေ့ရပါတယ်။ တသက်လုံး ဗင်ဂိုး စိတ်ဝေဒနာစွဲကပ်ပြီး မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့ အတွက် ကြားသိသူတိုင်း ကရုဏာသက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပြပွဲမှာတော့ဒီလိုသေဆုံးသွားခဲ့ရခြင်းအတွက် လူ့အဖွဲ့စည်းမှာ တာဝန်ရှိတယ်လို့ ပြပွဲစီစဉ်သူက တိုက်ရိုက် စွပ်စွဲချလိုက်တဲ့ အခါ အထဲဝင်ကြည့်ဘို့တန်းစီနေတဲ့ကိုယ်တွေမှာတောင် အပြစ်မကင်းသလိုလို ဖြစ်သွားပါတယ်။ ဒီလိုအတွေးနဲ့အထဲဝင်လာသူတိုင်းကို ပြပွဲကိုပြင်ဆင်ခင်းကျင်းထားပုံက တမျိုးဖမ်းစားလိုက်ပြန်ပါတယ်။ ပြပွဲမှာ ပြထားတဲ့ အခန်းတိုင်းမှာ အနက်ရောက်ကော်ဇောအိအိကြီးတွေ အပြည်ွခင်းထားသလို နံရံတွေကိုရော မျက်နှာကျက်တွေကိုပါ အနက်ရောင်ဆေးတွေ အပြည့်သုတ်ထားတာမို့ အခန်းတိုင်းမှောင်ပါတယ။် ပထမဆုံးအခန်းမှာ ဗင်ဂိုးရဲ့ ကိုယ်တိုင်ရေးပုံတူ ငါးချက်ကိုပဲ နေရာခွဲချိတ်ထားပြီး ပန်းချီကားတွေကို တွေကိုပဲ ဆလိုက်နဲ့ အလင်းချပေးထားလိုက်ပါတယ်။ မှောင်မဲတိတ်ဆိတ်တဲ့ အခန်းနံရံပေါ်က ပြင်းရှတဲ့ စုတ်ချက်တွေနဲ့ ကိုယ်တိုင်ရေးပုံတူ ငါးချပ်ဟာ ၀င်လာသမျပရိတ်သတ်ကို ခြောက်ခြားဖွယ်ကောင်းလောက်အောင် ညှိ့ယူဖမ်းစားနိုင်ခဲ့ပါတယ်။အခြားအခန်းတွေမှာ တော့ ဗန်ဂိုးဆွဲခဲ့တဲ့ အခြားပုံတူတွေ ကလည်းထို့အတူဖမ်းစားထားနိုင်ခဲ့ပါတယ်။ ဒါဟာကျွန်တော်ပြောပြချင်တဲ့ Art Curation ပညာရပ်အကြောင်းပါပဲ။
ကျွန်တော် ၂၀၀၉ လန်ဒန် ပွဲ art Curator Ann Dumas နဲ့ ၂၀၁၄ ပဲရစ်မြို့ ပွဲစီစဉ်သူ Isabelle Cahn နှစ်ယောက်အကြောင်းကို အနည်းငယ်စီမိတ်ဆက်ခဲ့ပါတယ်။ ပထမ ပွဲ ဖြစ်တဲ့ ဗင်ဂိုးအစစ်နဲ့ ပေးစာများမှာ ပြပွဲစီစဉ်သူရဲ့ ကြွယ်ဝတဲ့ ဗဟုသုတနဲ့ စံနစ်ကျနတဲ့ အခင်းအကျင်းကြောင့် ပြပွဲလာသူတွေဟာ ဗင်ဂိုးအနုပညာကို အပေါ်ယံမဟုတ်ပဲ နက်နက်နဲနဲ ထိုးဖေါက်နားလည်ခွင့်ရတဲ့အတွက် ဗင်ဂိုးကို ရှုမြင်ပုံ ပါ ပြောင်းလဲသွားတဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။ ပြပွဲအထိမ်းအမှတ် ဗင်ဂိုးအစစ် အနုပညာရှင်နဲ့ပေးစာများဆိုတဲ့ စာအုပ်ကြီးကိုပါ ထုတ်ဝေပြီး ပြပွဲမှာ ရောင်းချခဲ့တာမို့ လာသူတိုင်း တခုတ်တရ ဝယ်သိမ်းကြရပါတယ်။ ပဲရစ် ပွဲ စီစဉ်သူ Isabelle Cahn နဲ့ပတ်သက်ပြီးဆွေးနွေးလိုတာကတော့ သူမရဲ့ ဗင်ဂိုးအနုပညာနဲ့ပတ်သက်ပြီး တဆင့်တက်ပြီး ထူးခြားတဲ့အမြင်အကြောင်းဖြစ်ပါတယ်။ နှစ်ပေါင်းတစ်ရာလောက်မှာ တစ်ခါလောက်ပဲ တွေ့ရနိုင်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ တန်ဘိုးကို မသိနားမလည်ခဲ့တဲ့ လူ့အဖွဲ့အစည်းကို လက်ညိုးဝေဖန်လိုက်ခြင်းဟာ သူမစီစဉ်တဲ့ ပွဲရဲ့ အသက်ဖြစ်သွားပါတယ်။ ဒီအမြင်ဟာ ဗင်ဂိုး၊ ဗင်ဂိုးအနုပညာနဲ့ လူ့အဖွဲ့စည်း မှာတင်ရပ်မနေတော့ပဲ လက်ရှိ ကျွန်တော်တို့ မျက်မှောက်ခေတ် အနပညာရှင်နဲ့ လူ့အဖွဲ့စည်းကြား ဆက်ဆံရေး အထိပါ အတွေးဆင့်ပွါးနိုင်အောင်သယ်ဆောင်ပေးနိုင်သွားတဲ့အကြောင်းတင်ပြဆွေးနွေးလိုက်ရပါတယ်။ မြန်မာ art Curator ကောင်းများပေါ်ထွန်းလာရေးကို ရှေးရှုလျက်.။
ပန်းချီထိန်လင်း