User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 

          မြန်မာနိုင်ငံရဲ့အလှတရားတွေထဲမှာ တောတောင်ရေမြေသာဘာဝတွေကြောင့်လည်းပါပါတယ်ဆိုရင် ငြင်းဆိုစရာအကြောင်းမရှိပါ။ ပထ၀ီဘာသာရပ်မှာ သစ်ပင်အချင်းချင်း သတ္တ၀ါအချင်းချင်းချိတ်ဆက်ပြီး အမှီသဟဲပြုနေထိုင်ခြင်းတွေကို ဂေဟစနစ်လို့ခေါ်တယ်။ ဂေဟစနစ်မှာ မြစ်ချောင်းအင်းအိုင်လည်း ပါတာပေါ့။

          ကျွန်တော်စာရေးဖို့အကြောင်းအရာတစ်ခု ခေါင်းထဲဝင်လာတယ်။ အဲဒီအကြောင်းက ဧရာဝတီအကြောင်းပါ။ ဒီနေ့ဧရာဝတီဟစ်အော်နေပြီ။ ကျွန်တော်တို့ နားရှိလို့ ကြားနေရပြီ။ မနှစ်က တချို့ဆိုရင် ဧရာဝတီအတွက် ရန်ကုန်ကနေ မြန်မာပြည်အထက်ဖျားကို သူတို့ရဲ့သွေးချွေးအင်အားတွေနဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီးပြီ။ သူတို့ဆန္ဒက “ဧရာဝတီမြစ်ဆုံလုံးဝရပ်ဆိုင်းဖို့တဲ့”။ တာဝန်သိသူအတွက် တာဝန်ရှိတာကြောင့် သူတို့တာဝန်ကျေဖို့ ပေးဆပ်နေကြပြီ။ အဲဒီလူတွေကို ကျွန်တော်လေးစားဂုဏ်ယူမိပါတယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ ဧရာဝတီကြောင့် မြန်မာနိုင်ငံ ထာဝရ လှစေချင်တယ်။ ဧရာဝတီကြောင့် မြန်မာ့ယဉ်ကျေးမှုတွေ ထာဝရအဓွန့်ရှည်စေချင်တယ်။

ဧရာဝတီမရှိလို့မဖြစ်

          မြန်မာနိုင်ငံရဲ့မြောက်ဖျားကစ တောင်ပိုင်းဧရာဝတီတိုင်းကနေ ပင်လယ်ထဲထိစီးဆင်းပြီး မြန်မာနိုင်ငံကို အလုပ်အကျွေးပြုနေတဲ့ ဧရာဝတီမရှိလို့ ဘယ်ဖြစ်ပါ့မလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီကြီးက ရေချိုမြစ်ကြီးဖြစ်နေလို့ပါ။ ရေချိုမြစ်ကြီး နိုင်ငံအလယ်မှာရှိနေတာ ဂုဏ်ယူစရာပါ။ ရေချိုမြစ်ဖြစ်နေလို့လည်း စိုက်ပျိုးရေးကိုအခြေခံတဲ့ အမိမြန်မာနိုင်ငံသား ကျေးဇူးရှင်တောင်သူဦးကြီးတွေ ရေသွင်းစိုက်ပျိုးတာတွေ၊ ရေလုပ်သားတွေ၊ ရေသတ္တ၀ါတွေ ဖမ်းယူရောင်းချခြင်းကနေ ၀င်ငွေရရှိနိုင်ပါတယ်။ နောက်ဆုံးဒီမြစ်ထဲက သဲတွေစုပ်ယူပြီး ခေတ်မီဖွဲ့ဖြိုးတဲ့ နိုင်ငံတော်ကြီးဆီကို ခေတ်နဲ့အညီသွားနေတဲ့ ခေတ်မီအဆောက်အဦးအမြင့်ကြီးတွေ ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ မပါရင်မပြီးတဲ့ မြစ်သဲလည်း ဒီမြစ်ကြီးထဲကနေရနေတယ်။ သူ့ကျေးဇူးတွေ ကျွန်တော်တို့မှာ ရှိနေတယ်။ ကျေးဇူးတွေ မမေ့သင့်ဘူး။

          အချို့နိုင်ငံတွေမှာ မြစ်ချောင်းအင်းအိုင်ဆိုတာ တကယ်မရှိဘူး။ ဥပမာ- နီပေါနိုင်ငံနဲ့ ဘူတန်နိုင်ငံအရှေ့အလယ်ပိုင်းနိုင်ငံအချို့။ အချို့သောနိုင်ငံတွေမှာ မြစ်ရှိပေမဲ့ လူထုအတွက်အသုံးအတည့်လှဘူး။ ဘာကြောင့်လဲဆိုရင် မြစ်တိုင်းဟာရေမချိုဘူး။ ရေချိုမြစ်ချောင်းရှိပေမဲ့ လည်း လျှိုမြောင်ချောက်ကမ်းပါးတွေ နက်လွန်းတော့ ပေ ၅၀ ပေ ၁၀၀ ချောက်ကြီးတွေဆီကနေ စိုက်ခင်းဆီကို ရေရရှိဖို့မလွယ်ကူလို့ပါ။ စိုက်ပျိုးရေးအတွက် အခက်အခဲရှိတာပေါ့။ ကျွန်တော်တို့ရဲ့ဧရာဝတီမြစ်ဘေးက တောင်သူတွေကတော့ မြစ်ရေတင်စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် ရာသီအလိုက်စားသုံးသီးနှံတွေ စားသုံးနေရာတာ ဧရာဝတီကျေးဇူးပေါ့။ တောင်သူကြီးတွေရဲ့ ကျေးဇူးလည်းပါတာပေါ့။

မထင်ရှားတော့တဲ့ဆိုင်းဘုတ်

          “ဥတုရာသီတောကိုမှီ” “သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုး” “သစ်ပိုင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး” ထိုထိုသောဆိုင်းဘုတ်ကလေးတွေကတော့ မထင်မရှားဖြစ်နေတာ အတော်ကြပါပြီ။ သတင်းစာထဲမှာထည့်ရုံနဲ့ မပြီးပါဘူး။ ပြင်သူတွေမြင်သာအောင် သစ်တောပြုန်းတဲ့အကြောင်း ရိုက်ကူးထားတဲ့ဗွီဒီယိုမှတ်တမ်းတွေ မြန်မာ့ရုပ်မြင်သံကြား (ဒါမှမဟုတ်) ပြည်သူတွေကို ပညာပေးအစီအစဉ်နဲ့ ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒီနေရာမှာ တာဝန်သိတဲ့ တာဝန်ရှိတဲ့ နိုင်ငံဝန်ထမ်းတွေလည်း အရေးကြီးတယ်။ မိမိဝင်ငွေရဖို့အထက် မိမိနိုင်ငံကောင်းဖို့၊ မိမိရဲ့လူမျိုး ထာဝစဉ်တည်မြဲဖို့အတွက် နိုင်ငံကိုချစ်ဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံကိုချစ်ရင် နိုင်ငံသားကိုလည်းချစ်ပြီပေါ့။ တောတောင်ရေမြေသဘာဝကိုလည်း ချစ်ပြီပေါ့။ တောတောင်ရေမြေသဘာဝဆိုတာ အခုမျက်မှောက်ခေတ်မှာသာ အသုံးဝင်တာမဟုတ်ပါဘူး။ ဒီကမ္ဘာစတင်ကတည်းက အသုံးဝင်ခဲ့တာပါ။ မြတ်စွာဘုရားလက်ထက်မှာတော့ အချို့ရဟန်းတွေဆို သစ်တစ်ပင်အောက်မှာ ၀ါးတစ်ပင်အောက်မှာ တရားဘာဝနာကျင့်ကြံကျိုးကုတ် အားထုတ်ခဲ့တာ သစ်တောသစ်ရိပ် ကျောင်းသင်္ခန်းလေးတွေနဲ့ အားထုတ်ခဲ့ကြတာ သဘာဝအရင်းအမြစ်ရဲ့ ကျေးဇူးပါပဲ။

နောက်ကကျန်ခဲ့ပြီ

          သစ်တောသစ်ရိပ် ရေအရင်းအမြစ် သဘာဝသယံဇာတ ပေါကြွယ်ဝလှတဲ့ အာရှရဲ့ကြယ်တစ်ပွင့်လို တင်စားလို့ရတဲ့ စပါးကျီနိုင်ငံတစ်ခုကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအိုတို့အတွက် နောက်နေကျန်ခဲ့ပြီ။ စင်္ကာပူလိုအလွန်သေးငယ်တဲ့ ကျွန်းနိုင်ငံကလေးတောင် ကျွန်တော်တို့နိုင်ငံထက် တိုးတက်နေပြီ။ သူတို့နိုင်ငံမှာ အမိဧရာဝတီလို ရှည်လျားတဲ့မြစ်လည်းမရှိပါဘူး။ ကျွန်တော်တို့လို ရေချိုမြစ်ကြီးလည်း မရှိ။ သစ်တောလည်းမပေါ။ တွင်းထွက်ရတနာလည်းဘာမှမရှိဘူး။ ဒါပေမဲ့ သူတို့နိုင်ငံသားတွေချမ်းသာတယ်၊ တိုးတက်တယ်။ အတုယူစရာပေါ့။ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ သိပါလေစ။ သိရင်လည်းအတုခိုးကြစေချင်တယ်။

ချစ်မြတ်နိုးစေချင်တယ်

          “ရေချိုမြစ်ကြီး မဟာဧရာဝတီ၊ ရေချိုမြစ်ကြီး ရာဇ၀င်များရဲ့ သတို့သမီး၊ ရေချိုမြစ်ကြီး ကြိုးစင်ပေါ်ကဧရာဝတီ” အခုတော့ အခက်ကြုံနေရပြီ။

          ဧရာဝတီကိုချစ်တဲ့ ပြည်သူတွေ မြစ်ဆုံအတွက် ခြေဆန့်လို့ လမ်းလျှောက်ဆန္ဒပြတာ မလွန်ပါဘူး။ ကဗျာဆရာတွေ ဧရာဝတီကိုချစ်လို့ စာအလင်္ကာ တန်ဆာဆင်တင်ပြကြတာ မလွန်ပါဘူး။ ဧရာဝတီကို ချစ်မြတ်နိုးတဲ့သတင်းသမား၊ ဆောင်းပါးရှင်၊ ဘလော့ကာ….. အိုစာပေပညာရှင်အားလုံး ဧရာဝတီအတွက် သူတို့စွမ်းသလောက် ကယ်တင်နေတာ နိုင်ငံအတွက်ကောင်းကျိုးပါ။ သူတို့တစ်ဝမ်းတစ်ခါးဝဖို့အတွက် ရည်ရွယ်ပြီးလုပ်ကြံနေသူ တစ်ဦးတစ်ယောက်မှ မပါဘူး။ စဉ်းစားတတ်သူတိုင်းသိမှာပါ။ သူတလူငါတမင်း မဖြစ်စေချင်ပါ။ ဧရာဝတီကိုချစ်မြတ်နိုးဖို့ဆိုတာ နိုင်ငံသားတိုင်းတာဝန်ပါ။

          မိခင်ဧရာဝတီက လောကဓံကို ခါးစည်းခံနေရပြီ။ နိုင်ငံတော်အကြီးအကဲ အစိုးရဟောင်းရဲ့ လုပ်ဆောင်ချက်အမဲစက်က အခုအစိုးရလက်ထက်အထိ ပါလာနေဆဲ။ တချို့နေရာတွေ ကယ်တင်နေရဆဲ တားမြစ်နေရဆဲ၊ ဒီအတိုင်းသာဆို ခေတ်မီတိုးတက်သော ဒီမိုကရေဆီနိုင်ငံတော်သစ်ဆီကို သွားနေတဲ့လမ်းကြောင်းက နှေးမှာပေါ့ ဖြေးမှာပေါ့။ သမ္မတဟောင်း ဒေါက်တာမောင်မောင်ပြောတဲ့ “ဆန္ဒတွေမစောကြပါနဲ့ဗျာ” ဆိုတဲ့စကားကို သွားအမှတ်ရမိတယ်။

ဇရာကျလာပြီ ဧရာဝတီ

          ဧရာဝတီမြစ်ကို လူ့ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်ပြီးပြောမယ်ဆိုရင် ကချင်ပြည်နယ်ဟာ သူရဲ့ဦးခေါင်း၊ မေခမေလိကမြစ်နှစ်သွယ်ဟာ သူ့ရဲ့အလင်းရှင် မျက်ဝန်းတစ်စုံ။ အဲဒီမျက်ဝန်းက စီးကျလာတဲ့မျက်ရည်တွေနဲ့ မြန်မာနိုင်ငံကို သူပေးဆပ်နေတာကြာပြီ။ ဒါကိုကျွန်တော်တို့ နားလည်သင့်ပြီ။ အခုရပ်ဆိုင်းထားတဲ့ ပရောဂျက်က အတိအလင်းကျေညာထားပေမဲ့ ၂၀၁၅ ကျော်ရင် ဘာရယ်ညာရယ်မသိ၊ မသေချာ၊ မရေရာ၊ ဒီပရောဂျက်လုပ်မယ့်နေရာက ဧရာဝတီရဲ့လည်ပင်းနေရာပေါ့။ လူတစ်ယောက်လယ်ပင်းပြတ်ရင် သေသလို ဧရာဝတီလည်ပင်းပြတ်ရင် တစ်နိုင်ငံလုံးသေမှာ။ ရာဇ၀င်တွေသေမှာ။ သမိုင်းတွေဆွံ့အတော့မှာ။ စည်းလုံးခြင်းတွေပြိုကွဲတော့မှာ။ ကမ္ဘာ့နိုင်ငံအလယ်က စီးဆင်းနေတဲ့ မြန်မာက ဧရာဝတီမြစ်ကြီးဟာ တန်းဖိုးအကြီးဆုံးပါ။ လူ့ခန္ဓာကိုယ်ရဲ့ အသက်သွေးကြောကြီးလိုပါပဲ။

          ဧရာဝတီရဲ့သွေးကြောတွေ ကျဉ်းမြောင်းအောင် တချို့သောလူတွေက တမင်ဖောက်ထုတ်ယူနေကြပြီ။ တချို့သောလူတွေက ဗဟုသုတနည်းလို့ လောဘဇောတိုက်ပြီး ဧရာဝတီရဲ့ခန္ဓာကိုယ်ကို ဖဲ့ယူနေကြပြီ။ တချို့ကလည်းသိတယ်။ တချို့ကလည်း မျက်စိမှိတ်နားပိတ် နေသားကျနေပြီ။ ဧရာဝတီသာစကားပြောနိုင်ခဲ့ရင် “ကျွန်တော့အသက်ကို ကယ်ပါဗျာ”လို့ ပြောနေလောက်ပြီ။ ဧရာဝတီသွေးကြောတွေကျဉ်းရင် ဧရာဝတီသေဖို့နီးလာပြီ။ ဧရာဝတီသွေးစီးအားတွေ မသန်တော့ ဧရာဝတီဇရာကျလာပြီပေါ့။ ဧရာဝတီဇရာကျလာတော့ သေဖို့နီးပြီပေါ့။

ဧရာဝတီကို ကိုယ်ချင်းမစာကြသူများ

          ဧရာဝတီမြစ်ကိုအခြေပြုပြီး စိုက်ပျိုးရေးလုပ်သူတွေရှိသလို သယ်ယူပို့ဆောင်ရေးစနစ်လည်းရှိတယ်။ တချို့ရေယာဉ်မောင်းသူတွေ ပိုင်ရှင်တွေဟာ သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်ကြပေမဲ့ တချို့သောလူတွေကတော့ ဧရာဝတီရဲ့ရင်ခွင်ကို ဖိ၊ တွန်းပြီး အော်ရလောက်အောင်လေးလံတဲ့ ဧရာမသစ်တုံးကြီးတွေကို ခိုးဝှက်သယ်ယူရောင်းဝယ်ဖောက်ကားနေကြတယ်။ ဧရာဝတီရဲ့ရင်ခွင် မနာကျင်ဘဲရှိပါ့မလား။ အခုတော့ တချို့သစ်တုံးတွေလည်း ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိတယ်လို့ သတင်းဂျာနယ်တွေမှာ ဖတ်မိတယ်။

          ဧရာဝတီမြစ်ကို အမှီသဟဲပြု နေထိုင်ကျက်စားနေတဲ့ အသက်ကိုကယ်တင်ပေးတဲ့ ရေသတ္တ၀ါလင်းပိုင်တွေလည်း အရင်ကလောက် မများတော့။ ဂေဟစနစ်တွေလည်း ပျက်ယွင်းလာနေပြီ။

ခရီးသွားလုပ်ငန်းကောင်းမှ

          နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ခရီးသွားလုပ်ငန်းလည်း ကောင်းမွန်နေဖို့အရေးကြီးတယ်။ ဧရာဝတီဆိုတာ ရေကြောင်းရဲ့ အသက်သခင်ကျေးဇူးရှင်ပါ။ သူ့ရဲ့ပင်ကိုသဘာဝအလှတွေ မပျက်စီးဖို့ သဘာဝကျကျရှင်သန်စီးဆင်းနိုင်ဖို့ လိုပါတယ်။ ဒါမှသာ လှေ၊ သင်္ဘော၊ မော်တော်တွေ အစုန်အဆန် လိုရာခရီးကို နှင်နိုင်ကြမှာပါ။

          ဧရာဝတီရဲ့မြစ်ကြောင်းတွေ ကျဉ်းလာနေပြီ။ အချို့နေရာတွေဆိုရင် သဘာဝကြောင့် မြစ်ကြောင်းကျဉ်းတာ တချို့နေရာကလူတွေက တမင်လုပ်ယူလို့ မြစ်ကြောင်းကျဉ်းတာ၊ ကိုယ်ပိုင်ဆိုင်တာထက် ပိုတဲ့မြေဧကတွေရရှိဖို့ အမိဧရာဝတီရဲ့မြစ်ကြောင်းကို ကျဉ်းပစ်ကြတယ်။ ဧရာဝတီရဲ့ခန္ဓာကိုယ်ကို ဖဲ့ယူကျူးကျော် တိုးချဲ့လုပ်ကိုင် စားသောက်ကြတယ်။ ဧရာဝတီမြစ်ကြောင်း ရေစီးရေလာကောင်းအောင် လုပ်ပေးသင့်ပါတယ်။

          မြန်မာနိုင်ငံအထက်ပိုင်း ဗန်းမော်၊ ကသာ ဧရာဝတီမြစ်ဘေး ကမ်းနားလမ်းတစ်လျှောက်မှာ ဧရာဝတီကဖန်တီးထားတဲ့ သူ့ပတ်ဝန်းကျင်က အလှတရားတွေဟာ မြန်မာနိုင်ငံသားတွေတင်မက နိုင်ငံခြားသားတွေကပါ ငေးမောနေရလောက်အောင် ဧရာဝတီရဲ့အလှအပတွေက ဆွဲဆောင်နိုင်လွန်းတယ်။ Eco-Tourism လုပ်ငန်းအတွက် ဧရာဝတီက တာဝန်ကျေလွန်းလှပါတယ်။

ဧရာဝတီရဲ့သမိုင်း ထာဝရတည်ဖို့

          ဧရာဝတီမြစ်ကြီး ထာဝရလှပဖို့ နိုင်ငံသားအားလုံး တာဝန်သိသိ တာဝန်ရှိရှိနဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ဟန့်တားနိုင်မှသာ ထာဝရ မြန်မာပြည်လှပနေမှာပါ။ ထာဝရမြန်မာတွေ စည်ပင်ဝဖြိုးနေမှာပါ။ ထာဝရ မြန်မာ့ယဉ်ကျေးမှုတွေ အဓွန့်ရှည်မှာပါ။

          ဧရာဝတီခံစားမှုဟာ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့ ခံစားမှုဖြစ်ပါတယ်။ ဧရာဝတီမှာ သမိုင်းတွေ ထာဝရ ရှင်သန်ခိုင်မာနေဖို့ “မြန်မာနိုင်ငံသားအားလုံးရဲ့ ဧရာဝတီ၊ မဟာဧရာဝတီ၊ ရာဇ၀င်များရဲ့သတို့သမီး၊ မိခင်ဧရာဝတီ၊ ကြိုးတန်းပေါ်ကဧရာဝတီ” ထိုထိုသောနာမည်များနဲ့ တလေးတစားတင်စားထားတဲ့ ဧရာဝတီကို ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကယ်တင်ကြရမှာပါ။ ဧရာဝတီရဲ့ရင်ဖွင့်သံ ခံစားနားလည်းနိုင်ကြပါစေလို့ ဆန္ဒများစွာဖြင့် ရေးသားလိုက်ရပါတယ်။ ဧရာဝတီကို အမှီသဟဲပြုနေထိုင်ကြသူအပေါင်း ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။