User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 
                                                      ဇူလိုင်လဆန်းမှာ ချင်းမိုင်မှာရှိတဲ့ မဲ့ဆာ ဆိုတဲ့ အရပ်မှာ ရှိတဲ့ ဆင်စခန်းက ပြန်လာပြီး စာရေးမယ် စိတ်ကူးနေတုန်း ဆင်အကြောင်းတွေ ဆက်တိုက် ဆိုသလို သတင်းတွေမှာ ဖတ်ရပါတော့တယ်။ ချင်းမိုင်မှာ ဆင်စခန်း( ၃)ခု ရှိတယ်၊ အဲဒီ (၃)ခုထဲကမှ မြို့နဲ့ အနီးဆုံးကို ရွေးပြီး သွားတာမှာ အသွားတစ်နာရီခွဲ အပြန်တစ်နာရီခွဲ ကြာအောင် သွားရတယ်။  ဆင်စခန်းဖွင့်ထားတဲ့ နေရာတွေက မြို့ပြင်မှာ ရှိပြီး သဘာဝတောတောင် လျို  မြောင်တွေ၊ စိမ့်စမ်းတွေ ရှိတဲ့ ဆီမှာ ဆင်တွေကို ထိန်းသိမ်း လေ့ကျင့်ထားတာပဲ ဖြစ်ပါတယ်။ 
                         ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားဖွယ် ဖြစ်အောင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ မြန်မာပြည်မှာလည်း ၁၉၉၆ခုနှစ် ခန့်က တော်တော်လေး လှုပ်လှုပ်ရှားရှား လုပ်ခဲ့တာ အမှတ်ရမိပါတယ်။ ဖိုးကျား ဆင်စခန်းတို့ အင်းတော်ကြီး သဘာဝဘေးမဲ့ ဥယျာဉ်တို့ ကြားဖူးခဲ့ပါတယ်။ 
                       မဲ့ဆာ ဆိုတဲ့ ဆင်စခန်းမှာတော့ ဆင်တွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးထားပြီး  ကမ္ဘာလှည့်ခရီးသည်တွေ ဆင်စီးဖို့ရယ်နဲ့ ဆင်တွေရဲ့ ကပွဲတွေကို ပြသပါတယ်။ တစ်ရက်မှာ နှစ်ပွဲပြတယ်လို့ သိရပါတယ်။  နံနက် ၉နာရီမှာ တစ်ပွဲရှိပြီး မွန်းလွဲ တစ်နာရီခွဲမှာ တစ်ပွဲရှိပါတယ်။  ဆင်စီးဖို့ ရည်ရွယ်ချက်မရှိတာမို့ ပွဲမစခင် ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း တကယ့်တောတွေ တောင်တွေကြားမှာ စိမ့်အေး နေတာကို သတိထားမိပါတယ်။ အိမ်ရှင် ထိုင်းလူမျိုးတွေ မရှိသလောက် နည်းပါးပြီး နိုင်ငံခြားသား ခရီးသွားတွေ အများဆုံး တွေ့ရပါတယ်။ အဲဒီထဲမှာမှ တရုတ်လူမျိုးတွေ သိသိသာသာ လာကြတာ တွေ့ရပါတယ်။   တစ်နေရာမှာ ပွဲစချိန်မရောက်သေးလို့ နားနေကြတဲ့ ဆင်ထိန်းတွေကို သူတို့ ဆင်တွေနဲ့အတူ အေးအေးလူလူ စကားပြော နေတာတွေ့ရတ.်၊ ဆင်ထိန်းတွေက လူငယ်တွေ များတယ်၊ အားလုံး ကရင် တိုင်းရင်းသားဝတ်စုံတွေ ဝတ်ထားကြတယ်။  ထိုင်းမှာလည်း ကရင် တိုင်းရင်းသား ရှိတယ်၊ ထိုင်း ကရင်တဲ့၊ မြန်မာပြည်က ကရင်တွေလည်း ပါချင်ပါမယ်၊ 

 

                  ပွဲစမယ့်နေရာမှာ သွားထိုင်လိုက်တယ်ဆို လူတွေတဖွဲဖွဲ ရောက်လာကြတယ်။ ပွဲကြည့်စဉ်က ကွင်းတစ်ခုရဲ့ ဘေးပတ်လည်မှာ ရှိတယ်။ အလယ်မှာ ကွင်းတစ်ခုရှိပြီး ကွင်းရဲ့ လေးဖက်လေးတန်မှာ ထိုင်ခုံတွေ အမိုးနဲ့ဘာနဲ့ အကျအန၊ ပန်ကာတွေ ဘေးဘယ်ညာ အပေါ် စုံအောင် ဖွင့်ထားပေးတယ်။  ဆင်စီးတဲ့ လူတွေကလည်း စီးတုန်းပဲ၊  ဆင်တစ်ကောင်မှာ လူသုံးယောက် စီးလို့ရတယ်၊  တချို့က နှစ်ယောက်၊ တစ်ချို့ကတော့ တစ်ယောက်ထဲ လှုပ်လှုပ်နဲ့ ဘယ်ယိမ်း ညာယိမ်း သွားနေတာ တွေ့ရတယ်၊ ဆင်စခန်းဆီ ဝင်ခက ပွဲအတွက်ပါ ပါပြီး တစ်ယောက် ဘတ်(၂၀၀)၊ ဆင်စီးခက တစ်စီးကို ဘတ်(၄၀၀) ၊ အတူလာတဲ့အထဲ သမီးတစ်ယောက်က ကျောင်းသားကဒ်ပါလာလို့ လက်မှတ်ဝယ်တဲ့ ဆီမှာ ပြလိုက်တာ သူ့အတွက် မပေးရ၊ ကျောင်းသားဆို ဖရီးတဲ့၊ 
               ဆင်စီးပြီး သွားနေကြတဲ့ သူတွေက အရှေ့က ကွင်းဘေးကနေ ပတ်ပြီး တောင်ကုန်းပေါ်တက် ပြန်လာ ဒီလို သွားနေကြတာပဲ၊ ဘယ်နှစ်ပတ် ပတ်ပေးတယ် မသိ၊ ဆင်ကောင်ရေ လိုက်ရေရင်း ကျောပေါ်မှာ တင်ထားတဲ့ ခုံပေါ်က ဆင်ရဲ့ နာမည်နဲ့ အသက်တောင် အကြိမ်ကြိမ် ပြန်တွေ့ရတယ်။ ကိုယ့်ဘာသာ ရေလိုက်တာ အားလုံး (၅၀) ကျော်တယ်၊ ပွဲကြည့်ပရိတ်သတ်ကလည်း တစ်ဘက်စီမှာ အနည်းဆုံး လေးငါးဆယ်မကဘူး။ လေးဘက်လေးတန်ဆို အနည်းဆုံး လူ(၂၀၀) ကျော်ပဲ၊ လူဝင်ခ တစ်ယောက် ဘတ် (၂၀၀) နဲ့ မြှောက်ကြည့်ပြီး ဆင်စီးခတွေနဲ့ ပေါင်းရင်း တစ်နေ့ ဝင်ငွေ မနည်းပါလား တွက်မိတယ်။ ပြန်အထွက်မှာ  ရုံးခန်းကို  ဝင်မေးတော့ မဲ့ဆာ ဆင်စခန်းမှာ ဆင်ကောင်ရေ (၇၃) ကောင်ရှိတယ်လို့ သိခဲ့ရတယ်။ 
                 ဆင်တွေ ဖြောင့်ဖြောင့် သွားအောင် လမ်းမှာ ကြံရွက်တွေကို  မြက်လို အထုံးတွေ လိုက်ချပေးနေတဲ့ ကလေးမလေးကို ကြည့်နေမိတယ်၊ စားတဲ့ဆင်ကစား၊ တချို့က နှာမောင်းနဲ့ ဆွဲသွားပြီး ဆော့၊ ဟိုကျဒီကျ ၊ အဲဒါတွေ ကလေးမလေးက ပြန်ကောက်၊ အစကနေ ပြန်ချ၊ သူ့ကို ကြည့်ပြီး ပျင်းလာတယ်၊ သူ့မှာ နိစ္စဓူဝ ဒါလိုက်လုပ်နေရတာ မပျင်းဘူးလား တွေးရင်း ဒီလို အလုပ်မျိုးကို ထိုင်းလူမျိုးတွေ မလုပ်ဖူးလို့  အတူပါတဲ့ တစ်ယောက်က မှတ်ချက်ပြုတာ ကြားလိုက်မိတယ်။ 
                  ဆင်တွေရဲ့ ယဉ်ကျေးလိမ္မာ ပြပွဲ အစီအစဉ်စတော့ ကွင်းထဲ ဝင်လာတာ စောစောက လူတွေ စီးနေတဲ့ ဆင်တွေ မဟုတ်ဘူး၊ ဆင်တင်းကုပ်မှာ နားနေတဲ့ ဆင်တွေ ဖြစ်နေတယ်။  ဆင်တွေက လက်အုပ်ချီပြီး " ဆဝါဒီခပ်" လို့ နှုတ်ဆက်ပြီး ဝင်လာတယ်၊ ပြီးတော့ ပုသိမ်ထီးလေးတွေ နှာမောင်းနဲ့ ချိတ်လို့ ခြေထိုးကာ သီချင်းလေးနဲ့ ကကြတယ်၊ ဘာဂျာမှုတ်ပြတယ်၊ ဘောလုံးကန်တယ်၊ ဂိုးတိုင်ကို ဂိုးသွင်းတဲ့အခါ ဝင်တဲ့ အကောင်က ဝင်အောင် သွင်းနိုင်တယ်၊ မဝင်တဲ့ သူလည်း မဝင်ဘူး၊ နှစ်ကောင် တစ်ယောက် တစ်လှည့် ဂိုးသွင်းရင် ဝင်တဲ့ ကောင်က တဖက်က ဆင်ကို မခံချင်အောင် ဖင်လေး လှုပ်ပြတာမျိုး ခေါင်းလေးနဲ့ အမူအယာလုပ်ပြတာမျိုး လုပ်ပြတော့ သဘောကျရတယ်။ နောက်တချီမှာတော့ တစ်ကောင်က ဂိုးစောင့်ပြီး တစ်ကောင်က ကန်ရတယ်၊ သူက ကန်ကာနီးရင် ခြေထောက်ကို သေသေချာချာ မြှောက်ပြီး အနောက်ကို ဆုတ်လို့ အားယူလိုက်သေးတယ်၊ တခါတလေ ဂိုးစောင့်တဲ့ ဆင်ကို ကန်တဲ့ဆင်က ကန်မလို အားရပါးရ ဟန်ပြင်ပြီးမှ မကန်သေးပဲ ပြန်ရပ်တာ လုပ်ပြသေးတယ်၊  ကြည့်ရင်းက ဆင်ဆိုတာတောင် မေ့မေ့သွားတယ်၊  တခုသတိထားမိတာ ရှိတယ်။ ဆင်တွေရဲ့ အမူအယာမှာ သူတို့ ဆင်ထိန်းတွေရဲ့ ဟန်ပန်တွေ ထင်ဟပ်နေတယ်၊ အားလုံးထဲမှာ အသက်အငယ်ဆုံးလို့ ထင်ရတဲ့ ဖြူဖြူ သွယ်သွယ် ပိန်ပိန်ပါးပါး ပျော်ရွှင်သွက်လက်တဲ့ ဟန်ပန်ရှိတဲ့ ဆင်ထိန်းရဲ့ ဆင်ကလေးကလည်း  ပြကွက်တစ်ခု ပြီးလို့ တစ်ခုပြောင်းတိုင်း ကွင်းထဲ ပြန်ဝင်လာရင် သူ့သခင် ဆင်ထိန်းပုံနဲ့ ပြောင်စပ်စပ် နောက်တောက်တောက် ပေါ့ပေါ့ပါးပါး ပြေးဝင်လာတတ်တာ ချစ်စဖွယ်ပဲ၊ ပရိတ်သတ်က အဲဒီဆင်လေးကို သတိထားမိကြတယ်။ 
 
                   နောက်ဆုံး ပန်းချီဆွဲကြမယ် ဆိုတော့ ဆင်တွေက ကိုယ်အရောင်ချယ်မယ့် ဆေးခွက်တွေကို ကိုယ့်ဘာသာ နှာမောင်းတွေနဲ့ ချိတ်ယူလာကြရတယ်၊ ဆင်ဦးစီးတွေက ဒေါက်တိုင်နဲ့ ကင်းဘတ်စတွေ နေရာချပေးတယ်။ အငယ်ဆုံး ဆင်ကလေးက အစောကြီးဆွဲပြီးတယ်၊  မျဉ်းတစ်ကြောင်းဆွဲနဲ့ ဆင်ပုံဆွဲပြီး လက်အုပ်ချီ နှုတ်ဆက် သူ့နေရာကိုသူ ဖင်လေး လှုပ်ပြပြီး ပြန်သွားတယ်၊ သူ့ကြည့်ရတာ တခြားဆင်တွေလို အေးအေးဆေးဆေး စိတ်ပါလက်ပါ  ဆွဲတာ မတွေ့ရဘူး၊  ငယ်ရွယ်သူတို့ ပုံစံအတိုင်း ဖြိုးကနဲဖြတ်ကနဲပဲ၊  အားလုံးလေးကောင်မှာ ကိုယ်တွေနဲ့ မျက်နှာချင်းဆိုင်မှာ သရုပ်ပြတဲ့ဆင်ရဲ့ လက်ရာက အကောင်းဆုံးပဲ၊ ပွဲလည်းပြီးရော သူဆွဲတဲ့ ပန်းချီကားကို ဝယ်ဖို့ လူတွေ  အပြေးအလွှား သွားကြတာတွေ့လိုက်တယ်။  ပန်းချီဆရာ တစ်ယောက် လက်စွမ်းပြသလိုပဲ၊ ဆင်ဆွဲတဲ့ ပန်းချီက၊ သစ်ပင်ကြီး တစ်ပင်မှာ အရွက်တွေ ပင်စည်တွေ ကိုင်းတွေကို အရောင်နဲ့ စုတ်ချက် သေသေချာချာ ဆွဲတာ၊ အပင်အောက်က မြက်ပင်ကလေး မြေကြီးတွေကိုတောင် နှာမောင်းမှာ စုတ်တံချိတ်လို့ တချက်ခြင်း ဆွဲသွားတာ၊ အံ့ဩစရာကောင်းတယ်။
               ပြပွဲပြီးသွားတဲ့အခါ ဆင်ထိန်းတွေက သူတို့ဆင်တွေနဲ့အတူ လူတွေနဲ့ ဓါတ်ပုံ အရိုက်ခံတယ်၊ တချို့က ဆင်ရဲ့နှာမောင်းမှာ ပိုက်ဆံချိတ်ပေးတယ်၊ ဆင်က သူနဲ့ အတူ ဓါတ်ပုံရိုက်မယ့်သူကို နှာမောင်းနဲ့ ခပ်တင်းတင်းလေး ဖက်ထားလိုက်သေးတယ်၊ ကြည့်ရင်းက လိမ္မာလို့ တော်သေးရဲ့ စိတ်ဖောက်ပြီး တခုခုလုပ်လိုက်ရင် အခက်လို့ အစွယ်ကားကားကြီးတွေ ကြည့်ရင်း ကျောချမ်းမိတယ်။ 
 
              တလောက သတင်းတစ်ခု တွေ့လိုက်ရတယ်၊ ချင်းမိုင် မဲ့ဝမ်ဖက်က ဆင်စခန်းမှာ ဆင်စီးတဲ့ မိသားစုကို တင်ရင်း မုန်ယိုပြီး ဆင်ထိန်းကို နင်းသတ်တာ သေရော၊ ဆင်ထိန်းက ကရင်တဲ့၊ အဲဒီဆင်စခန်းက တောပိုနက်တယ်၊ သူက ဆင်စီးပြီး  တောထဲကို တကယ်တိုးသွားတာ၊ မြစ်တွေ ချောင်းတွေကိုလည်း ဖြတ်သွားရတယ်၊ ဆင်နဲ့ တောထဲ ခရီးသွားတဲ့ အရသာကို ပေးတယ်၊ မဲ့ဆာကတော့ ကွင်းနားတင် ပတ်တာ၊ အဲဒီမှာ ဆင်က ဆင်ဦးစီးကို သတ်ပြီး တောထဲ ထွက်ပြေးတာ ဆင်စီးနေတဲ့ တရုတ်မိသားစုပါ ပါသွားပါလေရော၊ လင်မယားနှစ်ယောက်နဲ့ ကလေး အားလုံး (၃)နာရီကြာသတဲ့၊ အဲဒီဆင်ကို ငယ်ငယ်ကတည်းက ထိန်းခဲ့တဲ့ ငယ်ဆင်ထိန်းက တခြား ဆင်စခန်းမှာ အလုပ်လုပ်နေတာကို သွားခေါ်ပြီး ဆင်ယဉ် တစ်ကောင်နဲ့ မြှားပြီး ပြန်ခေါ်လာရသတဲ့။ 
 
               ကိုယ်ကတော့ တိရိစ္ဆာန်ဆိုတာ အစိုးမရဘူးလို့ အစောကတည်းက တွေးမိသားဆိုတော့ အသိတစ်ယောက်က ဆင်တွေက လိမ္မာတယ်၊ အသိဉာဏ်လည်းကြီးတယ်၊ သူဖတ်ဖူးတဲ့ စာရေးဆရာ ဖိုးကျော့ စာတွေထဲမှာ ဖတ်ရတာ ပြန်ပြောပြတယ်၊ ဆင်တွေက သိပ်သိတယ်၊ ဆင်ထိန်းတွေ ဖောက်လွဲဖောက်ပြန်လုပ်ရင် သိတယ်၊ ဆင်တွေက အဲလိုဆို သီးမခံဘူး လို့ သူ့အမြင်ကို ဆိုပြန်တယ်။  သတင်းမှာတော့ အဲဒီဆင်က ခရီးသည်တင်ပြီး အသွား ရေကန်တစ်ခုမှာ သူ့ကို ရိုက်နှက်ပြီး ထိန်းခဲ့ဖူးတဲ့ သူမကြိုက်တဲ့ ဆင်ထိန်းက တခြားဆင်တစ်ကောင်ကို ရေချိုးပေးနေတာ တွေ့ပြီး ဒေါသထွက်လာတာလို့ ဆိုတယ်၊ လူ့စိတ်တောင် လူချင်းနာမလည်တာ၊ တိရိစ္ဆာန်ဆိုတော့လည်း မသိနိုင်တဲ့ အရာတွေပေါ့၊ 
                  ဆင်အကြောင်း သတင်းက ဆက်တိုက် ဆိုသလို ကြားရ သိရပြန်တယ်၊ ကျောက်ပန်းတောင်း ညောင်ဦး ဖက်မှာ တောဆင်ရိုင်း ခြောက်ကောင် မျက်စေ့လည် လမ်းမှားလာလို့ လူတွေ မောင်းရတာ ဖတ်ရပြန်တယ်၊ တချို့က တောတွေ တောင်တွေ ပြုန်းတီးကုန်လို့ နေစရာ၊ စားစရာ ခက်ခဲတဲ့ အတွက် တောပြောင်းတာလို့ ဆိုသလို နေစရာ မရှိလို့ လိုက်ရှာရင်း မျက်စေ့လည်တာလို့ ဆိုပြန်တယ်။ သစ်တောဌာနနဲ့ ဆင်ဆရာဝန်တွေက ပဲခူးရိုးမဖက်ရောက်အောင် မောင်းနေကြသတဲ့၊ နောက်ဆုံးတော့ ရောက်သွားပြီလို့ သိရတယ်၊ ဒါပေမယ့် ဆင်ကလေးလေး တစ်ကောင်ကျန်နေခဲ့တာ သိရတယ်၊ ရေးတဲ့သူတွေကလည်း ရေးတတ်ကြတယ်၊ " သားအညာမှာကျန်ခဲ့ပြီ" တဲ့ စိတ်မကောင်းစရာ၊ အဲဒီဆင်လေးကို ယဉ်အောင်မွေးပြီး သစ်ထုတ်ရေးစခန်းမှာ သုံးမယ်လို့ ဖတ်ရတယ်၊ အဲဒီ ဆင်ခြောက်ကောင်သတင်းနဲ့ အတူ ဆင်အကြောင်း မှတ်သားဖွယ်ရာတွေ ဖတ်ရတာ အကျိုးရလိုက်တယ်။ 
               ဆင်အုပ်စုမှာ အထီးက ခေါင်းဆောင် ဗိုလ်လုပ်ရသတဲ့၊ ဒါ့ကြောင့် ဆင်မက ဆင်ကလေးမွေးလာလို့ အထီးပါလာရင် အဖေအရင်းဖြစ်တဲ့ ဆင်ထီးကတောင် ရန်မူပါသတဲ့၊ ဒါ့ကြောင့် အဲဒီ ဆင်ကလေးလေး အထီးလေးကို တခြားဆင်တွေ ရန်မမူရအောင် မိခင်နဲ့ ကြီးဒေါ်တွေက စောင့်ရှောက် ကာကွယ်ရတယ်တဲ့၊  အခုဆင်ခြောက်ကောင်မှာ ကလေးလေး နှစ်ကောင် ပါလာတယ်ဆိုတော့ ဆင်ထီးလေးတွေ ဖြစ်ပြီး ကျန်တဲ့ ဆင်ကြီးတွေက ဆင်ထီးလေးတွေကို  အုပ်စုဗိုလ်လုပ်နေတဲ့ ဆင်ထီးတွေ ရန်က လွတ်အောင် လိုက်လံ ထိန်းသိမ်း စောင့်ရှောက်နေတဲ့ အမေနဲ့ ကြီးတော်တွေ ဖြစ်နိုင်တယ်လို့ နားလည်သူတွေ ရေးတာ ဖတ်ရပြန်တယ်၊  ဘယ်လို အကြောင်းကြောင့်ရယ် မသိပေမယ့် သနားစရာအဖြစ်တွေချည်းပဲ ဖြစ်နေတယ်။ 

                  ဆင်ရိုင်းတွေကို ယဉ်ပါးအောင်လုပ်ပြီး လူတွေက လိုသလို ခိုင်းကြတယ်၊ ခိုင်းလို့လည်းရတယ်၊ ယဉ်ပါးပြီး လူတွေနဲ့ အတူနေတဲ့ ဆင်ကလည်း ရုတ်တရက် ဆင်ရိုင်းလို ပြောင်းလည်း သွားပြန်တယ်၊ အရိုင်းနဲ့ အယဉ်ကို လူတွေ ဖန်တီးနိုင်ကြတာ အံ့ဩစရာ၊  လူထက်  အဆမတန် အရွယ်ရော အင်အားပါ ကြီးတဲ့ တိရိစ္ဆာန်ကို လူ့စကား နားထောင်အောင်လည်း လူတွေ လုပ်နိုင်ကြတယ်၊  ဆင်စခန်းမှာတွေ့ခဲ့ရတဲ့ လူနဲ့ ဆင်တို့ကြားက အရိုင်းနဲ့ အယဉ်ကို မြင်မိရင်း  အရာရာကို ပြောင်းလဲနိုင်စွမ်းဆိုတာ လူတွေမှာ ရှိတဲ့ စွမ်းအင်တစ်ခုပါလားလို့ အတွေးနယ်ချဲ့နေမိပါတော့တယ်။