User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                     ၁

     လူ့ဘဝရပ်တည်ရှင်သန်မှု့အတွက် အမှန်တရားနဲ့ အပေးအယူလုပ်တမ်း ကစားကြသော လူတန်းစားများ ရှိပါတယ် ။ လူတန်းစား တစ်ချို့က အမှန်တရားဘက် ရပ်တည်ရင်ဆိုင်ဖို့ ခွန်အားမရှိပဲ ရေငုံနှုတ်ပိတ်နေကြပြီး လူတန်းစားတစ်ချို့ကတော့ အမှန်တရားရှိရာ အရောက်သွားပြီး အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ရင်ဆိုင်ကြပါတယ် ။

     ကျွန်တော်တို့ နိုင်ငံမှာ ယာယီ အခိုက်အတန့်အားဖြင့် အမှန်တရား ငုပ်လျှိုးခဲ့ရတဲ့ အချိန်တစ်ခုရှိခဲ့ပါတယ် ။  ဒါပေမယ့် လူတန်းစားတစ်ချို့က ဘယ်လို အကျိုးရလာဒ် မျှော်လင့်ချက် တစုံတရာမျှ    ရယူမထားပဲ အမှန်တရားရှိရာမှာ ကဗျာဆရာရှိတယ်   ကဗျာဆရာက  ကဗျာနဲ့ အမှန်တရားကို ညွှန်ပြတယ်ဆိုတဲ့ လူတန်းစားကတော့  ကဗျာဆရာ လူတန်းစားပါပဲ ။

     အဲ့ဒီလို ကဗျာဆရာလူတန်းစားဟာ ဘယ်သူတဦးတယောက် တာဝန်ပေးထားလို့မှမဟုတ်ပဲ ပင်ကိုယ်သိစိတ် အရ ကဗျာများ ရေးသားတဲ့အခါ မလွှဲမသွေ ရင်ဆိုင်ရဖွယ်ရှိတဲ့ အန္တရာယ်နဲ့ ကြုံရင်တောင် တစ်စက်ကလေးမှ နောက်တွန့် မသွားပဲ မရ ရတဲ့နည်းနဲ့ ကဗျာ အနုပညာအားကိုးပြီး ရေးသားပုံဖော်ကြတာပဲ ဖြစ်ပါတယ် ။


                    ၂

     ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ က စလို့ ဒီကနေ့အထိ  လုံးလုံးလျားလျား လွတ်ထွက်နေသေးတဲ့ ကျားဆိုးတစ်ကောင်ရှိနေပါတယ် ။ သူက ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်လို့ သဟောက်သဟန်းပြောသေးတယ် ။ဆန္ဒ မစောကြပါနဲ့  တို့ ၊ စစ်တန်းလျားပြန်မယ်တို့ ဆိုပြီး တောင်တောင်အီအီ ပြောတာလဲ ကျားဆိုးပဲ ။ခေတ်မှီတယ်ပဲ ပြောမလား ဒီဘက်ခေတ်အထိ ခေတ်နဲ့ အညီ ရင်ဘောင်တန်းပြီး တောက်လျှောက်လိုက်လာခဲ့တဲ့ ကျားဆိုးဟာ ပါးနား ရိုက်မယ်လို့ ခြိမ်းခြောက်လို ခြိမ်းခြောက် ထမင်းတစ်နပ်လျှော့စားခိုင်းလိုခိုင်းနဲ့ ဧရာဝတီ ကနေ လက်ပံတောင်းအထိ စိတ်ရှိလက်ရှိ ထင်တိုင်းကြဲ သောင်းကျန်းနေပါတော့တတယ် ။

     ကျားဆိုတာ သပ်သပ်လွတ်စားပြီး တရားထိုင်မှာမဟုတ်သလို အေးအေးလူလူ စာအုပ်ဖတ်နေမှာလဲ မဟုတ်ဘူး ။ စိုးရိမ်တယ်ပြောပြီး အမဲလိုက်နေမှာ ပါပဲ ။ကျွန်တော်တို့ဟာ ကျားဆိုးကို နဖားကြိုးထိုးလို့ရတဲ့ သတ္တဝါ မဟုတ်မှန်း အစောကြီးကတည်းကသိဖို့ကောင်းတယ် ။ ပြောလို့မရဘူး အချင်းချင်းဆုံတဲ့အခါ ကျွန်တော်တို့ကို ငတုံးတွေလို့ ခေါ်ချင်ခေါ်နေမှာ ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ အစားခံခဲ့ရပြီးပြီ ။ ကျားဆိုတာ စပါးမစိုက်ဘူးလေ ၊ အမဲပဲလိုက်မှာ ။ဘယ်တောဘယ်တောင်မှလဲ ပြောင်းမှာမဟုတ်ဘူး ၊ သေမှာစိုးလို့ ။ သူ အမဲလိုက်လို့ ရတဲ့ ၊ သူဆိုးလို့ ရတဲ့ တောမှာပဲနေမှာ ။အခု  သူဆိုးလွန်း မိုက်လွန်း အမဲလိုက်လွန်းလို့ လှိမ့်ပိန့် ခံနေရသူတွေက ကျားဆိုးလို့ သမုတ်လိုက်ကြပြီ ။ ပွဲစားတန်းကကျားဆိုး ပွဲစား ကျားဆိုးပေါ့ ။

      ဒီလို သောင်းကျန်းနေတဲ့ ကျားဆိုးအကြောင်းကို  ပွဲစားကျားဆိုး  ဆိုပြီး  ကဗျာဆရာ စိုးရိမ် က ကဗျာတစ်ပုဒ် ရေးခဲ့ဖူးပါတယ် ။ ၂၀၁၀ ဧပြီလ အမှတ် ၃၁   ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂ ဇင်းမှာပါ ။
။။ ။ ။ ။     ပွဲ စား ကျား ဆိုး   ။ ။ ။

ကျားဆိုးက တောမပြောင်းဘူး
သူဆိုးလို့ရတဲ့ တောမှာပဲ နေတယ်
လေကောင်းလေသန့် ရချင်လို့
စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ချင်လို့ ဆိုပြီး
တောင်တောင်အီအီ ပြောချင်ပြောမှာပေါ့
ကျား နဖားကြိုးထိုးလို့ရတဲ့ သတ္တဝါ မဟုတ်တော့
စပါးမစိုက်ဘူး အမဲပဲလိုက်မှာ
ပွဲစားတန်းမှာ ငတုံးကို အမဲလို့ခေါ်ကြတယ်
ဒီတော့ ကျားက ငတုံးကို လိုက်မှာပေါ့
ငတုံးက ငတုံးဆိုတော့ ကျားစားတာခံရမှာပေါ့
ငတုံးများများရှိတော့ ကျား များများစားရတာပေါ့
ကျားက များများစားတော့ ကျားဆိုးလို့ ခေါ်ကြတာပေါ့
ကျားဆိုးလို့ခေါ်ပေမယ့် ကျားက များများစားနေရတော့
ကျားဆိုးက တောမပြောင်းဘူး
သူဆိုးလို့ရတဲ့ တောမှာပဲ နေတယ့့်။     ။

စိုးရိမ်


                     ၃

     ကဗျာဆရာက သောင်းကျန်းနေတဲ့ ကျားဆိုးအကြောင်းကို အရှိအတိုင်းဖော်ပြထားပေမယ့် ဒီကျားဆိုးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အဖြေကိုတော့ ပေးမသွားပါဘူး ။ ဒီတော့ ကျားဆိုးကို နိုင်မယ့်နည်းလမ်းတွေ စဉ်းစားဖ်ု့ အကြောင်း ပေါ်ပေါက်လာပါတယ် ။နွားကွဲရင်ကျားဆွဲမယ်ဆိုတဲ့ စကားပုံအရ စည်းလုံးညီညွတ်မှုက အဓိက ကျပါတယ် ။ ဒါကြောင့် နွားလို့ပဲ ခေါ်ခေါ်  အမဲလို့ပဲပြောပြော  ငတုံးလို့ပဲ သတ်မှတ်သတ်မှတ် စည်းလုံးညီညွတ်နေရင် ဘယ်လိုကျားဆိုးမှ ဝင်ဆွဲနိုင်မှာ မဟုတ်လို့ ညီညွတ်မှု အားနဲ့ပဲ ရင်ဆိုင်ရမှာပါ ။

     ဒီလို ကျားဆိုးသောင်းကျန်းနေတဲ့အခါ တဆက်တည်းပါလာတတ်တာက တောကြောင်များပါပဲ ။တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို တောတောင်ရေမြေ မြစ်ချောင်းအင်းအိုင် သဘာဝသယံဇာတတွေ ဘယ်လိုပဲ ကုန်ခမ်းသွားပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး တောကြောင်ကတော့ လက်ခမောင်းခတ်နေမှာပါပဲ။ နောက်ဆုံး ကမ္ဘာကြီးတစ်ခုလုံး မီးလောင်ပြာကျသွားရင်တောင်  ကမ္ဘာမီးလောင် တောကြောင်လက်ခမောင်းခတ်လို့ ဆိုတဲ့ပြီး  ပြာပုံပေါ်သားကောင်ကိုချနင်း လက်ခမောင်းဖြောင်းဖြောင်း ခတ်နေဦးမှာ တောကြောင်ပါပဲ ။

   စာ  ၄       သို့   ။၊ ။

                         ၎

     ခေတ်ဆက်ဆက် တောကြောင်များရှိနေပါတယ် ။ အခုလဲ ရှိနေတာပါပဲ ။ အဲ့ဒီတောကြောင်ဟာ ကိုယ်တိုင် အမဲမလိုက်ပဲ ကျားဆိုးလိုက်သမျှ အမဲတိုင်း ပေါင်းစားကပ်စားနေရလို့ ကျားဆိုးလုပ်သမျှထောက်ခံပြီး ကျားဆိုးအမဲလိုက်လေ နောကြောင်လက်ခမောင်းခတ်လေပဲပေါ့ ။ ကျားဆိုးနဲ့တောကြောင်ဟာဆတူအန္တရာယ်ရှိကြောင်း  သတိမထားအိတာများပါတယ် ။ ဒီလို ကျားဆိုးတို့  တောကြောင်တို့  ဆိုတာ  တကယ့်ကျားဆိုး  တကယ့်တောကြောင် တို့ ကို ပြောတာ မဟုတ်မှန်းတော့ သဘောပေါက်ကြပါတယ် ။

     တကယ်တော့ ကျွန်တော်တို့ဆီမှာ  တကယ့်အဖြစ်အပျက် တကယ့်စကားလုံးအတိုင်း သုံးနှုံးလို့မရတဲ့ ကာလတစ်ခု အသေအချာရှိခဲ့တာ ဘယ်သူမှ ငြင်းလို့မရပါဘူး ။ ဒါပေမယ့် ကဗျာဆရာများဟာ လိုချင်တဲ့ အဓိပ္ပာယ် အဖြစ်အပျက်များဖြစ်တဲ့ အမှန်တရားဆီ မရောက်ရောက်အောင်  ပုံဖော်ခဲ့ကြတဲ့အတွက် ကဗျာဖတ်သူများနဲ့ သတင်းစကား ပြတ်တောက်ခြင်းခဲ့ပါဘူး ။ ကဗျာအနုပညာနဲ့ ဆက်သွယ်ချည်နှောင်ထားတဲ့ အရေးအသားများအဖြစ် တန်ဖိုးထား လေးစားကြရပါတယ် ။

     ဒီလို ကဗျာဆရာ စိုးရိမ်ရဲ့  ပွဲစားကျားဆိုး  ကဗျာကိုဖတ်ပြီး   ကျွန်တော်က    ကဗျာတစ်ပုဒ်ရေးဖွဲ့ဖြစ်ပါတယ် ။

 

။ ။ ။ ။ ။   တော ကြောင်   ။ ။ ။ ။ ။

လောင်စရာတောတွေမရှိတော့ပေမယ့်
တောကြောင်လက်ခမောင်းခတ်နေတယ်
ဖြိုစရာတောင်တွေမရှိတော့ရင်လဲ
တောကြောင်ဟာလက်ခမောင်းခတ်နေမှာ
ကမ္ဘာကြီးတစ်ခုလုံး
မီးလောင်ပြာကျနေရင်တောင်
ပြာပုံပေါ်သားကောင်ကိုချနင်းပြီး
လက်ခမောင်းဖြောင်းဖြောင်းခတ်နေဦးမှာ
တောကြောင်ပဲ ။
တောကြောင်ဟာကျားမဟုတ်တော့
အမဲမလိုက်ဘူး ။
ကျားဆိုးလိုက်သမျှအမဲကောင်တိုင်
တောကြောင်ကပ်စားနေရလို့
ကျားဆိုးအမဲလိုက်လေ
တောကြောင်လက်ခမောင်းခတ်လေပဲ ။
သားကောင်တွေဟာ
ကျားဆိုးကိုသာမြင်ပြီး
ဆ တူ အန္တရာယ်ရှိတဲ့တောကြောင်ကို
သတိမထားကြဘူး ။
အခု့ 
ဖြောင်းဖြောင်းမြည်အောင်
တောကြောင်လက်ခမောင်းခတ်နေပြီ ။   ။

မိုးသက်ငြိမ်ဦး
၂၅့  ၁၀့  ၂၀၁၄

painting byစန်းဇော်ထွေး