
မနက်ဖန်ဆိုရင် ဖေဖေါ်ဝါရီလ(၁၂) ရက်ကို ရောက်တော့မယ်၊ ပြည်ထောင်စုနေ့ဆိုတာကို သတိရရုံတင်မက နင်တို့ မြောက်ပိုင်းကျောင်းသားရဲဘော်တွေရဲ့ နှလုံးသားတွေ ထိခိုက်နာကျင် ကြေကွဲခဲ့ရတဲ့ နေ့ဆိုတာ ငါလဲ အမြဲ သတိရနေပါတယ်၊ အဲဒီနေ့မတိုင်ခင်ကတည်းက ဖေဖေါ်ဝါရီ( ၁၂) ရောက်တော့မယ်ဆိုရင် ဆို့နစ်ကြေကွဲစရာ အဖြစ်တွေကို တနုံ့နုံ့ ပြန်သတိရနေတတ်တယ်၊ မြောက်ပိုင်းကနေ အသက်မသေပဲ လွတ်လာတယ်ဆိုပေမယ့် ဒီသမိုင်းကြောင်းမှာ လူးလိမ့်အောင် ခံစားခဲ့ရတာကို တို့လဲ ထပ်တူ ခံစားရပါတယ်၊ ဒါ့ကြောင့် မိသားစုထဲမှာ အမေအပါအဝင် မောင်နှမအားလုံးက နင့်အပေါ်မှာ အစစ နားလည် ထားတတ်ကြတယ်။
၁၉၈၈ခုနှစ် ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းသား အရေးအခင်းမှာ နင်ပါနေပြီ ဆိုတာကို ငါပဲ အရင်ဆုံးသိခဲ့ တာကစလို့ နောက်ပိုင်း ထားဝယ်ကို ထွက်သွားတာ၊ အဲဒီကနေ စစ်တပ်အာဏာသိမ်းတဲ့အခါ ရန်ကုန်ကို ပြန်တက်လာတာ၊ ဘယ်ရောက်နေမှန်းမသိတဲ့ အချိန်တွေကနေ သတင်းအစအနရတဲ့အခါ အနောက်ကနေ ငါကလိုက်ပြီး တွေ့ရတာ ဆိုတော့ နိုင်ငံရေးနယ်ထဲ ကိုယ်ရောစိတ်ရော နစ်ဝင်ပြီး ကျောင်းသားအရေး၊ အစိုးရပြုတ်ကျရေးသာ နင့်ခေါင်းထဲမှာ ရှိတယ်ဆိုတာ တွေ့နေ သိနေတယ်၊ " အို... ကြီးကြီးကလေ ကျောင်းသားတွေရှိတဲ့ အရပ်ကို မှန်းပြီး မေတ္တာပို့ ဆုတောာင်းနေကြ၊ ဒီအတိုင်းဆို မြောက်ဖက်ကိုပါ ရည်မှန်းပြီး ကျောင်းသားတွေကို မေတ္တာပို့ ဆုတောင်းပေးရအုန်းမယ်" လို့ ပြောဖူးတယ်။
ပြောရကြေးဆိုရင် အဲဒီတုန်းက ပြည်တွင်းမှာ အစိုးရက ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက် ထောင်ချ ခံရတာထက်စာရင် တောထဲမှာ နင်တို့ အေးအေးချမ်းချမ်းနေရလိမ့်မယ်လို့ ငါတို့ စိတ်အေးနေခဲ့ကြတာပေါ့။ ဒါပေမယ့် သမိုင်းဝင်တဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်အပျက်တွေမှာ နင်လဲ သေလုမတတ်ခံနေရတယ် ဆိုတာ မသိခဲ့ကြဘူး၊ နင်တို့ ကချင်ပြည်နယ် ပါဂျောင် ကျောင်းသားတပ်မတော်စခန်းကို အမေလိုက်သွားတဲ့ အချိန်မှာတောင် ငါတို့ စိတ်မပူခဲ့ကြဘူး၊
ကျတော်ဟာ ထောက်လှန်းဖြစ်တဲ့အတွက် ကျောင်းသားတပ်မတော်ရဲ့ ဖမ်းဆီးခြင်းကို ခံရပါတယ်၊ မိဘတွေ လိုက်ခေါ်ပါမှ အသက်ချမ်းသာရာ ရမှာမို့ လာခေါ်စေချင်ပါတယ်
သားကြီးငါးကြီး အင်မတန်ကြိုက်တဲ့ အမေက ပြန်လဲရောက်ရော အသားလုံးဝ မစားတော့ဘူး။ စားလို့မရဘူး အသားမြင်ရင် အန်ချင်သတဲ့၊ သေသွားတဲ့ ကျောင်းသားရဲ့ပေါင်သားကို လှီးပြီး စားကြတာတွေ ပြောတာကြားပြီး စိတ်နှလုံးမကောင်းဖြစ်ပြီး အသားဆိုရင် အဲဒါတွေ မြင်ပြီး စားမရဖြစ်တာ အတော်ကြာတဲ့အထိပဲ။
တကယ်တန်းကြတော့ နင်တို့ကို ဘယ်သူမှ လွှတ်မပေးပဲ ကိုယ့်ဖာသာ ထွက်ပြေးခဲ့ရတယ်၊ အဲဒီမတိုင်ခင် (၅၅)ရောက် ထွက်ပြေးလွတ်မြောက်ပြီး အလင်းဝင်တယ်ဆိုကာ ကျောင်းသားတွေ သတင်းစာရှင်းလင်းပွဲလုပ်ကြတယ်၊ မိဘတွေလာခေါ်မှ လွှတ်ပေးမယ်လို့ ပြောထားတဲ့ (၇) ယောက်ထဲက ဘိုဘို၊ ညီညီအောင်နဲ့ ဝဏဇော်တို့ကို ဘိုဘို့အမေ၊ ညီညီအောင်(ခ) ဒိုဇာ့အမေတို့ နောက်တစ်ကြိမ် သွားခေါ်လို့ ပြန်ရောက်ကြတယ်၊ ကျန်တဲ့နင်တို့ကို ရဲဘော်အဖြစ် အသိအမှတ်ပြန်ပြုထားတယ်လို့ သိရပေမယ့် ထွက်ပြေးလာမယ်ဆိုတာ ငါတို့ ကြိုသိနေတယ်၊ ဘိုဘို့အမေက ကြယ်ခေါင်က ဆိုင်တစ်ဆိုင်မှာ နင်တို့ဆက်သွယ်လာလို့ရအောင် ပြောထားခဲ့တယ်၊
အဲဒီ အချိန်မှာ နင့်အတွက် မိသားစုက အင်မတန် စိုးရိမ်နေကြပြီ၊ ပြန်မိသွားလို့ သတ်ပစ်လိုက်သလား၊ စစ်တပ်ကမိလို့ တခုခုလုပ်သလား ပူလိုက်ရတာ နှိုင်းပြစရာ စကားလုံးတောင် မရှိဘူးပေါ့ဟာ၊ အမေနဲ့အဖေဆို နင်စဉ်းစားသာ ကြည့်တော့။ အဖေက ချက်ချင်းပဲ ကချင်ပြည်နယ် တဝိုက်မှာရှိတဲ့ ဘဏ်ခွဲတွေက သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေကို သံကြိုးရိုက်တန်ရိုက်၊ ဖုန်းဆက်လို့ရတဲ့နေရာဆို ဖုန်းဆက်ပြီး နင့်အကြောင်းတွေ ပြောပြထားပြီး တွေ့ရင် ခေါ်ထားပေးဖို့၊ အိမ်ကို အကြောင်းကြားပေးဖို့ ပြောပြထားတယ်။
ဒီအဖြစ်အပျက်တွေဟာ နင်နဲ့အတူ ငါအပါအဝင် မိသားစုတွေအတွက် ဘဝတလျောက် မမေ့နိုင်တဲ့ အဖြစ်ဆိုးကြီးပဲ၊ နင့်ကို ဘယ်လိုနှိပ်စက်တယ်ဆိုတာ နင်ကိုယ်တိုင် တခါမှ ပြန်မပြောဖူးဘူး၊ ငါတို့ကလဲ နင့်ကို သနားလို့ စကားမစဘူး၊ ဒါပေမယ့် မြောက်ပိုင်းပြန်မိသားစုဝင်တွေ၊ မြောက်ပိုင်းပြန်ထဲက လူတွေနဲ့တွေ့ရင် ပြောကြဆိုကြရာက တခြားနှိပ်စက်တာတွေထားတော့ အချုပ်ခန်းကို ဝင်ပြီး ရဲဒင်းနဲ့ ခေါင်းကို ခုတ်လိုက်တာမှာ သွေးတွေ အိုင်ထွန်းပြီး ကိုရဲ သေပြီလို့ တွက်ထားကြတာ ပြောပြတိုင်း အဲဒီ မြောက်ပိုင်းက ကျောင်းသားခေါင်းဆောင်တွေကို အသေအလဲ မုန်းတီးခဲ့တာပေါ့၊ ဘိုဘို့ကို နှာခေါင်းမှာ ငါးမြှားချိတ်တပ် သစ်ပင်မှာ ကြိုးနဲ့ဆွဲပြီး လူကို ခြေဖျားထောက်ခိုင်းထားပြီး နှိပ်စက်တယ်ဆိုတာ ကြားရတိုင်း ကိုယ့်ခြေဖဝါးကို မြေမှာ ချလိုက်ရမှာတောင် တွန့်သွားတဲ့အထိ ထိခိုက်ခံစားရတယ်၊ အဲဒီလိုလုပ်ခဲ့တဲ့ သူတွေကို အော့နှလုံးနာမိတယ်။
စစ်အစိုးရလက်ထက်တစ်လျောက်လုံး ဒီအကြောင်းတွေကို ကိုယ်တိုင်ခံစားခဲ့ရတဲ့သူတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေကလွဲပြီး ဘယ်သူမှ အတွင်းကျကျ မသိကြဘူး၊ ဒီလိုဖြစ်ရပ်တွေ ရှိခဲ့တယ်၊ ဖြစ်ခဲ့တယ်ဆိုတာ မသိကြဘူး၊ ငါတို့ အားလုံးက သိစေချင်တယ်၊ နင်တို့က ပိုဆိုးတာပေါ့၊ တချိန်မှာ ဒီလိုအဖြစ်တွေ ဖြစ်ခဲ့ဖူးတယ်၊ ကျောင်းသားလောကမှာ ကျောင်းသားတွေကို ထောက်လှန်းရေးလို့ စွပ်စွဲပြီး ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ခဲ့တာကို အချိန်ကျတဲ့ တစ်နေ့ပြောကြမယ်၊ ရှင်းကြမယ်၊ ထောက်လှန်းရေးမဟုတ် ကျောင်းသားစစ်စစ်တွေ ဖြစ်တယ်ဆိုတာ ရှင်းပြနိုင်တဲ့ တစ်နေ့ ရောက်လာမှာပဲလို့ နေခဲ့ကြတယ်။ ငါလဲ ထို့အတူပဲ အဲဒီလိုအချိန်ကို အမြဲမျှော်လင့်ခဲ့တယ်။
မြောက်ပိုင်းကျောင်းသားအရေးကို ဖွင့်ထုတ်ပြောလို့ရတဲ့ အချိန်ရောက်လာပြီး ဖွင့်ပြောကြ စာတွေပေတွေ ရေးကြတဲ့ အချိန်မှာ ငါက နင်နဲ့နီးတဲ့နေရာမှာ မရှိတော့ဘူး၊ ဒါပေမယ့် ဖတ်ရတယ်၊ တွေ့ရတယ်၊ တစ်ချို့အကြောင်းအရာတွေဆိုရင် ငါမသိတာတွေ အများကြီးပေါ့၊ ဒါပေမယ့် ငါလဲ မိသားစုဝင်တစ်ယောက် အနေနဲ့ နင်နဲ့ပတ်သက်ပြီး နင်ဖြတ်သန်းခဲ့ရတာ ကြုံရတာတွေကို ကိုအောင်မိုးဝင်းရေးတဲ့ မြောက်ပိုင်းဒေသမှအရိုးတွန်သံများဆောင်းပါး အပိုင်း(၂)လောက်အရောက်မှာ ငါရေးခဲ့တယ်၊ ငါ့အနေနဲ့ ထောက်လှန်းရေး လုံးဝမဟုတ်၊ ကျောင်းသားစစ်စစ်ဖြစ်တယ်ဆိုပြီး ကိုယ့်အသက်ကို အာမခံပေးပြီး ပြောပါဆို ပြောရဲတဲ့သူဟာ နင်ပဲ၊ နင်ဟာ ကျောင်းသားစစ်စစ်ပဲ ၊ ငါ အချိန်မရွေး ရဲရဲရင့်ရင့်ပြောရဲတယ်၊
အရိုးတွန်သံဆောင်းပါးတွေ ထွက်မလာခင် ၊ အွန်လိုင်းနဲ့ မီဒီယာတွေမှာ မြောက်ပိုင်းအကြောင်းတွေ ဖွင့်မချခင်ကတည်းက အဲဒီတုန်းက ပါဝင်ပတ်သက်ခဲ့ဖူးတဲ့၊ တာဝန်ရှိတဲ့ သူတွေထဲက တစ်ချို့ကို အပြင်မှာ ငါမြင်ဖူးနေခဲ့တယ်၊ ဒီအကြောင်းတွေကို ငါကသိနေတော့ သူတို့ကို ငါအမြဲတန်း အကဲခပ်ကြည့်တတ်တယ်၊ သာမာန်လူတွေနဲ့ သွားလာမပျက် နေမြဲ ရှိတဲ့ အဲဒီလူတွေကို တွေ့ရတဲ့ အခါ ဒီအဖြစ်အပျက်အပေါ်မှာ သူတို့အနေနဲ့ ဘာခံစားချက်မှ မရှိပဲ သာမာန်ကိစ္စတစ်ခု ပြီးသွားသလိုပဲလားလို့ ထင်မိတယ်၊
အရိုးတွန်သံဆောင်းပါးတွေနဲ့ မြောက်ပိုင်းပြန်တွေရဲ့ ရှင်းလင်းချင်တွေ ထွက်လာတဲ့ အချိန်မှာလည်း သူတို့ကို ငါ လူချင်းဆုံဖူးပြန်တယ်၊ သူတို့ဟာ အများသူငါလိုပဲ သွားမြဲ နေမြဲ အေးချမ်းတယ်၊ တစ်ဖက်ကို ကြည့်ပြန်တော့ ကိုထွန်းအောင်ကျော်ရဲ့ မိခင်ကြီး ပူဆွေးနေတယ်၊ အဲဒီကြီးကြီးရဲ့ ပုံတွေကို မြင်ရတိုင်း ကိုထွန်းအောင်ကျော်နေရာမှာ နင်ဖြစ်ပြီး အဲဒီကြီးကြီးဟာ မေမေဆိုရင်လို့ တွေးလိုက်တိုင်း ငါ့အတွေးဟာ မဆုံးပဲ ငါ့နှလုံးသားက ကျင်တက်လာတယ်၊ ဒီအတိုင်းပဲ မခင်ချိုဦးရဲ့ အဖေကို မြင်လိုက်တိုင်း ဖေဖေ့မျက်နှာကို ပြေးမြင်လာလို့ ဆက်မတွေးရဲဘူး၊
ပြောခဲ့သလိုပေါ့ လုပ်တဲ့သူတွေက နေမြဲဖြစ်တဲ့အခါ ခံရတဲ့သူတွေက ထပ်ခါတလဲလဲ ခံစားနေရတော့ အရှုံးပေါ်အရှုံးဆင့်နေတယ်လို့ ငါခံစားရတယ်၊ သူတို့ နေမြဲဆိုရင် မှန်တဲ့ နင်တို့ကလဲ နေမြဲ ဖြစ်ရမယ်၊ သူတို့ ငြိမ်းချမ်းရင် နင်တို့က သာပြီးတောင် ငြိမ်းချမ်းရမယ်၊ ဒါ့ကြောင့် အဲဒီ တာဝန်အရှိဆုံး အဖြစ်အပျက်မှာ ဦးဆောင်ခဲ့တဲ့ သူတွေ အသက်ရှင်နေတုန်း သူတို့နဲ့မျက်နှာချင်းဆိုင် စကားပြောကြရင် မန္တလေးရဲ့ အထင်ကရ ကျောင်းသားခေါင်းဆောင်၊ မင်းကိုနိုင်လို အရည်အချင်းရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအဝင် ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ ကိစ္စဟာ အဲဒီကျမှ ရှင်းလင်းလိမ့်မယ်၊ လုပ်ခဲ့တဲ့ ကာယကံရှင်သာ အသိဆုံးပေါ့၊
နင့်ရဲ့အမ
ခိုင်ခိုင်စောလွင်