ဘိုင်စကုပ်ဆိုတာ ရုပ်ရှင်ကို ယခင်ခေတ်က အခေါ်ပါ၊ အဖိုးအဖွားတွေ ခေတ်ကဆိုပေမယ့် ကိုယ်တို့ ငယ်ငယ်တုန်းက နာမည်ကျော် စတီရီယို သီချင်းတစ်ပုဒ်မှာတော့ " ဘိုင်စကုပ်ထဲကလို ချစ်ကြ ကြိုက်ကြတယ် အမိ " တဲ့၊ အဲဒီသီချင်းက တော်တော်ပေါက်တာပေါ့၊
ရုပ်ရှင်ဆိုတာ အနုပညာ ခံစားမှုတစ်ခုပင်၊ ဒါတင်မက ရုပ်ရှင်မှတဆင့် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို မြင်ရသည်၊ ရိုးရာဓလေ့နှင့် အစားအသောက် အနေအထိုင် ထုံးတမ်းစဉ်လာများကို မြင်တွေ့ သိရှိရသည်။ ထိုနိုင်ငံ၏ သမိုင်းကြောင်းတွေကိုလဲ ရုပ်ရှင်ဇာတ်လမ်းတွေမှ တဆင့် သိမြင်ရသည်။
မကြည့်တာ နှစ်နဲ့ချီနေပြီ ဖြစ်သည့် ကိုးရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေ အခုတလောမှာ ပြန်ကြည့်ဖြစ်လေသည်။ အကြောင်းက နံနက်မိုးလင်းက ညနေ မိုးချုပ်တိုင်အောင် အိမ်မှုကိစ္စများလုပ်ကိုင်ရင်းက စက်ရုပ်တစ်ခုလို ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်မိတဲ့ အချိန်၊ တစ်ဆက်ထဲမှာ မိသားစုနဲ့ စကားပြောရင်း ကိုယ်ဝင်ဆွေးနွေးလိုက်တဲ့ အချက်ကို ကျန်မိသားစုဝင်တွေက တူညီသော စကားတစ်ခွန်းဖြင့် ဝေဖန်လိုက်ကြသည်။ရုပ်ရှင်ဆိုတာ အနုပညာ ခံစားမှုတစ်ခုပင်၊ ဒါတင်မက ရုပ်ရှင်မှတဆင့် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို မြင်ရသည်၊ ရိုးရာဓလေ့နှင့် အစားအသောက် အနေအထိုင် ထုံးတမ်းစဉ်လာများကို မြင်တွေ့ သိရှိရသည်။ ထိုနိုင်ငံ၏ သမိုင်းကြောင်းတွေကိုလဲ ရုပ်ရှင်ဇာတ်လမ်းတွေမှ တဆင့် သိမြင်ရသည်။
ပဲခေါက်ဆွဲ၊ ကင်မ်ချီ၊ ၊ တော့ပုကီ ၊ ရေညှိထမင်းလိပ်၊ ထမင်းသုပ် စတာတွေ ကိုယ်နဲ့ရင်းနှီးလာပြီး ရှာဖွေ စားသောက်ကြည့်မိလသည်။
အရင့်အရင်တုန်းကလည်း ထို့အတူပင်၊ စစ်သူကြီး ဒယ်ဂျွန်ယောင် ဇာတ်ကားကို ကြည့်ရင်း စာအုပ်တွေ ပြန်ရှာဖတ်ရသည်။ ရှေးခေတ် တရုတ် ဟန်မင်းဆက်၏ ကျူးကျော်မှုကို တွန်းလှန်နိုင်မည့် မင်းတစ်ပါးကို ခံတပ်တစ်ခုအတွင်း စစ်မက်ဖြစ်ပွားချိန်မှာ မွေးဖွားခဲ့သည်။ ကောင်းကင်မှ ခံတပ်ဆီကို ကြယ်တံခွန် ကြွေသည့်နိမိတ်ကို မြင်သည့် စစ်သူကြီးက တိုင်းပြည်အတွက် ဘုရင်ဖြစ်လာမည့် ကလေးငယ်ကို ဤခံတပ်အတွင်းမှာ မွေးဖွားနေပြီဟု သိလေသည်။ ထိုကလေးငယ်သည် သတ်ဖြတ်မှုအပေါင်းက လွတ်မြောက်ပြီး အစေခံဘဝ ပုန်းကွယ်နေရာက ဂိုယုရော ( ကိုးရီးယား) နိုင်ငံကို ပြန်လည်ထူထောင်ခဲ့သည့် မင်းတစ်ပါး ဖြစ်လာလေသည်။ သမိုင်းကြောင်းကို ရုပ်ရှင်မှတစ်ဆင့် စာအုပ် ၊ ထိုမှတစ်ဆင့် ပြင်ပ အခြေအနေတွေကို သိမြင်ရလေသည်။
ချန်ဒူးဝမ် အစိုးရ က တောင်ကိုရီးယားနိုင်ငံတခုလုံးအပေါ် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ သက်တမ်းတိုးမြှင့်ဖို့ အမိန့်ပေးလိုက်ပြီး စစ်တပ်တွေကို နိုင်ငံအနှံ့စေလွှတ်ကာ တက္ကသိုလ်ကျောင်း (၅၅) ကျောင်းက ကျောင်းသားခေါင်းဆောင်တွေဦးဆောင်ကျင်းပတဲ့ ကျောင်းသားညီလာခံကို ဝင်ရောက်စီးနင်းလေသည်။
ကင်ဒေကျုံး အပါအဝင် နိုင်ငံရေးသမား (၂၆) ယောက်ကို ဆန္ဒပြဆူပူလှုံ့ဆော်မှုကို ဦးဆောင်ခဲ့သူတွေဖြစ်တယ်လို့စွပ်စွဲ ဖမ်းဆီးလိုက်သည်။
တက္ကသိုလ်ကျောင်းတွေကိုပိတ်လိုက်တဲ့အတွက် ချွန်နန်အမျိုးသားတက္ကသိုလ်ကျောင်းသား (၂၀၀) ကျော်ဟာ သူတို့ကျောင်းရှေ့မှာ စုဝေးကြပြီး လုံခြုံရေးရဲအရာရှိတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ ဖမ်းဆီးခံရတဲ့ ကျောင်းသားတယောက်ကို သေသည်အထိ နှိပ်စက်ညှင်းပမ်းလိုက်တဲ့ သတင်းကိုကြားတဲ့အခါမှာ ပြည်သူအင်အား တစ်သိန်းကျော် ဆန္ဒပြပွဲကို ပူးပေါင်းဆင်နွဲကြသည်။ တက္ကစီ၊ ဘတ်စ်ကားသမားတွေရဲ့ ရာချီနေတဲ့ကားတန်းကြီးတွေကလည်း ဆန္ဒပြပွဲဆီကို ဝင်ရောက်ပါဝင်လိုက်ကြသည်။ ချန်ဒူဝမ် ကလည်း ဆန္ဒပြတောင်းဆိုသူတွေကို ညှိနှိုင်းခြင်းမရှိပါပဲ ပစ်ခပ်နှိမ်နှင်းဖို့ အမိန့်ပေးလိုက်သည်။ မြို့ကို ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက်ချေမှုန်းခဲ့သည်။ နိုင်ငံခြားသတင်းထောက်တွေရဲ့ အဆိုအရ၊ လူပေါင်း တစ်ထောင်နဲ့ နှစ်ထောင်ကြား သေဆုံးခဲ့သည်။ ဂွမ်ဂျူး လူသတ်ပွဲ အဖြစ်နာမည်ဆိုးနဲ့ ကျော်ဇောခဲ့သည်။ ဆန္ဒပြသူများ ထောင်ချီပြီးအဖမ်းခံခဲ့ရရာ ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့သူ (၇) ယောက်သေဒဏ်အပြစ်ပေးခံရပြီး (၁၂) ယောက် တစ်သက်တစ်ကျွန်းကျခဲ့သည်။
ဗိုလ်ချုပ်ချန်ဒူးဝမ် အာဏာသိမ်းထားတဲ့အချိန်မှာ ကျောင်းသားသမဂကို ဖျက်သိမ်း ပိတ်ပင်ယုံသာမက သူ့ကို ဝေဖန်တဲ့သူတွေကိုပါ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့လေသည်။ ဒါတွေ ဖတ်ကြည့်ရင်း အဲဒီအချိန် ၁၉၈၀ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘာ့ကြာင့် မသိရသလဲဆိုတဲ့ အတွေးဝင်ရင်း ထိုကာလကို ပြန်တွေးနေမိလေသည်။ အိမ်မှာ ထိုစဉ်က သတင်းစာဖတ်တဲ့အကျင့် ရှိသည်။ အဖေအကျင့်လုပ်ပေးတဲ့အတွက် မောင်နှမတတွေ သတင်းစာလာပါက အလုအယက် ဦးအောင် ဖတ်လေ့ရှိကြသည်။ စာမျက်နှာ(၃) သည် ကိုယ်အရင်ဆုံး ဖတ်သည့် စာမျက်နှာ၊ ထိုစာမျက်နှာမှာ ကမ္ဘာ့သတင်းများသာ ဖော်ပြသည်။ သို့သော်လည်း ဒါတွေမသိ ဖြစ်ရသည်မှာ ကိုယ့်တိုင်းပြည်ကလဲ အာဏာသိမ်းစစ်အစိုးရ အုပ်ချုပ်နေချိန်ဖြစ်နေလို့လား တွေးမိလေသည်။
၁၉၈၃ခုနှစ် ၊ တက္ကသိုလ် ဒုတိယနှစ် တက်နေစဉ် ရန်ကုန်မြို့ကို ဗိုလ်ချုပ်ချန်ဒူးဝမ် ချစ်ကြည်ရေးခရီး လာရောက်သည်။ သမတချန်ဒူးဝမ်အနေဖြင့် လာရောက်ခြင်းဖြစ်သည်။ ချစ်ကြည်ရေးခရီးတစ်ခုကို အခုလောက် မှတ်မိစရာ အကြောင်းမရှိ။ မှတ်မိရသည်က ထိုစဉ်က ချန်ဒူးဝမ် အာဇာနည်ကုန်းသို့ လာရောက်ပန်းခွေချ အလေးပြုမည့်နေရာမှာ ပေါက်ကွဲမှုဖြစ်သည်။ ချန်ဒူးဝမ် လွတ်မြောက်သွားသည်။ မြောက်ကိုးရီးယားမှ လုပ်ကြံသည်ဟု သိရပြီး ကင်မင်ချူး၊ ဇင်မိုတို့ကို ဖမ်းမိသည်။ ပုစွန်တောင်ချောင်းအတွင်း ကူးခတ်နေရာမှ ဖမ်းမိတာတစ်ဦး၊ ဦးဝိစာရလမ်းက ကားဝပ်ရှော့အနားမှာ မြေပုံပြပြီး နေရာမေးသည့် အတွက် ခြေရာခံလိုက်ရာက ကွမ်းခြံကုန်းဖက်က ရွာတစ်ရွာမှာ ဖမ်းမိတာ တစ်ဦး ဟုမှတ်မိသည်။ ထိုစဉ်က သတင်းတွေတော့ ကောင်းကောင်းမှတ်မိနေသည်။ သို့ပေမယ့် ချန်ဒူးဝမ်ကို တောင်ကိုးရီးယားခေါင်းဆောင်အနေနှင့်ပဲ သိခဲ့ပြီး ကျောင်းသားများ၊ ပညာတတ်များ၊ ရှေ့နေ၊ ပါမောက္ခများနှင့် ပြည်သူလူထုတွေကို ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်ပြီး အာဏာသိမ်းထားသည့် စစ်အစိုးရဆိုတာ ထိုစဉ်က မသိခဲ့တာ ကိုယ့်ကိုယ်ကို အံ့ဩမိသည်။ အမှောင်ထဲမှာ ဘာမှမသိခဲ့ရတာကို လက်တွေခံစားမိလေသည်။

ဆက်ရရင် ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံနေရပေမယ့် ချန်ဒူးဝမ်ဟာ ၁၉၈၇ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကျေညာခဲ့သည်တဲ့၊
ရုပ်ရှင်ကတစ်ဆင့် စာတွေ လိုက်ရှာဖတ်ရင်း သိလိုက်ရတာက မြန်မာပြည် ဒီမိုကရေစီရေချိန်နဲ့ ကိုးရီယားရေချိန် သိပ်မကွာပါလား ဆိုတာပါပဲ။ ဒီမိုကရေစီ အင်အားစုတွေအပေါ်မှာ စစ်အာဏာရှင်တွေရဲ့ အပြုအမူဟာ ဆံခြည်တမျှင်တောင် ကွဲလွဲမှု မရှိတာ တွေ့ရလေသည်။ ရက်စက်မှုကတော့ ကမ်းကုန်သည်။ ဒါ့ကြောင့်လဲ စစ်အုပ်ချုပ်မှု၊ စစ်အာဏာရှင်စနစ်ကို လူတွေ မုန်းတီးရွံရှာကြတာ ဖြစ်သည်။
Endless Love မှာ ရိုက်ပြထားတဲ့ " ဒီမိုကရက်တစ် အစိုးရ၊ ဒီမိုကရက်တစ်ပညာရေး ၊ စစ်အာဏာရှင်အလိုမရှိနဲ့ ပြည်သူတွေ ဆန္ဒပြတဲ့ ပုံရိပ်တွေ စတဲ့
ဇာတ်ဝင်ခန်းတွေ ကြည့်ရင်း မြန်မာ့ဒီမိုကရေစီအရေး အတွက် အားတက်စိတ်တွေ ဖြစ်လာသည်။
မြန်မာနိုင်ငံနှင့် ကိုးရီးယားနိုင်ငံတို့ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တာ နှစ်ကာလ အတူတူပဲ ဖြစ်သည်။ ကိုးရီယားနိုင်ငံရဲ့ ကြမ်တမ်းလှသည့် ၁၉၈၀-၈၇ ကာလကနေ ယနေ့ရောက်နေတဲ့ ကိုးရီယားနိုင်ငံရဲ့ အခြေအနေကို အားကျရင်း ဖြတ်သန်းခဲ့ရတဲ့ ဖြတ်သန်းနေရတဲ့ အချိန် မကွာလှဘူးဆိုတာ သတိပြုမိလေသည်။ ၁၉၈၇ခုနှစ် ကိုးရီယားရွေးကောက်ပွဲမှာ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မဲတွေ ပျံ့ကျဲသွားပြီး ချန်ဒူးဝမ်ရဲ့ အမာခံလူ၊ စစ်အာဏာသိမ်းစဉ်ကတည်းက ပါလာတဲ့ ဗိုလ်ချုပ် နိုတေဝူး အနိုင်ရသွားတာကလဲ သတိပြုမိစေသည့် အချက်တစ်ခုပင်။

ရုပ်ရှင်ကြည့်ရင်း ထူးခြားသည့် ခံစားချက်တစ်ခုကို ရလိုက်သေးသည်။ ဇာတ်လမ်းထဲမှာ ဝန်ကြီးချုပ်ကတော်က ငွေကြေး၊ ဩဇာ၊ အာဏာအတွက် ထိပါးလာမယ့် လူမှန်သမျှကို အပျောက်ရှင်းလေသည်။ သူ့ကိုယ်သူ လူသတ်တာ အပြစ်ကြီးတစ်ခုလို့ ယူဆပုံလဲမရ၊ ဒါကိုကြည့်ပြီး ငါးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်ပြီး အများသူငါ ရေးကြ ပြောကြတာ ဖတ်ရစဉ်က အဲဒီလောက် ရက်စက်ပါ့မလား၊ ကောက်ကျစ်ပါ့မလား၊ အမျိုးသမီးတစ်ယောက်အနေနဲ့ တာဝန်အရှိဆုံး လူကြီးတစ်ယောက်ရဲ့ ဇနီးအနေနဲ့ လုပ်ရက်ပါမလား အတွေးတွေကို စိတ်ခံစားချက်က လက်ခံလာနိုင်လေသည်။ အာဏာမက်သူသည် ကျန်သည့်အရာအားလုံးဟာ အသေးအဖွဲတွေသာဖြစ်ပြီး သူလုပ်သမျှ တရားသည်ဟု ထင်မြင်လာခြင်းဖြစ်သည်။
ကိုးရီးယားဇာတ်လမ်းတွဲကတစ်ဆင့် ကိုးရီးယားနိုင်ငံရေးသမိုင်းကြောင်းကို လေ့လာမိရာက ခုနှစ်၊ အချိန်ကာလ သိပ်မကွာလှပဲ မြန်မာပြည်မှာလည်း ဒီမိုကရေစီ ရေစီးကြောင်း စီးဆင်းလာတယ်ဆိုတာ တွေ့လိုက်ရသည်။ ပြည်သူတွေရဲ့ ခံစားချက်တွေ ထပ်တူကျသည်။ ကျောင်းသားတွေ ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အကျဉ်းထောင်တွေအထဲမှာ ကြမ်းတမ်းစွာ နေခဲ့ရတာ တူသည်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သည် ဒီမိုကရေစီနှင့်ထိုက်တန်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ကိုဖြစ်လာမှာဟု ယုံကြည်မိလေသည်။ ဒီမိုကရေစီအသီးအပွင့်ကို ကိုးရီးယားပြည်သူတွေ ခံစားရသလို မြန်မာပြည်သူတွေ ရရှိ ခံစားရလိမ့်မည်ဟု အားတက်ခြင်းတွေ ဖြစ်မိလေသည်။