User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
  
kh
                                    
ဘာလိုလိုနဲ့ ၂၀၁၄ခုနှစ် ကုန်ဆုံးပေတော့မည်၊ တစ်နှစ်တစ်နှစ် ကုန်တာမြန်လိုက်တာလို့ ပြောနေကျ အတိုင်း ပြောဖြစ်ပြန်လေသည်။ နာရီ၊ မိနစ်၊ စက္ကန့်တွေက သူ့ပုံမှန်အတိုင်းသွားနေတာပဲ ဖြစ်သည်၊ ရက်တွေ လတွေကရော ပိုပြီးမြန်လာတာ မရှိ၊ သူ့ပုံမှန်သာ လည်ပတ် နေတာသာ ဖြစ်သည်။ ဒါဖြင့် ဘာ့ကြောင့် ငယ်ငယ်တုန်းကနဲ့မတူ အချိန်တွေ ကုန်တာ မြန်လိုက်တာလို့ ဖြစ်လာပါလိမ့်၊ ဒါက အသက်အရွယ်ရလာတဲ့  လူတွေဆီက ဒီလို စကားတွေ  ထွက်ကျလာမြဲ၊ ဒါဖြင့် ကိုယ်ကိုယ်တိုင် ထိုအသက်အရွယ်ရလာပြီ ဆိုတဲ့ အရွယ်ကို ရောက်လာပြီလို့ အလိုလို သိလာလေသည်။ အချိန်တွေ ကုန်မြန်တယ်ဆိုတဲ့ သဘောက ကုန်ခဲ့တဲ့ အချိန်ကိုတွက်တာထက် ရှေ့မှာ သိပ်မကျန်တော့တဲ့ အချိန်တွေကို ကြိုမြင်မိလို့ သာပဲ ဖြစ်မည်။ 
 
                 ဘယ်လိုပဲ ဖြစ်ဖြစ် အတိတ်ကို အတိတ်မှာထားလို့ ပြောကြပေမယ့် တစ်နှစ်ကုန်ခါနီးမှာ ဒီနှစ်ထဲ ကောင်းတာ ဆိုးတာ ဘာတွေများ လုပ်ခဲ့ပါလိမ့်လို့  ပြန်ဆင်ခြင်မိ တာတော့ အမှန်ပင်၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊  ကိုယ့်တိုင်းပြည်နဲ့ပတ်သက်တဲ့အရေး နောက်ကြောင်းပြန် သုံးသပ်နေမိသည်။ 
 
              အိမ်ရဲ့စီးပွားရေးက ကုန်သည်၊ အရောင်းအဝယ် စီးပွားရေး သမား မဟုတ်တဲ့အတွက် ခါတိုင်းနှစ်တွေလို ပုံမှန်လို့ ဆိုရမည်ပင်၊ တခုတော့ရှိသည်၊ ဘယ်လောက်စုမိသလဲ ဆိုပါက အရင်နှစ်တွေလိုပါပဲ ၊ ရတာနဲ့ ကုန်တာ စာရင်းအတိအကျပါပဲ၊ ပိုငွေ လိုငွေမရှိလို့ ပြောရမည်။ တခုတော့ ရှိသည်။ သမီးတယောက် တက္ကသိုလ်စတက်၍ သူ့အတွက် ကုန်ကျစားရိတ် ပိုလာသည်။ 
အကြွေးရှိသလားဆိုတော့ လူမှန်ရင် အကြွေးနဲ့ မကင်းပါ။  အကြွေးက နှစ်မျိုးတောင်၊ ကြွေးဟောင်းနှင့်ကြွေးသစ်၊ အကြွေးအသစ်ကိုလဲ မြန်မြန်ဆပ်ချင်သည်၊ အကြွေးဟောင်းကိုလဲ တဖြေးဖြေး ဆပ်နေရသည်။ အကြွေးသစ်ကနောက်မှ ရောက်လာပေမယ့် သူ့ကိုချည်း ဦးအောင် ဆပ်နေရတာမို့ ကြွေးဟောင်းကို ဖြေးဖြေးဆပ်နေရသည်။ 

                ကျန်းမာရေးကတော့ နှာစေး ချောင်းဆိုးတောင် မဖြစ်၊ ဒီလိုဖြင့် ကံကောင်းလှချည့်လား ဆိုပါက၊ မဟုတ်ပြန်၊  နှာစေး ချောင်းဆိုး ကိုယ်ပူ အဖျားအနာ လုံးဝ မဖြစ်ပေမယ့် သွေးတိုး ဆိုသော ရောဂါကြီးက ဝင်ရောက်နေတာ ၂၀၁၄ခုနှစ် ဆိုပါက (၅) နှစ် ပြည့်လေပြီ။ ငါးနှစ်စလုံး တိုးနေတာမဟုတ်ပေမယ့် အစားအသောက် အနေအထိုင် တချက်မှားသည်နှင့် ဒိုင်းကနဲ ၁၆၀/ ၁၀၀ တက်တက်သွားတတ်လေသည်။ 
                 လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က သူငယ်ချင်းရဲ့အမေ ပင်စင်ယူပြီး အသက်(၆၀) ပြည့်သည်နှင့် မကြာလိုက်၊ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်လေသည်။ နာရေးသတင်းမေးသွားတော့ သူ့အိမ်မှာ အဲဒီအမေရဲ့ အမေ( သူငယ်ချင်းရဲ့ အဖွား) အသက်(၈၀)ကျော်က သန်သန်မာမာဖြင့် ဧည့်ခံ စကားပြောလေသည်။

" အဖွားက ကိုယ်တွင်းကလီစာတွေ ကောင်းတယ်၊ ဘာရောဂါမှ မရှိဘူး၊ ဒါ့ကြောင့် အသက်ရှည်တာ၊ အခုထိလဲ နှာစေး ချောင်းဆိုးတောင် မဖြစ်ဘူး" လို့ ပြောတဲ့စကားကို အမြဲ သတိရရင်း ၊ ကိုယ့်ခန္ဓာကိုယ်ထဲက ကိုယ်တွင်းကလီစာဆိုတဲ့ နှလုံး၊ အသဲ၊ အဆုတ်၊ ကျောက်ကပ် ၊ အစာအိမ် စတာတွေ  ကောင်းသေးတယ်လို့ အဲဒီတုန်းက တွေးပြီး ဝမ်းသာနေတုန်း ဘာမှ မကြာလိုက် သွေးတိုးရောဝါက ဝင်ရောက်လာတော့ စိုးရိမ်ထိတ်လန့်မိသည်။ ဒီလိုက ငါးနှစ်တော့ ဖြတ်လာခဲ့ပြီလို့ တွက်မိလေသည်။ 

နောက်ဆုံးတော့လဲ လူမှန်ရင် သေရမှာပဲ၊ မသေတဲ့သူမရှိ၊ အဲဒီအတွက် ရောဂါတခုကတော့ ဝင်လာမှပဲလို့ ခံယူလိုက်ပြီး ဆေးပုံမှန်သောက်ရသည်။   ကျန်းမာရေးက ကောင်း၏၊ ဂရုစိုက်နေရ၏ပေါ့၊ (၂၀၁၄) ခုနှစ်အတွင်းမှာတော့ " ကောင်း" အဆင့်မှာ ရှိတယ်လို့ ဆိုလျင် ဆိုလို့ရပေသည်။

                ၂၀၁၄ခုနှစ်မှာ လှုမှုရေးအနေနဲ့ အလှုအတန်းကတော့ ခါတိုင်းနှစ်လိုပင် ၊ လစဉ် ရရှိတဲ့ စာမူခတွေ အားလုံးလှုသည်၊ ခင်ပွန်းသည်ရဲ့ စာမူခက ပိုများပြီး အပတ်စဉ် ပုံမှန်ရသည်။ အဲဒါနဲ့  ကိုယ်ရတဲ့ ကျိုးတို့ကျဲတဲ နှစ်ယောက်ပေါင်း လစဉ် တစ်သိန်းအထက် အမြဲ လှုဖြစ်သည်။ ဒီနေရာမှာ စာမူခရငွေ ကို လှုမယ်လို့ စိတ်တူသဘောတူ ဖြစ်ရသည့်အတွက် ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်ရလေသည်။ တလတသိန်းဆိုတာ မများလှပေမယ့် တစ်နှစ်လုံး ပြန်တွက်ကြည့်တော့  ၂၀၁၄ခုနှစ် ထဲမှာတင် တစ်ဆယ့်နှစ်သိန်း (၁၂)သိန်း လှုပြီးပါပေါ့လားလို့ ကျေနပ်ပီတိစိတ်ဖြစ်ရသည်။ တကယ်တော့ ဒီလောက်လှုပြီးပြီ ဆိုတာ အခုစာရေးနေရင်း တွက်ကြည့်မှ သိတာဖြစ်လေသည်။ 

           စာရေးဖြစ်သည့် အဓိကအကြောင်းက တိုင်းပြည်ရဲ့အရေးမှာ လိုအပ်ချက်တွေ၊ လွဲနေတာတွေ၊ ကိုယ့်ဘဝဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အခြေအနေတွေကို  မသိမမီလိုက်သူတွေ သိနိုင်ဖို့ရယ် ရည်ရွယ်ပြီး ရေးချင်တာရယ်ကြောင့် ရေးဖြစ်နေလေသည်။ တကယ်တန်းက အားကျလေးစားခဲ့ရသည့် စာရေးဆရာမ မိုးမိုး(အင်းလျား)၊ မစန္ဒာတို့လို အချစ်၊ ဘဝသရုပ်ဖော်နဲ့မိသားစု  မေတ္တာဖွဲ့ဇာတ်လမ်းတွေ ရေးချင်တာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရေးချင်တာ ပြောချင်တာ ရေးခွင့်ရနေသေးသည့်အတွက် ကျေနပ်ရလေသည်။ 
          အားလုံးခြုံကြည့်လိုက်သည့်အခါမှာတော့  ၂၀၁၄ခုနှစ်က ပုံမှန်အတိုင်းပါပဲ၊ စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လိုပေါ့၊  ကိုယ်စွမ်းသလောက်တော့ ကိုယ်ကျိုးးစားတာပါပဲ၊ အကောင်းဆုံးမဟုတ်တောင် အလယ်အလတ်တော့ မကနိုင်ဘူးလို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်မိတာပေါ့လေ၊ 

ဘာဖြစ်လို့ ဒီလို တွေးမိသလဲဆိုတော့ ကိုယ်ဖြစ်ချင်ခဲ့တဲ့၊ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို စွန့်လွှတ်ခဲ့ရပြီး ဘဝကို တစ်ဆစ်ချိုးပြန်စရတဲ့အခါမှာ တခုခုကို ပြန်ဆုပ်ကိုင်မိအောင် လုပ်နိုင်ခဲ့ပြီလို့ ကိုယ့်ကိုယ်ကို တွေးမိလို့ပါပဲ၊ 


တိုင်းပြည်အတွက် အလုပ်လုပ်မယ်ဆိုပြီး ကျောင်းဆရာမ လျှောက်တာမှာတောင် " စေလိုရာစေ" လို့ လျှောက်ခဲ့သည်၊ ရွှံ့တော နွှံတောတိုးပြီး အရောက်သွားခဲ့သည်။ နောက်တဖန် အကြောင်းကြောင်းကြောင့် မီဒီယာတခုကို ရောက်တဲ့အခါမှာ ကိုယ့်အစွမ်းအစအားလုံး ထုတ်ပြီး အကောင်းဆုံးလုပ်ခဲ့သည်။ ဒါပေမယ့် ညစ်ကန်ကန် ဗျူရိုကရက်ဆန်ဆန် အာဏာရှင်မိုးကျရွှေကိုယ်တစ်စုကြောင့်  တခါမှ စိတ်တောင်မကူး အိပ်မက်တောင် မမက်ခဲ့သည့်  အလုပ်လက်မဲ့ ဘဝကို ရောက်စေခဲ့သည်။ 

တခါတလေ မီးဖိုချောင်မှာ ချက်ပြုတ်ရင်း၊ အိမ်သန့်ရှင်းရေးနဲ့ အဝတ်တွေ လျှော်ဖွပ် မီးပူတိုက်ရင်း ကိုယ့်ကိုယ်ကို ပြန်ပြောနေမိသည်က
ဖတ်ဖူးခဲ့သည့် ဗိုလ်မှုးချစ်ကောင်း၏ "  အနှစ်နှစ်ဆယ်" ဆိုတဲ့ စာအုပ်ထဲက စာသားလေးကို ကိုယ့်ဘာသာ မကြာခဏ ပြောနေမိခြင်း၊

"တိုင်းပြည်အတွက်  ဝန်ထမ်းဘဝ (၁၉) နှစ် ထမ်းဆောင်ခဲ့ပြီး  အသက်(၄၀) ပြည့်လို့ ကိုယ့်ကိုယ်ကိုပြန်ကြည့်တဲ့အခါ မီးဖိုချောင်ထဲ ရောက်နေပါပေါ့လား" လို့

 ရေရွတ်ရင်းက မီးဖိုချောင်ထဲကနေ ထွက်တဲ့တဒင်္ဂမှာ စာလုံးတွေစီရင်း စာရေးဖြစ်ခဲ့လေသည်။ ဘဝမှာ စာရေးဆရာ ဖြစ်ချင်ခဲ့သည်၊ ပင်စင်ယူပြီးက စာရေးမည်လို့ မှန်းထားသည့် ရည်ရွယ်ချက်က စောစီးစွာ ရောက်လို့လာလေသည်။
ဘာပဲဖြစ်ဖြစ် ကျေနပ်လေသည်။

            ၂၀၁၄ခုနှစ်မှာ စာရေးသက်( ၄)နှစ်ပြည့်ပြီ၊ ချိုးလင်းပြာအမျိုးသမီးမဂ္ဂဇင်း၊  မောက္ခပညာရေးမဂ္ဂဇင်း၊ ကောင်းကင်အနုပပညာ မဂ္ဂဇင်း၊ ပြည်သူ့အရေး( ယခင်က ပြည်သူ့ခေတ်)၊ ဗွိုက်စ်၊ စံတော်ချိန်နေ့စဉ်သတင်းစာ တွေမှာ စာတွေရေးရင်း ကျေနပ်မိသည်။

လာမည့်နှစ်သစ် ၂၀၁၅ ခုနှစ်မှာလည်း ကျရာနေရာမှာ ရပ်တည်ရင်း ကိုယ်စွမ်းသလောက် ကိုယ်ကျိုးစားဖို့ပဲ ပြင်ထားမိသည်။  အကောင်းဆုံးဖြစ်တာ မဖြစ်တာထက် ကောင်းအောင်တော့ တစ်နှစ်ထက်တစ်နှစ် ကြိုးစားပြီး နေသွားရပေအုန်းမည်။
 
                          ခိုင်ခိုင်စောလွင် 
သရုပ်ဖေါ် ကိုထိုက်