Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 



တူညီသောဘဝများ
                      ပြည်တွင်းက ပုဂ္ဂလိကမီဒီယာတခုမှ အလုပ်ထွက်လာသည့်  လူငယ်တယောက်ကို လခကောင်းရဲ့သားနဲ့ ဘာလို့ အလုပ်ပြောင်းလိုက်ရသလဲ မေးလိုက်ရာ  သူ့အဖြေက မဆန်းပေမယ့် စိတ်ဝင်စားစရာ အဖြစ်တွေ ကြားရလေသည်။  သူလုပ်ခဲ့တဲ့ မီဒီယာ ပိုင်ရှင်က မြန်မာပြည်ရဲ့ ထိပ်းသီး ခရိုနီတဦး ဖြစ်ပါသတဲ့။ သူတို့ရဲ့ မိသားစု သာရေးနာရေး အလှုရှိပါက ဝန်ထမ်းတွေကို နေရာမရွေး ခေါ်ပြီး ခိုင်းပါသတဲ့၊ အထူးသဖြင့် ရိုက်ကူးရေး လုပ်ရတဲ့ သူတို့လို ကင်မရာသမားတွေဆို အချိန်အခါ မရွေး လိုက်လုပ်ပေးရပါတယ်တဲ့။ ပင်မအလုပ်တာဝန်တွေနဲ့ ပင်ပန်းလွန်းလို့ အနားယူချင်ပေမယ့် သူဌေးရဲ့ မိသားစု ကိစ္စတွေပါ နားရမယ့်ရက် မနားရပဲ လုပ်ရပါတယ်တဲ့၊ ဒါတင်မက ခရိုနီမိသားစုရဲ့ ပွဲတွေ ရိုက်ဖို့ ခေါ်ရင် အဝတ်အစားကိုပါ ဘယ်လို ဝတ်လာခဲ့ပါဆိုတာ ပါသတဲ့၊ တခါကတော့ ယောဂီအညို ပုဆိုး နဲ့ ရှပ်ပ် အကျ င်္ီအဖြူရောင် ဝတ်လာဖို့ ညွှန်ကြားတာမှာ ဝန်ထမ်းတယောက်က သူ့မှာ ယောဂီပုဆိုး မရှိတဲ့အတွက် အင်္ကျီကိုတော့ အဖြူရောင် ဝတ်လာပေမယ့်  ဒဏ်တပ်ကြောင်း၊ အလုပ်ချိန်မဟုတ်ပဲ လာလုပ်ပေးရတာတောင်  လခထုတ်တော့ ဒဏ်တပ်တယ်ဆိုကာ လစာထဲက  အဖြတ်ခံရကြောင်း ကြားရလေသည်။  သူလဲ ကြာတော့ ကိုယ်ဝါသနာပါလို့ လုပ်နေပေမယ့် ကိုယ်ရေးကိုယ်တာနဲ့ ပငိမအလုပ် ခွဲခြား မသိ ၊ ရောထွေးနေတဲ့ ဒီပုံစံကို မကြိုက်လို့ အလုပ်က ထွက်လိုက်တဲ့ အကြောင်း သိရလေသည်။ 


                     ဒီပုံစံမျိုးတွေ အမြစ်တွယ်နေတာ ကြာလှခြေပြီ။ အရင်းစစ်ပါက ဒီလို ပုံစံ ဒီလို အနေအထားတွေ ရောက်အောင် မျိုးစေ့ချပေးသူမှာ အစိုးရသာ ဖြစ်လေသည်။ စာရေးသူရဲ့ သူငယ်ချင်း ဖြစ်သူ အလယ်တန်းပြ ဆရာမတယောက် လခတွေ တိုးပြီးကာမှ အလုပ်မှ ထွက်လိုက်ရသည်။ သူ့ခင်ပွန်းက နေပြည်တော် စာရင်းရုံးက ဝန်ထမ်း၊ သားတွေ သမီးတွေက ရန်ကုန်မှာ ကျောင်းတက်နေရသည်။ သူကိုယ်တိုင် နေပြည်တော်ကို လိုက်ပြောင်းပါက ရသော်လည်း အိမ်က ရန်ကုန်မှာ အခြေကျနေပြီ။ ပင်စင်ယူလျှင် ကိုယ့်အိမ်ကိုယ် ပြန်နေရမှာမို့ ရန်ကုန်ကနေမခွာပဲ နေလိုက်သည်။ တော်ကြာ နေပြည်တော်ကို လိုက်ပြောင်းပြီးပါမှ  ခင်ပွန်းဖြစ်သူ ရန်ကုန်ကို ပြန်ပြောင်းရချိန် သူက ပြန်ပြောင်းမရလျှင် ကိုးလို့ကန့်လန့်ဖြစ်မှာလဲ စိုးလေသည်။ ပညာရေးဋ္ဌာနက ဆရာမတွေ  ရန်ကုန်မြို့ပေါ်ကို ပြန်ပြောင်းရတာ မလွယ်မှန်း သူလဲ သိထားလေသည်။  သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ဒီဇင်ဘာကျောင်းပိတ်ရက်၊ နွေရာသီကျောင်းပိတ်ရက်တွေမှာ နေပြည်တော်သို့ သွားနေမည်ဟု ဆုံးဖြတ်ရာ တကယ်တန်းကျ မဖြစ်နိုင်တော့။ 

၁၉၉၀ခုနှစ် နောက်ပိုင်းကာလ မှာ ဆရာ/ ဆရာမတွေ အတွက် ယခင်ကလို အားလပ်ရက် ကျောင်းရက်ရှည် ပိတ်ရက်ကို တရားဝင် ပိတ်သော်လည်း တရားဝင် ခံစားခွင့် မရှိတော့ပေ။ ကျောင်းပိတ်ရက်မှာ တပတ်မှာ ဘယ်နေ့ ကျောင်းမှာ လုံခြုံရေး ဂျူတီကျသည်။ အလုပ်မျိုးစုံ တာဝန်ချသည်။ နာမည်သာခံပေမယ့် တကယ်တန်းကျ  နားရက်မရ။ ယခင်က ကျောင်းဆရာ/ ဆရာမတွေက တနှစ်ပတ်လုံး စာသင်ရတာရယ်၊ ခွင့်ခံစားချက်တွေက အခြားဝန်ထမ်းများနှင့် မတူသည့်အချက်ရယ်တွေကြောင့် နွေရာသီ ကျောင်းပိတ်ရက်မှာ လွတ်လပ်စွာ နေခွင့် ရလေသည်။ ဆရာမတွေ အားနေသားပဲ ဆိုသည့် အပြောဖြင့် နာမည်ကြီး အတွင်းရေးမှုး(၁) လက်ထက်မှ အစပြုကာ ကျောင်းဆရာ/ ဆရာမတွေကို နားခွင့်မပြုတော့ပေ။ တရားဝင် ကျောင်းတက်ရက်လို့လည်း ကြေညာတာမဟုတ်ပဲ ကျောင်းကို နွေရာသီ ပိတ်ရက်တွေမှာ အကြောင်းအမျိုးမျိုးဖြင့် သွားနေရလေသည်။ 
အဆိုပါ ကျောင်းဆရာမလည်း နောက်ဆုံး အလုပ်မှ ထွက်လိုက်ရလေသည်။ 
                 တန်ရာတန်ကြေး ပေးပြီး ခိုင်းထားတာပဲ တန်အောင် ခိုင်းမည် ဆိုသည့် အမြင်မျိုး စတင်ခဲ့သည်မှာ စစ်အစိုးရ လက်ထက်က သနေတည်ခဲ့ဟန်တူသည်။ တဖက်ကကြည့်ပါက အဓမ္မစေခိုင်းမှု ဖြစ်သည်။ လုပ်အားခေါင်းပုံဖြတ်မှုတွေ ဖြစ်သည်။ 

အဓမ္မခိုင်းစေမှုအစ 
             စာရေးသူမှတ်မိသလောက် ၁၉၇၀ခုနှစ် ဝန်းကျင်မှာ ပေါ်တာ ဆွဲသည် ဆိုတဲ့ စကားလုံးကို ကြားဖူးလေသည်။ ထိုအချိန်က ငယ်သေးသည့်အပြင် အိမ်မှာက အရွယ်ကောင်း ယေကျ င်္ားဆိုပါက အဖေ တယောက်သာရှိသည်။ ပြီးတော့ အဖေက ဝန်ထမ်းဆိုတော့ စိတ်နဲနဲအေးရသည်။ ဒါပေမယ့် ဘယ်နေ့က ဘယ်နေရာမှာ ပေါ်တာဆွဲလို့ ဘယ်သူတွေ ဘယ်သူ့သားသမီးတွေ  ပါသွားတယ် ဆိုတာမျိုးကို ကြားဖူးနေကြဖြစ်သည်။ ဒါ့ကြောင့် ပေါ်တာဆွဲတယ်ဆိုတာကို ကြားသာ ကြားဖူးခဲ့သည်။ နောက်ပိုင်း နယ်မြို့တွေနဲ့ နယ်စပ်ဒေသက လူတွေ ပြောပြမှ ပေါ်တာ အဆွဲခံရသည့် လူတွေရဲ့ ဆိုး၇ွားလှသည့် ဘဝအတွေ့အကြုံကို သိရလေသည်။ ရုပ်ရှင်ရုံ ညပွဲအပြီး ပိတ်ပြီး ဖမ်းကာ ခေါ်သွားတာမျိုး၊ ညဘက် သန်းခေါင်သန်းလွဲ အပြင်ကအပြန် လမ်းမှာ ခေါ်သွားတာတွေ၊ ဘယ်ရောက်သွားမှန်းမသိ မိသားစုလဲ ဘယ်ရှာရမှန်းမသိ ဖြစ်ခဲ့တာတွေ အများကြီးပင်။ စာရေးသူတို့ မိသားစု အဖွားတွေဆီ ကျောင်းပိတ်ရက် အလည်သွားဖို့ မီးရထားလက်မှတ် သွားဝယ်လျှင် မနက်အစော (၂)နာရီလောက် ကတည်းက တန်းစီ စောင့်ရသည်။ ထိုသို့ မနက်စောစော ထသွားရပါက ဦးလေးတွေ အကိုတွေ မှတ်ပုံတင်၊ ကျောင်းသားကဒ် အစုံယူသွားရတာ မှတ်မိသည်။ အကိုတွေ မောင်တွေ အရွယ်ရောက်လာတော့ အမေက ည(၈)နာ၇ီ မထိုးခင် အိမ်အရောက်ပြန်ဖို့ မှာရသည်။ ည(၈)နာရီ ဆိုပါက အားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီ။ ဒါကရန်ကုန်မြို့ ဆင်ခြေဖုံး မြို့သစ်မှာဖြစ်သည်။  ထိုအချိန် အပြင်ထွက်သူသည် ပေါ်တာဆွဲသူနှင့်တွေ့က ပါလေပြီ။ စာရေးသူ ထိုအချိန်က စဉ်းစားသည်။ ရှေ့တန်း စစ်တိုက်ထွက်တာ လက်နက်သယ်ဖို့ ရိက္ခာသယ်ဖို့ လူတွေ ခန့်မထားပဲ ဘာဖြစ်လို့ တွေ့ရာလူ ဖမ်းခေါ်ပြီး ခိုင်းတာပါလိမ့် သိချင်နေခဲ့သည်။ တကယ်တော့ လူ့ရဲ့ လုပ်အားကို အဓမ္မခိုင်းစေသည်သာမက လူသားလက်နက်အဖြစ် အသုံးချကြတာကို သိလာရလေသည်။ လူတယောက်ရဲ့ ဆန္ဒမပါပဲ ခိုင်းစေမှုသည် အဓမ္မခိုင်းစေမှုသာ ဖြစ်သည်။ 

ဝန်ထမ်းဘဝအဓမ္မ
                      စာရေးသူတို့ ဝန်ထမ်း  ဖြစ်သည့်အချိန်က စစ်တပ်ကလူတွေ အရပ်ဖက် ကူးပြောင်းလာသည့် အချိန်ဖြစ်ရာ ဝန်ထမ်းလောကမှာ စစ်တပ်မှာကဲ့သို့ အဓမ္မခိုင်းစေမှုတွေ ဖြစ်လာခဲ့လေသည်။ စာရေးသူတို့ မိသားစုက ဝန်ထမ်းတွေ ဖြစ်သည်။ အဖေနှင့်အမေ လက်ထက် ဝန်ထမ်းဘဝက အေးချမ်းလှသည်။ မပြည့်စုံပေမယ့် စိတ်ချမ်းသာကြသည်။ ဒါပေမယ့် ၁၉၈၈ခုနှစ်နောက်ပိုင်းမှာတော့  စာရေးသူရဲ့ မိဘတွေလည်း အဖျားအခတ် ခံလိုက်ရသေးသည်။ အဖေဆိုပါက တလတခါ အိပ်ယာလိပ်ပြင်ရသည်။ ရုံးမှာ ညသွားအိပ်ရခြင်းပင်။ ရုံးမှာ ညစောင့်ရော နေ့စောင့်ပါ ခန့်ထားပါသော်လည်း ညဖက် လုံခြုံရေး အကြောင်းပြကာ ဝန်ထမ်းတွေကို စနေ တနင်္ဂနွေ နားရက်မှ တလတခါ ခေါ်ခိုင်းခြင်းဖြစ်သည်။  တကယ်တန်း သူခိုးသူဝှက် လာပါက ဘာသင်တန်းမှ တက်ထားတာလဲ မဟုတ်၊ ဘာလက်နက်မှ တပ်ထားတာလဲ မဟုတ် အချောင်ခံရမည့် ကိန်းပင်။ တကယ်တန်း ခံလိုက်ရသူတွေ ရှိလေသည်။ မှတ်မှတ်ရရ သင်္ကန်းကျွန်းဘဏ် ဖောက်ထွင်းခံရသည့် အမှုမှာ ညဖက် ဂျူတီကျသည့် ဘဏ်ဝန်ထမ်း တယောက် အသက်ဆုံးရှုံးရဖူးသည်။ 
                    စာရေးသူတို့ ပြန်ကြားရေးဋ္ဌာနမှာလဲ ထိုနည်း၎င်း ထိုနည်း၎င်းးတွေ အများအပြားကြုံခဲ့ရသည်။ ထိုစဉ်က ဒုတိယညွှန်ချုပ်ရဲ့ မိခင် နာရေးကို အသုဘပို့ရန်ဆိုကာ ဋ္ဌာနကဝန်ထမ်းတွေကို လူအရေအတွက်  နှစ်ဆယ်လား၊ သုံးဆယ်လား  သေသေချာချာ မမှတ်မိတော့၊ အဲဒီလူတွေကို ဌာနက ကားတစီးဖြင့်  ပဲခူးသို့ အသုဘပို့ လွှတ်လေသည်။ ရန်ကုန်နှင့်ပဲခူး အသွားအပြန် အသုဘပို့ပြီး ပြန်လာသည့် ဝန်ထမ်းတွေမှာ ရုံးပြန်အရောက် စကားမေးပင်မရ၊ မိုးချုပ်နေပြီ ဖြစ်၍ သူတို့အိမ်ပြန်ရန် ရုံးမှာကျန်ခဲ့သည့် ထမင်းချိုင့်၊ ဆွဲခြင်း၊ အိတ်တို့ ယူပြီး  ကားကျပ်ပြီ၊ လိုင်းကားမှ ရပါ့မလား၊ အောက်ဆိုဒ်ကား နဲ့သွားရပြီထင်တယ် အမျိုးမျိုး စိုးရိမ်စိတ်တို့ဖြင့် အသော့နှင်ကြရလေသည်။ 

 ရုံးက သန့်ရှင်းရေး ဝန်ထမ်း၊ အစောင့်၊ လုံခြုံရေး အစရှိသော အောက်ခြေဝန်ထမ်းတွေအဖို့ ဆိုဖွယ်ရာ မရှိ။ ညွှန်ကြားရေးမှုးချုပ် အိမ်ကို ဆေးသုတ်ပေးရသည်။ ခြံထဲက မြက်ကို ခုတ်ပေးရသည်။ မီးဖိုချောင်ထဲက ပန်းကန်ဆေး အိုးခွက်တိုက် အမှိုက်ပစ်ပေးရသည်။ တပတ်တခါ အဝတ်လျှော် ပေးရသည့် ဝန်ထမ်းပင် ရှိခဲ့လေသည်။ 
သူတို့သည် ဋ္ဌာနေတွေမှာ မိုးကျရွှေကိုယ်တွေ အဖြစ်ရောက်ရှိလာခဲ့ပြီး ယခင်က တပ်ထဲမှာ ပြုမူနေကျအတိုင်း အဓမ္မခိုင်းစေမှုကို လက်ယဉ်နေတာဖြစ်မည်။ 

ထုခြေလွှာနှင့် နှစ်ပါးသွားခဲ့ခြင်း 
                     စာရေးသူသည် ဝန်ထမ်းဘဝမှာ မိမိထမ်းဆောင်ရမည့်  ဌာနတာဝန်ကို ကျေပွန်အောင်လုပ်သည်။  မိမိတာဝန်ကျသည့် အချိန်မှာ စီးပွားရေး၊ လူမှုရေး ၊ ကျန်းမာရေး စတာတွေ နောက်ကြောင်းအေးသည်ဖြစ် မအေးသည်ဖြစ်စေ အလုပ်ထဲမှာ စိတ်နှစ်ပြီး လုပ်ရသည်။ အင်မတန်အရေးကြီးသည့် အသံလွှင့်လုပ်ငန်းမှာ အနည်းငယ် မှားယုံနှင့် ခွင့်မလွတ်တတ်သည့် သဘောသဘာဝရှိသည်။  ဋ္ဌာနမှာ အမြင့်ဆုံး အပြစ်ဒဏ် အလုပ်မှထုတ်ပယ်ခြင်း အပါအဝင်၊ နယ်ပြောင်းရွှေ့ခြင်း၊ စက်ရုံပြောင်းရွှေ့ခြင်း၊ ဋ္ဌာနခွဲပြောင်းရျွှေ့ခြင်း၊ ရာထူးချခြင်း၊ သတိပေးခြင်း၊ ထုခြေလွှာရေးရခြင်း အစရှိသဖြင့် ပြစ်မှုအလိုက် အမျိုးမျိုး ရှိလေသည်။ အစိုးရဋ္ဌာနတိုင်းမှာ ထိုနည်းလမ်းအတိုင်းပင် ဖြစ်သည်။

 အသံလွှင့်ကလူတွေအဖို့ ယင်းအပြစ်ဒဏ်တွေ ထဲက  အနိမ့်ဆုံး ထုခြေလွှာရေးရမှာကိုပင် ဝန်ထမ်းတွေ သေမတတ်ကြောက်ကြလေသည်။ စာရေးသူသည်  ပင်မတာဝန်ဖြစ်သည့် အသံသွင်း၊ အသံကူး၊ အသံလွှင့်တာနှင့် ပတ်သက်ပြီး အမှားအယွင်း မရှိအောင် စိတ်နှစ်ပြီး စေတနာထားကာ ဆောင်ရွက်သည်။ ကိုယ်တာဝန်ကျသည့် နေ့မှာ အသံလွှင့် အစဉ်လေးကို လှပနေအောင် စိတ်နှစ်ပြီး အာရုံစိုက်သည်။ ဒါ့ကြောင့် အလုပ်တာဝန်နှင့် ပတ်သက်ပြီး အနိမ့်ဆုံး ပြစ်ဒဏ်အဖြစ် တခါမှ ထုချေလွှာ မရေးခဲ့ရ။ 

 သို့သော် စာရေးသူသည် ထုချေလွှာနှင့် အမြဲနှစ်ပါးသွားခဲ့ရသည်။  ထုချေလွှာပေါင်းများစွာ  ဘယ့်လောက် ရေးရသလဲ ဆိုသော် အလုပ်ကိစ္စ မှားယွင်း၍ ထုချေလွှာရေးရမည့်သူ တယောက်က မည်သို့ ခေါင်းစဉ်တပ်ရမည်၊ မည်သူတွေကိုလိပ်မူရမည်၊ ဘယ်လို ရေးရမည်ကို မသိပါက စာရေးသူဆီထံ ရောက်လာပြီး အကြံတောင်း အကူအညီယူရသည်အထိ နာမည်ကြီးခဲ့လေသည်။ 

ဝန်ကြီးဋ္ဌာနတွေမှာ ပင်မတာဝန်တွေ အပြင် မဆိုင်သည့် လုပ်ငန်းများစွာ လုပ်နေရသည်။  တပ်မတော် စစ်သမိုင်းပြတိုက် စောင့်ဖို့ ဝန်ထမ်းတယောက်ပေးပါ ဟု ဋ္ဌာနကို အကြောင်းကြားလျှင် ဌာနက လူတယောက် ရှာပြီး ပို့ပေးရသည်။ စာရေးသူတို့ ဌာနမှာတော့ စီမံက ထိုအလုပ်ကို ဒိုင်ခံလုပ်ပေးရသည်။ သူက ဌာနမှ မည်သူမည်ဝါ ဆိုကာ ရွေးပြီး   အလှည့်ကျ  ပို့ပေးလိုက်သည်။ 

  ဘာအထမ်းအမှတ် ဖွင့်ပွဲ ၊ ပိတ်ပွဲ ဝန်ထမ်း (၂၀) မတက်မနေရ ၊ ထိုသို့ ညွှန်ကြားလာပါက စီမံက အဲဒီလောက်တော့ လူမပေးနိုင်၊ မတတ်နိုင်တော့၊ သိမ်းကြုံးပြီး စနေတနင်္ဂနွေ နားရက်ရသူတွေ ထဲ့လေသည်။ စာရေးသူ ဒီလို ပွဲမျိုး အထဲ့ခံရစဉ် ပထမဆုံး အကြိမ် သွားခဲ့သည်။ တပ်မတော်နေ့ အထိမ်းအမှတ် ဓါတ်ပုံ ၊ ပိုစတာ၊ ကာတွန်း ပန်းချီ ပြပွဲ၊ တပ်မတော်ခန်းမမှာ လုပ်သည်။ စာရေးသူတို့ကို ဌာနက နားရက်နှင့် ကိုက်သည့်အတွက် သွားရမည်ဟု လူစာရင်းထုတ်ရာ ပထမဆုံးမို့ မသိသဖြင့် သွားလိုက်သည်။ 

ဌာနကို နံနက်(၆)နာရီ အရောက်ခေါ်သည်။ ရောက်အောင်သွားသည်။ ထိုသို့ရောက်အောင်သွားဖို့ အိမ်က မိသားစု အတွက် နံနက်(၄)နာ၇ီကတည်းက ထပြီး ချက်ပြုတ်စီမံခဲ့ရသည်။  တကယ်တန်းကျ  လိုက်ပို့မည့် ကားမလာသေးတဲ့ အတွက် (၇)နာရီခွဲမှ ကားကစထွက်သည်။ ရုံးနှင့် တပ်မတော်ခန်းမက (၁၀)မိနစ်သာ ကားမောင်းရသည်။ ပြခန်းရှေ့ရောက်တော့ (၈)နာရီ မထိုးသေး၊ ထိုင်စရာမရှိ၊ တာဝန်ယူမည့်သူမရှိ၊ ဘယ်သွားရမှန်းမသိ၊  လူစာရင်းတိုက်ပြီး ကားပေါ်တင်ပေးလိုက်သည့် စီမံက တာဝန်ရှိသူက လိုက်ပင်မလာ၊ ဟိုယောင်ယောင် ဒိယောင်ယောင်နှင့် (၉)နာရီထိုးအောင် မနည်းစောင့်ရသည်။ လူကြီးရောက်ပြိတဲ့၊ မစသေး၊ ( ၉)နာရီခွဲမှ အခမ်းအနားစသည်။ ကဲကဲ လက်ခုပ်တီးကြပါဆိုမှ စာရေးသူတို့ကို လက်ခုပ်တီးဖို့ ခေါ်မှန်းသိသည်။

 ရုံးကို ပြန်ရောက်သည်နှင့် ဒီလို အချိန်တွေပေးရပြီး အလုပ်ရေရေရာရာ မရှိသည့် အခမ်းအနားကို နောင်ဘယ်တော့မှ စာရေးသူကို မထဲ့ပါနှင့် မလိုက်နိုင်ပါလို့ ဝင်ပြောခဲ့သည်။ နောင် ထပ်ကြုံပြန်သည်။ စာရေးသူနာမည် စာရင်းထဲမှာ ပါလာ၍ သွားပြောရာ မရပါ၊ လူမရှိ၍ လိုက်သွားပါ၊ ဂျူတီနားသည့် သူတွေသာ ထဲ့တာပါဟု ဆိုလေသည်။ စာရေးသူက ဂျူတီအနားရသည့် အချိန်မှာ မိသားစုအတွက် အချိန်ပေးရမှာမို့ အချိန်မရှိ၊ နားရက်မှာသာ အိမ်မှုကိစ္စ လုပ်ရသည့်အတွက် မိန်းကလေးတွေ အထူးသဖြင့်  အိမ်ထောင်ရှင် အမျိုးသမီးတွေကို မထဲ့ပါနှင့်ဟု ရယ်သလိုမောသလို ပြောပြရာ မရ။ တကယ်တန်း  ထိုလက်ခုပ်တီးပွဲကို မသွားသည့်အခါ နောက်ရက် ရုံးအရောက် ထုချေလွှာ ရေးရလေတော့သည်။ 

စာရေးသူက အဖြစ်မှန်အတိုင်း ရေးရာ စီမံက လူက မလုပ်ပါနဲ့ဟာ ၊ နေမကောင်းတာ ဘာညာ အကြောင်းပြပြီး ရေးပါဟု ပြန်ရေးခိုင်း၍ ရေးပေးလိုက်သည်။ ထိုသို့သော အကြိမ်အရေအတွက် များလာသောအခါ စာရေးသူကို လူကြီးတွေက မျက်စိစပါးမွှေး စူးလေသည်။ စာရေးသူကို စီမံက လူက မကြာခဏ လာပြောသည်။  တတ်နိုင်သရွေ့ သူလဲ မထဲ့ဖို့ ပြောပါသည်တဲ့၊ ဒါပေမယ့် အထက်လူကြီးကိုယ်တိုင်က ထဲ့ရမည်ဟု ဆိုသည်တဲ့။ ထိုသို့ပြောလာတိုင်း ကျမကို မထဲ့နဲ့ ပြောပြီးသား၊ မဆိုင်တဲ့ အလုပ် မလုပ်နိုင်ဘူး ဆိုသော်လည်း လူမရှိဆိုတာာထက် အညှိုးထားကာ ဆက်တိုက်ထဲ့လေသည်။ နောက်ဆုံးမှာ စာရေးသူက စကားကုန်အောင် ပြောလိုက်သည်။ ကျမကို လက်ခုပ်တီးဖို့ အင်အားပြဖို့ အခမ်းအနားတွေ ထဲ့ချင်ရင် ထဲ့လိုက်ပါ၊ ဒါပေမယ့် ကျမအစား လူတယောက်လျော့တာပဲ အဖတ်တင်မယ်၊ ကျမက ထုခြေလွှာပဲ ရေးမှာပဲ ဟု ပြောလိုက်ရာ မျက်စိမျက်နှာ ပျက်လေသည်။ 

နောက်ဆုံး အဖြစ်အပျက်ဟု ပြောရမည်ထင်သည်။ စာရေးသူကို လက်ခုပ်တီးဖို့ အင်အားပြဖို့ စာရင်းထဲ့ထားလေသည်။ ထိုနေ့သည် တနင်္ဂနွေနေ့၊ ဒါပေမယ့် စာရေးသူက နံနက်ပိုင်းအသံလွှင့်၈ျူတီကျနေသည်။ ဘာမှမပြောပဲ ငြိမ်နေလိုက်သည်။ တကယ်က စာရေးသူတို့ အသံလွှင့်ဂျူတီဇယားက တလတခါ စီမံကို ပို့ထားပြီးသာ။ ထိုလက လလည်လောက်ရောက်မှ ရုတ်တရက် အရေးပေါ်ကိစ္စဖြင့် ခွင့်ယူသူတွေ ပေါ်လာရာ ဂျူတီရိုစတာ အသစ်ပြန်ဆွဲရသည်။ ထိုဂျူတီဇယားကို စီမံကို ပို့ပြီးသား၊ စီမံက မေ့ပြီး အဟောင်းကိုကြည့်မိပြီး စာရေးသူကို နားရက်ဆိုကာ ထည့်လိုက်ခြင်း။

             ထိုနေ့မနက် ကိုယ့်ဂျူတီ ကိုယ်ဆင်းသည်။ စာရေးသူတို့အလုပ်က တချို လူတွေ ပြောသလို ရေဒီယိုအသံလွှင့်ချိန်ဆိုပါက ရေငုတ်သင်္ဘောကြီးထဲ ဝင်နေသလိုပင်၊ ထိုအခန်းထဲမှာ တနေကုန်၊ ဂျူတီပြီးမှ ပြင်ပထွက်သည်။ ထိုအချိန်မှ ပြင်ပနေ လေကိုရလေသည်။ နောက်တနေ့ တနင်္လာနေ့မှာတော့ အချိန်အတိုင်း  နိုက်ဂျူတီ ဆင်းရသည်။ စီမံရုံးခန်းမှာ ရုံးတက်  လက်မှတ်ထိုးဖို့ အသွား ရုံးခန်းမှာ ဝန်ထမ်းကို ဖိနှိပ်ချင်သည့် အကြီးအကဲ တယောက် ရောက်နေပြီး သူက စာရေးသူကို မြင်မြင်ခြင်း လက်ညှိုးငေါက်ကနည်းထိုးက  မနေ့ကမနက် ပွဲကို မလာတဲ့အကြောင်း၊ ဒီပွဲက အရင်လို ဝန်ကြီး အဆင့်မဟုတ်ပဲ အတွင်းရေးမှုး(၁) ၊ ဝန်ကြီးချုပ်တက်သည့် ပွဲဖြစ်တဲ့ အတွက် ထိထိရောက်ရောက် အရေးယူမှာဖြစ်ကြောင်း ၊ တဆက်ထဲ စီမံ ရုံးအုပ်ဖက်လှည့်ပြီး အခုချက်ခြင်း ထုခြေလွှာရေးခိုင်း ဟုပြောလေသည်။ အခန်းထဲမှာ အခြားဝန်ထမ်းများလည်း အကြောင်းကိစ္စအဝဝ ဖြင့် ရောက်နေသည်ဖြစ်ရာ စာရေးသူကို တရားခံတယောက်လို ပြောဆိုလိုက်သည့် အတွက် ဝန်ထမ်းတွေမှာ အားတုံ့အားနာ မျက်နှာတွေ ဖြစ်ကုန်ကြလေသည်။ 
စာရေးသူသည်  တမင်ပင် ခပ်ပြုံးပြုံးဖြင့် လေသံကို အတတ်နိုင်ဆုံး ဖြေးဖြေးအေးအေးပင် ထားကာ 

" ဝန်ထမ်းတယောက်ကို ယဉ်ယဉ်ကျေးကျေးပြောပါ၊ ရန်သူလို မပြောပါနဲ့ ထုချေလွှာရေးဆိုရင် ရေးမယ် အစချီပြီး ကိုယ့်ရဲ့ မူလတာဝန်ဖြစ်တဲ့ အသံလွှင့်တဲ့ အလုပ်ကို အသံလွှင့်တာရပ်ပြီး လက်ခုပ်သွားတီးရမလား၊ ဘယ်အလုပ်က အရေးကြီးသလဲ ပြောပါ၊ တရက်ထဲ တချိန်ထဲမှာ ကျလာတဲ့ အလုပ်(၂)ခုထဲက ဘယ်အလုပ်ကို ရွေးရမလဲဆိုတာ ကျမမှားရွေးခဲ့ရင် ကျမအခုချက်ခြင်း ထုခြေလွှာရေးမယ် ဆိုမှ စီမံ ရုံးအုပ်ဖက်လှည့်ပြီး ခင်ဗျားဘယ်လိုလုပ်တာလဲဆိုကာ ဆူပူမာန်မဲလေတော့သည်။ စာရေးသူလဲ ဇတ်ကနည်းပင် တာဝန်ကျရာ အခန်းဆီ ကျေနပ်အားရပြီး ပြန်ခဲ့သည်။ နောက် ညဖက် ဂျူတီရက်တရက်မှာ နားတွေပူ အလုပ်တွေပူ၍ဆိုကာ စာရေးသူတို့ စက်ခန်းထဲ လာထိုင်သည့် အဆိုပါ စီမံက ရုံအုပ်က ထိုအကြောင်း ပြန်ပြော ညည်းညူအပြမှာ စာရေးသူက စာရေးသူအပါအဝင် တကယ်တန်း နေ့ည အလုပ်လုပ်ရသူတွေကို ဒီလို ဝေလေလေနဲ့အချိန်ကုန် အကျိုးမရှိတဲ့ နေရာတွေမှာ မထဲ့ပါနဲ့လို့ ထပ်ပြောလိုက်သည်။ ထိုအချိန်မှ စပြီး စာရေးသူတို့ on-air ၈ျူတီကျ ဝန်ထမ်း တတွေ လက်ခုပ်တီးဖို့ အင်အားပြဖို့ မလိုက်ရတော့ပေ။ 

အဓမ္မခိုင်းစေမှုပျောက်ကွယ်ပါစေ
                   ပုဂလိက ဝန်ထမ်းကိုပဲဖြစ်ဖြစ် အစိုးရဝန်ထမ်းကိုပဲဖြစ်ဖြစ် မူလသဘောတူထားသည့် တာဝန်နှင့် လုပ်ကိုင်ရမည့် လုပ်ငန်းများအစား အခြား ကိုယ်ရေးကိုယ်တာ အပါအဝင် မဆိုင်သည့် အလုပ်များကို ခိုင်းစေခွင့်ရနေသည်မှာ ဥပဒေအရ အားနည်းတာ အပါအဝင် မိမိလက်အောက်ဝန်ထမ်း၊ မိမိခန့်ထားသည့် ဝန်ထမ်းအပေါ်မှာ အလုပ်ခွဲခြား နားမလည်တာတွေကြောင့် ဖြစ်သည်။ အစိုးရကိုယ်တိုင် ပြည်သူကို ဆက်ဆံတာမှာ လက်အောက်ငယ်သားကဲ့သို့ မြင်နေသည့် မှားယွင်းသော အယူတွေက စတင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူတွေ၊ ဝန်ထမ်းတွေ၊  အလုပ်သမားတွေဘက်က အခိုင်အမာ ရပ်တည်ပေးနိုင်မည့် ဥပဒေရေးရာ အားနည်းမှုတွေကြောင့်လည်း ယခုကဲ့သို့ ကိစ္စများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တွေ အားနည်း လျော့လျဲလာတာက အစပြုလာတာဖြစ်သည်။ ထိုသို့ လျော့လျဲရာမှ ဌာနတစ်ခု၏ အကြီးအကဲ ဖြစ်လာလျှင် ထိုဌာနမှာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို လိုသလို ခိုင်းစေ၍ရသည်ဟု ထင်နေကြသည်။ ဒါတင်မက ဌာနမှာ ရှိသည့် အောက်ခြေဝန်ထမ်းတွေ ဆိုပါက ၎င်းတို့ အိမ်အတွက်ပါ ခိုင်းစရာ လူများဟု သတ်မှတ်ကာ လိုသလို ခိုင်းနေခြင်းပင်၊ အဆိုပါ ဝန်ထမ်းများသည် သူတို့ဘက်မှာ မားမားမတ်မတ် ရပ်ပြီး ရှိနေရမည့် ဥပဒေက မခိုင်မာသည့်အတွက်ကတကြောင်း ၊ နားမလည်သည်ကတကြောင်း၊ နားလည်ပါသော်လည်း ငြင်းပယ်ဖို့ အင်အားလဲ မရှိ၊ မလုပ်နိုင်ဟု ငြင်းပယ်လိုက်ပါက နောက်ဆက်တွဲ ဘာဖြစ်နိုင်သည်ကိုတော့  ကြို သိနေသဖြင့် လုပ်နေရတာပဲ ဖြစ်လေသည်။ ဌာနအတွင်းမှာ မည်သူကမှ မသိလိုက်ရပါပဲ အလုပ်က ထွက်သွားရမည့်အရေး၊ ဘယ်သူကမှ သနားညှာတာသောအားဖြင့် ရပ်တည်ပေးနိုင်သူ မရှိသဖြင့် ရေလိုက်ငါးလိုက် နေကြရသည့် အောက်ခြေဝန်ထမ်းတွေ အများအပြားရှိလေသည်
                မိသားစု စားဝတ်နေရေး ပြေလည်သူ၊ ဒါမှမဟုတ် မိသားစု တပိုင်တနိုင် ဝင်ငွေ ရှိသူတွေအဖို့ကတော့ ပြောခဲ့သည့် လူငယ်လေးလို မခံနိုင်လျှင် ထွက်ကြဖို့သာ ရှိသည်။ သို့သော် တကယ်တန်းမှာ ထိုကဲ့သို့ ထွက်သွားသူမျိုး လူတစ်ရာမှာ တယောက်  ပင်ရှိပါ့မလား၊ မသေချာ၊ လျော့ရဲနေသည့်  ဥပဒေတွေ ပြဌာန်းမှုတွေ အောက်မှာ လူးကာလိမ့်က မြိုသိပ်ကာ လုပ်နေကြရဆဲ ဖြစ်သည်။ ဒီလို လုပ်အားခေါင်းပုံဖြတ်မှု၊ အဓမ္မ ခိုင်းစေမှုတွေမှာ ပြည်သူ၊ ဝန်ထမ်း၊ အလုပ်သမား လယ်သမားများ ခံစားနေကြရသည်မှာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီ။ ကိုယ်ပိုင်စီးပွားရေး လုပ်သည်ဆိုကာ ကားငှားစားလျင်တောင် ရပ်ကွက် ဒါမှမဟုတ် မြို့နယ် အုပ်ချုပ်ရေးဖက်က ကားလိုအပ်သည်ဆိုကာ ချော ဆွဲပါက ပေးရတာပဲ ဖြစ်သည်။ ချောကား ဆိုတာပင် ရှိသည်မဟုတ်ပါလား။ ပြီးခဲ့သည့် မဟာသန္တိသုခကျောင်းတိုက်ကို ဝင်ရောက်စီးနင်းရာမှာ ဆရာတော်တွေကို ခေါ်သွားသည့် ကားလိုင်းမှ  ကားပိုင်ရှင်က ကားကို ချောဆွဲ သဖြင့်  ပေးလိုက်ရကြောင်း ၊ ယခုလို လုပ်ရပ်မျိုး ဆိုပါက ကြိုသိလျှင် သူတို့ကားကို ဒီလိုလုပ်ရပ်မျိုး လုပ်ဖို့ ခွင့်ပြုမှာမဟုတ်ကြောင်း ပြောတာ ဖတ်ရသည်။ ဘယ်တုန်းက ဘာကိစ္စနှင့်မှ မပြောတာ ထုံးစံပင်။ ကားပေး၊ လူပေး၊ လုပ်အားပေး စသဖြင့် ခိုင်းစေ နေသည်မှာ အကျင့်ဖြစ်နေပြီ။  ဒီလို အဓမ္မခိုင်းစေမှုတွေ မဖြစ်အောင် တိုင်းပြည်ယန္တရားကို အဆင်ပြေပြေ ချောမွေ့ဖြစ်အာင် တရားမျှတစွာ အုပ်ချုပ်နိုင်မည့်  အုပ်ချုပ်သူလူတန်းစားနှင့် ပြည်သူလူထု တရပ်လုံးဖက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးနိုင်မည့် ရှင်းလင်းတိကျသော  ဥပဒေ စည်းမျဉ်းစည်းကမ်းများ ခိုင်မာဖို့ လိုအပ်နေလေပြီ။

                                ခိုင်ခိုင်စောလွင်