User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

h

 Bill Viola ဟာ ကမ္ဘာ့ အနုပညာသမိုင်းမှာ Video art အနုပညာ ပုံစံကို စတင်မိတ်ဆက်ခဲ့သူတွေထဲမှာ အထင်ရှားဆုံး ဖြစ်ပြီး Video art ကို ပဲ ခုချိန်ထိ စိုက်လိုက်မတ်တတ် ခုချိန်ထိ ဖန်တီးတင်ဆက်နေခဲ့သူ အမေရိကန် အနူပညာရှင်တယောက်ဖြစ်ပါတယ်။ မြန်မာ ခေတ်ပြိုင် အနုပညာ ချစ်သူတွေ အဖို့ Bill Viola ရဲ့ အနုပညာအကြောင်းဟာ သိပ်တော့ မစိမ်းလှ ဘူးလို့ ပြောရပါမယ်။ အကြောင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ့်ငါးကျော်လောက်ကတည်းက စာရေးဆရာမ ဂျူးက ချစ်သူရေးတဲ့ ကျွန်မညနေ ဆိုတဲ့ ဝတ္ထု ထဲ မှာ Viola ရဲ့ လက်၇ာ တချို့ ကို သရုပ်ဖေါ် ရေးသားပြီး မိတ်ဆက်ခဲ့ဘူးလို့ ဖြစ်ပါတယ်။

ဇွန်လဆန်းမှာ ပဲရစ်ကို ရောက်တုန်း Grand Palais မှာ မတ်လ ၅ ရက်နေ့ကနေ ဇူလိုင်လ ၂၁ ထိပြနေတဲ့Bill Viola ရဲ့ တကိုယ်တော် ဗီဒီယို အနုပညာပြပွဲ နဲ့ ကြုံ လိုက်တာမို့ တကူးတက သွားဖြစ်လိုက်ပါတယ်။ ဒီပြပွဲ မှာ Bill Viola ရဲ့ ဗီဒီယို အနပညာလက်ရာပေါင်း ၂၀ ကို စုစည်း ပြသထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ အနုပညာပြပွဲ သမိုင်းမှာ ပထမဆုံး ဗီဒီယိုအနုပညာ တွေချည်း စုစည်း ပြသတဲ့ ပွဲတပွဲ လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပွဲမှာ ပြထားတဲ့ လက်ရာတွေထဲက ကောင်းကင်ဘုံ နဲ့ ကမ္ဘာမြေ ဆိုတဲ့ ဗီဒီယို တင်ဆက်မှု အကြောင်း ပြောချင်ပါတယ်။ ဒီတင်ဆက်မှု မှာ  ဗီဒီယို နှစ်ခု ကို  အခုခေတ် မော်နီတာ အပြားတွေ မသုံးပဲ TV တွေ စပေါ်ကာစ ခေတ်ဦးက မီးလုံးမော်နီတာ နှစ်လုံး ကို  ဘေးက ဖိုက်ဘာ အ ကာတွေအားလုံးခွါချလိုက်ပြီး မီးလုံး မျက်နှာပြင် နှစ်ခုကို ပုံ မှာတွေ့ရတဲ့ အတိုင်း မျက်နှာချင်းဆိုင်ပြီး တခု နဲ့တခု ခြောက်လက်မလောက် ပဲ ခွါပြီးတပ်ဆင်ထားပါတယ်။ ဒီမော်နီတာ နှစ်ခုမှာ အောက်က နေ အပေါ်ကို မော့ထားတဲ့ မော်နီတာမှာ သေဆုံးနေတဲ့ အဖွါးအို တယောက်ရဲ့ မျက်နှာကို အနီးကပ် ရိုက်ကူးထားတဲ့ ဗီဒီယို ကို ပြသထားပြီး အပေါ်က အောက်ကို မှောက်ထားတဲ့ မော်နီတာမှာတော့ မွေးကာစ ကလေးငယ်တယောက်ရဲ့ မျက်နှာကို အနီးကပ်ရိုက်ထားတဲ့ ဗီဒီယို ကို ပြသထားပါတယ်။ တကယ်ကျတော့ မော်နီတာ ဖန်သားပြင် နှစ်ခုက ထိလုခမန်းကပ်နေတာမို့ အဲဒီ မော်နီတာနှစ်ခု အထက်အောက် ကပ်လျက် ဖြစ်နေတာကိုက အင်စတော်လေးရှင်းတခုလို ဖြစ်နေပြီး ဖန်သားပြင်မှာ ပြထားတဲ့ ဗီဒီယိုတွေကို တော့ အနီးကိုကပ်ကြည့်မှ သာ သဲသဲ ကွဲကွဲ မြင်ရနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်မျက်နှာ ပြထားတဲ့ ဖန်သားပြင်နဲ့ အဖွါးကြီး မျက်နှာ ပြထားတဲ့ ဖန်သားပြင်တို့ နှစ်ခုဟာ နီးကပ်နေတာမို့ ဖန်သားပြင်တခုက ပုံရိပ်ဟာ နောက် ဖန်သားပြင်ပေါ်မှာ ပုံရိပ်ထင်ပြီး ရောနှောနေတာတွေ့ရပါတယ်။ အဲလို ရောနှောနေအောင်လည်း တမင် စီစဉ်ထားတာဖြစ်ပါတယ်။ မွေးဖွါးခြင်းနဲ့ သေဆုံးခြင်းကြား အိုမင်းရင့်ရော်ခြင်းနဲ့ နုပျို ခြင်းတို့ ကြားက ဆက်စပ်မှု ကို အချက်ကျကျ ဗီဒီယို နှစ်ခုကို မော်နီတာနှစ်ခုက တဆင့် ပညာသားပါပါ ဖေါ်ကျူးနိုင်တဲ့ လက်ရာတခု အဖြစ် သုံးသပ်မိပါတယ်။

 

နောက်ထပ် သဘောကျမိတဲ့ လက်ရာတခုကတော့ အသက်မသေအောင်ကြိုးပမ်းချက် ကိုးခု လို့ အမည်ပေးထားတဲ့ ဗီဒီယိုတခုဖြစ်ပါတယ်။တင်ပြပုံ အင်မတန်ရိုးရှင်းလှပါတယ်။ ၅၀ စင်တီမီတာX ၆၉ စင်တီမီတာရှိတဲ့ မျက်နှာပြင်ပေါ်မှာ ပရိုဂျက်တာနဲ့ ထိုးပြထားတဲ့ အဖြူအမဲ ဗီဒီယို တခု ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ လူတယောက်ရဲ့ မျက်နှာကို ပဲ အနီးကပ် ပြထားပြီး အမှတ်တမဲ့ကြည့်ရင် ဓါတ်ပုံတခု ကို ထိုးပြထားတယ်လို့ ထင်စရာရှိပေမယ့် အဲဒီလူရဲ့ မျက်နှာ က သာမာန်ကနေ တဖြည်းဖြည်း မျက်လုံးသိသိသာသာ ပြူးလာတာ စေ့ထားတဲ့ နုတ်ခမ်းတွေ ပိုစူလာတာ မျက်နှာပေါ်က ကြွက်သားတွေ တဖြည်းဖြည်းတင်းလာတာတွေ တွေ့လာရာက နေ ရုတ်တရက် ပါးစပ်ကြီးထိုးပွင့်လာပြီး ပင့်သက်ကြီးတခု ဝေါကနဲ မှုတ်ထုတ်လိုက်သံကြီးနဲ့ အတူ မောကြီးပန်းကြီး မျက်နှာကြီး ဖြစ်လာတော့ မှ စောစောက ဗီဒီယို ထဲမှာ အဲဒီပုဂ္ဂိုလ် ဟာ အသက်ကို မရှူ ပဲ အောင့်ပြီးထားတယ်ဆိုတာ ကို သဘောပေါက်လိုက်ရပါတယ်။ဒါပေမယ့် ကြည့်နေစဉ်မှာပဲ အဲဒီလူရဲ့ မျက်နှာ ဟာ ချက်ချင်းဓါတ်ပုံတခုကို ပြန်ဖြစ်သွားပြန်တာမို့ နောက်တကြိမ် အသက်ကို အောင့်ထားပြန်ပြီဆိုတာကို ကြည့်ပြီး ကိုယ်ပါ မွန်းကြပ် လာရ ပြန်ပါတယ် နှစ်မိနစ်သာသာကြာတဲ့ အခါ အသက်ကို ဆက်မအောင့်နိုင်တော့ပဲ ပါးစပ်ကြီးပွင့်လာပြီး မောကြီးပန်းကြီး ပြန်ရှူ ပြန်ပါတယ်။ဒီဗီယို ဟာ ပြသချိန် ၁၈ မိနစ်နဲ့ ၁၃ စက္ကန့်ကြာပြီး ဒီကြာချိန်အတွင်း အသက်ကို ကိုးကြိမ်တဆက်တည်း အောင့် ထား လိုက် ပင့်သက် မှု တ်ထုတ်လိုက် ဖြစ်စဉ်အတွင်းမှာ မျက်နှာပြင် ကြွက်သားတွေရဲ့ ၀င်သက်ထွက်သက် မရှိမှု ကြောင့် မွန်းကြပ် သိပ်သည်းတုန်ခါ လာမှု အသေးစိတ်တွေကို ရိုက်ပြထားတဲ့ ဒီဗီဒီယို ကတဆင့် ကျွန်တော်တို့ နေ့စဉ် ဘ၀ မှု လူသားရဲ့ ရှင်သန် မှု ကို လေးလေးနက်နက် တွေးတောဆင်ခြင်မိအောင် ဒီပြကွက်က စေ့ဆော်မှု ပေးပါတယ်။

 

နောက်ထပ်စိတ်ဝင်စားစရာ ကောင်း တဲ့  ပြကွက်တခုကတော့  Sleep of reason လို့ အမည်ပေးထားတဲ့  အခန်း အကြောင်း ဝေငှချင်ပါတယ်။ ဆယ့်ငါးပေ ပတ်လည် လောက် ရှိတဲ့  အခန်းတခု ဖြစ်ပြီးအခန်းထဲ ၀င်လိုက်တော့ ကြို ရောက်နေတဲ့ သူတွေက ကြမ်းပေါ်မှာ နံရံ တွေ ကို မှီပြီး ထိုင်နေကြတာမို့ လွတ်နေတဲ့ နံရံ တခုကို မှီ ပြီး ၀င်ထိုင်လိုက်ဖြစ်ပါတယ်။ အခန်းပေါက်ဝနဲ့ မျက်နှာချင်းဆိုင် နံရံ ကိုကပ်ပြီး  စားပွဲ ရှည် တခု ကို တွေ့ ရပါတယ်။ စားပွဲပေါ်မှာ ပန်းအိုး နှစ်လုံး နဲ့ ပန်းအိုးတွေ အလယ် မှာ ၁၄ လက်မ ရှေးခေတ်ကပေါ် တဲ့ TV တလုံးကို တွေ့ရပြီး TV မျက်နှာပြင်ပေါ် မှာတော့   နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့  လူတယောက်မျက်နှာ ကို ပြသထားတာတွေ့ရတာမို့  ဘာမှ သိပ်ထူးထူးခြားခြား မဟုတ်တဲ့ ဟာကြီး အချိန်ကုန်ခံပြီး ကြည့်နေကြတယ်လို့ တွေး လိုက်မိပါသေးတယ်။ အတွေးမှ မဆုံးခင်မှာ အခန်းက ရုတ်တရက်မှောင်ကျသွားပြီး အခန်းပတ်ပတ်လည် က နရံ အပြည့်  ဓါတ်မှန်ဖခင်ပြားပေါ်က အရိုး ခေါင်းကြီးပေါ်လာပြီး ပါးစပ်မေးရိုးကြီးကလည်း ဟစိဟစိ နဲ့  ထိတ်လန့်ဖွယ်လှုပ်ရှားမှု နဲ့ အတူ မျက်နှာကြက်တွေမှာ ချိတ်ထားတဲ့  စပီကာတွေက နေ တဟီးဟီး အသံကြီးတွေ ထွက်လာပြီး စက္ကန့်ပိုင်း အတွင်း လူတွေ အံ့အားသင့်နေတုန်းမှာပဲ ချက်ချင်း နံရံပေါ်က အရုပ်တွေရောအသံတွေပါ တပြိုင်နက်တည်း တိတ်ဆိတ်ပျေက်ကွယ် သွားမှုနဲ့ အတူ မျက်နှာကျက် မီးတွေ တပြိုင်နက်တည်း ပြန်လင်း လာပြီး နံရံ နားက စားပွဲပေါ် က ၁၄ လက်မ တီဗွီ မျက်နှာပြင်ပေါ် မှာ တိတ်ဆိတ်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ လူ ရဲ့ မျက်နှာကိုပဲ ပြန်ပြီး ကြည့်နေကြရပြန်ပါတယ်။ အဲလို ကြည့်နေစဉ်တွင်းမှာပဲ ချက်ချင်းမှောင် အတိပြန်ကျသွားပြီး နံရံပတ်ပတ်လည်လည်မှာ မီးတောက်တွေ ထလောင်နေတဲ့ ပုံတွေ နဲ့ အတူ ကြောက်မက်ဖွယ် လောင်ကျွမ်းသံတွေ ကျွက်ကျွက်ညံညံအောင် မျက်နှာကျက်က စပီကာတွေကနေ ကြားကြရပြန်ပါတယ်။ အံကြထိတ်လန့်မှုနဲ့ ငေးကြောင်ကြည့်နေကြတုန်း မှာပဲ ချက်ချင်းအားလုံးပျောက်ကွယ်သွားပြီး စားပွဲပေါ်က တီဗွီ လေးထဲမှာ  နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ လူပဲ ပြန်ပေါ် လာပြန်ပါတယ်။ ဒီလိုနဲ့ အားလုံး စားပွဲပေါ်က တီဗွီလေး ဆီ အာရုံ ပြန်စိုက်နေကြပြန်ပါတယ်။ မကြာခင်မှာပဲ မှောင်အတိကျ သွားပြီး ပတ်ပတ်လည် နံရံ တွေပေါ် မှာ တိုက်လေယဉ် ပျံ တွေ အုပ်ဖွဲ့ ပျံ သန်း လာကြတဲ့ ပုံ ရိပ်တွေနဲ့ အတူ တဝေါဝေါ လေယဉ် စက်သံတွေ ရုတ်ချည်း ညံကျွက် လာပြန်ပါတယ်။ စက္ကန့် အနည်းငယ် အတွင်းမှာ အခန်းမီးပြန်လင်းလာပြီး အားလုံး တိတ်ဆိတ် င်ြမ်သက်မှု နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ သူရဲ့ မျက်နှာကို ငေးကြည့် နေရပြန်ပါတယ်။ဒီ လက်ရာ မှာ Bill Viola ရဲ့  အလင်း နဲ့ အသံ တို့ အပေါ် ကောင်းစွာ နားလည်သဘောပေါက်ထား မှု ကြောင့် ပရိတ်သက်ဟာ အိပ်စက်နေသူရဲ့  အိပ်မက် ကမ္ဘာ ထဲကို ရောက်ရောက် သွားရသလို ခံစားရစေပါတယ်။

 

ဒီပြပွဲ တခုလုံးမှာ ပရိတ်သတ်ကို အဖမ်းစား နိုင်ဆုံး လက်ရာကတော့  Going forth by day လို့ အမည်ပေးထားတဲ့ လက်ရာ ဖြစ်ပါတယ်။ ဒီလက်ရာ ကို Bill Viola ဟာ ၂၀၀၂ ခုက ဖန်တီးခဲ့တာ ဖြစ်ပြီး ၃၅ မိနစ်စီ ကြာတဲ့ ဗီဒီယို ၅ ခုကို တပြိုက်နက်တည်း အခန်းထဲက နံရံ ပတ်ပတ်လည်တွေပေါ်မှာ နေရာ ခွဲပြီးတော့  .ပရိုဂျက်တာနဲ့ ထိုးပြီး ပြသထားတာ ဖြစ်ပါတယ်။ပေခြောက်ဆယ် လေးဆယ်လောက် အခန်းကျယ်ကြီး ဖြစ်ပြီး ထိပ်ဆုံး နံရံ မှာ တိုက်ခန်း တခုရဲ့ ရှေ့ မျက်နှာစာ ကို ရိုက်ကူးပြထားပါတယ်။ တိုက်ခန်း ကို တက်ဆင်းလုပ်တဲ့ လှေကား မှာ တချို့က တက်သွားပြး တချို့ လှေကားက ပြန်ဆင်းလာတာ တွေ့ ရပါတယ်။ပထမထပ်မှာ တော့  ပိတ်ထားတဲ့ မှန်ပြူတင်းပေါက် ကြီး နှစ်ခု ရှိပါတယ်။ တိုက်ခန်းရှေ့ က ပလက်ဖေါင်းမှာတော့  သုတ်တီးသုတ်ပြာ နဲ့ သွားလာနေတဲ့ သူတွေကို တွေ့ ရပါတယ်။ဒါကတော့ အခန်းထဲကို ၀င်လိုက်ရင် ထိပ်တည့်တည့် နံရံ ကြီး အပြည့် ထိုးပြထားတဲ့ ဗီဒီယိုထဲက ပုံရိပ်များဖြစ်ပါတယ်။ ပရိတ်သတ်တွေအားလုံးကတော့ ကော်ဇောခင်းထားတဲ့ ကြမ်းပြင်ရဲ့ အလယ်မှာ ပဲ အားလုံးထိုင်နေကြပြီး ပတ်ပတ်လည်မှာ ထိုးပြထားတဲ့ ဗီဒီယို တွေကို ကြည့်နေကြပါတယ်။ ၀င်ပေါက်က၀င်လာရင် ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့   ပေခြောက်ဆယ်လောက်ရှိတဲ့ နံရံကြီးမှာ တော့   ထင်းရှုးပင်ကြီးတွေ ပေါက်နေတဲ့ တောအုပ်ကြီးထဲမှာ ၀တ်ကောင်းစားလှတွေ  ၀င်စားထားတဲ့ အရွယ်မျိုးစုံသော သူတွေဟာ ပျော်ပွဲစားထွက်လာကြသလို လက်ထဲမှာ ထိုင်ဘို့ အခင်း သို့မဟုတ် သောက်စရာတခုခု သို့မဟုတ် လက်ဆောင်ပစ္စည်း သို့ မဟုတ် စားသောက်စရာ တွေထည့်ထားတဲ့ ခြင်းတွေ ကို ကိုင် ပြီး တိတ်တိတ် ဆိတ်ဆိတ် သွားနေကြပါတယ်။ အထူးသဖြင့် ဒီဗီဒီယို က လူတွေသွားနေတဲ့ ပုံကို တောအုပ်ထဲ မှာ အမျိုးအစားတူ ကင်မရာ လေးလုံးကို အကွာအဝေးတူ နေရာတိတိကျကျ  ဒေါက်တိုင်နဲ့ နေရာချပြီး ကင်မရာဖရိန် အတူတူ တပြိုင်နက် စလိုးမိုးရှင်း ရိုက်ချက်နဲ့ ရိုက်ထားတာဖြစ်ပြီး ပြန်ပြတဲ့ အခါ မှာ လည်း ပရိုဂျက်တာလေးလုံးကို မျက်နှာကြက် ကနေ အကွာအဝေး အတူတူ ချိန် ကာ ချိတ်ဆွဲထားပြီး ထိုးပြထားတာမို့   ဒီဗီဒီယို မှာ ပေခြောက်ဆယ်လောက် ရှည်လျားတဲ့   မြင်ကွင်းကြီးတခုကို ဖြစ်ပေါ်စေပြီး ဗီဒီယိုထဲက လူတွေ အားလုံးဟာ စားသောက်ဖွယ်တွေ တူရိယာပစ္စည်းတွေ စသည်ဖြင့် သယ်ဆောင်ပြီး ပေခြောက်ဆယ်လောက်ရှည်တဲ့ မြင်ကွင်းကြီး ရဲ့ တဖက်စွန်ကနေ အခြားတဖက်ဆီကို လျောက်သွားနေကြတာကို တွေ့ နေရပါတယ်။

ဒီနံရံ ပေါ် က မြင်ကွင်းရှည် ဗီဒီယို ကြီးနဲ့ မျက်နှာချင်းဆိုင် နံရံပေါ်မှာတော့  ဗီဒီယို နှစ်ခု ကို နေရာ ခွဲပြီး ပရိုဂျက်တာ နဲ့ ထိုးပြထားပါတယ်။ပထမ ဗီဒီိယို ထဲမှာတော့   ပင်လယ်ကွေ့တခုထဲက ဆိပ်ကမ်း ငယ်တခု ဖြစ်ပြီး သောင်ပြင်ပေါ်မှာ အိမ်ထောင်ပရိဘောဂ မျိုးစုံချထားပြီး အနားမှာ ပိုင်ရှင် ဖြစ်ဟန်တူ တဲ့ အဖွါးအို က ဘီးတပ် ကုလားထိုင်ပေါ်မှာ ထိုင်နေပါတယ်။သောင်စပ်မှာ ကျွန်တော်တို့ ဆီမှာ ဇက် လို့ ခေါ် တဲ့ မြစ်ကူးတဲ့ အခါ ကားတွေဘာတွေတင်သွားတဲ့ ဆွဲ သင်္ဘောငယ် တစီးဆိုက်ကပ်ထားပြီး အဖွါးအိုရဲ့ ခင်ပွန်းဖြစ်သူ အဖိုးအို က ပရိဘောဂတွေ ကို တခု ပြီး တခု ဇက်ပေါ် သယ်တင်နေတဲ့ အလုပ်သမားတွေကို ကြီးကြပ်နေတာ တွေ့ရပါတယ်။ အလုပ်သမားလေးငါးယောက်ဟာ သောင်ပြင်ပေါ် ပြန့်ကြဲ ချထားတဲ့  အိမ်ထောင်ပြောင်း ပစ္စည်း ပရိဘောဂမျိုးစုံ ကို တခုပြီး တခု သယ်ယူပြီး ဇက်ပေါ်မှာ စံနစ်တကျ နေရာချနေပါတယ်။ ဒီသောင်ပြင်ကနေ ပတ်တက်လာလို့ ရတဲ့  ကမ်းနဖူး ကျောက်တောင် ကမ္ဘားလေးပေါ် မှာ မှန်ချပ်တွေကာထားတဲ့ အခန်းငယ်လေးတခု ရှိပြီး အခန်းထဲက ကုတင်ပေါ်မှာ မကျန်းမမာဖြစ်နေတဲ့ အဖိုးအို တယောက် လဲလျောင်းနေပြီး ကုတင်ဘေးမှာ ၀တ်ကောင်းစားလှဝတ်ထားတဲ့ သားနဲ့ ချွေးမ လို့ တင်ရသူ နှစ်ဦး က အနီးကပ်ပြု စု နေတာ တွေ့ရပါတယ် .။သူတို့ အနားမှာ လူနာစောင့် လို့ ယူဆလို့ ရတဲ့ လူတယေက်က လည်း စောင့်နေပါတယ်။ ဒါကတော့   ခမ်းမကျယ် တဘက်က နံရံပေါ်မှာ ထိုးပြထားတဲ့ ဗီဒီယို နှစ်ခုထဲက တခုထဲက အကြောင်းအရာတွေ ဖြစ်ပါတယ်။

 

 

နောက်ထပ် ထိုးပြထားတဲ့ ဗီဒီယို တခုမှာတော့  ရှစ်ပေလောက် မြင့် တဲ့ ကျောက်ဆောင်လေးတွေ ပတ်ဝိုင်းနေတဲ့ အလယ်မှာ ရေစပ်စပ် အိုင်ငယ် တခု ရှိပါတယ် ကျောက်ဆောင်တွေနောက် မှာ အရေးပေါ်ကယ်တယ်ရေး ကရိယာတွေ ပါတဲ့ ထရပ်ကားတစီး ရပ်ထားပြီး အဲးဒီ ကားရဲ့ နောက်ခန်းတကားကို ဖွင့်ပြီး ကား နဲ့ ပါလာတဲ့ သူ တွေက အ၀ါရောင် ယူနီဖောင်းတွေ ဘွတ်ဘိနပ်လည်ရှည်တွေ အ၀ါရောင်ဖိုက်ဘာဦးထုပ်တွေ ဆောင်းထားပြီး ကားပေါ်က တုပ်ကြိုးခွေတွေ သေတ္တာ အမဲ တွေ ကို တခုချင်းသယ်ချနေပါတယ်။ အဲဒီ လူတွေနဲ့ အတူ တစုံတရာကို စိုးရိမ် ပူပန်နေပုံ ရတဲ့ အမျိုးသမီးတယောက် လည်းပါနေပါတယ်။ ဒီဗီဒီယိုထဲမှာ အချိန်က မှောင်ရီပြိုးပြ ကနေ တစတစ မှောင်လာပါတယ် အကုန်လုံး အလယ်က နေအိုင်ငယ် ကိုလည်း ကြည့်နေကြပါတယ်။ နောက်တော့ ပစ္စည်းတွေ ချပြီးတဲက နောက် ထရပ်ကားက မောင်းထွက်သွားပြီး မြင်ကွင်းထဲက  ပျောက်ကွယ်သွားပြီး ကယ်ဆယ်ရေး ပုဂ္ဂိုလ်တွေ ပေါ် မိုးက အကြီး အကျယ် ရွာချ ပါတယ် ။အခန်းထောင့်က စပီကာတွေက နေ မိုးရွာ ချတဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။ဒါကြောင့် နီးရာ ကျောက်ဆောင်တွေကြားမှာ နေရာခွဲပြီး မိုးကာစတွေခြုံ ပြီး မိုးခိုရပါတယ်။ နောက်တော့ လုံးဝမှောင်သွားတာမို့ အားလုံး ကျောက် တုံးကြီးတွေနားမှာပဲ လူခွဲ နေရာခင်းပြီး အ၀ါရောင်ယူနီဖောင်းကြီးတွေချွတ်ပြီး ကြုံ သလို မှေးကား ရှိတာလေးတွေ ခြူံ ပြီး မှေး ကြပါတယ်။ နောက်ဆုံးမှာတော့ တဖွဲ့သားလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် နေကြပါတယ်။

ပရိတ်သတ်တွေ ၀င်လာတဲ့  ခန်းမရဲ့  ၀င်ပေါက် နံရံ တခုလုံးပေါ်ကို တော့ လောင်ကျွမ်းနေတဲ့ မီးတောက်တွေ ကိုထိုးပြထားပါတယ်။ အခန်းထောင့်တွေမှာ တပ်ထားတဲ့ စပီကာတွေ ကို စနစ်တကျ တပ်ထားတာ ဖြစ်တဲ့ အပြင် လိုအပ်တဲ့ အသံတွေကို ဖမ်းယူတဲ့ အခါ မှာ လည်း အသံတွေရဲ့ အရည်အသွေး ကို အထူးဂရိုက်စိုက်ဖမ်းထားတာမို့  မိုးရေကျသံ လမ်းပေါ် သွားနေတဲ့ လူတွေ ဘိနပ်ခွါသံ တွေ ကအစ ဒီဂျစ်တယ် စနစ် နဲ့ ဗီဒီယို ပြကွက် အသီးသီး က ထွက်နေတဲ့ အသံတွေကို ရောနှောပြီးမှာ ပြန်ထုတ်ထားတာ တွေ့ရပါတယ်။

အခန်းထဲ မှာ စောင့်ကြည့်နေတဲ့ ပရိတ်သတ်ဟာ လေးဘက်လေးတန်စလုံးမှာ အချိန်နဲ့ အမျှ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လွတ်လပ်စွာ ဗီဒီယို တခုကနေ တခုကို အကြည့်ရွှေ့ပြီး အကဲခတ်နေတဲ့ အခါ  ထိပ်ဆုံး က တိုက်ခန်းကို ထိုးပြထားတဲ့ ဗီဒီယို တွေ ထဲမှာ တိုက်ခန်းလှေကားနေ တချှို့ က ဆိုဖါကြီး သယ်ချ လာကြပြန်ပါတယ် ။လူတယောက်က တော့ စာအုပ်တွေ တထပ်ကြီးကို ပွေ့ပြီး အရေးတကြီးသွားနေပါတယ်။ ကပ္ဗလီမ တယောက်ကတော့  ကလေး လေးကို တွန်းလှည်းတဲ့ တွန်းလာပါတယ်။ တချို့က ပန်းအိုးကြီး ကို သယ်လာတယ် ။ စုတ်စုတ် ပြတ်ပြတ် လုတယောက်က တုန်ချိချိ နဲ့ လာပြီး လှေကားရင်းက နံရံ မှာ ကပ်မှီပြီး လှဲနေပန်ပါတယ.်။ လူတွေက သူ့ကို ဂရုတချက်မစိုက်ပဲ ကျော်ခွပြီး လိုရာ သွားနေကြပြန်ပါတယ်။ သားသားနားနား လူတယောက်က နာရီတကြည့်နေတုန်း နောက်ထပ် နောက်လာတဲ့  ဘွဲ့ဝတ်စုံ ခြုံထားတဲ့ လူနဲ့ စကားရပ်ပြောနေပါတယ်။ မိန်းမတယောက်က မီးအိပ်ကြီး ကို အိမ်ထဲက သယ်ထွက်လာပါတယ်။တယောက် က ထရမ်းပက်ကြီး ကို ယူလာပြီး ရပ်မှုတ်နေပါတယ်။ ပြီး ဆက်ထွက်သွားပါတယ်။ ရင်သားဖေါ်ပြီး ဂါဝန် ၀တ်ထားတဲ့ မိန်းမငယ် တယောက်က ခွေးကလေးတကောင်ကို ကြိုး နဲ့ ဆွဲပြီး လမ်း လျောက်လာပြန်ပါတယ်။ အချိန်ကြာတာ နဲ့ အမျှ ဒီဗီဒီယို ထဲ က တိုက်ခန်းရှေ့ လမ်းပေါ် သွားလာနေကြသူတွေဟာ သုတ်တီးသုတ်ပြာ ဖြစ်လာကြတယ် .။ အလန့်တကြား အမူ အယာတွေဖြစ်လာကြတယ်။ တဖြည်း ဖြည်း ဘာကြောင့်  မှန်း မသိ လမ်းပေါ်မှာ ပြေးကြလွားကြပါတယ်။ 

 

ဒီအချိန်မှာ  ပင်လယ်ဆိပ်ကမ်းမှာ ပစ္စည်းတွေ သင်္ဘောပေါ်တင်နေတဲ့ ဗီဒီယို မှာတော့    ဇက်ပေါ် ကို ပစ္စည်းတွေ တော်တော်များများ ရောက်နေပြီး ကျန်တာ တွေ ဆက်ပြီး တင်နေပါတယ်။ ဆိပ်ကမ်းနဖူးက အိမ်လေးထဲ မှာ မကျန်းမာတဲ့ အဖိုးအို ကို စောင့်ကြည့်နေတဲ့   သားနဲ့ ချွေးမ က စောင့်ကြည့်နေရာ ကနေ ခဏအပြင်လက်ကို ထွက်ပြီး လမ်းလေးအတိုင်း ထွက်သွားကြပါတယ်။

ကျောက်ဆောင်တွေ နားမှာ လှဲနေသူတွေကတော့ နှစိနှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်နေတာ တွေ့ရပါတယ်။ နောက်တဖက် က နံရံ ရှည်ကြီးပေါ်မှာ ထိုးပြထားတဲ့ ဗီဒီယိုထဲမှာတော့  တောအုပ်ထဲ မှာ ၀တ်ကောင်းစားလှတွေ အမျိုးမျိုး ၀တ်ဆင်ထားတဲ့  သူတွေဟာ အားတက်သရော နဲ့  အဖွဲ့လိုက် အတွဲလိုက် တောအုပ်တထက်ကနေ နောက်တဖက်ဆီကို တရွေ့ရွေ့ သွားနေကြပါတယ်။

ဒီလိုနဲ့ ထိပ်ဆုံး နံရံကို ထိုးပြထားတဲ့ ဗီဒီယို ထဲက လူတွေ ပိုပြီး မြန်မြန်ဆန်ကြောက်လန့်တကြားပြေးလွားနေတုန်းမှာပဲ တိုင်ခန်း ကိုတက်တဲ့ လှေကားကနေ  ရေတွေ အလုံးလိုက် အရင်းလိုက် ထိုးကျလာပါတယ်။ ထို့အတူ အပေါ်ထပ် ပြူတင်းပေါက်နှစ်ခု ကနေ မှန်တခါးတွေ လည်း ရေလုံးအားနဲ့ ကျိုးပွင့် ထွက်သွားပြီး ရေတွေ အလုံးလိုက် လမ်းမပေါ်တရဟောကျလာပါတယ်။ ရေလုံးနဲ့ အတူ လှေကားကနေ စောစောက လမ်းပေါ် ပြေးနေတဲ့ လုတချို့  တလိမ့်ခေါက်ကွေး ကျလာတာလည်းတွေ့ရပါတယ်။ စောစောက လူတွေ သွားလာနေတဲ့ လမ်းပေါ်မှာ လည်း ထိုးကျလာတဲ့ ရေတွေ ဖုံးသွားသလို အခန်းတခုလုံးမှာလည်း စပီကာက ထွက်လာတဲ့ ရေတွေထိုးကျသံ ကြီးက သာ မင်းမူနေပါတော့တယ်။ ဒီနောက်မှာတော့ ရေအားက တဖြည်းဖြည်းချင်းနည်းလာပြီး တသွင်သွင်ကျ အပေါ်ကနေစီးကျနေတာကို ဆက်ပြထားပါတယ်။

j 

ဒီရေတွေ တိုက်ခန်းထဲက စီးကျလာတဲ့  အချိန်မှာ ပဲ ပင်လယ်ဆိပ်ကမ်းက အိမ်လေးထဲက အိပ်ယာပေါ်က လူမမာ အဖိုးအို ကသေဆုံးသွားပြီမို့  လူနာစောင့် လုပ်တဲ့သူက အခန်းထဲက ပြန်ထွက်လာပြီး အခန်းကို သော့ နဲ့ သေချာခတ်ထားခဲ့ပြီး မြင်ကွင်းထဲက ပျောက်ကွယ်သွားပါတယ်။ အဲဒီ အချိန်မှာ ပဲ ပရိဘောဂတွေ အားလုံးသဘောင်္ပေါ် ရောက်သွားပြီးမို့  ပိုင်ရှင်ဖြစ်တဲ့ အဖိုးအို က ဘီးတပ်ကုလားထိုင်ပေါ်က အဖွားအို ကို ဇက်ပေါ် တွန်းတင်လိုက်ပြီး အလုပ်သမားတွေကတော့ ချည်ထားတဲ့ ကြိုးတွေကို ဖြုတ်ပြီး သောင်ကမ်းစပ်မှာပဲ လက်ပြကျန်ခဲ့ကြပါတယ်။ အဲဒီနောက် သဘောင်္စက်နိုးသံကြီးထွက်ပေါ်လာပြီး သင်္ဘောဟာ စပြီးကမ်းကနေ စပြီး တဖြည်းဖြည်း ထွက်ခွါပါတော့တယ်.။ သင်္ဘော စတင် ထွက်ခွါချိန်လောက်မှာ အိမ်လေးဆီ ကို သေဆုံးသွားတဲ့ အဖိုးကြီးရဲ့ သားနဲ့ချွေးမ တို့ ရောက်လာကြပြီး တခါးပိတ်သော့ထားတာတွေ့တော့ တခါးကိုထုပြီး အဖေ အဖေ နဲ့ အဆက်မပြတ်ခေါ်ပါတယ်။တခါးကို သူထုထု ပြီး အဖေ အဖေ နဲ့ အော်ခေါ်နေချိန်မှာပဲ  ပင်လယ်ထဲမှာတော့ ဇက်သင်္ဘော ဟာ တဖြည်းဖြည်း ကမ်းစပ်နဲ့ ဝေးရာဆီကို ဝေးလို့ ဝေးလို့ သွားနေပြီး နောက်ဆုံး တဖြည်းဖြည်း သေးငယ် ဝေးကွာ ရင်းသွားနေပါတယ်။

 gg

သင်္ဘောဆိပ်ကမ်းက  စတင်ခွါနေချိန်  မှာပဲ သူ့ဘေးမှာထိုးပြထားတဲ့   ဗီဒီယို ထဲ မှာ တော့  ကျောက်ဆောင်တွေဘေးမှာ လူတွေ အတုံးအရုံး လှဲအိပ် နေတဲ့     အချိန်မှာ အိပ် နေတဲ့ လူတွေနားက ရေအိုင်လေးထဲက ကို မိုးစက်တွေ ဖြာကျလာပြီး နောက်ပိုင်း မှာ  ရေအိုင်လေးထဲကနေ လူတယောက် ပေါ်လာပြီး တဖြည်းဖြည်း ချင်း မော့ကာ ကောင်းကင်ပေါ် ကို တဖြည်းဖြည်း ချင်းမြင့်တက်ကာ ပျောက်ကွယ်သွားတာတွေ့ရပါတယ်။ နောက်ပိုင်းမှာတော့  အိပ်စက်နေသူတွေ  နိုးလာပြီး ခရီးထွက်ကြဘို့ ပြင်ဆင်ကာ ထွက်ခွါ သွားကြပါတယ်။

ဒါကတော့ အကြမ်းဖျင်း အားဖြင့်  ပရိုဂျက်တာတွေနဲ့ ထိုးပြထားတဲ့   ၃၅ မိနစ်စာ ဗီဒီယို လေးခုမှာ တပြိုင်နက် ဖြစ်နေတဲ့ ပုံရိပ်တွေကို တတ်နိုင်သလောက် ပြန်ပြီး စာနဲ့ သရုပ်ဖေါ်ကြည့်တာဖြစ်ပါတယ်။ ပရိတ်သတ်တွေ အားလုံးဟာ  ပြကွက်လေးခုမှာ ဖြစ်နေတဲ့  အကြောင်းအရာတွေကို တပြိုင်နက်တည်း ကြည့်ရှု ပြီး တယောက်တမျိုးစီ ခံစားနိုင်ကြပါတယ်။ တခုချင်းမျာ ဇာတ်လမ်းတမျိုးစီ ဖြစ်နေပြီး ဒီ အဖြစ်အပျက်တွေဟာ တခုနဲ့ တခု ပေါင်းစပ်ပြီး ဇာတ်လမ်းကြီးတခု ကိုပြောပြနေသလို လုပ်ထားသလို သူ့ ဖါသူ သီးခြားလည်း ဖြစ်တည်နေပြန်ပါတယ်။ အထူးသဖြင့် ဒီပြခန်းမှာ Bill Viola ဟာ ဘ၀ ရှင်သန်နေထိုင်ခြင်း ရုန်းကန်ရင်ခြင်း၊ အိုခြင်း နာခြင်း . သေခြင်း တွေ နဲ့ တမလွန် တို့ အကြောင်းကို နက်နက်ရှိုင်းရှိုင်း ပြောပြသွားသလို ခံစားရပါတယ်။ ကင်မရာ တွေ ပေါင်းစပ်ပြီး အလုပ်လုပ်တဲ့ အခါ ပရိုဂျက်တာတွေကို စုပေါင်းပြီးစံနစ်တကျ ပေါင်းစပ် အလုပ်လုပ် တဲ့ အခါ ဖြစ်လာနိုင်တဲ့ ပုံရိပ်တွေ အသံတွေ ရဲ့ ရလဒ် တွေကို ကောင်းစွာသိရှိပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြ သွားတာတွေ့ရပါတယ်။

ff 

အမှန်အတိုင်းပြောရရင် ရှေ့ က အခန်းတွေမှာ လည်း စိတ်ဝင်စားစရာ ကောင်းတဲ့ လက်ရာတော်တော်များများ ကို အချိန်တော်တော်ယူပြီး ကြည့်လာခဲ့ပြီးမှာ ဒီဗီဒီယို ၅ ခုတပြိုင်နက်တထည်းထိုးပြတဲ့ အခန်းဆီရောက်ခဲ့တာမို့ ဒိပြသချိန် ၃၅ မိနစ် က လည်း အကောင်းဆုံး အင်အားအရှိဆုံး ပြကွက်တွေ ဖြစ်နေတာမို့  စိတ်ထဲမှာ တော်တော် အရသာရှိပြီး အဆာပြေသွားပါတယ်။ အဲဒိတော့ ဒီလက်ရာပြီး ရင် ပြီးပြီဆိုပြီး အပြင်ထွက်ပေါက်ကိုမေးပြီး အောက်ထပ်ကို လှေကားက ပတ်ပြီး ဆင်းခဲ့ပါတယ်။အောက်ထပ်ရောက်တဲ့ အခါ ပြပွဲရဲ့ နောက်ထပ်ဗီဒီယို လက်ရာတွေနဲ့ ဆက်တိုးတာပြန်ပါတယ်။ အထူးသဖြင့် ဒီအခန်းကြီး နံရံက သိသိသာသာ ကြီးကို မြင့်ပြီး ထိုးပြထားတဲ့ ဗီဒီယို မျက်နှာပြင် က လည်း  ဒေါင်လိုက် ပုံစံ မှာ အကျယ် ဆယ်ပေ အမြင့် ပေ ၃၀ ကျော် လောက်ကြီးတဲ့ မျက်နှာပြင်ကြီး ဖြစ်နေပါတယ်။ ထိုးပြထားတဲ့ ဗီဒီယို မှာတော့  အဖြူရောင်ဝမ်းဆက် ၀တ်စုံ ၀တ်ထားတဲ့ လူတယောက် ၃ပေလောက်မြင့်တဲ့ ကျောက်သားပကတိ  ကျောက်ကုတင်ပေါ်မှာ ပက်လက်အိပ်နေပါတယ် ။ သူအိပ်နေတဲ့ အခန်း နောက်က နံရံက ကျောက်သားပကတိနံရံပြင်ကြီး ဖြစ်ပြီးတော့  အပေါ် မျက်နှာကြက်ဆီကနေ မီးဆလိုက်တွေ နဲ့ လူဆီ ထိုးထားတာမို့  ပုံရိပ်ထဲမှာ လှဲအိပ်နေတဲ့ ၀တ်စုံဖြူ လုကလွဲလို့  နောက်ခံ မှာ မှောင်မဲနေပါတယ်။ ဒီနောက်မှာ အပေါ်ကနေ မိုးစက်ပေါက်လေး တစက်စ နှစ်စက်စ  ကျလာပါတယ် မိုးစက်တွေ ဟာ အပေါ်က ထိုးထားတဲ့ မီးရောင်နဲ့  ပုံရိပ် အရည်အသွေး အမြင့်ဆုံးထွက်တဲ့ ကင်မရာ ရဲ့ အနှေးရိုက်ချက်ကြောင့် ရေစက်တွေ ကျလာတာကို အသေးစိတ်မြင်နေရပါတယ်။ပြီးတဲ့ အခါမှာ အောက်က လှဲနေတဲ့ လူ သို့မဟုတ် ကျောက်သားကုတင်ပေါ် ကို ကျသွားတဲ့ ရေစက်ရဲ့ အသံ ကို ဒစ်ဂျစ်တယ် အသံဖမ်းစံနစ် နဲ့ ဖမ်းပြီး အသံထွက် အမြင့်ဆုံး စပီကာက နေပြန်ထုတ်ထားတာမို့  ရေစက်တွေကျလာသံတွေဟာ ဂီတသံတွေလို ဖြစ်နေပါတယ်။ အဲဒီနောက်မှာတော့ ရေစက်တွေ တဖြည်းဖြည်း ပိုပို ပြီး သည်းသည်းမည်းမည်း ရွာကျ လာတဲ့ မြင်ကွင်းဟာ အလင်းရောင်ပြင်းပြင်းအောက်မှာ ကြည့်ရှုနေသူတွေကို အထူးတလည်ဖမ်းစားထားပြီး ရေတွေကျအမြင့်က အရှိန်ပြင်းပြင်းကျနေသံကိုလည်း ရေတံခွန်ကြီးတခုနားရောက်နေသလို ခြောက်ခြောက်ခြားခြားကြားနေရပါတယ်။ ပြသချိန် ဆယ်မိနစ်အတွင်းမှာ ရေတွေက ရေတံခွန်ကြီးတခုလို ကျလာတုန်း ကျောက်သားပေါ်လှဲ အိပ်နေသူ ရဲ့ ခန္ဒကိုယ် ဟာ ပက်လက် အနေ အထားအတိုင်း အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာပြီး ရေစက်ပေါက်တွေကြားမှာပဲ ကောင်းကင်ပေါ်ကို တဖြည်ဖြည်းချင်း မြင့်တက်ပျောက်ကွယ်သွားတာ ကို တအံ့တသြ တွေ့ခဲ့ရပါတော့တယ်.။ဒီပြကွက် ဟာ မျက်လှည့်တခု ဆန်လှသလို ပေးထားတဲ့ နာမည်ကလည်း ကဗျာဆန်လှပါတယ်။ ရေတံခွန်တခုအောက်က တောင်တလုံးရဲ့ အသံ  လို့ အမည်ပေးထားပါတယ်။

 jj

ပြပွဲထဲမှာ ပြထားတဲ့ လက်ရာပေါင်း ၂၀ စလုံးဟာ တမျိုးတဘာသာစီ လေးနက်ကျယ်ပြန့်တဲ့ လက်ရာတွေ ဖြစ်သလို Bill Violaရဲ့ အနုပညာသည် ဘ၀ တလျောက် ဖြတ်သန်းခဲ့ သမျ ကင်မရာ အမျိုးမျိုး အလင်းပေးစနစ် အမျိုးမျိုး အသံဖမ်းစနစ်အမျိုးမျိုး မော်နီတာ မရိုဂျက်အမျိုးမျိုး စပီကာ အမျိုးမျိုး တို့ ကို နှစ်ကာလများစွာ ထိတွေ့သုံးစွဲံနားလည်သဘောပေါက်မှု ကနေ တဆင့် မိမိကိုယ်ပိုင် လောက အမြင်ကို ပါထည့်သွင်း ဖန်တီးထားတဲ့ လက်ရာတွေမို့ တမျိုးစီထူးခြားလှတဲ့ လက်ရာတွေချည်း ဖြစ်နေပါတယ်။ဒီဆောင်းပါးနိဂုံးမချူပ်ခင်မှာ အိပ်မက် မက်သူများ ဆိုတဲ့ ၂၀၁၃ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ လက်ရာ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၇၂ လက်မ LED မော်နီတာ ၇ ခု ကို အခန်းပတ်ပတ်လည် နံရံ ပေါ်မှာ ချိတ်ဆွဲထားပြီး မော်နီတာတခုစီမှာ ထိုးပြထားတဲ့ ဗီဒိယို ပုံရိပ်တွေက ရေထဲမှာ ပက်လက်မြုပ်နေတဲ့ လူခွန်နစ်ဦးကို တွေ့ရပါတယ်။ သူတို့ ထဲမှာ အဖွား အိုတဦး ။၁၂ နှစ်အရွယ် မိန်းကလေးငယ် တဦး ၊အာဖရိကန် မိန်းမတဦး တရုတ်နွယ်ဖွားလူထတ်ပိုင်းတဦး စသည်ဖြင့် အရွယ်မျိုးစုံ လိင်မျိုးစုံ နိုင်ငံသားမျိုးစုံ တွေ့ရပါတယ် ။ဗီဒီယို ထဲမှာ သူတို့ ခန္ဒာကိုယ်ဟာ ဒူးခေါင်း လောက်ကနေ အပေါ်ပိုင်းကို တွေ့ရပြီး ရေထဲမှာ သူတို့ နစ်မြူပ်နေတာကို ဘေးပတ်ပတ်လည်ကနေ အလင်းရောင်ထိုးထားတာမို့ သူတို့ အ၀တ်အစားတွေ ကိုယ်တွေက လင်းပ နေပါတယ် သူတို့ မျက်နှာအားလုံးမှာ လည်း ငြိမ်းအေးချမ်းသာကျေနပ် နေသလို ဖြစ်နေပြီး ရေထဲ မှာ ပြန့်မျောနေတဲ့သူတို့ ဆံပင်တွေ ကို အောက်ခံ မျက်နှာပြင် ကျောက်ခဲလေးတွေပေါ် လွင့်နေတာတွေ့ရပါတယ်။ အထူးသဖြင့် ရံဖန်ရံခါ သူတို့ ပါးစပ်တဲ့ အ၀တ်အစားတွေကြားကနေ ရေပူဘောင်း သေးသေးလေးတွေဟာ ရေမျက်နှာပြင်ပေါ် တက်တက်ခာတာတွေ့ရပါပြီး အခန်းတခုလုံးမှာ စပီကာတွေက ထွက်နေတဲ့ ရေဗူဘောင်းသံလေးတွေ နဲ့ ရေသံလေးတွေသဲ့သဲ့ ထွက်ပေါ်နေပါတယ်။ အခန်းထဲ ၀င်လိုက်တာန့ ကျေနပ် နှစ်သိမ့် ပျော်ရွင်လာတဲ့ ခံစားမှု ကို ခံစားရပါတယ်။ Bill Viola ရဲ့  အနုပညာကို ပြခန်းတွေ တခန်းဝင်တခန်းထွက် ကြည့်ရှုခံစားလိုက်တာ ဘယ်လောက်ကောင်းလဲတော့ မသိပါဘူး။ လက်ထဲ မှာ ပါလာတဲ့ စက္ကူ အိတ် ထဲ ကချယ်ရီသီးတွေ ပါးစပ်ထည့် လိုက် နဲ့ အနုပညာထဲ မျောနေလိုက်တာ ချယ်ရီသီးက အရည်တွေ ၀တ်ထားတဲ့ တီရှပ် ဖြူလွလွ ရဲ့  ရင်ဘတ် နေရာပေါ် ကျပြီး စွန်းကွက်နေတာ ကိုသတိမပြူမိသလို ဖြစ်သွားပြီး ပြခန်းကထွက်ပြီး ကော်ဖိဆိုင်ရောက်ခဲ့ အခါ ဇနီးလုပ်သူက စတွေ့ သွားပြီး အကြီးအကျယ် စိတ်ညစ်သွားပုံ ဒါလည်း သဘာဝတော့ကျပါတယ် ။တခါတလေ ပဲရစ်မြို့   လာလည်ပါတယ် ရင်ဘတ်မှာ ချယ်ရီသီး အရည်တွေ ကွက်စွန်းနေတဲ့ ဘဲတပွေ နဲ့ တော့ အတူတွဲပြီး ဘယ် ဆက်သွားချင်တော့ မှာ လဲ။ ဒါနဲ့ ကျွန်တော့ကို ကော်ဖီဆိုင်မှာ ထားခဲ့ပြီး  အနုပညာပြပွဲက အထွက် Bill Viola ရဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အရောင်းဆိုင်မှာ Bill Violaရဲ့ လက်မှတ်ပါတဲ့ တီရှပ် အဖြူတထည် ၀ယ်လာပေးတာမို့ အိမ်သာမှာ သွားပြီး လဲလှယ်ဝတ်ဆင်ပြီးထွက်ခဲ့ပါတယ်။ နမော်နမဲ့ နိုင်မှု ကျေးဇူးကြောင့် ရခဲ့တဲ့ တီရှပ်ကို လဲဝတ်ပြီးတော့ ရင်ဘတ်ပေါ် က သူ့လက်မှတ် နဲ့ ရေးထားတဲ့ စာတန်းကို ပြန်ငုံ့ ဖတ်ကြည့်တဲ့ အခါ 

                               အနုပညာနဲ့ ရှင်သန်နေထိုင်လိုက်ပါ.။

                               ဘာမှ တခြားမတွေးပါနဲ့  ………။ 

                                                Bill Viola   ပါတဲ့ ခင်ဗျာ။

 

                                                                                                     ပန်းချီထိန်လင်း