User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
      
                         
        ဓါတ်ပုံထဲမှာပါတဲ့ ကလေးလေးကိုကို ၂၀၀၉ခုနှစ်က စတင်သိကျွမ်းခဲ့လေသည်။ ထိုဓါတ်ပုံလေးကို ကျမနှင့် သားအမိလို ရင်းနှီးသည့်အခါမှ သူက ထုတ်ပြခဲ့တာပင်။ သူက ကျမရဲ သမီးကြီးထက် အသက် တစ်နှစ် ပိုကြီးသည်။  သို့သော် ဖြတ်သန်းရသည့် ဘဝအတွေ့အကြုံက ကြမ်းတမ်း ခက်ခဲလှသည်။ သူ့ကို စတင်သိသည့် အရွယ် အသက်(၂၀)မှာ အိမ်ထောင်ကျနေပြီ။ အိမ်ထောင်ဘက်ရသည်ကတော့  ကံကောင်းတယ် ပြောရမည်။   ပညာတတ်( ဒီနေရာမှာ ပညာတတ်လို့ သုံးလိုက်တာ ဘွဲ့ရလို့ ဆိုလိုခြင်းမဟုတ်) လူငယ်တဦး၊ သတင်းသမား စာရေးသူ တယောက်၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် နိုင်ငံရေး အသားပေး စာအုပ်များကို  ကောင်းစွာ ဖတ်နိုင် ဘာသာပြန်နိုင်သူတယောက်။ ဒါ့ကြောင့်လည်း စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီး နှိပ်စက်ခြင်းက လွတ်မြောက်အောင်  ဖခင်ဖြစ်သူက လက်စွဲပြီး ထွက်ပြေးလာခဲ့ရသည့်  ရန်ကုန်က အထက်တန်းကျောင်း တခုက သုံးဘာသာ ဂုဏ်ထူးဖြင့် အထက်တန်းအောင်မြင်ပြီးသား ကျောင်းသူ ကလေးမလေးကို လက်ထပ်ပြီးနောက် တပြည်တရွာမှာ တက္ကသိုလ်ဆက်တက်နိုင်အောင် ဖေးမ တွန်းအားပေးခဲ့သည်။ 
                  စာရေးသူတို့နှင့် ဒီကလေးမက အတိတ်ရေစက် နီးပုံရသည်။ ၂၀၁၀ခုနှစ်မှာ တအိမ်ထဲမှာ အတူနေဖို့ ကြုံရင်း မိသားစုလိုဖြစ်လာသည်။ ထိုအိမ်မှာ မိသားစု သုံးစု အတူနေခဲ့ကြဖူးသည်။ တအိမ်ထဲဆိုသော်လည်း  အိမ်ကကျယ်သည်။ ကြီးသည်။ ပြီးတော့ သုံးထပ်၊ အိမ်ဘေးမှာ ကပ်ရက် တိုက်တစ်လုံး ရှိသည်။ ထိုအိမ်မှာ ကိုမင်းသိုက်( ကြိုး ဇာတ်ကား ဖန်တီးသူ) နှင့် သူ့ဇနီး နေသည်။ ရေချိုးခန်း၊ မီးဖိုချောင်၊ အိမ်သာ သီးသန့်၊ အိမ်မကြီးနှင့် မစပ်ယှက်။ ဒီဘက်က အိမ်မကြီးမှာ အောက်ထပ်က ဧည့်ခန်း ၊ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်က နှစ်ဆင့်( နှစ်ခန်း)၊ ဒုတိယထပ်မှာ အခန်းကျယ်ကြီး နှစ်ခု၊ ဝရန်တာအကျယ်ကြီး တခုနှင့် ရေချိုးခန်း၊ အိမ်သာရှိသည်။ ထိုအထပ်မှာ စာရေးသူတို့ မိသားစု နေထိုင်သည်။ ထိုကလေးမလေး လင်မယားက အပေါ်ဆုံးထပ်မှာ နေသည်။ အိမ်ကျယ်သည့် အတွက် တယောက်နှင့်တယောက် မတွေ့ကြ။ ညနေဆိုလျှင်ဖြင့် အောက်ကိုဆင်းကာ အိမ်ရှေ့ ကွက်လပ်မှာ ထိုင်စကားပြောကြသည်။ ကိုမင်းသိုက်ရဲ့ အမျိုးသမီးက ရန်ကုန်သို့ မကြာမကြာ ပြန်တတ်ရာ၊ သွားလိုက်လာလိုက် နေသည့်အတွက် ကျမနှင့် ထိုကလေးမလေး တို့ အဖော်ပြုကာ နေကြလေသည်။                    ကျမရဲ့ သမီးတွေနှင့် အပြင်သွားစရာရှိက သူ့ကိုပါ အတူခေါ်သည်။ သမီးတွေလားဟု မေးလာသူရှိက ဟုတ်တယ်ဟု ကျမက ဖြေသည်။ စိတ်ထဲမှာ ဒီကလေးမလေးကို ကိုယ့်သမီးတယောက်လို ဖြစ်မိသည်။ သူ့မှာ မိခင်နှင့် ကင်းကွာ နေရသည့်အတွက် ကျမတို့ သားအမိတွေ လုံးထွေး ငြင်းခုံ ပြောဆိုနေတာမြင်ရင် ခပ်ငေးငေး ကြည့်ရင်း ပြုံးနေတတ်တာ သတိထားမိသည်။ အစပိုင်းမှာ သမီးလားလို့ သူ့ကို  အမေးခံရတိုင်း  ခပ်ရှိန်းရှိန်း ဖြစ်နေတတ်ပေမယ့် နောက်ပိုင်းမှာ သွက်သွက်လက်လက်ပင် သူက ဖြေလေသည်။ ကျမ သမီးတွေကိုလည်း သူ့ညီမတွေဟုပင် ပြောသည်။ ထိုစဉ်က သူ့မိခင် မသန္တာက အင်းစိန်ထောင်မှာ တသက်တကျွန်းကျနေသည့် အချိန် ဖြစ်သည်။ ထိုအကြောင်းတွေကို သူပြောလို့ သိရတာမဟုတ်၊ ကိုယ့်အသိုင်းအဝန်းက တဆင့် သိရတာဖြစ်သည်။ သူက သူ့အကြောင်း သူများအကြောင်း အလာပသလာပ မပြောတတ်။ နောက်ပိုင်းမှ သိရတာ သူက အဖေတူသမီး။  မိခင် ထောင်ကျနေသည့်အချိန်မှာ သူက အပျိုပေါက်ကလေး ဖြစ်နေပြီး ဖခင်နှင့် နေခဲ့ရသည့်အတွက် အချို့ကိစ္စတွေ သူမသိ။ ကျမကို တရင်းတနှီး ပြောဆိုမေးမြန်းရာက ရင်းနှီးရာမှ ဒီဓါတ်ပုံကလေးကို ထုတ်ပြလေသည်။ သူတို့ မိသားစု အကြောင်း ပြောပြလေသည်။
                    သူ့အဖေက ကိုပါကြီး၊ ၁၉၈၈ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ရှောက်သည့် သုံးရောင်ခြယ်အဖွဲ့မှ လူငယ်တဦး၊ သူ့အမေလည်း NLD အဖွဲ့ဝင်တဦး၊ နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်ကြရင်း အမေက ထောင်ကျနေပြီ။ သူသည် စိတ်မာသည်။ သူ့အမေအကြောင်း ပြောပြတာမှာ ဟန်မပျက်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ရင့်ကျက်နေသည့် သူ့ကို ကျမ သမီးများကို နမူနာပြ ပြောပြမိသည်။ ကျမသမီးတွေက သူ့အပေါ်  အမတယောက်လို ကြင်နာကြသည်။ ခင်မင်ကြသည်။ သူကလည်း သူ့ညီမတွေလို ဖေးမသည်။   အတူနေရင်း ကိုပါကြီးနှင့် မသန္တာတို့အကြောင်းကို သိနေရသည်။ ရန်ကုန်မှာ လေဖြတ်နေသည့် အဖိုးအကြောင်းလည်း သိရသည်။ သူ့အကြောင်းကို သူတပါးကို ပြောခဲလှသည့် သူသည် ကျမကို အတော်များများ ပြောပြတတ်သည်။ သူ့မိဘတွေနှင့် ကျမတို့လင်မယားမှာ  သက်တူရွယ်တူဟု မကြာခဏ ပြောတတ်သည်။ ကျမကလည်း ကိုယ်ဖြတ်သန်းခဲ့ရသည့် ဘဝတစိတ်တဒေသကို ပြန်ပြောပြရင်း လူ့ဘဝ အတွေ့အကြုံတွေကို မျှဝေပေးဖြစ်သည်။ အသက်အရွယ် ကွာပေမယ့် အတွေးအမြင် ခံယူချက် နီးစပ်သည်။ လူငယ်စကားနှင့်  ပြောရလျှင် ရင်ဘတ်ချင်း နီးကပ်သည်။ 
                 ကျမတို့ အိမ်ရဲ့ အိမ်သူကြီးဖြစ်သူ ကိုမင်းသိုက်က အလုပ်မှ နှုတ်ထွက်ပြီး နေရပ်ပြန်ဖို့  အကြောင်းဖြစ်လာသောအခါ ကျမတို့၏ မိသားစုလို နေကြသော အဆိုပါအိမ်ကြီးမှ တအိမ်ထောင်စုဆီ ခွဲထွက်ကြရင်း တနေရာစီ  ခွဲကာ နေထိုင်ကြရသည်။ သို့သော် အိမ်ကို အဝင်အထွက် မပျက်။ အကြောင်းရှိက သွားလာ ဝင်ထွက်ရင်း သူ့အမေ သတင်းကို မေးရသည်။ ၂၀၁၀ခုနှစ် နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများကို အခွဲခွဲ အထစ်ထစ် လွှတ်ပေးနေရာ အမြဲ သတင်းမေးရသည်။ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာတော့ မသန္တာ လွတ်မြောက်လာရာ  သားအမိတွေ ပြန်ဆုံကြကြောင်း ဝမ်းသာစရာ ကြားသိရသည်။ ယခုတော့ ဘယ်လောက်မှပင် မကြာလိုက် သူ့ဖခင်သည် ဘယ်တော့မှ မဆုံနိုင်သည့် ခရီးကို ထွက်သွားရပေပြီ။ မတရားနှိပ်စက် ဖမ်းဆီးခံရပြီး  သေဆုံးသွားခဲ့ရသည်။ 
                        ကိုပါကြီး ပျောက်နေသည့် သတင်းကို ကြားကတည်းက သူ့ဆီ ဖုန်းဆက်ပြီး သတင်းမေးသည်။ သူတို့လည်း သေသေချာချာ မသိ။ ဖမ်းသွားသည်သာ သိပြီး အခြေအနေကို စောင့်ကြည့်ဆဲ ဖြစ်သည်။ နောက်ပိုင်း သူ့အမေ မသန္တာက လူပျောက်မှုဖြင့် အမှုဖွင့်တာ သတင်းတွေမှာ ဖတ်ရသည်။ ရက်ပိုင်းအတွင်းမှာပင် ကိုပါကြီးကို စစ်တပ်က ပစ်ခတ်လိုက်၍ သေဆုံးသွားပြီ ဆိုသော သတင်းကို ဖတ်ရလေသည်။ ဤကလေးမလေးကို သတင်းမေးဖို့ တွန့်ဆုတ်နေမိသည်။ အင်မတန်မှ ဝမ်းနည်းကြေကွဲဖွယ်ရာ အတွက် အားပေးဖို့ စကားလုံးတွေ  ထွက်လာအောကျမကိုယ်တိုင်ပင် အင်အားကမရှိလှ။   ကျမကိုယ်တိုင်ပင် ဝမ်းနည်း ကြေကွဲရသည်။ ထပ်တူထပ်မျှ  တုန်လှုပ်မိသည်။ သို့သော် သူ့ကို အားပေးချင်သည်။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားပြီးမှ  သူ့ထံ တယ်လီဖုန်းဆက်သည်။ ပထမတကြိမ် သူ့ခင်ပွန်းကိုင်သည်။ မရိပ်မိ၊ နောက်ရက်မှာ ထပ်ဆက်သည်။ မကိုင်၊ နဲနဲတော့ ရိပ်မိသွားသည်။ ကျမအသံကို ကြားပါက သူတင်းထားသည့် စိတ်တို့ လျှော့ကျကာ အားကိုးတကြီး ငိုချလိုက်မည် ထင်သည်။ ဒါဆို ကျမရော ခံနိုင်ပါ့မလား၊ တွေးမိပြီး ဖုန်းထပ်မဆက်ပဲ ဖေ့စ်ဘွတ်ကနေ မက်စေ့ခ်ျပို့လိုက်သည်။ ထူးထူးထွေထွေ ဘာမှမမေးပဲ ကျန်းမာရေး ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို နေကောင်းအောင် နေဖို့သာ ရေးလိုက်သည်။ မကြာမီ စာပြန်ထားတာ တွေ့ရလေသည်။ 

" အန်တီ့ဖုန်းဆက်တာ သမီး တမင် မကိုင်တာပါ၊ သမီးကြားပါတယ်၊ သမီး ငိုမိမှာဆိုးလို့ပါတဲ့" 

နောက်ရက်မှာတော့ သူ့အဖေအတွက် အလှုလုပ်ရာ ဘုန်းကြီးကျောင်းမှာ ဆုံကြသည်။  သူနှင့်မတွေ့ခင်ကတည်းက ကိုယ့်စိတ်ကို သတိထားပြီး နေသည်။ တွေ့သည့် အခိုက်မှာ သူ့အဖေနှင့် ပတ်သက်တာတွေ မပြောပဲနေသည်။ မေးလည်း မမေး၊ မေးရန်လည်းမလို၊ သတင်းတွေက မီဒီယာမှာ အစုံ တက်နေပြီ။ သူ့မျက်နှာကိုသာ အကဲခပ်ရင်း သူ့အမေ မသန္တာအကြောင်းသာ မေးလိုက်သည်။ သူ့အမေအကြောင်း ပြောရင်းက သူ့အဖေ ကိုပါကြီးဆီ ဆက်သွားသည်။ စကားဆုံးအောင် မပြောနိုင်၊ ဆို့နစ်စွာ မျက်ရည်ကျသည်။ ကျမလည်း ဆက်မမေး ဘာမှမပြောပဲ ငြိမ်နေလိုက်သည်။ ၁၉၈၈ခုနှစ်ကတည်းက နိုင်ငံရေးနယ်ပယ်မှာ လှုပ်ရှားခဲ့သည့် မိသားစုထဲက သွေးသား၊ သူ့ကို မွေးဖွားသည့် ၁၉၉၀ခုနှစ်ကစပြီး ဘဝတလျှောက် ကြုံခဲ့ရသည့် ဖြတ်သန်းခဲ့ရသည်များက သူ့ကို အထိုက်အလျောက် ခံနိုင်ရည် ရှိစေခဲ့ဟန်တူသည်။ ငိုချမည့်ဟန်မှ မျက်ရည်သိမ်းလိုက်သည်။ အခိုက်အတန့်ပဲ ကြာသည်။ ကျမကို သူဆက်ပြောသည်။

" စပြီး အဖမ်းခံရတယ်ဆိုတာ ကြားလိုက်ကတည်းက သမီးတို့ တွေးမိပါတယ်။ စစ်တပ်က ဖမ်းတယ်ဆိုကတည်းက တရားရုံးရောက် ထောင်ချ၊ ဒီလောက်ပါပဲ သမီးတို့ ဒီလောက်အထိပဲ မှန်းထားပါတယ်၊ ထောင်ကျတဲ့အထိတော့ မှန်းထားပါတယ်။ ဒီလောက်ကြီးအထိ ရက်စက်မယ်လို့ ..............."
 စကားဆုံးအောင် မပြောနိုင်ပဲ အတန်ကြာပြီးမှ " ................................ ထင်မထားဘူး အန်တီရယ် တဲ့" 
                     ကျမ သူ့မျက်နှာကို ကြည့်ရင်း သူ့ရင်ထဲမှာ စိုက်ဝင်နေတဲ့ ဆူးကို တွေ့လိုက်ရသည်။ ဒီလို အမူအယာမျိုး ကျမ တွေ့ဖူးခဲ့ ရသည့် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတွေရဲ့ မျက်နှာတွေ များစွာ ရှိခဲ့ပါသည်။
                    ကချင်တိုင်းရင်းသူလေးတွေ၊ ရှမ်းတိုင်းရင်းသားတွေ၊ ကရင်အမျိုးသမီးလေးတွေ များစွာ ထိတွေ့ ပြောဆို ဆက်ဆံခဲ့ဖူးသည်။ ကျမကို တွေ့တွေ့ချင်း ဗမာ ဆိုသည်နှင့် အနည်းငယ်တွန့်ဆုတ်သွားကာ၊  သတိထားပြီး ဆက်ဆံသည့် အမူအယာရှိသည့် ကချင်တိုင်းရင်းသူလေးသည် ခင်မင်ရင်းနှီးသွားသည့်အခါမှာတော့ သူတို့ ကချင်ပြည်နယ် အစွန်အဖျားက ရွာတွေမှာ စစ်တပ်ရောက်လာပြီး သူပုန်နှင့်ဆက်ဆံသည်ဆိုကာ ဖမ်းသွားပြီး နှိပ်စက် ဘယ်ရောက်သွားမှန်းမသိရတော့သည့် သူတို့ရွာက လူငယ်တွေအကြောင်း ပြောပြတာ နားထောင်ရသည်။ ဗမာစစ်တပ်က တိုင်းရင်းသူလေးတွေကို မုဒိန်းကျင့်တာတွေ ပြောတာ ကြားရသည်။ စာကောင်းကောင်းမသင်ရပဲ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ရှောင်ရှား ဗျာများရတာတွေ ကြားဖူးရသည်။ 
ရှမ်းတိုင်းရင်းသူလေးကတော့ သူ့အမေက ရွာစဉ်လှည့်ပြီး ဆေးကုပေးသည့် ကျန်းမာရေးဆရာမ၊ စစ်တပ်ဝင်လာတော့ သူပုန်ကို ဆေးကုသပေးသည်ဆိုကာ ဖမ်းသည်။အကြိမ်ကြိမ် အဖမ်းခံရပြီးသည့်နောက်  မနေရဲတော့၊ ဆေးကုနေသရွေ့ ဖမ်းနေတော့မည်။ သမီးတွေကလည်း အရွယ်ရောက်လာပြီ။ ဒါ့ကြာင့် တဖက်နိုင်ငံထဲ ထွက်ပြေးပြီး နေရသည်။ သူတို့ရင်ထဲမှာ ဆူးတွေ ရှိသည်။ သူတို့ ပြောပြတာနားထောင်ရင်း ဒီပြဿနာ ဘယ်တော့ ဖြေရှင်းပြီးပါ့မလဲ တွေးနေမိသည်။ အလားတူ ရှမ်းတိုင်းရင်းသား လူငယ်တယောက်ကတော့ အသက်(၁၅) နှစ်ကတည်းက တဖက်နိုင်ငံသို့ ရောက်နေသည်။ သူ့အမေက သူ့ကို ရွာမှာထားပါက ဘိန်းသမား ဆေးသမား ဖြစ်သွားမှာလည်း စိုးရိမ်သည်။ စစ်တပ်က အရွယ်ရောက်လာသည့် လူငယ်တွေဆိုပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်သည် ဆက်နွယ်သည်ဆိုကာ အမြဲ သံသယရှိသည်။ အချိန်မရွေး ဖမ်းခေါ်သွားနိုင်သည်ဖြစ်ရာ စိတ်ချရအောင် တဖက်နိုင်ငံသို့ ထွက်သွားခိုင်း သဖြင့် ရောက်နေရသည်။ ကရင်တိုင်းရင်းသူလေးတွေကျပြန်တော့ စစ်ပြေးရင်း ဒုက္ခသည်စခန်းတွေမှာ လာရောက်နေထိုင်ရသည်။ ဒုက္ခသည်စခန်းတွေမှာ စာသင်ကျောင်းလေးတွေ ရှိနေတော့ တော်သေးသည်။ စာကို ဆက်သင်ချင်သူက ဆက်ပြီး သင်ယူလို့ရသည်တဲ့။ ရွာထဲကို စစ်တပ်ဝင်လာပါက စိုးရိမ်ကြောက်ရွံ့ရသော စိတ်တို့သည် ယခုတိုင် အိပ်မက် မက်နေဆဲ၊ ထိုအိပ်မက်ကို မက်မိပါက အိပ်ယာက နိုးလာသည့်တိုင် ထိတ်လန့် တုန်လှုပ်နေဆဲပါလို့ ပြောပြသည်။ ကရင်တိုင်းရင်းသူလေးတွေကတော့ ရိုးသားစွာပဲ သဘောကောင်းသည်။ မနောကောင်းသည် ၊ တခြားသူတွေလို ဗမာစစ်တပ်ကို သိပ်မုန်းတာပဲလို့ နာကျည်းစွာ မပြော။ စစ်ဖြစ်တာ မကောင်းပါဘူးလို့သာ ဆိုလေသည်။
 ဘယ်လိုပဲဖြစ်ဖြစ်  ထိုကလေးတွေနှင့် တွေ့ဆုံ စကားပြောဖြစ်တိုင်း သူတို့ရင်ထဲက ဆူးကို တွေ့မြင်ရသည်။ ယခု ကိုပါကြီးရဲ့ သမီး၊ သူ့ရင်ထဲမှာ ဆူး တချောင်းစိုက်ဝင်သွားပြန်ပြီလား၊ ရင်ထဲမှာ ဆူးတွေပြည့်နေမည့် မျိုးဆက်သစ် လူငယ်လေးတွေ ဖြစ်လာတော့မှာလား၊ မေတ္တာတရားပြည့်နေမှ မေတ္တာကို ပြန်လည်ပေးဝေ နိုင်ကြမှာဆိုလျှင်ဖြင့် အမုန်ဆူးတွေ စိုက်ဝင်နေပါလျှင် အမုန်းတွေ ပျံ့သွားတော့မှာလား တွေးရင်း အနာဂတ် လူငယ်လေးတွေ ရင်ထဲက ဆူးတွေကို အချိန်မီ ဖယ်ထုတ်ပေးနိုင်ဖို့ လိုအပ်နေပါပကောလို့ တွေးနေမိသည်။
                                                      ခိုင်ခိုင်စောလွင် 
           ခိ