User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
 
လန်ဒန် က ပန်းချီ ပြတိုက် တွေထဲမှာ  Serpentine art gallery ဆာပင်တိုင်း ဂယ်လာရီ က လည်း တမျိုးတဘာသာ။
Tate ပြတိုက်တွေ လို ပြတိုက်ပိုင် အဖြစ် စုဆောင်းထားတဲ့ လက်ရမျိုး မရှိပဲ။ Hayward  ပြခန်းတို့လိုပဲ အနုပညာလက်ရာတွေ ခင်းကျင်းပြလို့ ရအောင် နေရာကို စနစ်တကျ တည်ဆောင်ထားပြီး  ကွန်တန်ပိုရာရီ အနုပညာ လက်ရာတွေကိုပဲ သီးသီးခြားခြား စီစဉ်ပြသတဲ့ ဂယ်လာရီမျိုးဖြစ်ပါတယ်။ အထူးသဖြင့် ပြခန်းဒါရိုက်တာနဲ့  ကျွမ်းကျင်ပြီး  ခေတ်သစ် အနုပညာ နဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ရှိလှတဲ့ ပွဲ ခင်းကျင်းစီစဉ်သူတွေ ရှိတာကြောင့်  ဆာပင်တိုင်း က လုပ်တဲ့ ပြပွဲတွေဟာ တမျိုးတဘာသာ ထူးခြားတာ မို့  အနပညာလောကမှာကျော်ကြားပါတယ်။ နောက်ပြီး ဂယ်လာရီ ရဲ့ တည်နေရာက လည်း လန်ဒန်က အကျော်ကြားဆုံး Hyde Park ဟိုက်ပတ် ပန်းခြံ နဲ့  Kensington Gardens ကန်စင်တန်ပန်းခြံ နှစ်ခု အလယ်ခေါင် မှာ သီးသီခြားခြား တည်ရှိတာမို့  ပြပွဲ ခန်းမထဲတင် မက ပြင်ပ ပန်းခြံထဲမှာ ပါ ပန်းပု တွေကို  ကြိုက်သလို နေရာချ ခင်းကျင်း ပြသနိုင်တာမို့  လည်း နာမည်ကြီးပါတယ်။ 
  
လောလောဆယ်မှာတော့  ကမ္ဘာမှာ လူသိ အများဆုံး နဲ့ အကျော်ကြားဆုံး ပါဖွန့်မင့်  Performance အနပညာရှင် မဒီနာအမရာမာဗစ် Marina Abramovic ရဲ့  ၅၁၂ နာရီ လို့ အမည်ပေးထားတဲ့ ပါဖေါင်းမင့် အနုပညာ ပြပွဲ ခင်းကျင်းနေတယ် ဆိုတဲ့ အတွက် လန်ဒန်မှာ အခုလုပ်လာလုပ်နေပြီး အနုအညာ စိတ်ဝင်စားတဲ့  ညီငယ် ဗညား နဲ့ အတူ ကန်စင်တန်ပန်းခြံ ထဲ နွေရာသီ ပန်းတွေနဲ့ ငှက်တွေကြည့်ရင်း လမ်းလျောက် သွားခဲ့ ကြပါတယ်။ ဒီလိုလျောက်သွားရင်း ၂၀၁၀ ခုနှစ်လောက်က လန်ဒန် က Lisson Gallery မှာ မဒီနာအမရာမာဗစ် ရဲ့ ပြပွဲကို လန်ဒန်မှာ လုပ်တဲ့  မြန်မာ့ အနုပညာ ပွဲတော် အတွက် လန်ဒန် ရောက်နေတဲ့  ပါဖေါင်းမင့် အနပညာသမား မိုးစက်နဲ့ အတူ သွားကြည့်ခဲ့ကြတာ ကို သတိရနေမိပြန်ပါတယ်။ အဲဒီပွဲမှာ မဒီနာရဲ့ ပါဖေါင်းမင့် လုပ်နေတဲ့ ဓါတ်ပုံ တချို့ နဲ့ ပါဖောင့်မင့် မှတ်တမ်းဗီဒီယို နှစ်ခု ကို ပြသထားတာ ကြည့်ခဲ့ရဘူးပါတယ်။ အဲဒီပွဲမှာ သဘောအကျ ဆုံးလက်ရာကတော့ မဒီနာနဲ့  ငယ်စဉ်ဘ၀ ချစ်သူလည်း ဖြစ် အနုပညာလက်တွဲဖေါ် လည်း ဖြစ် တဲ့   အီလိုင်  နဲ့  မတ်တတ်ရပ်ကာ  လေးနဲ့ မြှား ကို အီလိုင်က မြှားဘက်က ကိုင် မဒီနာက လေးကိုင်းဘက်က ကိုင်ပြီး နှစ်ယောက်သား ခန္ဓာကိုယ်တွေကို နောက်ကို ယိုင်ပြီး  ကန်ဆွဲထားကြတဲ့ ပါဖေါင်းမင့် ဖြစ်ပါတယ်။ နှစ်ယောက်သားနောက်ကို ကန်ပြီး လေးနဲ့မြှားကို ဆွဲကြတဲ့ အခါ မြားက လေးကိုင်းကို ကိုင်ဆွဲထားတဲ့ မဒီနာရဲ့ ရင်ဝ တည့်တည့် ကို ချိန်ရွယ်ထားပြီးသားဖြစ်ပြီး အခန့်မသင့် လို့ မြှားကိုင်ထားသူဖက်က လက်လွတ်သွားခဲ့ရင် မြှားက မဒီနာရဲ့ ရင်ဝကို ဖေါက်ထွင်း သွား နိုင်ပါတယ်။ အထူးသဖြင့် အတူတွဲလုပ်တဲ့ အနပညာရှုင် နဲ့ အပြန်အလှန် နက်နက်ရှိုင်းရှိုင်း
နားလည်မှု ရှိမှ လုပ်နိုင်မဲ့ ပါဖောင်းမင့် မျိုး ဖြစ်ပါတယ်။
                    
မဒီနာအမရာမာဗစ်နဲ့ ပတ်သက်ပြီး နောက်ထပ် မှတ်မှတ်ရရ ပြောချင်တဲ့ ပွဲကတော့ ၂၀၁၂ ခုနှစ် က နယူးယောက်က MOMA (Museum of Modern Art) လို့ ကျော်ကြားတဲ့ ခေတ်သစ်အနပညာပြတိုက်မှာ လုပ်သွားတဲ့  The Artist is Present.ဆိုတဲ့  ပြပွဲဖြစ်ပါတယ်။အဲဒီ ပွဲ မှာ မဒီနာ ရဲ့ တသက် တာ အနပညာဖြတ်သန်းမှု အတွင်း လုပ်ခဲ့သမျှ ပါဖေါင်းမင့် လက်ရာတွေကို မျိုးဆက်သစ် လူငယ် ပါဖောင်းမင့် အနုပညာ ရှုင် တွေက ပြန်ပြီး နေ့စဉ် ပြတိုက်ထဲ မှာ ခင်းကျင်း တင်ဆက် ခဲ့ကြပါတယ်။ဒီပွဲ ကို မကြည့် လိုက်ရပေမယ့် ဒီပွဲ အတွက် သူတို့ ပြတိုက် ရဲ့ ဒါရိုက်တာရယ်  ပြပွဲ စီစဉ်သူ တွေရယ် ဘယ်လို အဆင့်ဆင့် ပြင်ဆင်ပြီး ခင်းကျင်းပြသခဲ့ တယ်ဆိုတာကို မှတ်တမ်းတင်ထားတဲ့ The artist is Present ဗီဒီယိုခွေ ထွက်လာတော့  ချက်ချင်း ပဲ ဝယ်ယူ ကြည့် ရှူ ခဲ့ပါတယ်။
 
                                    
မဒီနာ ရဲ့  ငယ်စဉ် ဘ၀ မှာ လုပ်ခဲ့တဲ့ လက်ရာတွေထဲ က အ၀တ်အစားမ၀တ်ပဲ တုံးလုံးလှဲ နေပြီး ကိုယ်ပေါ်မှာ အရိုးစု တခုကို တင်ထားတဲ့ လက်ရာ၊ပရိုဂျက်တာ ထိုးချထားတဲ့ အလင်းရောင်အောက်က နံရံ အမြင့် က  ရိုက်သွင်းထားတဲ့  ငုတ်ပေါ် မှာ ကိုယ်လုံးတီး ခွထိုင်ထားရတဲ့  ပြကွက်တွေ၊ လုံးတီး ရပ်နေတဲ့  ယောက်ျားတယောက်နဲ့ မိန်းမ တယောက်ကြားကို ပရိတ်သတ်က တိုးဝင်ပြီး ထွက်ရတဲ့ ပြကွက်တွေ ကို လူငယ်ပိုင်းတွေက ပြန်လုပ်ကြပါတယ်။ ဒါ အပြင် မဒီနာ လုပ်ခဲ့တဲ့ အထဲက ထူးခြားတဲ့ လက်ရာ တချှိုကို လည်း ဗီဒီယို ပရိုဂျက်တာတွေနဲ့ ပြခန်းတွေထဲမှာ ထိုးပြထားကြထားကြပါတယ်။ဒီလို လူငယ် အနပညရှင်တွေကို သူ့လက်ရာတွေမှာ ပြန်ပြီး အစားထိုးပြနိုင်ဘို့ မဒီနာက ကျေးလက်တောထဲက သူ့ အိမ် မှာ အားလုံး ကို ခေါ်  ၃ရက်တိတိ သူတို့ မိုဘိုင်းတယ်လီဖုန်းတွေ ကို သိမ်းယူ ထားပြီး စခန်းဝင်ကာ မဒီနာ ရဲ့ ယောဂ ကျင့်စဉ်ဆန်ဆန် လ့ကျင့် စဉ်တွေ ကို အရင်ကျင့်ကြရပါတယ်။
 
                                
MOMA ပြပွဲရဲ့  အဓိက ပြကွက်ကတော့  မဒီနာ က ခမ်းမ ကျယ်တခု အလယ် မှာ ထိုင်ခုံ နှစ်လုံး ချထားပြီး တလုံး မှာ မဒီနာ ကိုယ်တိုင် မနက် ၁၀ နာရီ ပြတိုက် ဖွင့်ချိန်ကစပြီး ညနေ ၅ နာရီ ပြတိုက်ပိတ်ချိန်  အထိ ထိုင်ရာ က တချက်မထပဲ ထိုင်နေမှာဖြစ်ပြီး ပရိတ်သတ်ထဲက မည်သူမဆို သူနဲ့ မျက်နှာ ချင်းဆိုင်က ထိုင်ခုံ ကို လာထိုင်ပြီး သူနဲ့ မျက်လုံးချင်းဆိုင်ထိုင်ကြည့်ပြီး ကြိုက်သလောက် ထိုင်ပြီး နေနိုင်မှာ ဖြစ်ပါတယ်။ ဒီ ပါဖောင်းမင့် အစီအစဉ် ဟာ စိန်ခေါ်ချက် အင်မတန်များတဲ့ စိတ်ကူးဖြစ်ပါတယ်။ တကယ် တမ်း မနက်ကနေ ညနေထိ ကုလားထိုင်ပေါ်မှာ မထပဲ  ၇ နာရီ တိတိ ထိုင်နေရဘို့ ဆိုတာ တရက်တလေ ဆိုရင် ဖြစ်နိုင်ပေမယ့်  ၃ လ တိုင်တိုင် နေ့စဉ် လုပ်နိုင် ဘို့ တော်ယုံ စိတ်ဓါတ်ကြံ့ ခိုင် မှု မ ဖြစ်နိုင်တဲ့ကိစ္စ တခု ဖြစ်နေပြန်ပါတယ်။ပြီးတော့ အဲဒီအချိန်မှာ မဒီနာရဲ့ အသက်က ၆၃ နှစ် ရှိပါပြီ။ ဒါပေမယ့် မဒီနာ အနေနဲ့  ဒီ အခက်အခဲကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သလို MOMA ရဲ့ ရာဇ၀င်မှာ လည်း ပါဖောင်းမင့် အနုပညာ ပြပွဲ ကို အ ကြီး ကျယ် ခမ်းနားဆုံး တင်ဆက် နိုင်ခဲ့ တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။
   
                                                                     
ဒီလို စိန်ခေါ် မှု တွေ ပြည့်လျမ်း နေတဲ့ ပြကွက်မျိုူးဟာ မဒီနာ အတွက်တော့ အခုမှ စခဲ့တာတော့ အဟုတ်ပါဘူး။ ၁၉၇၃ ခုမှာ စလုပ်တဲ့ ပါဖောင်းမင့် ပြကွက်မှာ ကိုယ့်လက်ငါးချောင်း ကို ကြမ်းပေါ်မှာ ဖြန့်ထားပြီး လက်တဖက်က ကြမ်းပေါ် စီချထားတဲ့ ဓါးမြောင် အလက် ၂၀ ထဲ က တခုပြီး တခုကောက်ကာ လက်ချောင်းတွေ ကြားကို တရစပ် ထိုးစိုက်ကစားပြတော့ လက်ချောင်းတွေကို လည်း ထိုး မိ ပြီး နောက်ဆုံး ပရိတ်သတ်ထဲက ပါ တော်ပါတော့ အော် ယူရတဲ့ ပြကွက်မျိုးနဲ့ သူ့ပါဖောင်းမင့် သမိုင်းကိုစတင်ခဲ့သူဖြစ်ပါတယ်။ တုံးလုံးချွတ်ထားပြီး ၀မ်းဗိုက်နားတ၀ိုက်ကို ဓါးဦးချွန်နဲ့ လှီးပြီး ကြယ်ပုံစံ အရေပြားကို ခွဲပြီး လုပ်တာမျိုးတွေ တုံးလုံးချွတ်ထားတဲ့ ကိုယ်ကို နံရံနဲ့ ပြေးပြီး ရင်ဘတ်နဲ့ နံရံကို တရစပ် တချက်ပြီးတချက် တိုက်နေတာမျိုးတွေ မြေပေါ်မှာ ကြယ်ပုံသဏ္ဍာန်မီးရှို့ထားတဲ့  အလယ်မှာ မီးခိုးတွေ အလယ် အသက်ရှူလို့ မရပဲ လဲကျ လုနီးလို့ ပရိတ်သတ်ထဲက ၀င်ဆွဲခဲ့ရတာမျိုးတွေ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ သူမ ဘာကြောင့် ဒီလို ပရိတ်သတ် နှလုံးသား ကို ပင်ပန်းစေမယ့် မိမိကိုယ် ကို ညှင်းပန်းနှိပ်စက်တဲ့ ပြကွက်မျိုးတွေ ဖန်တီးရတာလည်း လို့ ခြေရာကောက်ကြည့် ဖြစ်ပါတယ်။
မဒီနာအမရာမိုဗစ် ကို ၁၉၄၆ဆားဗီးယားနိုင်ငံမှာ မွေးပါတယ်။ အဖေ ရော အမေ ပါ တော်လှန်ရေးပါ ထပ်တန်းက ပါခဲ့ပြီး နောက်မှာ အမျိုးသား ခေါင်းဆောင်တွေ ဖြစ်လာကာ သှူု့ ငယ်ဘ၀ တလျောက်လုံးမှာ အမေလုပ်သူက စစ်တပ် စတိုင်အတိုင်း ထိန်းချုပ်ထားခဲ့တယ်လို့ဆိုပါတယ်။ အင်တာဗျူးတခုမှာ သူမှတ်မှတ်ရရ ပြောပြခဲ့တာကတော့ သူအမေ ကတခါ မှ ပွေ့ဖက်ပြီး အနမ်းမပေးလဲ့သလို ချစ်တယ် ဆိုတာလည်း မှတ်မှတ်ရရ မပြောခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုတင်းကြပ်တဲ့  စည်းကမ်းတွေ နဲ့ မေတ္တာငတ်မွတ်စွာ ကြီးပြင်းခဲ့ရတဲ့ မွန်းကြပ်မှုတွေ ကြောင့်ပဲ သူ့အနုပညာတွေမှာ ပြင်းထန်တဲ့  တုန့်ပြန်မှုတွေ စိန်ခေါ်မှုတွေ အငေါ်တူးမှုတွေကို တွေ့ခဲ့ကြရတာလို့ ဆိုချင်ပါတယ်။သူ့ပြကွက်ကို တိုက်ရိုက်ကြည့်ခဲ့ရသူတွေ မပြောနဲ့ မှတ်တမ်းတင်ထားတဲ့ ဗီဒီယို ကို ပြန်ကြည့်ရတဲ့ ကျွန်တော်တို့ကိုယ်တိုင်မှာ လာပြီး မွန်းကြပ်လာစေပါတယ်။
 
                                           
နောက်ပိုင်းမှာတော့  အရှေ့ဂျာမဏီ ကလာတဲ့ ပါဖောင်းမင့် အနပညာရှင် အီလိုင် Ulay နဲ့ တွေ့ပြီး အတူနေဖြစ်ကာ နှစ်ယောက်တွဲ တင်ဆက်မှုတွေ အများကြီးလုပ်ဖြစ်ခဲ့ သလို ဒီတင်ဆက်မှုတိုင်းလိုလိုဟာ လည်း ပါဖောင်းမင့် အနုပညာ သမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တွေဖြစ်ခဲ့ပါတယ်။ဥပမာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကာ တယောက်ပါးကို တယောက် တလှည့်စီ အဆက်မပြတ်ရိုက်နေတဲ့ ဟာမျိုးတွေ။ နှစ်ယောက်သား တုံးလုံးချွတ်ထားပြီး အဝေးကနေ ပြေးလာကာ တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် ပြီးကိုယ်ချင်း ဖြောင်းကနဲ အကြိမ်ကြိမ် ပြေးတိုက်တာ မျိုးတွေ ကြောင့် ပရိတ်သတ်ဟာ ဒါ က အနုပညာလို့တောင် ပြောလို့ရပါ့မလားလို့ အတွေးပွါးရတဲ့ ပြကွက်မျိုးတွေ တင်ဆက်ဖြစ်ခဲ့ကြပါတယ်။သူတုှိ့ နှစ်ယောက် အိမ်လို နေလို့ရတဲ့ နောက်တွဲပါတဲ့ ကားတစီး ၀ယ်ပြီး ကားကို အိမ်လုပ်နေကာ ဘဏ်အကောင့် မရှိ ကြုံ ရာမှာ ချက်ပြုတ်စားပြီး ငါးနှစ်ကျော် အတူနေခဲ့ပြီး ပါဖောင်းမင့် တွေ အတုလုပ်ဖြစ်ခဲ့ကြသလို ဒဏ္ဍာရီ ဆန်စွာ ပြန်လည်ခွဲခွါ ဖြစ်ခဲ့ကြတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။
 
                      
ဒီခွဲခွါခြင်းကို ဖြစ်စေခဲ့တဲ့  ပါဖောင်းမင့်ကို မဒီနာ နဲ့ အီလိုင်တို့ ဟာ ၁၉၈၈ ခုနှစ် တရုတ်ပြည်က မဟာတံတိုင်းကြီးမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ တယောက်က မဟာတံတိုင်းကြီးရဲ့ တဖက်အစ ကိုဘီ သဲကန္တာရ က တယောက်က တဖက်အစ တောင်တရုတ်ပင်လယ်ဘက်ကနေ အလယ်ကို ဦးတည်ပြီး နေ့စဉ်ထပြီး လမ်းလျောက်ပြီး အလယ်မှာ နှစ်ယောက်တွေ့ဆုံပြီး ပါဖောင်းမင့ိကို အဆုံးသတ်ကြမှာလည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီ ကိစ္စဟာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အထူးသဖြင့်  ပြင်းထန်တဲ့ ဆောင်းရာသီဥတုအောက်မှာ နေ့စဉ်ထပြီး မိုင်ထောင်ချီတဲ့ တံတိုင်းကြီး ပေါ်မှာ လမ်းလျောက်ပြီး လာဘို့ အတွက် လမ်းမှာ အိပ်ယာ သောက်ရေ အစားအစာ တွေ ကို သယ်ပြီး  အနုပညာရှင် နှစ်ယောက်ဟာ နေ့စဉ် လမ်းလျောက်ပြီး လနဲ့ချီပြီး နေ့စဉ်လျောက်ကြရပါတယ်။ နောက်ဆုံး တော့ နှင်းသဲသဲ ထဲ မှာ  ရောင်စုံ အလယ် တယောက် တစ်လက်နဲ့ အလယ်မှာ ဆုံတွေ့နိုင်ခဲ့တာ ကို ကမ္ဘာတ၀ှမ်း က ပါဖောင်းမင့် အနုပညာချစ်သူတွေ  အားလုံး ၀မ်းမြောက်ဖွယ် မြင်တွေ့နိုင်ခဲ့ ကြပါတယ်။ သို့ပေမယ့် ဒီဆုံတွေ့မှုဟာ မဒီနာအတွက်တော့ ၀မ်းမြောက်ဖွယ် မဖြစ်ခဲ့ပါဘူး။အကြောင်းကတော့ အလယ်မှာ ဆုံတွေ့ပြီး တဦးကိုတဦး ပွေ့ဖက်နုတ်ဆက်ကြချိန်မှာပဲ အီလိုင်က တရားဝင် အသိပေးလာတာကတော့ လမ်းခရီးမှာ လိုက်ပါကူညီပေး စကားပြန်လုပ်ပေးတဲ့ အမျိုးသမီး နဲ့  ကိုယ်ဝန်ရလာလို့ လက်ထပ်ရတော့မယ်လို့ အသိပေးလာပါတယ်။
                       
 နှစ်ပေါင်းများစွာ နှစ်ယောက်ပေါင်းတယောက်လိုနေလာကြတဲ့ မောင်နှံနှစ်ယောက်ရဲ့ လမ်းခွဲပါပဲ။ ဒီဖြစ်စဉ်ဟာ မဒီနာ ရဲ့ ဘ၀မှာ ကြီးစွာသော အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ သူကိုယ်တိုင် မှတ်တမ်းရုပ်ရှင်ကတဆင့် ပြန်ပြောပြတာက ကျွန်မ စိတ်ထဲမှာ ငါ ရုပ်ကို ငါ မပြုမပြင် ဖြစ်သလိုနေလို့   ပိုက်ဆံကောင်းကောင်း မရှာခဲ့လို့ ဒင်းငါ့ ကို ပြစ်သွားတာ ဒီနေ့ကစပြီး ဘ၀ကို ပြောင်းလဲ ပြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်တဲ့။တကယ်ပဲ ဆုံးဖြတ်တဲ့ အတိုင်းလည်း မဒီနာတယောက်ဟာ ဖက်ရှင်ဒီဇိုင်းဆရာ တွေနဲ့ ပြူပြင်ဝတ်စားကာ နယူးယော ပြဇာတ်ရုံတွေလောကထဲကို ၀င်ခဲ့ပါတယ်။ သူဝင်လာပြီး တင်ဆက်တဲ့ ပြဇာတ်ရုံ အတွင်း တင်ဆက်မှု တွေရဲ့ ဆန်းသစ်မှုကြောင့် ပြဇာတ်လောက က ပရိတ်သတ်တွေရဲ့  အားပေးမှု ကို ရရှိတာမို့ မဒီနာဟာ ငွေရေးကြေးရေး အရပါ ကြွယ်ဝအောင်မြင်တဲ့ အနုပညာရှင်တယောက် ဖြစ်လာခဲ့ပါတယ်။       
 
              
                             
ဒါကြောင့် လည်း သူ့ အသက် ၆၃ နှစ် ၂၀၁၂ မှာ လုပ်တဲ့ MOMA ပြတိုက် က ပြပွဲရဲ့ နောက်ပိုင်းရက်တွေမှာ ပြတိုက်ရှေ့ ပရိတ်သတ်တွေက ပြတိုက်မဖွင့်ခင် ကတည်း က အပြင်မှာ နာရီပေါင်းများစွာကြာတဲ့ အထိ စောင့်ပြီး လာအားပေးကြပါတယ်။ ပြတိုက်ကြမ်းပြင်ပေါ် က မဒီနာ ရှေ့က ကုလားထိုင်ပေါ်မှာထိုင်ပြီး မဒီနာနဲ့  မျက်လုံးချင်း ဆိုင်ပြီး ကြည့် ခွင့် ရဘို့ကို စိတ်ရှည်လက်ရှည်တန်းစီစောင့်ကြပါတယ်။တကယ်ပြောရရင် ဒီလို လူနှစ်ယောက် ထိုင်ခုံ နှစ်လုံးနဲ့  နာရီပေါင်းများစွာ ကြာအောင်ထိုင်ပြီး ဆိုင်ကြည့်တဲ့ Durational Performance art တင်ဆက်မှု မျိုးဟာ အသစ်တခုတော့ မဟုတ်ခဲ့ပါဘူး။ ၁၉ ၈၀လွန်နှစ်တွေက မဒီနာနဲ့ အီလိုင် လမ်းမခွဲခဲ့ကြခင် နှစ်ယောက်တွဲ တင်ဆက်မှုတွေ မှာ အကြိမ်များစွာ တင်ဆက်ခဲ့ဘူးပါတယ်။ ဒီတင်ဆက်မှု လုပ်ခဲ့တာနဲ့ ပတ်စက်ပြီး အီလိုင် က အင်တာဗျူးတခုမှာ ပြန်ပြောတာက  နောက်ဆုံး ခန္ဓာဗေဒ သဘောတရား အရ မိန်းမတွေက ပိုပြီး ကြာကြာထိုင်နိုင်တဲ့ သဘောရှိပုံရတယ်ဗျ.။ကျွန်တော်ကိုယ်က အလိုလိုက အရိုးချည်းဆိုတော့ နောက်ဆုံး နောက်ကျောဘက်က တအားထိုးအောင့်လာတော့ မရတော့ဘူး သတ်မှတ်ထားတဲ့ အချိန် မပြည့်ခင်မှာပဲ ခုံ ကနေ ထလို်က်ရတော့တယ်။ သူတယောက်ကတော့ ထုံးစံအတိုင်း ဇွဲကောင်းကောင်းနဲ့ ဆက်လုပ်တယ်လေ။နောက်ဆုံး အတိုချုပ်ပြီးပြောရရင် ၈၀ခုလောက်က လုပ်ခဲ့ ဘူးတဲ့ စိတ်ကူးကိုပဲ ပရိတ်သတ်နဲ့ တိုက်ရိုက် ပါဝင်ပြီး လုပ်လို့ ရအောင် ထပ်မံ ချဲ့ထွင်ပြီး တင်ဆက်ခဲ့ တဲ့ ၂၀၁၂ ခုနှစ် က တင်ဆက်မှုဟာ အသက် ခြောက်ဆယ်ကျော် နှစ်ပိုင်းတွေကိုရောက်လာတဲ့   မဒီနာအမရာမိုဗစ် အတွင် ပါဖောင်းမင့် အနပညာ ရာဇ၀င်မှာ သမိုင်းမှတ်တိုင် တခု စိုက်ထူနိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာတော့ မဒီနာ ကိုယ်တိုင်က လည်း သူဟာ ပါဖောင်းမင့် အနုပညာရဲ့  အဖွားတယောက် ဖြစ်တယ်လို့ ခံယူ ပြောဆိုလာခဲ့ပါတယ်.။
 
                              
အခု လောလောဆယ် လန်ဒန်မြိှု့ Serpentine art gallery က ပြပွဲဟာ ၂၁၀၂ ခုနှစ်ပြီး နောက်ပိုင်း မဒီနာ ရဲ့ နောက်ထပ်ခြေတလှမ်း လှမ်းတက်ကြည့် တဲ့ ပွဲလို့ ပြောချင်ပါတယ်။ ဒီပွဲမှာ မဒီနာ ရဲ့ တင်ဆက်မှုက ပိုပြီး ရိုးရှင်းလာပြီး Minimalist ပိုဆန်လာတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ပြတိုက်ရောက်တော့ ပြတိုက်ထဲ ကို ချက်ချင်းဝင်လို့ မရသေးပဲ အပြင်မှာ ခဏ တန်းစီစောင့်နေရပါသေးတယ်။ ပြတိုက်ဝန်ထမ်းတယောက်က စောင့်ပြီး ကြီးကြပ်ကာ အထဲကို အသုတ်လိုက်လွတ်ပေးနေပါတယ်။ကျွန်တော်တို့ အလှည့်ရောက်တဲ့ အခါမှာတော့  ၀န်ထမ်းလုပ်သူက ပြတိုက်ထဲရောက်တဲ့ အချိန်မှာ တယ်လီဖုန်း ကင်မရာ ကွန်ပြူတာ အိုင်ပက် ဘယ်လျပ်စစ်ပစ္စည်းကို မှ အသုံးပြုခွင့် မရှိကြောင်း ပါလာတဲ့ အိတ်တွေထဲ မှာ ပိတ်ပြီး အိတ်တွေ အတွက် သော့ကိုယ်စီနဲ့ ခတ် သိမ်းထားနိုင်အောင် စီစဉ်ပေးထားကြောင်း ရှင်းပြပါတယ်။ တကယ် အထဲကို ရောက်တဲ့ အခါ အခန်းတခုမှာ ရာနဲ့ချီတဲ့ Lockers တွေကို စီစဉ်ပေးထားတာမို့  တယ်လီဖုန်း ကို ပိတ်ပြီး အိတ်ထဲထည့်ကာ သော့ခတ်ထားခဲ့ကာ ပြခန်းထဲဝင်ခဲ့ပါတယ်။
 
ပြပွဲတခုလုံး ကို အခန်းကျယ် (၃)ခန်း နဲ့ စီစဉ်ထားတာတွေ့ရပါတယ်။ ပထမ ဆုံး အခန်း က စတုရန်းပုံ အခန်းကျယ် တခု ဖြစ်ပြီး  အခန်း ရဲ့ အလယ်ခေါင်မှာ ခြောက်လက်မလောက် အမြင့် ရှိပြီး ၄ ပေ ပတ်လည်လောက် ကျယ်တဲ့ သစ်သားခုံ ရှစ်ခုံလောက် နဲ့  လူတက်ရပ်ဘို့ စင်တခု ဖန်တီးထားပါတယ်။ အဲဒီစင်ပေါ်မှာ ပြပွဲလာကြည့်သူတွေထဲက တချို့ က တက်ပြီးရပ်နေကြပါတယ်။ အများစု က မျက်လုံး ကို မှိတ်ထားကြပြီး လူအနည်းငယ် ကတော့ မျက်လုံးကို ယောင်ယောင်လေး ဖွင့်ထားကြပါတယ်။ အခန်းနံရံ လေးဘက် ပတ်လည်ရဲ့ ကြမ်းပြင်ပေါ်မှာတော့ ကျန်တဲ့ ပရိတ်သတ်တွေက နံရံ ကို မှီပြီး  ကြမ်းပေါ်ထိုင်လျက် တမျိုး မှီရပ်လျက်တဖုံ ခုံပေါ်ကလူတွေကို တိတ်တိတ် ဆိတ်ဆိတ် ကြည့်နေကြပါတယ်။စင်ပေါ် မှာရော စင်အောက်မှာပါ ပရတ်သတ် အများစု ကို အကဲခတ်ကြည့်တဲ့ အခါ အများစု က  လူငယ်တွေ ဖြစ်နေပြီး  တတ်နိုင်သလောက် အာရုံ တွေ စူးစိုက်ထားကြတာတွေ့ရပါတယ်။ စင်ပေါ် မှာ ငြိမ်ပြီး ရပ်နေ ကြတဲ့ သူတွေက စိတ်ကို ဘယ်လိုထားပြီး ရပ်နေကြမှန်း မသိရပေမယ့် ကျွန်တော့ အဖို့ တော့ အခန်းတခု လုံး ရဲ့ အခင်းအကျင်း ဟာ အနုပညာပြခန်း တခုထက် တရားစခန်းတခု ကိုရောက်နေသလို ဖြစ်နေပါတယ်။ဒါပေမယ့် သူတို့တွေ အားလုံးလိုလို ဟာ တော်တော်ကို အချိန်ကြာကြာမလှုပ်မရှက်ပဲ ရပ်နေကြတာတွေ့ရပါတယ်။တချို့ကျတော့လည်း ခဏပဲ ရပ်ပြီး ပြန်ဆင်းလာပါတယ်။ စင်ပေါ် က တချို့က ဆင်းလာတာနဲ့  နံရံမှီပြီး ရပ်နေတဲ့  အထဲက တချို့ က အသာ စင်ပေါ် တက်ပြီး မျက်လုံးမှိတ်ရပ်နေကြပြန်ပါတယ်။
 
နောက် အခန်းကျယ်တခု ရဲ့  အခင်းအကျင်း က ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခန်းနဲ့ အပြည့် လူတစ်ယောက်ပဲ လှဲလို့ ရတဲ့  ခေါက်ကုတင် အနိမ့်    အပေါ့စား ၅၀ ကျော်လောက် တန်းစီပြီ ခင်းကျင်း ချထားပါတယ်။အဲဒီ ခေါက်ကုတင်တွေ အားလုံးပေါ်မှာ လူတွေအားလုံး အပြာရောင် စောင်ပါးလေးတွေခြုံ ကာ ပက်လက် အိပ်နေကြပြီး သူတို့ ခေါင်းတွေ မှာ ဟက်ဖုန်းကိုယ်စီ တွေ့ရတာမို့ တရားတစုံ တရာ သို့မဟုတ် တေးသံ တခုခု ကိုနားထောင်နေကြဟန်ရှိပါတယ်။ တော်တော်ကြာတဲ့ အခါ ကုတင်တစ်ခု ဆီ က မိန်းမ တဦး က စောင်ခြုံ ကို ခွါ ပြီး ပြီး ထလာပါတယ် ပြီးတော့ ဟက်ဖုန်း ကို အသာ ကုတင်ပေါ်ချထားခဲ့ပြီး  ထွက်သွားပါတယ်။ ချက်ချင်းပဲ ပရိတ်သတ်ထဲက မိန်းမငယ် တဦး ( ပြပွဲ မှာ စေတနာ ၀န်ထမ်း လာကူနေသူ)က ပရိတ်သတ်ထဲက တယောက်ကို အသာလေး လက်ဆွဲခေါ်လာပြီး လွတ်နေတဲ့ ကုတင်ပေါ် နေရာရာချပြီး ဟက်ဖုန်း ကို လည်း တပ်ပေးပြီး စောင်လေး ခြုံပေးကာ ထားခဲ့ပါတယ်။ ဒီလိုနဲ့ ကုတင်တွေ ပေါ် က တယောက် လွတ်တာနဲ့  ပရိတ်သတ်တွေထဲက တယောက်မဟုတ်တယောက်က ၀င်ပြီး လှဲ အိပ် ကာဖြည့်ပေးပါတယ်။ ဒီလိုနဲ့  ကျွန်တော် လည်း လူတယောက်ထ ထွက်သွားတဲ့ နေရာ ကို သွားပြီး ခေါင်းမှာ ဟက်ဖုန်း ကို တပ်ဆင်ပြီး ခေါင်းအုံးပေါ် လှဲချကာ အသာလေး အကြောအချင်ဖြေချ လိုက်ပါတယ်။ ဟက်ဖုန်းဆီ က ဘာသံမှ ထွက်မလာတာမို့ အဲဒီတော့ မှ ဒီဟက်ဖုန်း က တခုခုကို နားထောင်ဘို့ မဟုတ်ပဲ အပြင် က အသံတွေကို မကြားရအောင် လုံးဝ တိတ်ဆိတ် မှုကို ခံစားစေချင်လို့ တပ်ခိုင်းထားတယ်ဆိုတာ သိရပါတော့တယ်။ အထူးသဖြင့် ပြခန်းရောက်အောင် ဆယ်ငါးမိနစ် နီးနီး လမ်းလျောက်လာခဲ့ရတာမို့ လူက အတော်လေးညောင်းနေတာ နဲ့ ကုတင်ပေါ်မှာ ခေါင်းအုံးနဲ့ အကျ အန တိတ်တိတ်ဆိတ်ဆိတ် လှဲ အိပ် လိုက်ရတာ တော်တော်လေး အရသာ ရှိတာမို့  တတ်နိုင်သလောက် အာရုံကို စုစည်းပြီး ငြိမ်သက်သွာ အေးချမ်းစွာ ဇိမ်ရှိရှိလေး လှဲ နေမိလိုက်ပါတယ်.။
 
မဒီနာရဲ့ ဒီပြပွဲ တခုလုံးရဲ့ ထူးခြားမှုကတော့ ပရိတ်သတ်တွေ ကိုယ်တိုင် အနပညာတင်ဆက်သူ ပြန်ဖြစ်နေအောင် လုပ်ထားပြီး တင်ဆက်သူနဲ့ ပရိတ်သတ် ကိုခြားထားတဲ့ မျဉ်းဟာ အပါးလျားဆုံး ဖြစ်နေအောင် ဖန်တီးထားတာဖြစ်ပါတယ်။နောက်တခုက တော့  အနုပညာတင်ဆက်မှု တော်တော်များများ မှာ အနပညာ ကို မျက်လုံး သို့မဟုတ် နား နဲ့ မြင်တွေ့ကြားနာ ခံစားရတာ ဖြစ်ပေမယ့် ဒီပြခန်းမှာတော့ မဒီနာ ပေးချင်တဲ့ အရသာကို မျက်လုံးပိတ် နားကို ပိတ်ပြီး မှ ကိုယ်ပိုင် အတွေ့ အကြုံ အရ ငြိမ်းအေးမှု တိတ်ဆိတ်မှုတို့ ကို ခံစားနိုင်ဘို့  ဖန်တီးထားတာဟာဖြင့် တမူထူးခြားမှု တခုလို့ ဆိုချင်ပါတယ်။ ကျွန်တော် လည်း ဆယ်မိနစ် ကျော်ကျော်လောက်  လှဲ လျောင်း နေပြီးမှ  အသာထ ပြန်ထွက်လာချိန်မှာ ဆံပင်ကျစ်ဆံမြီး နဲ့ အနက်ရောင် ဂျတ်ကက် ၀တ်ဆင်ထားတဲ့ မဒီနာ တယောက် ပြပွဲ လာတဲ့  ပရိတ်သတ်တယောက်ကို အသာ လက်တွဲခေါ်လာ တာကို တွေ့လိုက်ရပါတယ်။ဒါကတော့ ဒီပြပွဲကို ၅၂၀ နာရီလို့ မှည့်ခေါ် ထားရတဲ့ အကြောင်းရဲ့ အဓိက အချက်ပါပဲ။ ဒီပြပွဲ မှာ မဒီနာက အရင် ပြပွဲတွေမှာ လို ဘာကို တိတိကျကျ သီးခြားလုပ်ပြမှာ မဟုတ်ပဲ မနက် (၁၀)နာရီ ပြတိုက်ဖွင့်ချိန်မှာ ပြတိုက်ကို သူက ဖွင့် ပေးမှာ ဖြစ်ပြီး ပြတိုက်ထဲမှာ သူဟာ ပြပွဲလာ ပရိတ်သတ်နဲ့ ညနေ ပြတိုက်ပိတ်ချိန် အထိ တနေကုန် အတူတူ ရှိနေယုံ ပဲ ရှိနေမှာ ဖြစ်ပြီး အဲလို ဘာမှ ထူးထူးခြားခြား မဟုတ်ပဲ ရှိနေခြင်း သာ သူ့ရဲ့ အနုပညာတင်ဆက်မှု လို့ ကြိုတင် ကြေညာထားပါတယ်။ ဒါကြောင့် လည်း တချို့ က မီဒီယာ ကတဆင့် ဝေဖန် မှု တချို့ ရှိခဲ့ပါတယ်.။အဲလိုသာ ဆို တို့လည်းလုပ်လို့ရတာပဲ စသည်ဖြင့်ပေါ့ဗျာ။    
                       
 
 
နောက်တတိယ အခန်းကို ဆက်ထွက်လာ တဲ့ အခါ ပထမ အခန်း နှစ်ခန်း ထက်ပိုပြီး ရိုးရှင်းတဲ့ တင်ဆက်မှု ကို တွေ့ရပါတယ်။ ပြခန်းက ခန်းမကျယ် အရှည် ဖြစ်ပြီး  အခန်းထဲမှာ ရှိတဲ့  သူတွေအားလုံးဟာ မြန်မာပြည်  ရိပ်သာတွေက ယောဂီတွေ လမ်းလျောက်သလို ပဲ နံရံ တဖက်ဆီ ဦးတည်ပြီး အနှေးလျောက်နေတာ တွေ့ရပါတယ်။ ကျွန်အနေနဲ့ လျောက်နေသူတွေ ဘယ်လိုလျောက်ရမယ်ဆိုတဲ့ တိတိကျကျ ညွန်ကြားချက်များရှိမလားလို့ ရှာကြည့်ပေမယ့်  တွေ့ရပါဘူး။ကျွန်တော် တို့ အဖို့က တော့ ကြွတယ်လှမ်းတယ်ချတယ် ဆိုတဲ့ တရားစခန်းက ကမ္မဌာန်း ညွန်ကြားမှု တွေနဲ့ သွားဘူးတဲ့ အတွေ့ အကြုံ ရှိတာမို့ မဆိုးဘူးဆိုပြီး ၀င်လျောက်ရင်းကြွတယ်လှမ်းတယ်ချတယ် ၀င်လုပ်နေမိပါတော့တယ်။ ဒီပြကွက်ကို တွေ့တော့ ပါဖောင့်မင့် အနုပညာအစောပိုင်း ကာလများက ဗြိတိသျ အနပညာရှင် ဂေးဘတ် (Gilbert)  နဲ့ ဂျော့ခ်ျ ( George) တို့
ရဲ့  ၁၉၇၀ ခုနှစ် က စားပွဲတခုပေါ် မှာ နှစ်ယောက်တွဲ တင်ဆက်တဲ့ Living Sculptures ဆိုတဲ့ လှုပ်ရှားမှု ကို သတိရစေပါတယ်။ အခု အခန်းမှာ ပရိတ်သတ်နဲ့  တင်ဆက်သူ ဟာ တော်တော် ရောရောထွေးထွေး ပိုဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ ခမ်းမထဲမှာ တင်ဆက်သူအဖြစ် အနှေးလမ်းလျောက်ရင်း က တချိန်ထဲမှာ ပဲ တခြားတဖက် ကနေ ကိုယ့်လိုပဲ လမ်းလျောက်လာတဲ့  သူတွေကို ကြည့် ရှု ခံစား နိုင်တဲ့ အတွက်ဖြစ်ပါတယ်။
ပြပွဲ တခုလုံး က အခန်း ၃ ခန်းစလုံး မှာ သိသိသာသာ ထင်ထင်ရှားရှား ခံစားနိုင်တာ ကတော့  တိတ်ဆိတ်မှု နဲ့ အေးချမ်းငြိမ်သက် မှု ဖြစ်ပါတယ်။ နောက်တခု ကတော့ အရိုးရှင်းဆုံး တင်ဆက်မှု ဖြစ်တာ တချက် နဲ့  ပရိတ်သတ်ရဲ့ ပူးပေါင်းပါဝင် ပတ်သက်မှု ပေါ်မှာ လုံးဝ မှီတည်နေတဲ့ တင်ဆက်မှု ဖြစ်နေတဲ့ အချက်တို့ ဟာ ဒီလက်ရာမှာ ထင်ရားလှ ပါတယ်။အထူးသဖြင့် မဒီနာ ရဲ့  ပြင်းထန်တဲ့  စိန်ခေါ်ချက်တွေ များလှတဲ့ လူတွေကို ခြောက်ခြောက်ခြားခြား ဖြစ်စေတဲ့ ငယ်စဉ် လက်ရာ တွေ နဲ့ ဆိုရင် သိသိသာသာ ကွဲပြားခြားနားသွားတာကို တွေ့ရပါတယ်။ 
ကျွန်တော် သဘော အကျ ဆုံး ဖြစ်တဲ့ ခုံ ပေါ် တက် ပြီး မိနစ် ၂၀ လောက် အာရုံ စုစည်းပြီး ပြခန်းထဲ မှာ ရှိနေသူ အားလုံး နဲ့ မဒီနာ ပျော်ရွင် ငြိမ်းချမ်းကြပါစေကြောင်း ဆန္ဒပြု ပြီး တော့  ပြန်ဆင်း လာတဲ့ အချိန်မှာ မဒီနာ က လည်း တန်းတန်းမတ်မတ် ကိုယ့်ဆီရောက် လာပြီး လှဲ အိပ်တဲ့ အခန်းထဲ သွားပြီး ပြီလားလို့ လာမေးပါတယ်။ သွားပြီးကြောင်း အဲဒီ အခန်းထဲ မှာ လှဲ အိပ် ရတဲ့ အတွေ့ အကြုံ ကို သဘောကျတဲ့ အကြောင်း နဲ့ ဒီခုံ ပေါ် တက်ရပ် ရတာ ကို ပိုကြိုက်ကြောင်း ပြောဖြစ်ပါတယ်။မဒီနာက ပြပွဲ တခုလုံး အခြေ အနေကို ရော ဘယ်လို မြင်လဲ မေးပါတယ်။ သူ့ အနေနဲ့ ဒီ စိတ်ကုူးကို လက်တွေ့ ဒီနေရာ မှာ အကောင်ထည် ဖေါ် တဲ့ နေရာ မှာ ထင်သလောက် မလွယ်ကူကြောင်း တကယ် အသက်ဝင်နေ ဘို့  ကိစ္စ မှာ စိန်ခေါ်မှု တွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော် က သိပ်စိုးရိမ်စရာလို့ မမြင်မိကြောင်း အခု အခန်းထဲမှာ ရှိနေတဲ့  Vibration က ပြင်ပ နဲ့ သိသိ သာသာ ကွဲပြားပြီး နေတာ ထင်ရှားကြောင်း နဲ့ ဒီလိုမျိုး ခံစားမှု မျိုးကို ယူကေ က ရိပ်သာ တခု မှာ ၁၀ စခန်းဝင်တုန်း ကလည်း ခံစားဘူးကြောင်းပြောပြဖြစ်ပါတယ်။ အပြန်လမ်း တလျောက် မှာ တော့ မဒီနာ တယောက် နာရီပေါင်း ၅၂၀ ကို အခက်အခဲ မရှိ ဒီထက်ပိုပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်း နိုင်ပါစေ ။ ဒီထက်မက ပိုလေးနက်ပြီး ပိုအဓိပါယ် ပြည့်ဝတဲ့  ဘ၀တသက်တာ ပါဖောင်းမင့် မျိုးကို လည်း ထပ်မံတူးဖေါ် တင်ဆက်နိုင်ပါစေလို့ စိတ်ဆန္ဒ ပြု ရင်း ပြန်ခဲ့ပါကြောင်း။
 
                                                                       ပန်းချီထိန်လင်း