Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                        

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ မနက်မှာ ကျွန်တော်၊ ဇနီးသည်နဲ့ သမီး အကြီးတို့ ဟာ အိမ်ကနေ မနက် အစောကြီး ထကာ လန်ဒန်မြို့ နာမည်ကျော် Tate Modern Gallery ကို ဘစ်စ်ကားနဲ့ အပြေးအလွားသွား ကြရပါတယ်။ အကြောင်းကတော့ Tate Modern မှာ ဧပြီလ(၁၇) ရက်နေ့ကနေ စက်တင်ဘာလ (၇) ရက်နေ့ထိ ပြသထားတဲ့ ဟင်နရီမားတီးစ် Henri Martisse ရဲ့ THE CUT- OUTS လို့ အမည်ရတဲ့ အထူး ပန်းချီပြပွဲ ဟယ ပရိတ်သတ်တွေ များပြားလွန်းလို့ Tate Members အဖွဲ့ဝင်ထားသူတွေ ကို သီးခြားမနက်ပိုင်း ပြခန်း မဖွင့် ခင်မှာ အရင် ဝင်ခွင့်ပေးပြီး စောစောစီးစီး အေးအေးဆေးဆေး ကြည့် လို့ ရအောင် စီစဉ်ပေးထားတာမို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဟိုရောက်တဲ့ အခါ ကိုယ်တွေထက် ဝိရီယ ကောင်းပြီး စောရောက်နေတဲ့ လူတတန်းကြီးက စောင့်နေကြပါတယ်။ လန်ဒန်ကို အလည်လာတဲ့ သမီးလုပ်သူက တန်းစီစောင့်နေတဲ့ သူတွေကိုရော နောက်ထပ် ရောက်လာနေတဲ့ အဘိုးကြီးအဖွါးကြီးတွေကို ကြည့်ပြီး ဘာပွဲမို့ ခုလောက် စောစောစီးစီး စောင့်နေကြရတာလဲ လို့ မေးပါတယ်။ ကမ္ဘာကျော် ပန်းချီဆရာကြီး မားတီးစ် ရဲ့ ပွဲ ဖြစ်ကြောင်း သူ့ အနုပညာကို ချစ်ခင်ကြတဲ့ သူတွေ များလွန်းလို့ အဖွဲ့ဝင်ကဒ်ပြားရှိသူတွေကို သီးခြားကြည့်နိုင်ဖို့ စီစဉ်တဲ့ပွဲဖြစ်ကြောင်း အဖွဲ့ ဝင်ကဒ်ရှိသူတွေက အခမဲ့ကြည့်နိုင်ကြောင်း ပုံမှန် လာကြည့်တဲ့ ပရိသတ် အတွက်တော့ တဦးလျင် ပေါင်စတာလင် ၁၈ ပေါင် နဲ့ လက်မှတ်ဝယ်ပြီး ကြည့်ရမှာ ဖြစ်ကြောင်း ရှင်းပြတော့  မှ တအံတသြနဲ့ အဲဒီလောက်တောင်လားလို့ မေးရှာပါတယ်။ ကျွန်တော်က ဒီထက်ပိုကြောင်းနဲ့ မားတီးစ် ဟာ နှစ်ဆယ်ရာစု ရဲ့ နည်းသစ်စတိုင်သစ် အရှာဖွေနိုင်ခဲ့ဆုံး ပန်းချီဆရာတယောက် ဖြစ်ကြောင်း ရှင်းပြရပါတယ်။

          ကျွန်တော့် အနေနဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ အတွင်းမှာ မားတီးစ် ရဲ့ ပန်းချီ ပန်းပု လက်ရာတွေကို  ပြတိုက်တွေမှာရော အထူးပြပွဲတွေမှာပါ အကြိမ်တော်တော်များများ ကြည့်ထားဘူးတာမို့ အခု Tate Modern က လုပ်တဲ့ ပွဲ မို့ သာ လာရပေမယ့် သိပ်ထူးခြားမယ့် ပွဲ တခုလို့ မမျော်လင့်ခဲ့မိတာ အမှန်ပါ။ မားတီးစ် ရဲ့ လက်ရာတွေ ထဲ မှာ အကောင်းဆုံး လက်ရာ တချို့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က လန်ဒန်မြို့ တော်ဝင် အနုပညာ အသင်းကြီး ခမ်းမ မှာ ရုရှားက အနုပညာစုဆောင်းသူတွေနဲ့ ပတ်သက်တဲ့ပြပွဲ မှာ ဆိုဗီယက်ရုရှား စတာလင် ဦးဆောင် မှု အောက် က ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် ကြီးများ သူတို့ ကိုယ်ပိုင် အိမ်တွေ မှာ လျို့ဝှက်ဝယ်ယူ စုဆောင်းထားတဲ့ လက်ရာတွေ ထဲ မှာ တွေ့ခဲ့ရဖူးပါတယ်။ မားတီးစ် လက်ရာတွေ ထဲ က အကောင်းဆုံး လုံးတီးမိန်းမတွေ ပန်းချီကားတွေ ဟာ ဆိုဗီယက်ရုရှားကာလက ခေါင်းဆောင်ကြီးတွေ လက်ထဲရောက်နေတာဟာ အနုပညာ ချစ်သူ တွေ အတွက်တော့ ပြုံးစရာပါ။

          အခုပွဲ ရဲ့ ထူးခြားမှု ကတော့ နာမည်ကျော် အနုပညာပွဲစီစဉ်သူတဦးဖြစ်တဲ့ Nicholas Thornton  က ဟင်နရီမားတီးစ် ၁၉၃၇ ခုနှစ်ကနေ သေဆုံးချိန် ၁၉၅၄ ခု နှစ် အတွင်း ရောင်စုံက္ကူ တွေ ကို ကတ်ကျေး နဲ့ ကိုက် ဖြတ်ညှပ်ပြီး တော့ ကော်နဲ့ကပ် ဖန်တီးခဲ့တဲ့ လက်ရာတွေကို ချည်း သီးခြားတင်ဆက် တဲ့ ပွဲ ဖြစ်နေတာ ထူးခြားချက်ပါပဲ။ကျွန်တော် မြန်မာအနုပညာရှုင် တွေ ခေါ်ကြ သလို ဆိုရင်တော့  ဖြတ်- ညှပ်- ကပ် တွေ ဆိုပါတော့ ဗျာ။ သိကြတဲ့ အတိုင်း မားတီးစ် ဟာ အသက်ရှည်သလို သူ့တသက်တာလုံးမှာ အနုပညာ လက်ရာပေါင်းမရေမတွက် နိုင်အောင် ဖန်တီး သွားခဲ့သူ ဖြစ်တာမို့ အနုပညာချစ်သူတွေ  က အရောင်တွေ သူ့ စုတ်ချက်တွေကို မြင်လိုက်တာနဲ့ လက်မှတ်ကို ကြည့်စရာ မလိုပဲ ဒါ မားတီးစ် ကား မားတီးစ် စတိုင်လို့ တခေတ်ထူ ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ တော့ အနုပညာ ချစ်သူများဟာ မားတီးစ် ကို အသွင် တမျိုးနဲ့ တွေ့ကြရပါတယ်။

 

           ပြပွဲ ထဲ မှာ အခန်း ၁၄ ခန်းတိတိ ပြသထားပါတယ်။ပထမဆုံးအခန်းမှာတော့ မားတီးစ် ဟာ ဒီ ဖြတ်ညှပ်ကပ် နည်းကို အနုပညာ ဖန်တီးတဲ့ နည်းတခု အနေနဲ့ မဟုတ်ပဲ ကင်းဘတ်ပေါ် မှာ သူတကယ် ဆွဲ မဲ့ သက်ငြိမ် ပန်းချီကားတကားအတွက် အရောင်နဲ့ အထား အသို ကောင်းမကောင်းသိချင်လို့ ရောင်စုံ စက္ကူစတွေကို သူရေးဆွဲ မယ့် အကြောင်းအရာတွေဖြစ်တဲ့ ခရုခွံ ပန်းသီး ရေဖန်တကောင်း ကော်ဖီအိုး ပုံတွေ ကတ်ကျေးနဲ့ ကိုက်ကာ ကင်းဘတ်ပေါ် မှာ ပင်အပ် နဲ့ ထိုးပြီး ကောင်းမကောင်း အရင် ကြည့်ပြီးတော့ သူ အကြိုက်ဆုံးပုံစံ ရပြီး ကာမှာ အဲဒီ အတိုင်းကင်းဘတ်စပေါ်မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီ အခန်းထဲ မှာ သူဆွဲဖြစ်ခဲ့တဲ့ ဆီဆေး ပန်းချီကား နဲ့ တွဲပြီး မားတီးစ် ရဲ့ နောက်ထပ် အနုပညာမျက်နှာစာတခု ဆီကို ပထမ ခြေလှမ်းဖြစ်တဲ့် ဖြတ်ညှပ်ကပ် လုပ်ခဲ့ တဲ့ စက္ကူ တွေကို သူ လုပ်ခဲ့ အတိုင်း ကင်းဘတ်စပေါ်မှာ ပင်အပ်နဲ့ ပြန်ထိုးပြီး မှန်ဘောင် အသေသွင်းကာ ယနေ့ထိ ထိမ်းသိမ်းထားတဲ့ လက်ရာတွေကိုပါ တွဲပြီး ပြသထားပါတယ်။        

                                    

          အခန်း ၂ မှာတော့ ၁၉၃၇ ခုနှစ် တုန်းက နာမည်ကျော် ဘဲလေး ကကွက် ဖန်တီးရှင် Loonide Massine ကနေ Dmitri Shostakovich ရဲ့ ဆင်ဖိုနီ အမှတ်တစ် ဂီတ အတွက် ကကွက်တွေ တီထွင်ဖန်တီးတဲ့ အခါ မားတီးစ် ကို ကခြေသည်တွေ အတွက် ဝတ်စုံနဲ့ ဇာတ်ခုံ နောက်ခံ အပြင်အဆင်တွေ တာဝန်ယူ ခဲ့ရပါတယ်။ မားတီးစ် Dmitri Shostakovich ရဲ့ ဆင်ဖိုနီ ကို အရောင် ငါးရောင် ခွဲပြီး ဘာသာပြန်ကာ စက္ကူစတွေကို ဖြတ်ညှပ်ကပ်ပြီး ကခြေသည်တွေ ဝတ်စုံတွေ နဲ့ နောခံ ကားချပ်ကို သရုပ်ဖေါ် ခဲ့ပါတယ်။ အဲဒီနောက်ခံ ကားချပ် အတွက်  အမေရိကန် အနုပညာ စုဆောင်းသူ Albert Barnes က မားတီးစ် ကို အလုပ်အပ်ခဲ့တာပါ.။ အဲဒီ လက်ရာတွေ မှာ မားတီး က တတ်နိုင်သလောက် ကကွက်တွေ ရဲ့ လှုပ်ရှားမှုတွေ နဲ့ ဂီတ ရဲ့ စည်းဝါး  နရီ တွေ  ကို ပေါ် လွင်အောင် ကြိုးစားထားတာ တွေ့ရပါတယ်။

အခန်း ၃ မှာ မားတီးစ် ရဲ့ ဖြတ်ညှပ် ကတ် သရုပ်ဖေါ်  မူရင်းလက်ရာ အများအပြားကို တနစ်တကျ  မှန် သေတ္တာ ရှည် တွေ ထဲ မှာ တန်းစီ ပြီး ပြထားတာ တအံ့တသြ တွေ့ ရတယ် ခင်ဗျ။ အထူးသဖြင့် ဒီ လက်ရာတွေ ဟာ ကဗျာ သရုပ်ဖေါ် တွေ နဲ့ Jazz ဆိုတဲ့ အနုပညာ စာအုပ် အတွက် ဒီဇိုင်း လက်ရာ တွေ ဖြစ်ခဲ့ ပါတယ်။ ဒီလက်ရာ တွေ မှာ  မားတီးစ် အနေနဲ့ စာအုပ် အတွက် ဒီဇိုင်း ဆိုတာ ထက် နောက် ထပ် သူ့ ရဲ့ အနုပညာစတိုင် သစ် တစ်ခု အဖြစ် သဘောကျ လာတဲ့ ပုံ တွေ့လာရတယ် လို့ အကဲဖြတ်တွေ က ဆိုပါတယ်။

ဒီလို နဲ့ ဒီလောက် များပြားလှ တဲ့ ဖြတ်ညှပ်ကတ် လက်ရာတွေကို ဒီပြပွဲ မှာ တပေါင်းတည်းစုစည်း ပြီး အင်နဲ့အားနဲ့ ဖြစ်လာ အောင် စီစဉ် ပေးနိုင် ခဲ့ တဲ့ အတွက် တအံ့ တသြ နဲ့ ဆက် ကြည့် လာတုန်း အခန်း ၄ ရောက်တဲ့ အခါ ပိုပြီး မှင်သက် မိသွားပါတယ်။ အကြောင်းကတော့ ဘယ်လို မှ မျော်လင့် မထားတဲ့ အရွယ်အစာ ကြီးများ လှတဲ့ ဖြတ်ညှပ်ကတ် လက်ရာတွေ ထပ်တွေ့ရလိုက်ရတဲ့ အတွက် ဖြစ်ပါတယ်။ လက်ရာ အမည်ကို တော့ ပင်လယ်နဲ့ ကောင်းကင် တို့ စတင် ခြင်းလို့ မားတီးစ် ရဲ့ အနီကပ် တပည့် တယောက်က ပြောခဲ့တယ် လို့ ဆိုပါတယ်။ တကယ်တော့ ဒီလက်ရာ ဟာ မူရင်းဇစ်မြစ်ကို လိုက်ရင်  မားတီးစ် ရဲ့ ပဲ ရစ်မြို့ က သူနေခဲ့ တဲ့ တိုက်ခန်းထဲက နံရံပေါ် မှာ ဖန်တီးခဲ့တာ လို့ ဆို ပါတယ်။  အခန်းထဲမှာ ညှပ်ကပ်ဘို့ နံရံ အလွတ် က နှစ်ဘက်ရှိတာမို့ နံရံ တခုပေါ်မှာ လေထဲ ပျံဝဲ နေတဲ့ ငှက် အရွယ်မျိုးစုံ နောက်ပြီး သစ် ခက် သစ်ရွက် ပုံ တွေ ဖြစ်ပြီး နောက် နံရံ တခုမှာ တော့ ငါးတွေ နဲ့ ရေအောက် မှာ တွေ့ရတတ်တဲ့ ရေမှော် လိုလို ပုံ တွေ တခြားသက်ရှိနဲ့ သန္တာ ကျောက်ဆွယ် လို ပုံေ လးတွေ ဖြစ်ပါတယ်။ ဒီပုံ တွေ ကို မဖန်တီး ခင် ၁၆ နှစ် လောက်က တဟီရီကျွန်းကို သွားလည်ပတ် ခဲ့ စဉ်က နေ့စဉ် လိုလို ရေကူး ရေငုတ်လုပ် ခဲ့ စဉ် က မြင်ကွင်းတွေ က မှတ်ဥာဏ် မှာ ပေါ် လာပြီး ဒီပုံ တွေ ဖန်တီးဖြစ်ဘို့ တွန်းအားပေးခဲ့တယ်လို့ မားတီးစ်က ပြောပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီ လက်ရာတွေ မှာ မားတီးစ်ဟာ နောက်ထပ် သူ့တွေ့ထားတဲ့  အနုပညာ ဖန်းတီးနည်းတခုထဲ မှာ ပျော်ပျော်ကြီးနဲ့ လွတ်လွတ်လပ်လပ် စက္ကူ တချပ်ပြီးတချပ် အဆက်မပြတ် ကတ်ကျေး နဲ့ ညှပ်သွားခဲ့တယ်ဆိုတာကို ထင်ထင် ရှားရှားကြီး တွေ့နေရပါတယ်။ အဲဒီ အချိန်တုန်းကတော့ သူဟာ အသက်ကြီးလာတဲ့ အတွက် အပြင်ကို ထွက် နိုင်နိုင်ချိန် လည်း နည်း သွားတာမို့ သူ့ ရဲ့ အပိခန်းထဲ ကို ပြင်ပ ကမ္ဘာ တခုကို အနုပညဲာ့ ဆွဲ ထည့် သွားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဖြင့် မာတီးစ်ရဲ့ အိပ်ခန်း နံရံပေါ်က လက်ရာ ဟာ ကမ္ဘာကျော် ပြတိုက် ကြီးထဲ မှာ မိန့် မိန့် ကြီး နေရာ ယူလို့ နေပါတော့တယ်။

                                              

  နောက် တခန်းမှာ ပေ ငါးဆယ်လောက် ရှိတဲ့ အလွန်ကြီးတဲ့ ဖြတ်ညှပ်ကတ် လက်ရာကြီး နှစ်ခုက ဆီးကြို နေပါတယ်။ ဒီလက်ရာ တွေကို ပြင်သစ်နိုင်ငံတောင်ပိုင်းVence က သူ့စတူဒီယို ကြီး ရဲ့ နံရံ ပေါ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မားတီးစ် ဟာ ဘီးတပ် ကုလားထိုင်နဲ့ သွားလာ နေရပါပြီ။ ဒီ လက်ရာတွေကို ဘီးတပ်ကုလားတိုင်ပေါ် မှာ ကတ်ကျေး တလက် နဲ့ သစ်ပင် သစ်ခက် တွေ ပုံ တွေကို မရပ်မနား ညှပ်ချပြီး သူ့ လက်ထောက်လုပ်သူက နံ ရံ ပေါ် မှာ မားတီးစ် စေခိုင်းတဲ့ အတိုင်းသွားကပ်ပေးရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဒီ ဖြတ်ထားတဲ့ ပုံ သဏ္ဍာန် အမျိုးမျိုး ထွက်နေတဲ့ စက္ကူ ချပ်တွေကို နံရံ ပေါ် တင်တဲ့ အခါ မားတီးစ် အလိုကျ တခါတည်း မကပ်သေးပဲ အမျိုးမျိုး လှည့်ပြီး ပြီး အထားအသို ကို ကစားပြီး မှ အသေကပ်ရတယ် ဆိုပါတယ်။အထူး သဖြင့် ဘီတပ်ကုလားထိုင် နဲ့ အပြင် မထွက်တော့ နိုင်တဲ့ အတွက် မားတီးစ် က သူ့စတူဒီယို ကို အပြင် ဘက် က သစ်ပင် သစ်ခက်တွေ နဲ့ လေတိုးတိုင်း ယိမ်းကနေတဲ့ တောအုပ်ကလေးတခု ဖြစ်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ စတူဒီယိုထဲ က နံ ရံ နှစ်ချပ်ကို သင်္ဘောတည်ဆောက်သူ တယောက်က နှစ်ချပ် စလုံးကို ဝယ်ယူပြီး သူ့ သင်္ဘောပေါ်မှာ ဘောင်သွင်းပြီး ချိတ်ဆွဲ ပြသထားဘို့ ဝယ်ယူခဲ့ပြီး မားတီးစ် က သဘောင်္ပေါ် မှာ ရေငွေ့သိပ်များတဲ့ လေထု ကြောင့် သူ့ ဖြတ်ညှပ်ကပ် စက္ကူ လက်ရာတွေ ပျက်စီးသွားနိုင်တယ်လို့ ယူဆပြီး ရောင်းချဘို့ ငြင်းဆိုခဲ့ တယ်လို့ ဆိုပါတယ်။ဒီလက်ရာတွေ မှာ အရင် ရှေ့မှာ တွေ့ခဲ့သလို အရောင်ပါတဲ့ စက္ကူတရွက်ကို ကတ်ကျေးနဲ့ကိုက်ပြီး နံရံပေါ်ကပ်ယုံ မဟုတ်တော့ဘဲ ညှပ်ထားတဲ့ စက္ကူ အရွယ်အစားအလိုက် အထပ်ထပ် ထပ်ကာ ပိုပြီး ဆန်းပြားတဲ့ ဒီဇိုင်း အဆင်အသွေးမျိုးရလာအောင် ဖန်တီးထားတာတွေ့ရပါတယ်။ ပိုပြီး မှော်ဆန်လာတယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ 

                                      

          နောက်  အခန်းတွေမှာ မားတီးစ် ဟာ သူ အသစ် တွေရှိခဲ့တဲ့ စတိုင်သစ် အပေါ်မှာ ပို ပြီး အာရုံ စိုက်လာတဲ့ အနေနဲ့  ဘုရားကျောင်း ပြူတင်းပေါက် ဒီဇိုင်းတွေ အတွက်ပါ ဒီ ဖြတ်ညှပ်ကပ် စက္ကူ တွေ အတိုင်း ထုတ်လုပ်ခဲ့ပုံတွေ ကို တွေ့ရပါတယ်။ .နောက် အခန်းတခန်းမှာတော့ အပြာရောင် လုံးတီးမယ်များ ဆိုတဲ့ စီးရီး ဖြစ်ပါတယ်။ ဒီစီးရီးမှာ အပြာရောင် စက္ကူချပ်တွေကို အမျိုးမျိုးသော မိန်းမလုံးတီးကိုယ်နေဟန်တွေ ရအောင် လွတ်လွတ်လပ်လပ် မနားတမ်း ညှပ်ပြီး ဖန်တီး သွားခဲ့ပုံများကို ခင်းကျင်းပြသထားပါတယ်။ပြပွဲ တခုလုံးမှာ အထူးခြားဆုံးကတော့ အခန်းနံပတ် ၁၁ မှာ ပြသထားတဲ့ ပန်းချီကားကြီး ၃ ချပ် ပဲ ဖြစ်ပါတယ်။ဒီကားတွေကို ၁၉၅၃ သူ မသေဆုံးခင် တစ်နှစ်မှာ  ဖန်တီးသွားခဲ့တာဖြစ်ပါတယ်။ ဒီကားသုံးချပ်ဟာ ရှေ့မှာ ဖန်တီးခဲ့တဲ့ ဖြတ်ညှပ်ကပ် ကားတွေနဲ့ ဘာမှ မဆိုင်တော့ သလို ဖြစ်နေပါတယ်။ဒီကားကြီးတွေမှာ ကတ်ကျေးနဲ့ သိပ် မညှပ်တော့ပဲ အနီရောင် အစိမ်းရောင် အဖြူရောင် အစိမ်းန အပြာရောင် စက္ကူ ချပ်ကြီးတွေကို လက် အချို့ နေရာတွေမှာ ဆွဲဆုပ်ပြီး အချပ်လိုက်နီးနီး ဘုတ်ပြားကြီးပေါ်မှာ ကပ်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်.ပြီးတော့ နာမည်ပေးပုံမှာလည်းထူးခြားပါတယ် ကားတကားကို The Snail လို့ အမည်ပေးထားခဲ့ပါတယ်။

                                                              

                                                                                      The Snail

          ဒီပြပွဲမှာ အဘိုးကြီး မားတီးစ် ကို အရင်တွေ့ ဘူးနေတဲ့ မားတီးစ်နဲ့ လုံးဝမတူ တဲ့ နောက် လူတယောက် အဖြစ် ရာခိုင်နှုန်းပြည့် တွေ့လိုက်ရပါတယ်။ဒီပြပွဲ တနေရာမှာ နံရံပေါ်ကို ပရိုဂျက်တာနဲ့ ထိုးပြထားတဲ့ ရုပ်ရှင် မှတ်တမ်းထဲမှာ မားတီးစ် ဒီလက်ရာတွေ ဖန်တီးခဲ့စဉ်က ဘီးတပ်ကုလားထိုင် ပေါ်မှာ ကတ်ကျေး တလက်နဲ့ စက္ကူ ချပ်တွေ ကို တချပ်ပြီး တချပ် ပျော်ပျော်ကြီး အဆက်မပြတ် လှီးဖြတ်နေပုံကိုကြည့်ပြီး ပရိတ်သတ်တွေကပါ ပျော်ရွင်ကြပါတယ။် စုတ်တံတွေ ဆေးစပ်ပြားတွေ ဆေးတောင့်တွေကို လက်နက် အဖြစ်သုံးပြီး လူတွေကို သူမတူအောင် ရိုးစင်းလှတဲ့ စုတ်ချက်တွေနဲ့ ဖမ်းစားခဲ့ရာက အသက်ကြီးလို့ စုတ်မကိုင်တော့ တဲ့ အခြေအနေမှာ ကတ်ကျေး တလက် ကိုကိုင်ပြီး နောက်ထပ် မားတီးစ် တယောက် အဖြစ် မွေးဖွါးကာ အနုပညာသမိုင်းကြောင်းမှာ အနုပညာနည်းသစ်တခု ထားပေးခဲ့ပုံကို မြင်တွေ့ရတဲ့ အခါ သူနဲ့ မရှေးမနှောင်းကျော်ခဲ့ ကြတဲ့ အခြားအနုပညာရှင် အဖိုးကြီးတွေ အကြောင်းကိုပါ ဆက်စပ်တွေးမိခဲ့ပါတယ်။

          ပထမဆုံးနှိုင်းယှဉ်တွေးစရာ ခေါင်းတဲ့ရောက်လာတဲ့ နောက် အဖိုးကြီးတယောက်ကတော့ Claude Monet ကလောဒ်မိုနေးဖြစ်ပါတယ်။ အဖိုးကြီး မိုးနေးဟာ အဖိုးကြီးမားတီးစ် ထက် လောကဌာန်ဆိုးများစွာကို အသက်ကြီးမှ ကြုံ တွေ့ခဲ့ရသူဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၁၁ မှာ ဒုတိယဇနီး လုပ်သူသေဆုံးခဲ့ရပြီး နောက်မကြာခင် သားအကြီးဆုံးဖြစ်သူပါ သေဆုံးတာမို့ မိုးနေး တယောက် အကြီးအကျယ်စိတ်ထိခိုက်ပြီး တနှစ်ကျော်လောက် ပန်းချီဆွဲတာကို နားပြစ်လိုက်တယ်လို့ ဆိုပါတယ်။နောက်မှ ပြန်ပြီး သူ့ကိုယ်တိုင် ဆောက်ထားတဲ့  ပန်းဥယဉ်က ရေကန်နဲ့ ကြာပန်းတွေကို ပြန်ပြီး ရေးဆွဲပြန်ပါတယ်။ ဒီလိုနဲ့ ပထမ ကမ္ဘာစစ်ကြီး က ပြင်သစ်ကို စရောက်လာပြန်ပါတယ်။ မိုနေးက သူများတွေလို စစ်ကို ရှောင်ဘို့ ငြင်းဆိုပြီး Giveny က ပန်းဥယဉ်မှာပဲ နေပြီး အသေခံမယ်ဆိုကာ  ဥယာဉ်ထဲက စတူဒီယိုထဲမှာပဲ နေခဲ့ပြီး ပြင်းထန်လှတဲ့ ပထမ ကမ္ဘာစစ်ကြီး ရဲ့ ရှိုက်ခတ်မှုတွေဟာ မိုးနေးရဲ့ စုတ်ချက်တွေကို ကြမ်းလျ စေခဲ့သလို အရောင်ပြင်းပြင်းတွေကို စပြီး တွဲစပ်ပြီး သုံးစွဲ လာခဲ့စေပါတယ်။ဒါကြောင့် အဲဒီကာလတွေက ရေးဆွဲသွားတဲ့ သူ့ ရှုခင်း ပန်းချီကားတွေထဲ မှာ အရောင်တွေဟာ လောင်ကျွမ်းပေါက်ကွဲ နေတာတွေ့ကြရပါတယ်။ အဲဒီ အိုမင်းလာတဲ့ မိုးနေးရဲ့ ဘဝကိုသီးခြားဖေါ်ပြတဲ့BBC TV ကတင်ဆက်တဲ့ မှတ်တမ်းရုပ်ရှပ်ရှင်ထဲမှာ အဲဒီကားတွေနဲ့ ပတ်သတ်လို့ အနုပညာအကဲဖြတ်တွေက မိုးနေးဟာ ကင်းဘတ်ကို အရောင်တွေနဲ့ အညိုးတကြီးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဥပမာ နယူးယောက်က မော်ဒန်အနပညာပြတိုက်  MOMA မှာ စုဆောင်းထားတဲ့ The Japanese Footbridge, ဆိုတဲ့ ကားဆိုရင် လောင်ကျွမ်းလွန်းလို့ မိုးနေးမှ ဟုတ်ပါရဲ့လားလို့ သံသယပွါးရတဲ့ကားတွေဖြစ်ပါတယ်။ဒီပြသနာ ပြီး ပြန်တော့ အဘိုးကြီး မိုးနေး မှာ မျက်စိ အမြင်ပိုင်းဆိုင်ရာ ချို့ယွင်းလာတဲ့ ပြသနာကို ရင် ဆိုင်ရပြန်ပါတယ်။ မှုန်ဝါးလာတဲ့ အပြင် အဝါရောင်တွေကို ပိုမြင်လာပြန်ပါသတဲ့။ဒါပေမယ့် အဖိုးကြီး မိုးနေးဟာ ဇွဲ မလျော့ ပဲ ပန်းချီကားတွေ ဆက်လက် ဖန်တီးခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာ သူ့ မျက်လုံး ရဲ့ အရောင်တွေကို ခွဲခြားစိတ်ဖြာနိုင်စွမ်းကို စိတ်မချတဲ့ အတွက် အနီးမှာ တပည့်တယောက်ကို အကူ အဖြစ်ထားရှိပြီး သူစပ်နေတဲ့ အရောင်တွေ ဟာ ဘာရောင်ထွက်နေတယ်ဆိုတာကို ပြောပြခိုင်းပြီးတော့ ပန်းချီကားကြီးတွေ ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ။်

                                                                                                           

အဖိုးကြီး မိုနေး ဟာ အသက်တော်တော်ရ ကတည်းက ပါရီက နေမိုင် ၅၀ လောက် အကွာက  Giverny ဆိုတဲ့ ကျေးရွှာလေး မှာ မြေဧက များစွာ ဝယ်ပြီး သူ့စိတ်ကြိုက် ရေကန် နဲ့ တံတားလေးတွေထိုးပြီး ပန်းပေါင်းစုံ ဝေဆာနေတဲ့ ဥယာဉ် တခုကိုလုပ်သားအနည်းငယ်ရဲ့အကူညီနဲ့ တည်ဆောက်ခဲ့တဲ့ အပြင် ဒီပန်းဥယာဉ်ကိုပဲ ရှုထောင့် အမျိုးမျိုးကနေ ပန်းချီကားပေါင်း မရေမတွက် နိုင်အောင် ရေးဆွဲခဲ့ပါတယ်။အဲဒီ Giverny ကို ၂၀၀၈ ခုနှစ်လောက်က ရောက်သွားခဲ့တဲ့ အခါ ပန်းတွေ သစ်ပင်တွေကိ မိုးနေးရှိစဉ်တုန်းက အတိုင်း ဖြစ်နေအောင် ဆက်လက် ထိန်းသိမ်း ပြုပြင်ထားကြတာမို့ ဂျပန်စတိုင် တံတားလေးပေါ်က နေကြည့်လိုက်ရင် ကိုယ်တိုင် မိုးနေးရဲ့ ပန်းချီကားထဲကို ကိုယတိုင်ရောက်နေတယ်လို့ခံစားရစေပါတယ်။ဒီလိုနဲ့ အသက်ကြီးလာပြီး ဥယာဉ်ထဲမဆင်းနိုင်တော့ တဲ့ အချိန်မှာ မိုနေးဟာ စတူဒီယိုကြီး ပတ်ပတ်လည်ကို ကင်းဘတ်စ အရှည်ကြီးတွေကို ဘောင်ကြက်ခိုင်းပြီး အပြာရောင်နဲ့ ခရမ်းပြာကဲတဲ့ ရေထဲမှာ ကြာပန်းတွေ ကို စုတ်ချက်ကြီးကြီးတွေနဲ့ အားရပါးရ ဆွဲခဲ့ပါတယ်။သဘာဝကို အင်မတန်ချစ်မြတ်နိုးတဲ့ အဘိုးကြီးဟာ  အပြင် မထွက်နိုင် တော့တဲ့ အချိန်မှာသူကိုယ်သူ ကြာပန်းတွေ ပတ်ပတ်လည်နေတဲ့ ဥယာဉ်ကြီး အလယ်ရောက်နေတယ်လို့ ခံစား နေချင်လို့ ရေးဆွဲခဲ့တယ်လို့ ဆိုတယ်။ ဒီပန်းချီကားကြီးတွေကို ချည်းသီးခြား ပြတိုက်တခု လုပ်ကာ ပြသထားတာကို ပြင်သစ် ကိုရောက်စဉ်က ရောက်သွားတဲ့ အခါ တကယ့်ကို မှော်ဆန်လွန်းတဲ့ ပန်းဥယဉ်ကြီးထဲ ရောက်သွားရသလို ခံစားရစေပါတယ်။ ဒီလောက်ကြီးမားတဲ့ ကားကြီးတွေ ဆွဲ ဘို့ ဒီ အဘိုးကြီး ဘယ်က အင်အားတွေများရခဲ့သလဲ လို့  ကားတွေကြည့်ရင်းတအံ့တသြစဉ်းစားနေမိပါတယ်။

           လန်ဒန်မြို့ က နာမည်ကျော် tate modern ပြတိုက်ကြီးမှာ ဆိုရင်လည်း မားသ်ရော်ကို ရဲ့ အရောင်ပြင် ပန်းချီကားကြီးတွေ နဲ့ မျက်နှာချင်းဆိုင် နံရံ မှာ မိုးနေး ရဲ့ လေးပေ ခြောက်ပေလောက်ရှိတဲ့ ကြာပန်းရေကန် ပန်းချီကားကြီးကို တွယဉ်ဖေါ်ပြထားပါတယ်။ အဲဒီကားမှာ ဆိုရင် ကြာပန်းရေကန်တွေ တောက်လျောက် ရေးဖွဲခဲ့လို့သာ ကြာပန်းရေကန်လို့ သိရပေမယ့် တကယ်တော့  အရောင်ပြင်နဲ့ စုတ်ချက်တွေ သက်သက်သာ တေါ့ရပါတော့တယ်။ ပြောချင်တာကတော့ မိုးနေးရဲ့ နောင်းပိုင်းလက်ရာတွေ ဟာ စစ်ပြီးခေတ် ဒြပ်မဲ့ ပန်းချီ လှုပ်ရှားမှုတွေ အပေါ်မှာ သြဇာကြီးစွာ သက်ရောက်ခဲ့ တယ်ဆိုတာပါပဲ။ ဘဝတလောက်လုံး မှာ လည်း အနုပညာမြောက်ပန်းချီကားတွေ မရေမတွက် နိုင်အောင် ရေးခဲ့ပြီး ဘဝ နေဝင်ချိန်မှာ နောက်ထပ် အနုပညာ စတိုင်သစ်တခု ချန်ထားခဲ့ပြီး အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားတဲ့ အဘိုးကြီးမိုးနေး အကြောင်းတွေးမိခြင်းရယ်ပါ။

          ဒီအကြောင်း အရာနဲ့ တဆက်တည်း ၁၈၈၁ ကနေ ၁၉၇၃ထိ နှစ်ကိုးဆယ်ကျော် နေသွားခဲ့ တဲ့ နှစ်ဆယ်ရာစုနှစ်ရဲ့ အနုပညာနတ်ဘုရားကြီး လို့ တင်စားပြောဆိုလေ့ ရှိကြတဲ့ အဘိုးကြီး ပီကာဆိုရဲ့ နောက်ဆုံးနေဝင်ချိန် အကြောင်းကိုပါ ဆက်စပ် စဉ်စား မိသွားပြန်ပါတယ်။ဘီဘီစီ tv အစီအစဉ်က ထုတ်လွင့်ခဲ့ဘူးတဲ့ ဆောင်းချမ်းရက်များထဲက နွားသိုး (သို့) ပါပလိုပီကာဆို၏  နောက်ဆုံးနေ့ရက်များ ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ထဲမှာ ပီကာဆိုရဲ့ နောက်ဆုံး နှစ်နှစ်ဆယ် မှာ ပြင်သစ်တောင်ပိုင်းက Mougins ဆိုတဲ့ ဒေသ က ပင်လယ်ကမ်းခြေမှာ ရဲတိုက်လောက်ကြီးတဲ့ စံအိမ်ကြီးတခု ဆောက်လုပ်ပြီး နောက်ဆုံးဇနီးဖြစ်တဲ့ ဂျက်ကလင်း နဲ့ အတူ အထီးကျန်စွာ ဖြတ်သန်းခဲ့ရပုံတွေကို ကြည့်လိုက်ရဘူးပါတယ်။အဲဒီကာလမှာ ပီကာဆို ရဲ့ ပထမဇနီးတွေ နဲ့ မွေးခဲ့တဲ့ သားသမီးတွေက အစ ခင်မင်ကြသူအားလုံးဟာ ဂျက်ကလင်း ရဲ့ ခွင့်ပြုချက်ရပြီးမှသာ ပီကာဆိုကို တွေ့ နိုင်ကြတယ်လို့ ဆိုပါတယ်။ အဘိုးကြီး ပီကာဆိုဟာ သူ့နောက်ဆံုး အချိန်တွမှာ ဒီ စံအိမ်ကြီးထဲက ကိုယ်ပိုင် စတူဒီယိုကြီးထဲမှာ ပန်းချီကားအများအပြားရေးဆွဲသွားခဲ့ပြီး ပန်းချီကားအားလုံးဟာ လုံးတီးပုံတွေ နဲ့ ကျားမ ကာမဆက်ဆံကြတဲ့ပုံတွေကိုရေးဆွဲခဲ့တယ်လို့ဆိုပါတယ်။ ၂၀၀၆ ခု ပြည်ပကို ထွက်ခွါသွားပြီး နောက်ပိုင်း စပိန် လန်ဒန် နဲ့ ဥရောပက အနုပညာ ပြတိုက်တော်တော်များများ  ပီကာဆိုရဲ့ အနုပညာလက်ရာတွေကို ကာလ အလိုက် စတိုင် အလိုက် အကြောင်းအရာ အလိုက် အမျိုးမျိုး ပိုင်းခြားတင်ဆက်တဲ့ ပြပွဲတော်တော်များများကို ကြည့် ခဲ့ရဘူးပါတယ်။ ပီကာဆိုရဲ့ သူတောင်းစားကြီး၊ ငြိမ်းချမ်းရေး ချိုးငှက် ၊ ဂွရာနီကာ၊အာဗီညွန်က မိန်းမ များစတဲ့ ကားတွေကို ကြည့်ရှူခံစားခွင့် ရတဲ့ အခါ တကယ်လည်း ၂၀ ရာစုမှာ ပြောစမှတ်တွင်ရမယ့် ကားတွေ အဖြစ် ခံစားမိခဲ့ဘူးပါတယ်။                                                              
                                             

၂၀၁၀ လောက်က နယူးယောက်မြို့ ၂၄ လမ်းတဝိုက် ကိုယ်ပိုင် အနုပညာ ပြခန်းတွေ ရှိတဲ့ ရပ်ကွက်ထဲက ပြခန်းကြီး တခု မှာ ပီကာဆို အထူးပွဲ တပွဲ နဲ့ ကြုံကြိုက်တာမို့ မထင်မှတ်ပဲ ဝင်ကြည့်ဖြစ်သွားပါတယ်။အဲဒီပွဲမှာ ပီကာဆိုရဲ့ လေးပေ သုံးပေ လောက်ကြီးတဲ့ ကားကြီးပေါင်း ၃၀ လောက်ကို ပြသထားပြီး ထူးထူးခြားခြား အဲဒီကားတွေအားလုံးဟာ လာကြည့်တဲ့ တွေကို မှင်သက်မိစေလောက်အောင် လုံးတီးယောက်ျား လုံးတီး မိန်းမ တွေ ဆက်ဆံနေကြပုံတွေ တစ်တစ်ခွခွ စိတ်ကြိုက်ရေးဆွဲ ဖန်တီးထားတာတွေ့ရပါတယ်။ ပီကာဆို တသက်တာမှာ မိန်းမပေါင်းများစွာနဲ့ ဆက်ဆံခဲ့ဘူးသလို  မိန်းမပုံပေါင်းများ စွာကိုလည်း ရေးဆွဲခဲ့ဘူးပါတယ်။ အထူးသဖြင့် အာဗီညွန် မိန်းမများ ကားဟာ တကမ္ဘာလုံးက အသိအမှတ်ပြု ရတဲ့ လလက်ရာတခု လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု နယူးယောက်ပွဲ မှာ တွေ့ရတဲ့ ပီကာဆို ရဲ့ နောက်ဆုံး နှစ်များက လက်ရာတွေကတော့ ဖိုမ ဆက်ဆံမှု ကို တစ်တစ်ခွခွ ဖေါ်ပြထားတာကလွဲလို့  အရင်ကျူဗစ်ဇင် တခေတ်မှာ ဆွဲခဲ့ဘူးတဲ့ အာဖရိကန် ရိုးရာ သစ်သား မျက်နှာဖုံးတွေ စတိုင်ကို  မျက်နှာပြင် ထပ်ကစားထားတဲ့  သာမရိုးကျ စတိုင်မျိုးထဲ မှာ ပဲ ရှိနေတာကို့တွေ့ရပါတယ်။ BBC  က တင်ဆက်တဲ့ ပီကာဆို နောက်ဆုံးနှစ်များ မှတ်တမ်းရုပ်ရှင်ထဲမှာ ဒီကာလ လက်ရာတွေနဲ့ ပတ်သက်ပြီး ပီကာဆိုရဲ့ အရင်းနှီဆုံးမိတ်ဆွေ တချို့ နဲ့ ပီကာဆိုရဲ့ ပတမ ဇနီး ဖြစ်သူ တို့ပြောတာကတော့ အဲဒီကာလ အဘိုးကြီးဖြစ်လာတဲ့ ပီကာဆိုဟာ ကာမစွမ်းအား ကျဆင်းလာပြီး စွမ်းအင် လုံးဝ မရှိသလောက်ဖြစ်နေတဲ့ အခြေအနေမှာ သူ့စိတ်ကို သူရော အခြားသူတွေကိုပါ သူ့မှာ လိင်စိတ် လိင်စွမ်းအင် တွေ ရှိနေခဲ့သေးယောင်  ထင်မြင်ယူဆစေချင်လို့ ခုလို လက်ရာမျိုးတွေ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တကယ်ပဲ မှန်ကန်သလားလို့တော့ ကျွန်တော်မပြောနိင်ပါဘူး ဒါပေမယ့် ဘဝနေဝင်ချိန် မှာ ပီကာဆို ဟာ သူ့ထက် နှစ်ပေါင်း သုံးဆယ်ကျော်ငယ်တဲ့ သူ့ရဲ့ နောက်ဆုံးဇနီး ဂျက်ကလင်း ဖန်တီးထားတဲ့ အတုအယောင် ကမ္ဘာထဲမှာ နေထိုင်သွားခဲ့ရတယ်ဆိုတာတော့ အသေအချာ ပြောရဲပါတယ်။ ဂျက်ကလင်း ဟာ အထူးသဖြင့် အဘိုးကြီးပီကာဆိုကို သေခြင်းတရား ဆိုတဲ့ အကြောင်းအရာကို မတွေးတောမဆင်ခြင်နိုင်အောင် ကို အစစ သစ်လွင်လန်းဆန်းနေတဲ့ လာက အတု တခု ဖန်တီးထားတယ်လို့ ဆိုပါတယ်။ တရက် မှာ ပီကာဆိုရဲ့ အရင်းနှီး ဆုံး မိတ်ဆွေ အလည်ရောက်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ပီကာဆို  အိမ်ထဲမှာ အလှမွေးထားတဲ့ ငှက်လေးဟာ သေဆုံးသွားပါတယ်။ ချက်ချင်းဆိုသလို ဂျက်ကလင်းက အိမ်တော်စောင့်တွေကို ခေါ်ကာ ငှက် အသေကောင်ကို ဖျောက်ဖျက်ပစ်ခိုင်းပြီး သေသွားတဲ့ ငှက်နဲ့ တပုံစံတည်းနီးပါးတူ တဲ့ ငှက်တကောင်ကို အမြန်ဆုံး ရအောင် ရှာပြီး လှောင်အိမ်ထဲ မှာ ပြန်ထည်ပြီး ပီကာဆိုလုံးဝမသိရအောင် စီစဉ်နေတာကို တွေ့ခဲ့ကြောင်း ပြန်ပြောပြခဲ့ပါတယ်။တမ္ဘာ လုံး ဟိုးဟိုးကျော် အောင်မြင် ခဲ့တဲ့ ပီကာဆို ဟာ ၁၉၇၃ ဧပြီလ ၈ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး သူ့ အသုဘ ကို သားသမီး အချို့ နဲ့ မိတ်ဆွေ အနည်းငယ်ပဲ တက်ရောက်ခဲ့ပါတယ်။ ပီကာဆို ကွယ်လွန်ပြီး နှစ်အနည်းငယ် အတွင်းမှာ ပဲ ဂျက်ကလင်း ဟာ သေနတ်နဲ့ သူ့ကိုယ်သူအဆုံးစီရင် သွားခဲ့တာမို့ ပီကာဆိုရဲ့ နောက်ဆုံးနှစ်များမှာ ပီကာဆို ဟာ ဘယ်လိုဆိုတာ နဲ့ ပတ်သက်ပြီး တကယ့် အနီးကပ်ဆုံးနေခဲ့တဲ့ သူတဦးရဲ့ ကိုယ်တွေ့  ပြောကြာချက်တွေကို ကျွန်တော်တို့ သိရှိ ခွင့် ဆုံးရှုံးခဲ့ပါတယ်။

ဒါကတော့ အခုလောလောဆယ် လန်ဒန်မြို့ Tate Modern ပြတိုက်ကြီးမှာ ပြထားတဲ့ ဟင်နရီမားတီးစ် ရဲ့ The Cut- Out လို့ အမည်ပေးထားတဲ့ ပြပွဲကို ကြည့်ပြီးနောက် ဆင့်ပွါးခဲတဲ့ ကျွန်တော့်ရဲ့ အတွေးစများဖြစ်ပါတယ်။ဒီအကြောင်းတွေကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အင်္ဂလန် နိုင်ငံ ဂိုးလ်စမစ် တက္ကသိုလ် က ပါမောက္ခ တဦးဖြစ်တဲ့ Gerry McCullloch ဆိုတဲ့ ပုဂ္ဂိုလ် ရန်ကုန်ကို အလည်လာစဉ် ယဉ်ကျေးမှု တက္ကသိုလ်ကို လိုက်ပို့ရင်း လမ်းမှာ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အနုပညာသည်တွေရဲ့ နောက်ဆုံး နှစ်ကာလတွေကို ဖြတ်သန်းသွားကြပုံတွေ ကွဲပြားကြတဲ့ အကြောင်းပေါ့။ ဒီလိုနဲ့ အပြန်မှာ ပန်းချီဦးခင်မောင်ရင် တယောက် ပင်လုံဆေးရုံ မှာ တက်ရောက်ပြီး ဆေးကုသခံနေတာကို သွားသတိရ လိုက်တာမို့ ဧည့်သည်ကို ပါပြောပြီး ဝင်တွေ့ဖြစ်ပါတယ်။ ကျွန်တော် ဦးခင်မောင်ရင် နေတဲ့ မြောက်ဥက္ကလာပ သန္တာ လမ်းနဲ့ ကျောကပ် နွယ်နီထဲမှာ ၁၉၉၆ ကနေ ၉၈ ထောင်ထဲ မရောက်ခင် ကာလတွေထိ နေခဲ့စဉ်က ညနေဘက်တွေမှာ ဦးခင်မောင်ရင် ရဲ့ အိမ် မှာ စက်ကျခဲ့ဘူးပါတယ်။ အဲဒီ အချိန်က ဦးခင်မောင်ရင် ရဲ့ နာမည်ကြီး တဲဟောင်းကြီးထဲမှာပေါ့။ ၂၀၁၂ မြန်မာပြည်ပြန်လာခွင့်ရ လို့ သွားတဲ့ အချိန်မှာ တော့ အသစ်ပြန်ပြုပြင်ထားတဲ့ အိမ်သစ်ပေါ့။ အိမ်သစ်ဖြစ်ပေမယ့် ဦးခင်မောင်ရင် ကတော့ အရင်တုန်းက ဦးခင်မောင်ရင်ပါ.။ ထုံးစံ အတိုင်း  ဇရာရဲ့ ထုထောင်းမှု နဲ့ အတူ နေဝင်ချိန်ကိုဖြတ်သန်းနေပြီဖြစ်တဲ့ ခင်မောင်ရင် လို့ တော့ ပြောနိုင်ပါတယ်။ဇရာထုထောင်းမှု ကြောင့် အရင်လို အပြင်ထွက်နိုင်သွားနိုင်တာ မရှိလို့ အိမ်တံခါးဝလေးမှာ ကုလားထိုင် တလုံးချပြီး အိမ်ရှေ့ ဖြတ်သန်းသွားသမျှ လူ တွေ နုတ်ဆက်ရင်း ဖြတသန်းနေရပေမယ့် အနုပညာ အလုပ်မှာတော့ အရင်ကထက်တောင် ပိုပြီး မရပ်မနားရေးဆွဲ လာနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် အဘိုးကြီး ခင်မောင်ရင် ဘဝမှာ ရေးဆွဲသွားခဲ့ တဲ့ လက်ရာတွေထဲ မှာ ထူးထူးခြားခြား တိုထွက်လာတဲ့ စီးရီးကတော့ ဒေါ်အောင်ဆန်းစုကြည် ပုံတူ စီးရီးဟာ မြန်မာ့ပန်းချီသမိုင်းမှာ ထူးထူး ခြားခြား မှတ်တိုင် အသစ်တခု စိုက်ထားခဲ့နိုင်လိုက်ပါတယ်။

ကျွန်တော်နဲ့ Gerry Mcculloch တို့ ဆေးရုံ မှာ အဘိုးကြီး ခင်မောင်ရင် ကို ဝင်တွေ့ကြပါတယ်။ အစာမစားတာကြာပြီ ဖြစ်တဲ့ အတွက် အိပ်ယာပေါ်မှာ လှဲနေရပေမယ့် ထုံးစံ အတိုင်း ဝမ်းသာ အားရ ကြိုးစားပြီး စကားပြောပါတယ်။ထုံးစံ အတိုး အနီးမှာ ဦးခင်မောင်ရင် ရဲ့ တပည့် ရင်းတွေက သူ့ အလိုကျ ဂ၇ုတစိုက်ပြုစုနေပါတယ်။ ဖြစ်ချင်တော့ ဧည့်သည် Gerry က ဦးခင်မောင်ရင် အဘိုး လို စကော့ လူမျိုး ဖြစ်ယုံမက  ဂလပ်စကိုမြို့က တမြို့ တည်းသားဖြစ်နေပြန်ပါတယ်။ဦးခင်မောင်ရင် က သူ့လက်မောင်းပိန်ပိန်လေးကို မြောက်ပြပြီး စကော့သွေးတမတ်သားပါတယ် လို့ ပြောနေပါတယ်။ အဘိုးကြီးကို ကျွန်တော်က နောက်က နေ အသာပွေ့ရင်း အခု ဘယ်လိုလဲ နေသာ ရဲ့လားလို့ မေးတဲ့ အခါ   လက်ကိုလေထဲ ဝှေ့ရမ်းပြီး ပန်းချီဆွဲချင်တယ် လို့ တမ်းတမ်းတတ ပြောရှာပါတယ်။ ကျွန်တော်က ဥါ်ီ ခင်မောင်ရင် အများကြီးဆွဲခဲ့ပြီးပြီ အခုကတော့ အနားယူသင့် အချိန်ရောက်ပြီလို့ ပြောတဲ့ အခါ တဖက်က ဆေးရုံ အခန်းနံရံကြီးကို လက်ညိုးထိုးပြီး အဲဒီ နံရံ ပေါ်မှာ ဆွဲချင်တာလို့ ပြောပါတယ်။ တကယ်တော့ ဦး ခင်မောင်ရင် ဟာ အစာမစားတာကြာပြီ ဖြစ်လို့ အိပ်ယာပေါ်ကနေ လူတွဲ နဲ့ မှ ထိုင်ရတဲ့ အခြေအနေမှာ နောက်ဆုံး ဆေးရုံက နေခွင့် ပြု ဦးတော့ သူ ပြောသလို ဆေးနဲ့ ထ ဆွဲ နိုင်ဘို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အတော်ကြီးကြာလို့  နုတ်ဆက်ပြီး ပြန်လာတဲ့ လမ်းမှာ တွေးနေမိတာက နောက်တခေါက်  အဖိုးကြီး ခင်မောင်ရင် ဆီ လူနာမေးသွားရင်  ရောင်စုံ စက္ကူ ချပ်တွေနဲ့ ကတ်ကျေးတလက်တော့ ယူသွားပြီး ထားခဲ့ လိုက်ဦးမယ်လို့ ဖြစ်ပါတယ် ခင်ဗျား။

                                                                ပန်းချီထိန်လင်း