Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                        

          သင်္ကြန်တွင်းကာလ မိသားစု အားလပ်ရပ်အတွက် လန်ဒန်ကို နှစ်ပတ် ခရီး ပြန်ဖြစ်ပါတယ်။ ထုံးစံအတိုင်း Tate Modern / Tate Britain အပါအဝင် တမြို့ လုံးမှာ ရှိတဲ့ ပြပွဲ တွေဆီ ပြေး တော့တာပေါ့။ ပြနေတဲ့ ပွဲ တိုင်းလိုလို က လည်း ဖလန်းဖလန်းထနေတဲ့ ပွဲတွေချည်း မို့ ပထမ ဦးဆုံး စိတ်ထဲမှာ အယားယံဆုံးညိခဲ့တဲ့ Hayward Gallery က ဇန်နဝါရီ ၂၉ ရက်က နေ မေလ ၅ ရက်နေ့ထိ ပြသထားတဲ့ မာတင်ခရိဒ်ရဲ့ ဘာအသုံးကျလို့လဲ What’s the point of it? ဆိုတဲ့ ပွဲအကြောင်း မိတ်ဆွေတွေကို ပွါးချင်ပါတယ်ခင်ဗျာ။

          ပထမဦးဆုံး Hayward ဂယ်လာရီ က လန်ဒန်မြစ်ဘေး SouthBank မှာတည်ရှိပြီး ကိုယ်ပိုင် အနုပညာလက်ရာတွေကို စုထားပြီး ပြသတဲ့ ပြတိုက်မျိုး မဟုတ်ပဲ အလွန် ကျယ်ပြောတဲ့ အခန်းတွေရှိပြီးကွန်တန်ပိုရာ၇ီ အနုပညာ လောက မှာ နာမည်ကြီးတဲ့ လူငယ်ပြပွဲ စီစဉ်သူတွေ ရဲ့ ထူးခြားတဲ့ စီစဉ်တင်ဆက်တဲ့ အဓိက ပြပွဲတွေ ချည်း တနှစ်ကို လေးငါးပွဲ လောက် ဆက်တိုက် တင်ဆက်နေတဲ့ ပြခန်းမျိုး ဖြစ်တာမို့။ လန်ဒန် အနုပညာ လောက သာမက Hayward က ပွဲတွေ ဆို နိုင်ငံတကာ နေ ကို တကူးတက လာကြည့်ရတဲ့ ပွဲမျိုးတွေ ဖြစ်ပါတယ်။ဒီပြခန်း မှာ လုပ်ခဲ့ တဲ့ ပွဲ တချို့ အကြောင်း  သာဂေါင်ကြီး နိုင်ငံကို အုပ်ချူပ်နေခဲ့တဲ့ကာလ တုန်းက မြန်မာသစ် မဂ္ဂဇင်းမှာ ကျွန်တော် ကိုကျော်ခေါင် ကလောင်နာမည်နဲ့တင်ပြခဲ့ဘူးတာမို့ မြန်မာ ခေတ်ပြိုင် အနုပညာ ချစ် ပရိတ်သတ် နဲ့ တော့ သိပ်မစိမ်းတဲ့ ဂယ်လာရီတခုပါ။

          Martin creed ဟာ ဗြိတိသျ ဥာဏ်ရှေ့သွားအနုပညာရှင်(Concepturalists)ထဲ တမူထူးတဲ့သူတယောက် ဖြစ်ပါတယ်။၁၉၈၈ နောက်ပိုင်းမှာ YBA ( Young British artists) ခေါ်တဲ့ အုပ်စု ရဲ့ အနုပညာအသစ် လှုပ်ရှား မှု တွေဟာ ဗြိတိန် နယ်နမိတ်ကို ဖြတ်ပြီး ကမ္ဘာ အနုပညာလောက ကိုပါ အယူအဆပိုင်းမှာရော အနုပညာဈေးကွက် နယ်ပယ် တွေ မှာ ပါ ကြီးစွာ ရိုက်ခတ်ခဲ့ပါတယ်။ဒါကြောင့် လန်ဒန်စကူးလို့ ခေါ်လာကြတဲ့ လန်ဒန်ကို အခြေပြုပြီး နှစ်ဆယ့်တစ်ရာစု မှာ ထိုးထွက် လာတဲ့ အနုပညာ လက်ရာတွေ အများစု ဟာ YBA အုပ်စု ထဲက ဖြစ်နေတတ်ပါတယ်။ထူးခြားမှုက ခရိဟာ Y B A အုပ်စုထဲက မဟုတ်သလို  အဲဒီအုပ်စုတွေထဲက ထင်ရှားသူတွေဖြစ်တဲ့ ဒေမီယံဟားစ်၊ ထရေစီအားမင်းစ်၊ ဆာရာလူကပ်စ်  တို့ ထက် နှစ် အနည်းငယ် ငယ်တဲ့ မျိုးဆက်က ဖြစ်ပါတယ်။သုံးနှစ်သားကထည်းက စကော့တလန်ပြည်နယ်မှာ ဂီတ နဲ့ အနုပညာ လှုပ်ရှားမှု တွေ အားကောင်းတဲ့ ဂလပ်စကိုဆိုတဲ့ မြို့ လေးမှာ ကြီးပြင်းခဲ့ပါတယ်။ဒါကြောင့် လည်း အမြင်ဆိုင်ရာ အနုပညာ တင်မက ဂီတ ပညာရှင်တယောက်လည်း ဖြစ်လာပြီး မာတင်ခရိ အဖို့ တော့  ပန်းချီအနုပညာ နဲ့ ဂီတ အနုပညာကြားမှာ ဘာတခု မှာ ကွဲပြားထူးခြားမှု မရှိဘူးလို့ ခံထားသူဖြစ်ပါတယ်။ ဒီအချက်ကို  သူဖန်တီးတဲ့ ပန်းချီ ပန်းပု လက်ရာတွေနဲ့ သူ့သီချင်းတွေက သက်သေခံနေပါတယ်။ အထူးသဖြင့် ဗြိတိသျ အနုပညာရှင်တွေထဲမှာ အနုပညာကို အရိုးရှင်းဆုံးအလွယ်ကူဆုံးလုပ်ဆောင်ရမယ်လို့ ခံယူပြီး ဖန်တီးol (Minimalists )တွေထဲ မှာ အလေးနက်ဆုံးနဲ့ အထင်ရှားဆုံး ဖြစ်ပါတယ်။ဒီလို ရိုးရှင်း လွန်းလို့ လဲ သူ့ လက်ရာတွေ ဟာ တကယ်ပဲ အနုပညာရောဟုတ်ရဲ့ လား အဲဒီလို လုပ်ပြတော့ ဘာများ သုံးစားရမှာ လဲ လို့ မကြာခဏ အငြင်းပွါးကြရတဲ့သူတယောက်ဖြစ်ပါတယ်။ ကျွန်တော် အတွေ့ အကြုံ အရ တော့ ခရိ  ဟာ ယနေ့ခေတ် သူနဲ့ ခေတ်ပြိုင် ဗြိတိသျ အနုပညာရှင် တွေ အားလုံးထဲ မှာ စဉ်းးစားဆင်ခြင် တွေးတောဖွယ်ရာ အပေးနိုင်ဆုံး အနုပညာရှုင်တယောက် ဖြစ်ပါတယ်။သူ့လက်ရာတွေပေါ့ပေါ့တန်တန် လုပ်ထားတယ် လို့ ထင်စရာ ဖြစ်နေတတ်ပြီး တကယ်က သူဟာ သူ့လက်ရာ တွေ အပေါ်မှာ  အင်မတန် လေးနက်တာကို တွေ့ရ ပါတယ်။ အထူးသဖြင့် သူ့ လက်ရာတွေ မှာ သူနဲ့ ခေတ်ပြိုင် Y B A အုပ်စု တွေရဲ့ လက်ရာတွေ မှာ ရှိနေတတ်တဲ့ ပလွားမှု မျိုးကို မတွေ့ရတာတာ ထူးခြားပါတယ်။

    

  ဥပမာအားဖြင့် ၂၀၀၁ ခုနှစ်မှာ ယူကေမှာ အလွန်ထင်ရှားတဲ့ အနုပညာဆု တဆု ဖြစ်တဲ့ Turner prize ဆုဆွတ်ခူးနိုင်ခဲ့တဲ့ work no 227 :The Lights  going on /off မီးလုံးတွေက မှတိလိုက် ပိတ်လိုက် ဖြစ်နေတဲ့ အနုပညာလက်ရာဆိုရင် ယူကေ Turna prize ဆုသမိုင်းမှာ အငြင်း အပွါးဆုံးနဲ့ အဝေဖန်အလှောင်ပြောင်ခံရဆုံး လက်ရာ ဖြစ်ခဲ့ ပါတယ်။ ဒီလက်ရာကို ၂၀၀၉ ခုရောက်တဲ့ အခါ Turner ဆု ရခဲ့ဘူးတဲ့ လက်ရာတွေ ပြန်ပြတဲ့ ပွဲမှာ ကြည့်ခဲ့ရဘူးပါတယ်။ အခန်းကျယ်တခု ရဲ့ မျက်နှာကျက် ဆီမှာ အိမ်တွေမှာ တပ်နေကျ မီးလုံးတွေ အများကြီး ရှိနေပြီး အခန်းထဲမှာ တော့ ဘာတခု မှ ရှိမနေပဲ မီးလုံးအားလုံးဟာ ငါးစက္ကန့် တစ်ကြိမ် ပိတ်လိုက် ဖွင့် လိုက် ဖြစ်နေပြီး ဒီလို ပွင့် တိုင်း ပိတ်တိုင်း မီးလုံးတွေဆီက ဖရီကွင်စီကြောင့် ဖြစ်ပေါ်တဲ့ အသံ ကိုပဲ ကိုကြားနေရပါတယ်။ဒီ လက်ရာဟာ တွေ့ကာစ က ကျွန်တော်ကိုယ်တိုင်  ကြောင်တောင်တောင် ဖြစ်သွားပြီး နောက်ပိုင်း နံရံ ပေါ်မှာ ဖေါ်ပြထားတဲ့ အနပညာလက်ရာနဲ့ ပတ်သက်တဲ့ မှတ်စုကို ဖတ်ကြည့်တော့ မှ မီးလုံးတွေ ပွင့်တာ ပိတ်တာကိုပဲ ပြထားတာ ဆိုတာ သိရပါတော့တယ်။ ဒီလို ငြင်းခုံသံ ကျယ်လောင်ခဲ့ တဲ့ ဒီလက်ရာကြောင့်ပဲ ခရိကို ဗြိတိသျ အနုပညာတခုလုံးက အာရုံစိုက် စောင့်ကြည့်ရတဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်လာခဲ့ ပါတယ်။                               
                                                          

          ပထမဆုံး လက်မှတ်ကို အပေါက်မှာ စောင့်တဲ့ ပြခန်းက ဝန်ထမ်းကို ပေး သူက ကိုယ့်ကို ပြပွဲက လက်ရာတွေနဲ့ ပတ်သက် လို့ ရှင်းလင်းချက်ပါတဲ့ လက်ကမ်းစာအုပ်ကို ပေးပြီးလို့ ပြခန်းထဲကို ဝင်လိုက်တဲ့ အချိန် မှာ တွေ့ရ တဲ့ အင်စတော်လေးရှင်း လက်ရာ ကို ကြည့်ပြီး တော်တော်လေး ဖြုံ သွားသလို စိတ်ထဲမှာလည်း ငါ ပွဲကို လာဘို့ ဆုံးဖြတ်လိုက်တာ မှန်သွားပြီလို့ ဘဝင်ကျသွားပါတယ်။ဝင်ကြေးက မြန်မာငွေနဲ့ သင့်ရင် တသောင်းခွဲလောက် ရှိတာကိုးဗျ။ အဝင်ဝ ခန်းမ ကျယ်ကြီးထဲ မှာ စုစုပေါင်း လက်ရာ လေးခုကို စုပေါင်းပြထားပါတယ်။အထူးသဖြင့် Mothers လို့ အမည်ပေးထားတဲ့ အင်စတော်လေးရှင်း လက်ရာကြီးက ဝင်လာတဲ့ သူတိုင်း ရဲ့ စိတ်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပါတယ်။အခန်း အလယ်က အချင်း သုံးပေနီးနီးရှိပြီး အမြင့် ခြောက်ပေသာသာ သံ ပိုက်လုံး ကြီးတခုကို မဏ္ဍိုင် သဖွယ် သံမဏိပြား ခုံပေါ်မှာ တည်ထားပြီး အဲဒီအပေါ်မှာ ထု နှစ်ပေ ဗျက် ခြောက်ပေခွဲ အရှည် ဆယ့်နှစ်မီတာခွဲ ကျော်ရှည်လျားတဲ့ သံဖရိန် ကြီးတခုကို ဟန်ချက် ညီညီ တင်ထားပြီး အရှိန်နဲ့ ပိုက်လုံးကြီး ထိပ်ပေါ်မှာ ပတ် ချာချာလည်နေအောင် ပိုက်လုံးထဲမှာ ထိုင်ထားတဲ့ လျပ်စစ်မော်တာ နဲ့  စီမံထားပါတယ်။အပေါ်က ချာချာလည်နေတဲ့ သံဖရိန်ကြီး ရဲ့ မျက်နှာပြင်ပေါ်မှာ အဖြူရောင် နီယွန် မီးချောင်းတွေနဲ့  Mothers ဆိုတဲ့ စာသားကို ပုံဖေါ်လို့ ထားပါတယ်။ စာသားတင်ထားတဲ့ သံဖရိန်ကြီး ကကြီးမားလေးလံမှု နီယွန်မီးတွေရဲ့ တောက်ပ လင်းလက်မှုတွေက ကမ္ဘာပေါ်မှာ ရှိတဲ့ အမေတွေရဲ့ ကြီးကျယ် မြင့် မြတ်မှုနဲ့ တောက်ပမှု ဂုဏ်ရည်တွေကို ကိုယ်စားပြု စေလိုလို့ ခုလို အကြီးကြီး လုပ်ထားတာလို့ ဆို ပါတယ်။ အထူးသဖြင့် ဒီလောက်ကြီးမားတဲ့ သံဖရိန်ကြီး ပရိတ်သတ်တွေရဲ့ ခေါင်းပေါ်ကနေ ကပ်ပြီး အဆက်မပြတ် လည်ပတ်နေတာကို ကြည့်ရှု ခံစားရတာ ပျော်ရွှင် နှစ်သက်မှု ကို ဖြစ်ပေါ်စေသလို ခေါင်းပေါ်ကနေ ကပ်ကပ်ပြီး ဖြတ်သန်းလည်းပတ်နေပုံကြောင့် ကျွန်တော် စိတ်မှာ မလုံခြုံ သလိုလို ကြောင့်ကြသလိုလို လည်း စိတ်မှာ တပြိုင်နက် ခံစားရစေပါတယ်။

                                                                        
 

          အဲဒီ Mothers ဆိုတဲ့ အင်စတော်လေးရှင်း ရှိရာ အခန်းကိုပဲ နံရံလေးဘက်စလုံးရဲ့ အခြေ က ကြမ်းပြင်ပေါ်မှာတော့Metronomes  အမည်ပေးထားတဲ့ အင်စတော်လေးရှင်း လက်ရာနဲ့ ပေါင်းစပ် အားဖြည့်ထားပါတယ်။ Metronomes ဆိုတဲ့ အတိုင်း ကြမ်းပေါ်မှာ ဂီတ ပညာရှင်တွေ အတွက် ဂီတ စည်းချက် အစိတ်အကြဲ အနှေးအမြန် အလွယ်သိနိုင်အောင် တီတွင် ထားတဲ့ စည်းချက် မှတ် ကိရိယာ (၃၉)ခု ကို စည်းချက်မှတ် မီတာတိုင်လေးတွေ ရဲ့ လွှဲချိန် နရီစည်း တမျိုးစီနဲ့ လွဲ နေအောင် ချိန်ပြီး အခန်းထဲမှာ ဖါင့် ချထားပါတယ်။ အခန်းထဲမှာ သူ့ လွဲချိန် နဲ့ သူ လွှဲနေတဲ့ မီတာ တိုင်လေးတွေ အတိုင်း အသံမျိုးစုံ က ကီရိယာ ၃၉ မျိုးဆီက နရီ ၃၉ မျိုးနဲ့ တစ်တောက် တစ်တောက် တစ်တောက် ဆူညံစွာ ထွက်နေတဲ့ အသံတွေက အဆက်မပြတ်ထွက်နေပါတယ်။ ခေါင်းပေါ်မှာတော့ Mothers ဆိုတဲ့ သံဖရိန်ကြီးက ယမ်းချာလည်လို့ပေါ့ဗျာ။ အခန်းရဲ့ ပေခြောက်ဆယ် နှစ်ဆယ် လောက်ရှိတဲ့ နံရံပေါ်မှာတော့ လေးလက်မလောက် အကျယ်ရှိတဲ့ အနက်ရောင် နဲ့ အဖြူရောင် ထောင့်ဖြတ်လိုင်းတွေကို အပြည့်သုတ်လိမ်းထားပါတယ်။

          ဒီပွဲ မှာ လက်ရာ တိုင်းကို လက်ရာနံပတ်စဉ်တွေ နဲ့ တွေ့ရပါတယ်။ ပန်းချီကားနဲ့ ပန်းပု လက်ရာ အတော်များများကို လည်းတွေ့ရပါတယ်။ ပန်းချီကား အားလုံးလိုလို က A4 နဲ့ A 4 သာသာ စက္ကူ တွေပေါ် မှာ ဆွဲထားဖြစ်ပါတယ်။ စီးရီး လိုက် ဆွဲထားတဲ့ကားတွေများပါတယ်။Order စီးရီးမှာ ပါဝင်တဲ့ ပန်းချီကား တွေက ကားရဲ့ အောက်ခြေမှာ တလက်မလောက်ရှိတဲ့စုတ်ချက် တချက် နောက် အဲဘေးမှာ အောက်က စုတ်ချက်တဲ့ တို တဲ့ စုတ်ချက်။ ပြီးတခါ နောက်ထပ် တို တဲ့ စုတ်ချက် တို့ကို အောက်ခြေ ကနေ အပေါ်ကို ရောက်တဲ့ အထိ အရောင် နုရာက ရင့်လာတာတမျိုး ရင့်ရာက နုသွားတာ တမျိုး အရောင် အမျိုးမျိုး စသည် ဖြင့်  စုတ်ချက် တွေကို တခုပေါ် တခု ဆင့်ပြီး အရိုးရှင်းဆုံးနည်းနဲ့ရေးဆွဲ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီလက်ရာတွေ နဲ့ ဆက်စပ်တဲ့ ပန်းပု လက်ရာ တချို့ ကို လည်း ကြမ်းပြင် ပေါ်မှာ ချထားတာ တွေ့ရပါတယ်။ အဲဒါကတော့ အရွယ်အစား မတူညီ တဲ့ စက္ကူ ဂျပ်ပုံးမျိုးစုံကို ကြီးစဉ် ငယ်လိုက် ဆင့် ထားတာပဲ ဖြစ်ပါတယ်။ ထို့ အပြင် ဗျက် နဲ့ အထူ အမျိုးမျိုး ရှိတဲ့ သစ်သားချောင်းတွေ ကို စောစောကလို ပဲ အော်ဒါ အလိုက် ဆင့်ထားပါတယ်။ ထို့ အတူ သံ ဖရိန် ချောင်းကြီး တွေကို လည်း အရှည် အတို အမျိုးမျိုး ဖြတ်ပြီးတော့ အရှည်ဆုံးက အောက် အတိုဆု့းက အပေါ် ထိ အဆင့် ဆင့် ဆင့် ထားပါတယ်။

          နောက် ပန်းချီကားစီးရီး ကတော့ A4 စက္ကူ တွေပေါ်မှ ရောင်စုံ ဆော့ပင် အမျိုးမျိုး သုံးပြီး မျက်နှာပြင်ပြည့် အရောင်တွေ ချယ်ထားပြီး ချယ်ထားတဲ့ အတိုင်း မှန်ဘောင်သွင်းပြီး တန်းစီ ချိတ်ဆွဲ ပြသ ထားခြင်းဖြစ်ပါတယ်။ဒီ လို မျိုး မျက် နှာ ပြင် ပြည့် ဆေးရောင်တွေ အပြည့် ချယ်သပြတဲ့နည်းမျိုး က အမေရိကန် အနုပညာရှင် Ellsworth Kelly လက်ရာတွေ မှာ များစွာ တွေ့ဘူးခဲ့ပေမယ့် အခု တွေ့တဲ့ မာတင်ခရိဒ် ရဲ့ ဒီစီရီးကတော့ အနုပညာအတွက်ထက် သုတသေန သမားတဦးက ဒီ အရောင်တွေ နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်သိချင်လို့ စူးစမ်းထားတဲ့ အသွင် မျိုးဘက် ပိုဆောင် နေပါတယ်။ အဲဒီ စီးရီး လို ပဲ A4 စက္ကူ တွေ ပေါ် မှာ မှင်နဲ့ ခြစ်ထားတဲ့လက်ရာတွေ နဲ့ အတူ ဘာ မှ ရေး မထားတဲ့ A4 စက္ကူ လို့ အမည် ပေးထားတဲ့ မှန်ဘောင် သွင်းထားတဲ့ လက်ရာ နဲ့ အတူ ပန်းပု တင်တဲ့ ခုံ ပေါ် မှာ တစ်ပေ ပတ်လည်လောက်ရှိတဲ့ အလုံပိတ် မှန် ပုံး လေးထဲ မှာ စက္ကူလုံးလေးတလုံးပြထားပြီး အမည်က A4 စက္ကူ လို့ ပေးထားပါတယ်။ A4 စက္ကူ ကို လုံးခြေပြီး ပြထားတာပါ။ခရိဟာ ကာလ အတန်ကြာ ဒီ ပုံမှာ A4 စက္ကူ တွေကို သုံးပြီး ပြုလုပ်ခြင်း နဲ့ ဘာမလုပ်ပဲ အတိုင်းထားခြင်းတို့ ကြား မှာ ကွားခြားချက်ကို အနုပညာက တဆင့် ရှိဖွေခဲ့တယ်ဆိုပါတယ်။ ဒီလိုနဲ့ အဲဒီ အနုပညာတွေ ပြထားတဲ့အခန်းထောင့်ဘက်မှာ တံခါးတချပ်က  ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတော့ ဟို ဘက်မှာ အခန်းတခန်း ရှိပြီး အဲ ဒီမှာ နောက်ထပ် လက်ရာ တခုခု ရှိမယ် အထင် နဲ့ သွားဘို့ လုပ်တဲ့ အခါ အခန်းတခု လည်းမရှိပဲ ဖြစ်နေတာမို့ မသင်္ကာ တာနဲ့ အနားဖြတ်သွားတဲ့  ပြခန်းစောင့်ကို မေး ကြည့်မိပါတယ်။ ဒီ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတဲ့ တံခါးက အနုပညာ လက်ရာ လားပေါ့။ပုဂ္ဂိုလ် က ခေါင်းပဲ ညိတ်ပြပြီး တံခါးပေါက် နားမှာ ရေးထားတဲ့ လက်ရာရဲ့ နာမည်ကို လက်နဲ့ ညွန်ပြပါတယ်။ သွားဖတ်ကြည့်တော့မှ တံခါး ဖွင့်တယ်/ပိတ်တယ် လို့ အမည်ပေးထားတဲ့ လက်ရာ ဖြစ်နေပါတယ်။

                                        

          နောက် Order လို့ အမည် ပေးထားတဲ့ အင်စတော်လေး ရှင်း လက်ရာတွေ အကြောင်းလည်း ပြောချင်ပါတယ်။ အခန်းကြမ်းပြင်ပေါ်မှာ ကုန်ပစ္စည်း အမျိုးမျိုး ထည့်ခဲ့တဲ့ အရွယ် အမျိုးမျိုးရှိတဲ့ ဂျပ်ထူ ပုံးတွေကို အစဉ်အတိုင်း  ကြီးစဉ်ငယ်လိုက် ပိရမစ်ပုံ ထပ်စီပြထားပါတယ်။ နောက်ပြီး အရွယ်အစားစားရှိတဲ့ သစ်သားချောင်းရှည်တွေကို လည်း စောစောကလိုပဲ ဗျက် နဲ့ အမြင့် အစားစား အတိုင်းကြီးရာက ငယ်ရာ ထပ်ပြီးစီပြထားပါတယ်။ နောက်ပြီး တံတားတွေ အဆောက်အဦးတွေ ဆောက်ရာမှာ သုံးတဲ့ သံဖရိန် ကြီးတွေကို လည်း ကြီးစဉ် ငယ်လိုက် အရှည် အတိုလည်း အစဉ်လိုက် ဖြစ်အောင် တမင် ဖြတ်တောက် ပြီးတော့ ထပ်စီကာ ပြသထားပြန်ပါတယ်။ ပန်းအိုးလေးတွေထဲ ပေါက်နေတဲ့ ကန္တာရတွေမှာ ပေါက်တတ်တဲ့ ဆူး ရှားစောင်းလက်ပတ်ပင် အမျိုးအစားလေးတွေကို လည်း အပင်ရှည်တာ ကနေ တို တဲ့ အပင်လေးတွေ အလိုက် စီတန်းပြီး အစဉ်လိုက် တိုရာကရှည်ရာ စီချပြီးပြထားပါတယ်။ ခရိ အနေနဲ့ ဒီလို အစဉ်အတိုင်းဖြစ်မှု တွေနဲ့ ပတ်သက်လို့ အမြင်ပိုင်း ဆိုရာတင် မကပဲ အကြားပိုင်းဆိုင်ရာ နဲ့ပါ ခံစားနိုင် အောင် အခန်းထဲ မှာ စန္ဒရားတလုံးချထားပြီး ပြခန်းက ဝန်းထမ်းတယောက်က ခုံမှာ ထိုင်လို့ ခလုတ်တွေကို အမြင့်ဆုံးအသံကနေ အနိမ့်ဆုံး အသံ ထိ တ ဖြည်းဖြည်းချင်းပုံ မှန် တီးခိုင်းထားပါတယ်။ တဖက်မှာ ဆုံးသွားပြီး နှစ်မိနစ် သုံးမိနစ် ကြာတာနဲ့ တဖန် စန္ဒရား ခလုတ်တွေ ရဲ့ အခြားတဖက်ဆီ ပြန်တီးလာရပါတယ်။ ဒီ Order စီးရီးထဲမှာ ကျွန်တော် အကြိုက်ဆုံးကတော့ အိမ်ရိုက်သံ အရွယ်အစား ခြောက်မျိုးလောက်ကို နံရံပေါ်မှာ တန်းစီပြီး သူ့ အရွယ် အလိုက် ရိုက်ပြထားတဲ့ လက်ရာ ဖြစ်ပါတယ်။ အင်မတန် ရိုးစင်းပြီး ကိုယ်လုပ်ချင် ပြောချင်တာကတော့ ဒါပဲ လို့ သေချာတိကျတဲ့ လက်ရာလို့ ခံစားမိလို့ပါ။ အခုတလောရေးနေတဲ့ အောင်ချိမ့် ရဲ့ ကဗျာတွေ နဲ့ နှိုင်းရမလို ဖြစ်နေပါတယ်။

          နီယွန် မီးချောင်းတွေ နဲ့ ခွေထားတဲ့ စာသားတွေ ကို လည်း အနပညာလက်ရာ အဖြစ် ပြသထားပါတယ်။ တစ်ခုမှာ DON’T WORRY ဆိုတဲ့ စာတန်းကို အဝါရောင် နီယွန် ချောင်းတွေကို ခွေပြီး အခန်းရဲ့ ထောင့် မှာ နံရံ တခုပေါ်မှာ DON’T နောက် နံရံ တခုမှာက WORRY ကို ချိတ်ဆွဲ ထွန်းညှိ ပြထားပါတယ်။ တနေရာမှာတော့ နီယွန်ချောင်းတွေ နဲ့ပဲ TRY TO MAKE NOTHING  လို့  မီးထွန်းဖေါ်ပြထားပါတယ်။ တနေရာမှာ တော့ အိမ်တွေ ရုံးခန်းတွေ မှာ အသုံးများတဲ့ လျပ်စစ် မီး လုံး အရွယ်မျိုးစုံ ဒီဇိုင်းမျိုးစုံ ကို သစ်သားပြားပေါ် မှာ ဒီလိုပဲ တန်းစီတပ်ဆင်ပြီး အတူတကွ မီးထွန်းဖေါ်ပြထားပါတယ်။

          ရှေ့မှာ ဖေါ်ပြခဲ့သလို  မျက်နှာကြက် မီးလုံးတွေ ဖွင့် တယ် ပိတ် တယ် ၊တံခါးပိတ်တယ် ဖွင့်တယ် ဆိုတဲ့ လက်ရာမျိုးတွေ နဲ့ ဆင်တူတဲ့ ပြကွက်တွေ ရှိပါသေးတယ်။ Hayward ဂယ်လာရီ အပေါ်ဆုံးထပ်မှာ အပြင်က ဝါတာလူး တံတားကို လှမ်းပြင်နိုင်တဲ့ မှန်ပြူတင်းပေါက် ရှည် တခုရှိပါတယ်။ ဒီပြူတင်းပေါက်ဟာ သုံးပေလောက်မြင့်ပြီး ပေနှစ်ဆယ်လောက်ကျယ်ပါတယ်။ ခရိက ဒီပြူတင်းပေါက်မှ အနက်ရောင် ရင်ကွဲ ကန့်လန့်ကာတခု တပ်ဆင်လိုက်ပါတယ်။ ကာလန့်ကာ ချပ် နှစ်ခုဟာ ပိတ်ထားတဲ့ နေရာကနေ အလယ်ဗဟိုကနေ ဘေး နှစ်ဘက်ဆီကို တဖြည်းဖြည်းလေးချင်း ပွင့်သွားပါတယ်။ ထုံးစံအတိုင်း ပွင့် သွားတဲ့  ပြဇာတ်ရုံ လို့နာမည် ပေးထားပါတယ်။ ပရိုဂျှက်တာနဲ့ ထိုးပြထားတဲ့ ဗီဒီယို လက်ရာတခု ရှိပါသေးတယ်။  အဖြူရောင် သက်သက် မြင်ကွင်းတခုထဲ ပထမ ခွေးကြီးကြီး တကောင် ဖြတ်သွားတယ်။ နောက် ခွေးသေးသေး အမွေးဖွါးဖွါး တကောင် ဖြတ်သွားတယ် နောက်ပြီး လူ( မာတင်ခရိ ပြေး လိုက်သွားတယ်။သူ့ခွေးတွေ ဖြစ်ပုံရပါတယ်) အဲဒီ ဗီဒီယို ကို လည်း ပေါ်လာလိုက်  ရပ်ပြီး ပျောက်သွားလိုက် နဲ့ နံရံ ပေါ်မှာ ထိုးပြထားပါတယ်။ ဒီလက်ရာကို ကြည့် မိတယ် အခါ ငယ်ငယ်က ရွာက မြေစိုက် ထရံကာ ရုပ်ရှင်ရုံ ကြီးမှာ ရုပ်ရှင် ကားဟောင်းတွေ လာပြတဲ့ အခါ ကားပြတ်သွားလိုက် မီး ဖွင့်ထား ပြီး တော့ တခါ ကားပြန်ဆက်ပြီး တခါ မီး မှိတ်ပြီး ထိုးပြတဲ့ ရွှေဘ ရုပ်ရှင်ဇာတ်ကားတွေ ပြန်သတိရစေပါတယ်။

          အခန်းအလယ် အဖြူရောင် စန္ဒရားအသစ်စက်စက်ကြီး တလုံး။ခဏကြာတော့ စန္ဒား ခလုတ်တွေ ရဲ့ အဖုံးတွေ ရောစန္ဒရားကြိုးတွေ တန်းထားတဲ့နေရာမှာ ဖုံးအုပ်ထားတဲ့ သစ်သားပြားအဖုံး အကြီးကြီး ကပါ ရုတ်တရက် သရဲခြောက်သလို ပွင့်လာပြီး ဘုန်းကနဲ ပြန်ပိတ်သွားလိုက် ပြန်ပွင့်လာလိုက် အုံးကနဲ့ မြည်ပြီး ပြန်ပိတ်သွားလိုက် ဆယ့်လေးငါးခါလောက် ဖြစ်ပြီး ဒီ တိုင်းငြိမ်နေပြန်ပါတယ်။ အဲဒီအတိုင်း သူ့ အလိုလို ဆယ်မိနစ် တစ်ခါ ဖြစ်အောင် လေဖိအားသုံးမောင်းတံ တချို့ နဲ့ တပ်ဆင်ပြီး လုပ်ထားပါတယ်။

          Hayward ပြခန်း အပေါ်ထပ်မှာ အပြင်ဘက်ကို ထွက် ပြီး မြင်ကွင်း ကြည့် လို့ရတဲ့  နေရာတချို့ ရှိပါတယ်။ အပြင်ဘက်ကို ထွက်လိုက်တော့  ပေ သုံးဆယ် ပတ်လည်လောက်ရှိတဲ့ ဒီ ဝရံတာပေါ်ကို ဆလွန်းကားတစီးကို တင်ထားပါတယ်။ကားတစ်စီး၊ကားထဲမှာ လည်း ဘာမှ မရှိပါဘူး။ အဲဒါနဲ့ ထိုင် ကြည့်တုန်း နှစ်မိနစ်လောက်ကြာတော့ ရုတ်တရက် ကားမီးအားလုံးလင်းပြီး ကားမှန်က မိုးရေသုတ်တဲ့ ဝိုက်ဘာ နှစ်ချောင်းက အလိုလို လှုပ်ရမ်းလာတယ်။ပြီးတာနဲ့ ကားရဲ့ ရှိရှိသမျှ တံခါး အားလုံး  ကားစက် ရှေ့ အဖုံး နဲ့ နောက်အဖုံး အပါအဝင် တံခါးအားလုံး သရဲခြောက်လိုက်သလို တပြိုင်နက် တည်း ဗြုန်းဆို ပွင့် ကားထွက်လာကြပါတယ်။ ရုတ်တရက်ဆိုတော့ အံ့သြပြီး ကြည့် နေခိုက် ခဏ အကြာမှာ အားလုံး ပြန်ပိတ်သွားပြီး အားလုံး ပုံမှန် လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစီးလို ပြန်ငြိမ်သက်သွားပါတယ်။ နှစ်မိနစ်လောက် ကြာရင် အဲ လို တခါ ပြန်ဖြစ်လာပြန်ပါတယ်။ သာမနန် လမ်းပေါ်မှာ တွေ့နေကျ ကားတစီးကိုပဲ ယူပြီး ပေါ့ပါးစွာ ခရိက ဖန်တီးလိုက်တဲ့ အခါ ဒီ ကားဟာ သက်ရှိတကောင်လိုလို အသက်ဝင်ပြီး ကျွန်တော်တို့ကို စကားပြောလာပါတယ် ဆက်သွယ်လာပါတယ်။

          ခရိဟာ ကျွန်တော်တို့ နေစဉ် ဘဝထဲက ပိတ်လိုက် ပွင့် လိုက် တက်လိုက် ကျ လိုက် ဖြစ်နေတဲ့ အရာ အားလုံး အပေါ်မှာ အာရုံတော်တော်ကျပြီး ဒါကို ပဲ လောက အမြင်တခု အဖြစ် ပုံစံပြောင်းတင်ပြ နေတဲ့ ဥာဏ်ရှေ့သွားအနုပညာရှုင် (Concepturalists )တစ်ဦးပါ။  သို့ပေမယ့် ခရိကိုယ်တိုင် က တခါတရံမှာ သူ ဟာ ဥာဏ်ရှေ့သွားအနုပညာရှင် (Concepturalists )တယောက် မဟုတ်ပါဘူး လို့ ထုတ်ဖေါ် ငြ်းဆိုထားတဲ့ အပြင် တကယ့်ကို Conceptural art ဆိုတာ ဘာလဲ ဆိုတာကို တကယ် မသိတာပါဗျာ။ ဘယ်ဗျာ ခံစားမှု ကို ထားပြီး ဘယ်လိုလုပ် အနုပညာ ဖန်တီးလို့ ရလိမ့်မလဲ လို့ ပြောတတ်ပါတယ်။ ဒါကိုလည်း အတည် ပြောတယ် လို့ ယူဘို့ ကျွန်တော် အနေနဲ့ခက်နေပြန်ပါတယ်။ ခရိဟာ ပါဖေါင့်မင့် လည်းရံခါ တင်ဆက်သူ ဖြစ်တော့ သူ့ပါဖေါင့်မင့် တွေမှာ ဆို သူက အဲလိုပဲ စကားပြောနေတာပဲ။ ပြောတဲ့ အကြောင်းက တွေးတော ဆင်ခြင်ခြင်းနဲ့ မတွေးမတောမဆင်မခြင် ခြင်း ဆိုမျိုး။ ခရိကို

ဒီလို အပိတ်အဖွင့် အတက် အကျ အပေါ် မူတည်ပြီး လုပ်ထားတဲ့ အထဲ မှာ ပြခန်းအပေါ်ထပ် နောက်ထပ် အပြင် ဘက် လေသာဆောင် တခုပေါ်မှာ LED ဖန်သားပြင် အကြီးကြီး တခုပေါ်မှာ ပြထားတဲ့ အဖြူ အမဲ ဗီဒီယို  Up and Down လို့ အမည်ပေးထားတဲ့ လက်ရာ အကြောင်းပြောချင်ပါတယ်။ ပြကွက်က ယောင်္ကျားတယောက်ရဲ့ တန်ဆာ ကို ဘေးတိုက်  အနီးကပ် ရိုက်ထားပါတယ်။ ယောက်ျား လုပ်သူ ရဲ့ ဝမ်းဗိုက် ဧရိယာ နည်းနည်း နဲ့ ပေါင်ရင်းပိုင်း နည်းနည်း ပဲ   ဗီဒီယို ထဲ ပေါ်ပါတယ်။ ကင်မရာကို ဘေးစောင်းပေး ရပ်ထားတာပါ။ ကျွန်တော် အဲဒီ ဖန်သားပြင်ရှေ့ ရောက်တော့ အမျိုးသမီး ခပ်ချောချော ခပ်ငယ်ငယ် တယောက်က ကြို ရောက်ပြီး သူက လည်း ရပ်ကြည့် နေပါတယ်။ ဗီဒီယို ထဲ မှာ တန်ဆာက အောက်ဖက် ကို ခပ်ငိုက်ငိုက် ကျနေပြီး ကြာည့်နေတုန်းမှာ တဖြည်းဖညြ်း ချင်း ကြီး လာတာနဲ့ အမျ ရေပြင်ညီ တန်းတန်းမတ်မတ် ဖြစ်လာပါတယ် အဲဒီက နေ အပေါ်ဖက်ကို တဖြည်းဖြည်း တင်းမာပြီး ထောင်တက် သွားပုံ က ဒုံးပျံ တခု လိုကို ထောင်သွားတာပါ။ပြီးတာနဲ့ တဖည်းဖည်းချင်း ပြန်ကျ လာပြီး ပြန်သေးငယ်ကာ အောက် စိုက် ပြန်ဖြစ်လာပါတယ်။ ဒီ ဗီဒီယို ထဲ က လူဟာ ခရိကိုယ်တိုင်လားတခြားလူ တယောက်လားဆိုတာတော့ သဲသဲကွဲကွဲ ဖေါ်ပြထားချက် မရှိပါဘူး။ ကျွန်တော် နဲ့ စောစောက အမျိုးသမီး တို့ ရပ်ကြည့်နေတုန်း ဖန်သားပြင် ရှေ့ကို နောက်ထပ် အသက် တော်တော် ကြီးနေတဲ့ အဖိုးကြီး တဦး နဲ့ အဖွါးကြီး လေးယာက် အဖွဲ့ တဖွဲ့ ကလည်းရောက်လာပါတယ်။ ဖန်သားကို ကြည့်ပြီးတာ နဲ့ အဖိုးကြီး လုပ်တဲ့ သူက ဟွန်းသေးသေးလေးရယ် လို့ ပြောပြီး မျက်နှာလွဲ ထွက်သွားပြီး တခြားတဖက်မှာ အပ်ြငလေကိ  ရှူ ရင်းရပ်နေပြီး အဖွါးကြီးလေးယောက်ကတော့ ကျွန်တော် တို့ အနားမှာ ရပ်ပြီး စိတ်ဝင်တစားကြည့် နေပါတယ်။ ခဏ ကြာတော့  အောက်စိုက်ကျနေတဲ့ ပစ္စည်း တဖြည်းဖြည်း အပေါ် ထောင်တက် လာတာ ကို ကြည့် ရင်း အဖွါးကြီးတွေထဲက တယောက် က အား သူ က သူ့ဟာသူ လိုသို ထိန်းချုပ်ပဲ့ကိုင် နိုင်တယ်လို့ ပြောချင်တာပေါ့နော် လို့  အရွှန်းထဖေါက်ပြီး ထွက်သွားကြပါတယ်။

နောက် တမျိုးထူးခြားတဲ့ လက်ရာတွေကတော့ သာမာန် နေ့စဉ် မြင်တွေ့နေကျ အရာဝတ္ထုတွေကို စီထပ်ပြီးတော့ ဖန်တီးထားတဲ့ လက်ရာတွေဟာလည်း တမျိုးထူးခြားပြီး ခရိ ရဲ့ အမြင်ပိုင်းအနုပညာဆိုင်ရာ ကိုယ်ပိုင် ဘာသာစကား တခု လို ဖြစ်စေပါတယ်။ ဥပမာ ခြောက်ပေ လေးပေ သုံးထပ်သားပြားတွေ အများကြီး ကို လူတရပ်သာသာလောက် အမြင့် ရောက်တဲ့ထိ ထပ်ထားပြီး ပြတဲ့ လက်ရာမျိုး ဖြစ်ပါတယ်။ အမြင်မှာ တော့ သစ်သားဘလောက်တုံးကြီး တခုလို ဖြစ်နေပေ မယ့် ဒါဟာ မြောက်များစွာသော သုံးထပ်သားပြားတွေ ဆိုတဲ့ အသိက သာမာန် သစ်သားတုံးကြီး ချထားတာနဲ့ ကွဲ ပြားသွားစေပါတယ်။ ဒီလိုပဲ အနာကပ်တဲ့ ပလပ်စတာ လေးတွေကို လေးထောင့်စပ်စပ် အရွယ်တူ ညှပ်ပြီး အမြောက် အများ နံရံ မှာ တခုပေါ် တခု ထပ်ထပ်ကပ်ပြီး နံရံပေါ်မှာ တလက်မလောက် ထုရှိတဲ့ အတုံးလေးတခု ကပ်နေသလို ဖန်တီးပြချက်လေးဟာ အင်မတန်တာသွားလှပါတယ်။ ဒီလိုပဲ ဂယ်လာရီရဲ့ အပေါ်ထပ် ကြမ်းပြင်ပေါ် မှာ ခင်းထားတဲ့ လေးထောင့် ကြွေပြားမျိုး ကို နောက်ထပ် လေးငါးဆယ်ချပ် ရှာပြီး ထပ်ပြထားတာမျိုးကျ အင်မတန် ရိုးစင်း ပြီး လွယ်ကူ လွတ်လပ် ပေါ့ပါးစွာ ဖန်းတီးထားချက်မျိုး ဖြစ်ပါတယ်။ပိုထူးခြားတာက ဂယ်လာရီ အိမ်သာထဲ က နံ ရံပေါ်က ကြွေပြားတွေ ပေါ် မှာ လည်း အဲ လို နံရံကပ် ကျောက်ပြားနဲ့ ပုံစံတူ နောက်ထပ် ကြွေပြားတွေ ရှာပြီး လေးငါးခြောက် ချပ်လောက်ကို စီထပ် ကော် နဲ့ကပ်ပြီး ဖန်တီးထားချက်ဟာ လည်း ရိုးစင်းသလောက် လှပပါတယ်။ အဲဒီလိုပဲ အပေါ်ထပ်  လေဟာပြင် နေရာလွတ်ပေါ်မှာ  အုတ်တွေနဲ့ အမြင့် ရှစ်ပေ ထု သုံးပေ အရှည် ဆယ်ပေလောက် ရှိတဲ့ အုတ်နံရံကြီးတခုကို ဖန်တီးတည်ဆောက်ထားပါတယ်။ ဒီလိုမျိုး အရာဝတ္ထုတွေကို ထပ်စီပြ ထားတဲ့ အထဲ မှာ အိမ်သာသုံး စက္ကူ လိပ်တွေ ကို နံရံ တလျောက်စီချထားပြီး အပေါ် မျက်နှာ ကျက် ရောက်တဲ့ အထိ ထပ်စီပြီး ထားတဲ့ အင်စတော်လေးရှင်းဟာ အပေါ်က အလင်းမီးရောင် ထိုးလိုက်တဲ့ အခါခါ တော်တော် လှပါတယ်။ ဒီလို လက်ရာတွေထဲ မှာWork no 79.. Blue အမည် ရ လက်ရာဟာ လည်း ရီုးစင်း လွယ်ကူ လွန်းလို့ အင်မတန် ထူးခြားပါတယ်။ အကြောင်း ကတော့ Blue – Tack ဆိုတဲ့ အတိုင်း အပြာင် Blue Tack အလုံးလေး တခုကို နံရံ ပေါ်မှာ ဒီ အတိုင်း လက်နဲ့ ဖိကပ်ထားတာပါပဲ။ အဲဒီလောက် လွယ်ကူ ရိုးရှင်းတာ လည်း မရှိတော့တာမို့ တချို့ က ဒီလို လက်ရာတွေ အပေါ်မှာ What’s the point of it? လို့ ပြောကြတာမှာ မေးလာတဲ့ သူတွေ ဘက်က နေစဉ်းစားကြည့်တော့ လည်း အလွန် မဟုတ်ပါဘူး။                                                       

ဒီပြပွဲ မှာ လာသူ အာလုံးပျော်ရွင် ကြေနပ်ကြတာကတော့ မှန်တွေကာထားတဲ့ အခန်းကျယ်တခုထဲ မှာ  လေမှုတ်ထားတဲ့ အဖြူ ရောင် ဘူဘောင်းတွေ ကို ထောင်နဲ့ ချီပြီး ဖြည့်ထားလိုက်ပြီး လူတွေ ကို အဲဒီ အခန်းထဲ က ဘူဘောင်းတွေကြား တိုးဝင် သွားခွင့် ပြုထားတာပါပဲ။ ဒီ ပြကွက်ဟာဖန်တီးတင်ဆက်ပုံ သိပ်မထူးခြားလှပေမယ့် အထူးသဖြင့် လူငယ်တွေ ကလေးတွေ အင်မတန် ပျော်ရွှင် ကြေနပ်ကြတဲ့ လက်ရာ တခုဖြစ်ပါတယ်။ ဘူဘောင်းတွေ ကြားထဲ မှာ လူ တကိုယ်လုံး နစ်မြုပ်နေပြီး ပတ်ပတ်လည် မှာ ဘူဘောင်းတွေ နဲ့ ပြည်သိပ်ပြီး ဘေးဘယ်ညာ ဘယ်ကို မှ မမြင် ရ တဲ့ အထဲ မှာ စမ်းတဝါးဝါး နဲ့ လျောက် သွားနေရတဲ့ အရသာ အတွေ့ အကြုံ ကို ပေးထားပါတယ်။ ကျွန်တော် အဖို့ ဒီ လို အတွေးအခေါ် ပါတဲ့ ဆင်တူတူ လက်ရာ မျိုးကို ဒီ Hayward ဂယ်လာရီမှာ ပဲ ၂၀၀၇ ခုနှစ်က ဗြိတိသျ အနုပညာ ရှုင် အန်တိုနီဂမ်မလီ Antony Gormley  က မှန်အနောက် တွေ ကာ ထားတဲ့ အခန်းတခု ဖန်တီး ပြီး အထဲ မှာ ရေငွေ့တွေ အပြည့် ရှိနေစေပြီး ပရိတ်သတ် ကို မြူ ငွေ့ တွေ လို ပိန်းပိတ် နေတဲ့ ရေငွေ့တွေ ထဲ လျောက် သွားစေတဲ့ blind Light ဆို တဲ့ ပြပွဲ ကို အထူးသတိရစေပါတယ်။

                                        

နောက်ဆုံး ပြောပြချင်တဲ့ ခရိရဲ့ ဗီဒီယိုလက်ရာ က တော့ ပြပွဲထဲ မှာ အထူးခြားဆုံး ဝေဖန်သံ အထွက် ဆုံး လက်ရာတခု ဖြစ်ပါတယ်။ လက်ရာ ကို Sick and Shit လို့ အမည် ပေးထားပါတယ်။နောက်ခံ နံရံ အဖြူ ကြမ်းပြင်က လည်း ဖွေးဖွေး ဖြူ နေမို့ အဖြူရောင်ပြင် ဖြစ်နေတဲ့ အထဲကို စကတ် နဲ့ ဒေါက် ဖိနပ် အမြင့် စီးထားတဲ့ အမျိုးသမီး ငယ် တယောက် လမ်းလျောက် ဝင်လာပါတယ်။ အလယ်ရောက်တဲ့ အခါ ရပ်ပြီး ဘေးတိုက် အနေ အထား အတိုင်းပဲ စကပ်ကို လှန်တင်ပြီး အောက်ခံ ဘောင်းဘီကို ပေါင် လယ်လျောက်ထိ  ဆွဲ ချကာ ဆောင့် ဆောင့် ထိုင် ပြီး ငြိမ်နေပါတယ်။ မိန်းးကလေးရဲ့ ဖြူဖွေး နေတဲ့ တင်ပါးသား တွေကို ဘေးတိုက် အနေထား အတိုင်းသားတွေ့နေရပါတယ်။ နှစ်မိလောက် ငြိမ်ပြီး ထိုင် နေပြီးတဲ့ အခါ သူ့ဖင်အောက်ကို လက်မသာသာ အီးတုံး သေးသေးလေး ထွက်လာပါတယ်။ ထပ်ပြီး ကြိုးစားနောက် နောက် ထပ် နည်းနည်း ထွက်ပြီး ကြမ်းပြင် ဖြူဖွေးဖွေးပေါ် မှာ မြင်နေရပါတယ်။ မိန်းကလေးက ဝမ်းဗိုက်ရှေ့ နဲ့ ဒူးကြားထဲ ထည့်ထားတဲ့ လက်ကို ထုတ်ပြီး နှာခေါင်း နဲ့ ပါးစပ်ကို အုပ်ထားပြီး ထပ် ငြိမ်ထိုင်နေပါတယ်။ အီးက တော်တော် နဲ့ ထွက် မလာပါဘူး။ ဒီကာလ မှာ ဒီ မြင်ကွင်း ကို ထိုင် ကြည့် နေရတာ တော်တော် ပဲ မသက်မသာ ဖြစ်ရပါတယ်။ ဘယ်သူ ပဲ ဖြစ်ဖြစ် ဒီ လို မြင်ကွင်း မျိုး မတော် တဆ  မြင်ခဲ့မိရင် တောင် ချက် ချင်း မျက်နှာ လွဲ သွားတတ်တဲ့ ဟာ။ အခုဟာက သူများကိစ္စ ကို ထိုင်ပြီး ကြည့် နေရတာ ဆက်ပဲ ကြည့် ရမလို ထွက်ပဲ သွားရမလိုလို အခန်းထဲက ခုံပေါ်က အခြားသူ တွေ  အကဲ ခတ်ကြည့် တော့ လည်း သူတို့ မျက် နှာ အမူ မရာ တွေ အရ ကျွန်တော် လိုပဲ ခံ စားနေရပုံ ရပါတယ်။ တချို့က လည်း ပြုံးစိစိနဲ့ ပေါ့။ တော်တော်ကြာတော့ အမျိုးသမီး ရဲ့ ကိစ္စတွေ က အပြင် ကို တရစပ် ထိုးထွက်လာပြီး ခဏ အတွင်း တင်ပါးအောက် ကြမ်းပြင် ပေါ် မှာ ထုနဲ့ ထည် နဲ့ အပုံ လိုက်ဖြစ်သွားပါတယ် အဲဒီအခါ အမျိုးသမီးက အသာလေးရပ် အောက်ခံ ဘောင်းဘီလေးကို ဆွဲ တင်ပြီး  ထွက်သွားပါတော့ တယ် မြင်ကွင်းထဲ မှာ သူ စွန့် ပစ်ခဲ့ တဲ့ အပုံ တခုသာ ကျန်ရစ်ခဲ့ပါတယ်။ ဒါကတော့ Shit ဆိုတဲ့ ဗီဒီယို ပါ။                                  

                                                                               

Sick ဆိုတဲ့ ဗီဒီယို မှာ လည်း စောစော က အဖြူရောင် ပြင် နေရာ မှာ ပဲ ရိုက်ထားပါတယ်။ မြင်ကွင်းထဲကို မိန်းမ တယောက် လမ်းလျောက် ဝင်လာပါတယ်။ အလယ်ရောက်တဲ့ အခါ ဘာမပြောညာမပြောနဲ့ ခါးကို ကိုင်း၊ ဒူးပေါ် လက်ထောက်ပြီး ဝေါကနဲ ထိုးအန်ချ လိုက်ပါတယ်။ ပြီး တာနဲ့ ဆက်တိုက် ဆက်တိုက် အန်ချနေပါတယ်။ အန်ဖတ်တွေ က ကြမ်းခင်း ဖြူဖွေးဖွးပေါ်မှာ အကုန် ပြန့်ကြဲ ကုန်ပါတယ်။ မိန်းမ က မရပ်သေးပါဘူး။ အထူးသဖြင့် အန်နေတဲ့ မိန်းမ ကော်လာမှာ မိုက် ကရိုဖုန်း အသေးလေးတပ်ထားပေးတာကြောင့်  ကြည့်နေတဲ့ ပရိတ်သတ်က အန်ချနေတဲ့ အသံကို  ဆောင်းဘောက်ကတဆင့် အကျယ်ကြီး ကြားနေရတာဟာ အန်ဖတ်တွေ ကြည့်နေရတာထက် စိတ်ကို ညစ်ညူးစေပါတယ်။ အားရပါးရ အန်ချပြီးတဲ့ အခါ မိန်းမ ယိုင်ထိုးယိုင်ထိုးနဲ့ ထွက်သွားပြီး အန်ဖတ်တွေပဲ မြင်ကွင်းထဲ မှာ ကျန်ရစ် ခဲ့ ပါတော့ တယ်။ ဒါကတော့ Sick ဆိုတဲ့ ဗီဒီယို ပါ။ဒီဗီဒီယို နှစ်ခုကို  အမှောင် ခန်းတခု ဖန်တီးပြီး ပရိုဂျက်တာ တောက်လျောက်ပြထားပြီး Shit and Sick ဆိုပြီး အမည်ပေးကာ ပြထားပါတယ်။ ခရိ ရဲ့ အမာခံ ပရိတ်သတ် အဖို့ အင်မတန် အကြိုက်တွေ့စေတဲ့ လက်ရာဖြစ်ပြီး ဘယ်လို ပြပွဲ မျိုးလဲ မသိဘူး ဝင်းကြည့် လိုက်ဦးမယ်ဆိုပြီး ဝင်လာတဲ့ တချို့သော ပရိတ်သတ် အဘို့ တော့ မျက်နှာတွေ မအီမသာနဲ့ ဒါလားကွ အနုပညာ ? တို့ အဲဒါကို ဘယ်နေရာ သွားသုံးရမှာ လဲတို့ နဲ့  ပွဲထဲ မှာ အသံထွက်လာတဲ့ ပြကွက်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် လည်း မာတင်ခရိ က သူ့ ရဲ့ ပွဲကို What’s the point of it ? လို့ အမည်ပေးထားတာ ဖြစ်ပါကြောင်း စုံနံသာ စာဖတ် ပရိတ်သတ် အပေါင်းတို့ ခင်ဗျား။

                                                  ပန်းချီထိန်လင်း

/