Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
ဇွန် ၂၀( သောကြာနေ့) လန်ဒန်ကို ရောက် တဲ့ မနက်မှာပဲ စက်ဘီး နဲ့ အိမ်နဲ့ သိပ် မဝေးလှ တဲ့  Tate Britain Gallery ကိုထွက်လာခဲ့ပါတယ်။ လန်ဒန်မြို့ပေါ်မှာ Tate Modern  နဲ့ Tate Britain ပြတိုက် ၂ ခု ရှိတဲ့ အထဲမှာ   Tate Britain က အိမ်ကနေ စက်ဘီးနဲ့သွား ရင် ငါးမိနစ် လောက်ပဲ ဝေး တဲ့ အပြင် အမြဲ တမ်း စိတ်ဝင်စားစရာ လေ့လာ စရာ တခု မဟုတ် တခု တွေ့ရတာမို့ အချိန် နည်းနည်းရ ရင် ရသလို ရောက်သွားတတ်တာမို့ ဒီ ပြတိုက် နှစ်ခု ဟာ ဒုတိယအိမ်လို ဖြစ်နေပါတယ်။
 Tate Britain ဟာ ဗစ်တိုးရီးယား စတိုင် ဗိသုကာ လက်ရာ ဖြစ်ပြီး အလယ် ဝင်ပေါက် ကြီး အတို်င်း တက်သွားရင် အလယ် မှာ ခန်းမကြီးလို ဖြစ်နေပြီး အဲဒီ ခမ်းမကြီး ရဲ့ ဘေး ဝဲယာက အခန်းတွေမှာ ပြတိုက်က စုဆောင်းထားတဲ့  ပန်းချီ ပန်းပု လက်ရာတွေ ခင်းကျင်းပြသ ထားတတ်ပြီး အလယ် အဝင်လမ်း က ခမ်းမကျယ်ကြီး ကိုတော့  အနုပညာရှင် တွေကို ရွေးချယ် ဖိတ်ခေါ်ပြီး ပန်းပု ၊ အင်စတော်လေးရှင်း ဗီဒီယို အနုပညာ ပါဖေါင်းမင့် အနပညာ  တွေ ကို အလှည့်ကျ ပြသစေပါတယ်။
            လောလောဆယ်မှာတော့ ဗြိတိသျ အမျိုးးသမီး အနုပညာရှင် ( Phyllida Barlow ) ရဲ့ အင်စတော်လေးရှင်း အနုပညာလက်ရာတွေကို ပြသထားပါတယ်။ (   Phyllida Barlow       ) ကို ၁၉၄၄ ခုနှစ်မှာ မွေးဖွါးခဲ့ပြီး ဗြိတိသျ အနုပညာသမိုင်းမှာ အင်စတော်လေးရှင်း  အနုပညာလက်ရာ အကြီးကြီးတွေ ပထမဆုံး စတင်ဖန်တီးပြသခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ ပန်းပု နဲ့ အင်စတော်လေးရှင်းလက်ရာတွေမှာ အစဉ်အလာပန်းပုဆရာတွေ သုံးခဲ့တဲ့ စကျင်ကျောက် သစ်သား ကြေးနီ သံ စတဲ့ ပစ္စည်းတွေကို အသုံးမပြုပဲ နေ့စဉ် လူမှုဘ၀မှာ တွေ့နေကျ အိမ်ဆောက်ပစ္စည်းဆိုင်တွေမှာ ရောင်းချတတ်တဲ့  သစ်သားချောင်းတွေ သုံးထပ်သားပြားတွေ၊ ပစ္စည်းထုပ်ပိုးရာမှာ သွုးတဲ့ ဖေါ့တုံးတွေ အင်္ဂတေ ရောင်စုံ တိတ်ပြားတွေ ပလပ်စစတ်စတွေ ဂျပ်ထူပုံးတွေ တုပ်ကြိုးတွေ ကိုသုံးပြီး ဖန်တီးကာ အနုပညာကို လူထုရဲ့ နေ့စဉ်ဘဝနဲ့ နီးစပ်စေခဲ့သူဖြစ်ပါတယ်။ ပန်းပု အနုပညာကို ဖန်တီးတဲက နေရာမှာ အစဉ်အလာအရ ပစ္စည်းတွေကို ထုလုပ်ပုံ၊ သွန်းလုပ်ပုံ အတတ်ပညာတွေကို တတ်မြောက်မှာ အနပညာဖန်တီးနိုင်တာမျိုးး မဟုတ်ပဲ နေ့စဉ် တွေ့နေကျ ပေါပေါလောလော လွယ်လွယ်ကူကူ ဝယ်ယူရနိုင်တဲ့ ပစ္စည်းတွေကို သုံးပြီးတော့ လည်း အဆင့် အတန်းမြင့်တဲ့ လက်ရာမျိုးးတွေ ဖန်တီးနိုင်တယ် ဆိုတာကို သူ့လက်ရာတွေက တဆင့် သက်သေပြခဲ့ပါတယ်။ ဒီအတွေးအခေါ်ကို  သူ့အနုပညာတွေက တဆင့် ဖြန့်ချီခဲ့ယုံ မက အနုပညာ တက္ကသိုလ် မှာ ပါမောက္ခ အဖြစ် အမှု ထမ်းရင်းကလည်း ဒီအတွေးအခေါ်ကို သင်ကြားပို့ချခဲ့ပြီး  Tacita Dean, Rachel Whiteread နဲ့ Douglas Gordon တို့လို ခေတ်သစ် ပန်းပု ကျော်တွေကို လည်းေ မွးထုတ်ပေးခဲ့သူဖြစ်ပါတယ်။
 
  ၂၀၀၉  နောက်ပိုင်းမှာတော့ အသက်အရွယ်အရ သင်ကြားရေး ဖက်ကို လုံးဝ ရပ်နားလိုက်ပြီး ကိုယ်ပိုင် လက်ရာသစ်တွေဖန်တီး မှု တွေ ဖက်ကိုပဲ အာရုံ စိုက်ပြီး ဖန်တီးလာခဲ့ပါတော့တယ်။ အခု ကျွန်တော် ပြောတဲ့ Tate Britain က လက်ရာကတော့  Phyllida Barlow ကို   Tate ပြတိုက် ကြီး ရဲ့  အဓိက အ၀င်လမ်း ခမ်းမကြီး တလျောက်လုံး က နေရာ အတွက် ကိုသီးသန့် လက်ရာတခု ထုတ်လုပ် ဘို့  ခေတ်ပေါ် အနုပညာလောကမှာ Sotheby လို့ခေါ် တဲ့ ကမ္ဘာမှာ နာမည် အကြီးဆုံး အနုပညာ လက်ရာတွေ ကိုလေလံတင်ရောင်းချ တဲ့ ကော်ပိုရေးရှင်း ကြီး က စရိတ်စက အကုန်အကျ ခံပြီး  တင်ဆက်တဲ့ လက်ရာ ဖြစ်ပါတယ်။
Phyllida ရဲ့ လက်ရာက ပြတိုက်ထဲကို ၀င်လိုက်တာနဲ့   လူတိုင်းကို ရုတ်တရက် မှင်သက်မိသွားစေပါတယ်။ အထူးသဖြင့် ဒီပြတိုက်ကို အကြိမ် ကြိမ် ရောက်ဖူးတဲ့ သူတွေကိုတောင် အံ့သြ မှင်သက်မိသွားစေပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ ၁။ အင်စတော်လေးရှင်း ရဲ့ ပမာဏ နဲ့ ၂။ အသုံးပြုထားတဲ့  ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဖေါ်ပြထားတဲ့ ပုံ မှာ တွေ့ ရတဲ့ အတိုင်း ဒီလက်ရာ က ပေ ခြောက်ဆယ်လောက်ကျယ်ပြီး  မီတာ ၈၀ ကျော် ရှည်တဲ့ နေရာကြီး တခုလုံးမှာ ဖန်တီးထားတဲ့ လက်ရာဖြစ်ပါတယ်။  အထူးသဖြင့် မျက် နှာကျက် ပေ ရှစ်ဆယ်လောက် အမြင့် ရှိတဲ့  နေရာမှာ နေရာလပ် မကျန် လောက် အောင် ကို ဒီလက်ရာကြီးက နေရာ ယူထားတာ တွေ့ရပါတယ်။
 
 အထူးသဖြင့် ကုန်သင်္ဘောတွေက ကွန်တင်နာ သေတ္တာကြီးတွေလောက်ကြီးတဲ့ အမဲရောင် ဘလောက်တုံးကြီးလေးလုံးလောက် က လေထဲမှာ တွဲလောင်းကြီးတွေ နေရာယူထားပြီး ပရိတ်သတ်အားလုံးက အဲဒါကြီးတွေ အောက်က နေ ဖြတ်ပြီးမှ ပြတိုက်ထဲ ၀င်လို့ရပါတယ်။ ဒီသေတ္တာကြီး တွေကို အထပ်သားနဲ့ ဖေါ့ချပ်ပြားတွေနဲ့ လုပ်ပြီး ဆေးသုတ်ထားတာမို့  လူတွေက ဒီ ထုထည်ကြီးတွေကို ကြည့်ပြီး အောက်က ဖြတ်ဘို့ အတော်လေး အသဲယားစေပါတယ်။ ဒီသေတ္တာကြီးတွေကို မျက်နှာကျက် အမြင့်ကြီးကနေ တွဲလောင်းကျနေအောင် ဘယ်လို တည်ဆောက်ထားသလဲ ဆိုတာ ကို ကြည့်ရတာက လည်း အရသာ တခု ဖြစ်နေပါတယ်။တွဲလောင်းဆွဲထားနိုင်ဘို့ သစ်သား မျော်စင်ကြီး  ကို သစ်ဆိုင်တွေမှာ အလွယ်တွေ့ရတဲ့ သစ်သားပြားတွေ နဲ့ သစ်ချောင်းရှည်တွေကို မူလီချောင်းတွေနဲ့ စုပ်ပြီး တည်ဆောက်ထားပါတယ်။ဒီ သစ်သားချောင်းတွေ နဲ့ ခမ်းမ အပြည့် တည်ဆောက်ထားတဲ့ ကြားမှာ ဖြတ်လျောက်သွားရတာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲပဲ ရောက်နေသလိုလို ဖြစ်နေပါတယ်။
 
နောက်တနေရာမှာ သစ်သားချောင်းတွေဆေးသုတ်ပြီး လှေကားထစ်တွေလို ဆင့်ရိုက်ထားပါတယ်။ အဲဒီ စင်မြင့်ကြီး အနီးမှာ ဂျပ်စက္ကူ ပုံးခွံတွေ ကို လိပ်ပြိး ရောင်စုံ တိပ်ပြားတွေနဲ့ ရစ်ပတ်ကာ ဂျပ်စက္ကူ တာဝါတိုင် အမြင့်ကြီး တခုကိုလည်း ဖန်တီပြထားပါတယ်။ အဲဒီနေ အထဲ ဆက်ဝင်သွားတဲ့ အခါအီာ လည်း အလားထူ ပဲ ဖေါ့ ပြား အထူကြီးတွေကို သံလျက်ပုံ လှီးဖြတ်ပြီး အချင်းချင်းပူးကပ်ကာ အချွန်ကို ဇောက်ထိုး ထုတ်ကြိုးအကြီးကြီး နဲ့ အမြင့်ကနေ ဆိုင်းပြီး တွဲလောင်းချထားသလို ထာပေါ်လင်စတွေနဲ့ ချပ်စက္ကူတွေပေါင်းစပ်ုပြိင်္း ပိုက်လုံးရှည် အကြီးကြီးတွေ ကို ကြိုးကြိးတွေနဲ့ မျက်နှာကျက်က တွဲလောင်းဆွဲထားပါတယ်။
ဒီလက်ရာမှာ ဗိသုကာ အတတ်ပညာ ရဲ့ အခန်း ကဏ္ဍ ဟာ လည်း အလွန် အရေးပါ တာကို တွေ့ရပါတယ်.။ ဗိသုကာတတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေ လက်သမားတွေ အကူ အညီ မပါဘဲ ဒီလောက်ကြီးကျယ်တဲ့ အင် စတော်လေးရှင်းမျိုး တည်ဆောက်နိုင်ဘို့ မလွယ်လှပါဘုး။ အထူးသဖြင့် မိမိ အသက်အရွယ် ၇၀ နဲ့ ဒီလောက်ကြီးတဲ့ လက်ရာမျိုး ဖန်တီးဘို့ စိတ်ကူးရဲတဲ့ ဒီအဖွါးကြီးရဲ့ စိတ်ဓါတ်ကို တော်တော် လေးစားအားကျမိပါတယ်။
 
ဒီလက်ရာကို ခင်းကျင်းထားတဲ့ အဆောက်အဦး ကြီးက ဗစ်တိုးရီးယားစတိုင် အပြောက်အမွန်းတွေ နဲ့ မျက်နှာကျက်ကြီးတွေ စကျင်ကျောက်သား နံရံ နဲ့  ကျောက်သားတိုင်လုံးရှည်ကြီးတွေနဲ့ တည်ဆောက်ထားတာမို့ ဒီနေရာမျိုးမှာ သစ်တိုသစ်စတွေ တုပ်ကြိုးတွေ ဖေါ့ ပြားတွေ ပိတ်စတွေ နဲ့  ကတ္တူချပ်တွေနဲ့  ပူးတွဲ့ကပ်ချည် စုပုံ ဖြန့်ကြဲ ရှုပ်ထွေးနေတဲ့  ဒီ အင်စတော်လေးရှင်းကြိးဟာ သဟဇာတ မဖြစ်လှစွာ တည်ရှိနေပုံ ကိုယ်တိုင် က အဓိပါယ် တခုကို ဖေါ်ကျူးသလို ဖြစ်နေစေပါတယ်။ တကယ်တော့ ဒိသစ်သားချောင်းတွေ သုံးထပ်သားပြားတွေ ဖေါ့ပြားတွေဟာ သစ်ဆိုင်တွေ မှာ သူ့ အ၇ွယ်နဲ့သူ စံနစ်တကျ သပ်သပ်ရပ်ရပ် ရှိခဲ့တဲ့ အရာတွေပါ .။ဒါပေမယ့် ဒီနေရာမှာ ဒီပစ္စည်းအားလုံး ဟာအခြားအရာတွေနဲ့ ရောနှောပြန့်ကြဲ ရှုပ်ထွေးသွားပြီး ကြည့်သူ ပရိတ်သတ်ကို တခါမှ မရှိခဲ့သေးဘူးတဲ့ ၀န်းကျင်တခုထဲကို ဆွဲယူသွင်းလိုက်သလို ဖြစ်စေပါတယ်။
 
ဒီအင်စတော်လေးရှင်း လက်ရာကို  ပြိုကျနေတဲ့ ခေတ်ရဲ့ ဗိမာန်ကြီး လို့ အမည်ပေးထားမို့ တို့လို့တွဲလောင်း ချိတ်ဆွဲထားစုပုံထားတဲ့ အစုအပုံကြီးဟာ လူသားမျိုနွယ်စု အသီးသီး ရဲ့ ကိုယ်စီဖြတ်သန်းခဲ့ကြဘူးတဲ့ သမိုင်းဖြစ်ရပ်တွေကို သံစုံတီးဝိုင်းကြီး တီးခတ်နေသလို ပြောနေတယ်လို့ ခံစားရစေပါတယ်.။
ဒီတော့ ဒီလက်ရာ အကြောင်းအရာ နဲ့  ဆက်စပ်ပြီးတော့ ဒီလက်ရာလိုပဲ  ပတ်ဝန်းကျင်မှာ တွေ့နေကျ ပစ္စည်း အဟောင်း အမျဉ်း တွေကို အသုံးပြု ပြီး အဓိပ္ဗါယ် လေးနက်တဲ့ လက်ရာ တခု ဖန်တီးပြထားတဲ့ နောက် အနုပညာရှင်တယောက်လက်ရာ ကို တဆက်တည်းမိတ်ဆက်ပေးချင်ပါတယ်။ ဒီလက်ရာ ကလည်း လောလောဆယ် Tate Britain ပြတိုက်ကနေ ၀ယ်ယူစုဆောင်း ပြသထားတဲ့ အထဲက လက်ရာတခုဖြစ်ပြီး ၁၉၄၉  ခု လီဗာပုူးမြို့  မှာ မွေးဖွါးခဲ့တဲ့ ဗြိတိသျ ပန်းပု ဆရာ Tony Cragg ရဲ့ လက်ရာတခု ဖြစ်ပါတယ်။တကယ်တော့ ပန်းပုဆရာTony Cragg  ဟာ ဒီလို လက်ရာမျိုးကိုချည်း စဉ်လိုက်မတ်တတ် တင်ဆက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှေ့မှာ ဖေါ်ပြခဲ့တဲ့ Phyllida ရဲ့လက်ရာ ကိုကြည့်ပြီး အတွေးက ဆက်ပွါးနေရင်းတန်းလန်းနဲ့ ပြတိုက်ထဲ ဆက်လှည့်နေတုန်း ပြတိုက်က စုဆောင်းထားတဲ့ Cragg ရဲ့ လက်ရာကို တွေ့တော့  ဒီလက်ရာနှစ်ခု အနည်းငယ်ဆက်စပ်နေပုံကို တင်ပြလိုရင်းကြောင့် မိတ်ဆက်လိုက်ရတာဖြစ်ပါတယ်။
                                                     
Cragg  ရဲ့  Stack လို့ အမည်ပေးထားတဲ့ ဒီလက်ရာမှာ ပန်းပု ဆရာက သူ့ အနီးပတ်ဝန်းကျင်မှာပြန့်ကြဲနေတဲ့  တွေ့ရ သမျှ သစ်သားပြားတွေ အုတ်ခဲတွေ သစ်တုံးတွေ သံပုံးတွေ ဂျပ်စက္ကူတွေ ပုလင်းတွေ ဖေါ့တုံးတွေ ပလပ်စတစ် ခွက်တွေ ပုံးတွေ စောင်စုတ် ကော်ဇော အစုတ်တွေ ကြိုးတွေကို  အစအစဉ်တကျ လေးထောင့် စပ်စပ် ဘလောက်တုံးကြီး တခု ပုံ ပြန်ပြီး စီထပ်ပြထားတာဖြစ်ပါတယ်။ ပြန်စီထပ်ထားတဲ့ ဒီလက်ရာ ကို အနီးကပ်ကြည့်တဲ့ အခါ အထဲ မှာ ထည့်စီထားတဲ့ အရာဝတ္ထုတွေ တခုချင်းစီ ပေါင်းစပ်ပါဝင်နေပုံဟာ အင်မတန်စိတ်ဝင်စားစရာ ကောင်းတာမို့  အနီးဝန်းကျင်မှာ စနစ်တကျ ရှိနေတဲ့ အရာ တွေကို ပြန့်ကြဲ ပြီး ခင်းကျင်းပြထားတဲ့   Phyllida  ရဲ့ လက်ရာနဲ့ ဆန့်ကျင်ဘက် Tony Cragg ရဲ့ ၀န်းကျင်မှာ ပြန့်ကြဲနေသမျ အရာဝတ္ထုတွေကို စံနစ်တကျ ပြန်စီထပ်ပြီး နောက်ထပ် အဓိပါယ်တခုထွက်အောင် ဖန်တီးလိုက်တဲ့ ပြတိုက် တခုထဲမှာ အတူယဉ်တွဲပြီး တချိန်တည်းပြထားတဲ့ လက်ရာနှစ်ခုကို ရွေးထုတ်ပြီး မိတ်ဆက်တင်ပြလိုက်ရပါတယ်။