Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                                                                                         နှလုံးသားဝယ်အမုန်းတရားပယ်
                             
 လူစိတ်ဆိုတာ အမြဲပြောင်းလဲ နေတတ်တာ သဘာဝပါ၊ ထိုင်နေရင်း တခဏမှာတောင် စိတ်က ပြောင်းလဲတတ်တာဖြစ်တဲ့အတွက် နှစ်ကာလကြာ အသက်အရွယ်အပိုင်းအခြား ကာလ ကြာလာတဲ့အခါ မှာ ပိုတောင် ပြောင်းလဲ တတ်ကြပါသေးတယ်။ ဒီကြားထဲ ယုံကြည်ရာ အယူအဆ အတွေးအမြင်တွေကလည်း အချိန်နဲ့အလိုက် ပြောင်းလည်းတတ်ကြတာ လောက သဘာဝပါ။ အခုတလော  သဘာဝ ခံယူချက် ယူဆချက်၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြောဆို ဝေဖန်နေတာတွေ ဖတ်ရတဲ့အခါ ကိုယ်ကိုယ်တိုင်က ဘယ်သူဘယ်ဝါမို့လို့ မဟုတ်ပေမယ့် လူတစ်ယောက်ရဲ့ အယူအဆ အကြိုက်ကို သူကြိုက်သလို ပြောဆို ရေးသားတာတွေကို လက်မခံချင်လဲ ရပေမယ့် မှိုချိုးမျှစ်ချိုး ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်ဓါတ်တွေကို သဘောမကျမိပါ။ အံ့ဩမိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တိုင်းပြည်အတွက် ကောင်းမယ်လို့ ထင်တဲ့ နည်းလမ်းကို ပြောဆိုဆွေးနွေး ရေးသားချက်အချို့ကို အများစုက သဘောမတွေ့ရင် အဲဒီလူရဲ့ ကို်ယ်ရေးကိုယ်တာ အားနည်းချက်တွေ ၊ ငယ်ကျိုးငယ်နာတွေ ဟုတ်တာ မဟုတ်တာ ရေးပြီး အပုပ်ချကြတော့တာပဲ။ အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ လူမှုပတ်ဝန်းကျင် ဖြစ်နေပြီလားလို့ မကြာခဏ တွေးနေမိပါတယ်။
                          တိုက်တိုက်ဆိုင်ဆိုင်ပါပဲ နိုင်ငံရေးအယူအဆ တစ်ခုကြောင့်  ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရတဲ့  လူ(၃)ယောက် အကြောင်းကို   တစ်ရက်ထဲမှာ ဖတ်လိုက်ရပါတယ်။

" ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလရောက်တော့ ဖေန်သံမှမက ဆဲသံဆိုသံ တိုက်ခိုက်သံများဖြင့် ပွဲကြမ်းလာသည်။ အဓိက ပစ်မှတ်(၃)ခုမှာ မောင်စူးစမ်း ၊ နေဝင်းမောင် (အောင်ထွဋ်) ၊ ကျော်ဝင်း.....။ တကယ်တော့ စာရေးသူတို့(၃)ယောက်မှာ အချင်းချင်း ညှိနှိုင်းပြောဆိုသည်မဟုတ် ကိုယ်မြင်သလို ပြောကြသည်သာဖြစ်သည်။ အမြင်ချင်း ထပ်တူကျသည်လည်း မဟုတ်၊ ရွေးကောက်ပွဲ ဝင်သင့်သည်ဆိုသော" ပွိုင့်" တွင် ဆုံမိကြသည်သာ ဖြစ်သည်။ "

လို့ စာရေးဆရာ ကျော်ဝင်းက သူရေးတဲ့

" စာအုပ်များနှင့်နှစ်ပေါင်းများစွာ"

 စာအုပ်အမှာမှာ ရေးတာ ဖတ်ရပါတယ်။ ၂၀၁၀မှာ NLD ပါတီ ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ဝိုင်းဝန်း ဆွေးနွေး ငြင်းခုန်ခဲ့ကြတဲ့ အဖြစ်တွေကို ပြန်လည် အမှတ်ရရင်း ဒါဟာ လူတစ်ယောက်ရဲ့ ကို်ယ်ပိုင် အခွင့်အရေး တစ်ခုကို ထုတ်ပြတာပဲလို့ မြင်သည်။  လူတိုင်း တစ်ယောက်နှင့် တစ်ယာက်မတူပါ။ တစ်မိထဲ အမိဝမ်းတွင်းက အတူတူဆင်းသက်လာကြသူများပင် တွေးတာခေါ်တာ လုပ်တာကိုင်တာ မတူပါ။ တူအောင်လည်း ဘူဒိုဇာနဲ့ထိုး ပေးကြိုးနဲ့အတင်းညှိလို့လည်း မရပါ။ မတူသည့် အတွေးအခေါ်ယုံကြည်မှုတွေကို စုစည်းပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြရမည်သာဖြစ်သည်။
                           ဟုတ်မဟုတ်တော့ မသိ၊ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးတဲ့ နေရာမှာ ဆရာ မောင်စူးစမ်း လက်မှတ်ထိုးတယ် ဆိုတဲ့ သတင်းတစ်ခုရဲ့ အောက်က ကောမန့်မှာ ရေးထားတာတွေ ဖတ်ရတာ အင်မတန်မှ စိတ်ပျက်စရာပါ။ သစ္စာဖောက်တစ်ယောက် ဘက်ပြောင်းသလို အရေးအသားတွေကို ဖတ်ရတာ မရင့်ကျက်တဲ့ အယူအဆအတွေးအမြင်တွေပဲလို့ ထင်မြင်မိပါတယ်။ လူဆိုတာ ဒီတစ်ခုကို မကြိုက်ပေမယ့် နောက်တစ်ခုကို ကြိုက်နိုင်တာ သူ့အခွင့်အေ၇းပါပဲ။
ဆရာ မောင်စူးစမ်းနဲ့ ဒေါက်တာနေဝင်းမောင်( အောင်ထွဋ်) ရဲ့ စာတွေ ဖတ်ဖူးပေမယ့် ကျော်ဝင်းရဲ့ စာတွေကို အရင်က မဖတ်ဖူးပါ။  အဲဒီလို တိုက်ခိုက်နေတဲ့ အချိန်မှ စိတ်ဝင်စားသွားပြီး ဖတ်ဖြစ်တာပါ။ တကယ်တော့ လူငယ်တွေ ဖတ်သင့်တဲ့ စာတွေ အများကြီး ရေးထားပါလားလို့ သိလိုက်ရပါတယ်။ လက်မခံနိုင်တာကိုပယ်ပြီး လက်ခံနိုင်တာကို ရယူမယ်ဆိုရင် အင်မတန်ကောင်းတဲ့ စာတွေနဲ့ အတွေ့အကြုံတွေ ရမှာ ဖြစ်ပါတယ်။
                         လူတွေ အယူအဆ ပြောင်းလဲတာနဲ့ ပတ်သက်ပြီး တွေ့ကြုံခဲ့ရတာက အခုမှ မဟုတ်ပါ။
 ငယ်စဉ်ကတည်းက အဖေ နဲ့ပတ်သက်ပြီး ဒါမျိုးတွေ သိရှိခဲ့ပြီး ဖြစ်ပါတယ်။ အဖေ မိန့်ခွန်းပြောနေတဲ့ ဓါတ်ပုံတွေထဲကမှ အနီးကပ်သေချာရိုက်ထားတဲ့ ပုံကို တွေ့တိုင်း အမေပြောပြတတ်တာက
" အဲဒါ မြို့တော်ခန်းမရှေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ
့ တိုင်းပြည်ကို ချီတက်မယ်ဆိုရင် ဘယ်လိုကောင်းကြောင်းဟောနေတာလေ၊ အဲဒီမှာ ကျောင်းသားတွေဝိုင်းလာလို့ မနည်း ထွက်လာရတာ"
အဲလို ပြောရင် အဖေက ရီနေတတ်ပါတယ်။ တစ်ဆက်ထဲမှာပဲ

" အေးကွ အဲဒီ ၁၉၆၂ တုန်းကတော့ တို့တိုင်းပြည်အတွက် ဒီစနစ်ကို ကောင်းမယ်လို့တွက်ဆခဲ့တာ တက်တန်းကျ ကိုယ်ကျိုးရှာတဲ့ သူခိုးတွေများလို့ အခု လူတွေမကြိုက်ကြတာပေါ့" လို့ ပြောတတ်ပါတယ်။ အဲဒီအချိန်၁၉၇၀ဝန်းကျင် မှာ အဖေက ဘာပါတီဝင်မှ မဟုတ်တော့ပါဘူး။
အဖေ့အကြောင်းကို တွေးမိရင် ကျောင်းသားတွေက " သခင်ဘိုးလှကြီးကွ " လို့ ဝိုင်းပြီး လက်ခုပ်လက်ဝါးတီး အားပေးခဲ့တာကို လည်း သတိရမိရပြန်ပါတယ်။ အဖေက ကောင်းမယ်ထင်တဲ့ လမ်းစဉ်ကို ထောက်ခံတယ်၊ မကောင်းမှန်းသိတဲ့ အချိန်မှာ မကောင်းတာကို ထောက်ပြပြီး လက်မခံခဲ့ သလို အပြောင်းအလည်း ဖြစ်လာတော့လည်း မှန်တဲ့ အပြောင်းအလဲကို ထောက်ခံခဲ့ပါတယ်။ ကျမ သိသလောက် အဖေက နိုင်ငံရဲ့ သစ္စာဖောက် မဟုတ်ပါ။
" အဖေက သိန်းဖေမြင့်တို့ သခင်တင်မြတို့ လူကြီးတွေကို သဘောကျတယ်လေ၊ ဦးထွေးမြင့်ဆိုတာ ရှိသေးတယ်။ သိန်းဖေမြင့်ဟာ နိုင်ငံရေးလောကမှာ လူပြောစရာဖြစ်ပေမယ့် သူ့ရဲ့ အခြေခံစိတ်သဘောထားက ရိုးသားတယ်၊ နောက်ပြီး စာရေးဆရာ တစ်ယောက်အနေနဲ့ အဖေက လေးစားတယ်၊ ဒါ့ကြောင့် ဒီလူတွေ ပါဝင်ပြီး တိုင်းပြည်ကို တိုးတက်အောင် လမ်းစဉ်တစ်ခုနဲ့ သွားကြမယ်ဆိုတော့ အဖေက ယုံကြည်တယ်လေ အဲဒီတုန်းက အဖေ့ရဲ့ယုံကြည်မှုပေါ့"
               အဖေ့ရဲ့ယုံကြည်မှုက ဘာမှတောင်မခံပါ။ ပါတီတွင်း ကိုယ်ကျိုးရှာ လာဘ်စားတာတွေ သိလာ မြင်လာလို့ အမှန်အတိုင်းပြောဆို တင်ပြတဲ့အခါ ပါတီစည်းရုံးရေးပြိုကွဲအောင် လုပ်သူ။ ကွန်မြူနစ် စတဲ့ စွပ်စွဲချက်တွေ ထိုးနှက်ချက်တွေ ခံရပြီး အသက်တောင်ရန်ရှာ ခံခဲ့ရပါတယ်။ ကွန်မြူနစ်တွေ လွှမ်းမိုးနေတဲ့ မြို့လို့ နာမည်ကြီးတဲ့ မြို့သား အဖေက အဲဒီမြို့နယ်ရဲ့ ပါတီယူနစ်အတွင်းရေးမှုးဘဝမှာ အတိုက်အခိုက်မျိုးစုံ ခံခဲ့ရပါတယ်။ အဲဒီမြို့ရဲ့ ထက်ဝက်နီးပါး မီးလောင်ခံရပြီး အိမ်တွေဆောက်ဖို့ သစ်ပါမစ်တွေ ချပေးရာမှာ အမှန်တကယ် မီးဘေးသင့်သူတွေထက် ပါတီက လူတွေက သစ်ပါမစ်တွေ ရယူကြတာကို အမှန်အတိုင်းတင်ပြရာမှာ အများနဲ့တစ်ယောက်မှာ အမှန်က ရှုံးနိမ့်ခဲ့ရပါတယ်။ အဖေ့လို လူမျိုးတွေ ပါတီတွင်းမှာ ရှိနေတော့ ပါတီသန့်ရှင်းရေး ခေါင်းစဉ်အောက်မှာ အဖေတို့ လွင့်ခဲ့ရပါတယ်။
အဖေကတော့ မဆလ ပါတီဆိုတာ သူခိုးတွေချည်းပဲလို့ အမြဲပြောတတ်ပါတယ်။ တိုင်းပြည်ကတော့ ဆင်းရဲတွင်းနက်ဖို့ပဲရှိတယ်လို့ အမြဲပြောနေကျမို့ ကျမတို့ သိခဲ့ရတဲ့ အကြောင်းတွေပါ။ အဲဒီ ၁၉၇၃ ပတ်ဝန်းကျင်ကတည်းက အယုံအကြည်မရှိနေခဲ့တဲ့ အဖေက ၁၉၇၄၊  ၁၉၈၈  ကျောင်းသားတွေရဲ့ အရေးတော်ပုံကို ထောက်ခံခဲ့ပါတယ်။ ဌာနရဲ့နာမည်ပါတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ လူတွေရဲ့ဘေးမှာ လက်သီးလက်မောင်းတန်းလို့

" တစ်ပါတီစနစ်အလိုမရှိ"
"  " ဒီမိုကရေစီရရှိရေး တို့အရေး" စတဲ့
 ကြွေးကြော်သံကို ဟစ်ပြီး တိုင်ပေးတဲ့ အခါ မျက်နှာချင်းဆိုင်က ချီတက်လာကြတဲ့ စက်မှုတက္ကသိုလ်ကျောင်းက ကျောင်းသားတွေက
" သခင်ဘိုးလှကြီးကွ " လို့ ရပ်ပီး အားပေးတာကို   အိမ်မှာပြန်ပြောပြရင်း " စိတ်ထဲမှာ အကြွေးကျေသွားသလို ခံစားလိုက်ရတယ်လို့ " ပြောပြပါတယ်။
( တကယ်တော့ အဖေက အသားဖြူဖြူ ပိန်ပိန်ရှည်ရှည်မို့ သခင်ဘိုးလှကြီးနဲ့လုံးဝမတူပါ။ ကျောင်းသားတွေ ဘာလို့ အဲလိုမြင်ပီး အော်တာလဲ မသိပါ။ ထင်ရတာကတော့ အဖေ့အသံနဲ့ဟန်ကြောင့်ဖြစ်ဟန်တူပါတယ်။ အဖေအော်ပြောရင်  ရင်ခေါင်းကလာတဲ့ အသံနဲ့ အသံက ဟိန်းထွက်နေပါတယ်။ ပင်နီတိုက်ပုံကတော့ အဖေအင်မတန်ကြိုက်တာပါ။ ကျောင်းသားဘဝကတည်းကနေ ဝန်ထမ်းဘဝ တောက်လျှောက် အမြဲဝတ်ပါတယ်။)
ဒါဟာ အဖေ့ရဲ့ အယူအဆပါပဲ၊ တိုင်းပြည်အတွက် ကောင်းအောင်လုပ်တဲ့သူ၊ လုပ်ပေးနိုင်မယ့်သူကို အဖေ ထောက်ခံတာပါပဲ။ မကောင်းရင်တော့ အတူတွဲပြီး မလုပ်ဘူး၊ မှိန်းမနေဘူး။ စတာတွေကို သိခဲ့ရ ကြုံခဲ့ရတဲ့ အတွက် အယူအဆနဲ့ ပတ်သက်ရင် ကိုယ်ယုံကြည်ရာ ပြောဆို ရေးသားတာကို ကိုယ်နဲ့တူတူ မတူတူ ဖတ်နိုင်၊ နားထောင်နိုင် လာပါတယ်။
              ဘယ်ဘက်ကို လိုက်ရင်ကောင်းမလဲလို့  ယိမ်းထိုးနေတဲ့ အယူဝါဒသမားတွေ မဟုတ်ရင် အားလုံးရဲ့ အတွေးအခေါ်တွေက တိုင်းပြည်အတွက် ကောင်းပါလိမ့်မယ်။
ကျမရဲ့ ဖေ့စ်ဘွတ်သူငယ်ချင်းထဲမှာ အပြင်မှာပါ သိတဲ့ အမတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ အတွေးအခေါ်တွေက အများနဲ့ကွဲထွက်နေတတ်ပါတယ်။  သူ့ကို ဘလော့လိုက်ပြီလို့ ပြောတာ၊ ရေးတာ တွေ့ရ သိရ မြင်နေရပါတယ်။ ကျမကတော့ သူ့ရဲ့ အယူအဆကို သဘောမတွေ့တာ ရှိပေမယ့် သစ္စာဖောက် မဟုတ်၊ ဘက်ပြောင်းသူ မဟုတ်  ဆိုတာ သိနေပါတယ်။  တစ်နှစ်အတွင်းမှာကိုပဲ သူပြောတာ တစ်ချို့နဲ့ သူတွေးခေါ်တာ တစ်ချို့က မှန်နေတာ ၊ ဖြစ်နိုင်ချေကို ဦးတည်လာတာ တွေ့ရပါတယ်။ တခါတလေ လူတစ်ယောက်ရဲ့ အမြင်က သူများထက်ရှေ့ကို သိပ်ရောက်နေရင် လူတော်တော်များများက အဲဒီကို ကျော်ပြီး မမြင်နိုင်ကြတာ ဖြစ်တတ်ကြတယ်လို့ မှတ်ယူရမယ် ထင်မိပြန်ပါတယ်။
           နာမည်ကြီး အဆိုတော်တစ်ယောက် အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးတာကို အခုတော့ အမှန်ကို မြင်ဘီလား၊ ဘာ့ကြောင့် စိတ်ပြောင်းသွားသလဲ ၊ပရိတ်သတ်ဆဲမှာ ကြောက်လို့လား စသဖြင့် ဝိုင်းပြီး အမနာပ ပြောဆိုကြပြန်ပါတယ်။ အဲဒီအဆိုတော်က အသက်လည်း ငယ်လှသူမဟုတ်ပါ။ အသက်(၃၀) ရှိပြီ ဖြစ်နေတဲ့ လူတစ်ယောက်မှာ ထိုက်သင့်တဲ့ အတွေးအခေါ် အယူအဆ ဆုံးဖြတ်နိုင်စွမ်း ရှိနေလောက်ပါပြီ။
          လူတစ်ယောက်ချင်းစီမှာ ရှိနေတဲ့ လက်ချောင်း( ၅) ချောင်းမှာ အတို အရှည် မညိတာကို ညှိဖို့ ဘယ်သူမှ အားမထုတ်ပဲ မညီတဲ့ လက်ငါးချောင်းနဲ့လုပ်စရာတွေကို လုပ်နေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ နှလုံးသားမှာ အမုန်းတရားတွေ နည်းလာလေ လောကကို အလှဆင်နိုင်လေ ဖြစ်လာနိုင်မယ်ထင်ပါတယ်။

အလွယ်တကူတံဆိပ်ကပ်
         လူတွေဟာ လူတစ်ယောက်ကို ကိုယ့်အမြင်နဲ့ တံဆိပ်ကပ်ဖို့ သိပ်လွယ်ကြပါတယ်။ အပေါ်ယံကြည့်ပီး သေသေချာချာ မသိပဲ ကိုယ့်အမြင်နဲ့ကို်ယ် သတ်မှတ်ကြပါတယ်။
ဗွိုင့်စ်ဂျာနယ်မှာ ကျမရဲ့ စာမူ တစ်ပုဒ်စ နှစ်ပုဒ်စ ပါလာတော့ မိတ်ဆွေ တစ်ချို့က မေးခွန်းတစ်ချို့ မေးလာပါတယ်။ ရိုးရိုးမေးတယ် ထင်ပြီး ဖြေရာက တံဆိပ်ကပ်ဖို့ သိလာတော့ အားရပါးရ ရယ်မိပါတယ်။
ပထမဆုံး စာမူပါလာတော့
 " ဘယ်သူနဲ့သိတာလဲ" တဲ့
ဘယ်သူနဲ့မှ မသိပါ။
စာမူတစ်ပုဒ်ကို ရေးပြီးတဲ့ အချိန်မှာ ဗွိုက်စ်ကို ပို့မယ်လို့ ဆုံးဖြတ်ပြီး ဂျာနယ်အဟောင်းမှာ အီးမေးလ်လိပ်စာ ရှာပြီး ပို့ခဲ့တာပါ။ နောက်ပိုင်းမှာ အယ်ဒီတာချုပ်ရဲ့ ဖေ့စ်ဘွတ်ကနေ ပို့ခဲ့တာဖြစ်ပါတယ်။
နှစ်ပုဒ်ကနေ သုံးပုဒ် ဖြစ်လာတဲ့အခါ

 " အဲဒီဂျာနယ်ရဲ့ အယ်ဒီတာချုပ်က အရင်က ဒေါက်တာနေဝင်းမောင် နော်" တဲ့

သိတယ် ဘာဖြစ်လို့လဲ မေးတော့ ဒေါက်တာနေဝင်းမောင် မရှိတော့ပေမယ့် မြန်မာအီးဂရက်စ် အုပ်စုကပဲ ထုတ်နေတာလေတဲ့။
အင်မတန် စိတ်ပျက်မိပါတယ်။ အနှစ်ချုပ်လိုက်ရင်တော့ ကျမကိုပါ တံဆိပ်ကပ်ချင်ဟန် တူပါတယ်။ ကျန်တဲ့ ကိစ္စတွေ စိတ်မဝင်စားပါ။ ဗွိုက်စ်မှာ ရေးတာက ကိုယ့်အကြောင်းနဲ့ကိုယ်၊ ကိုယ်သာ အသိဆုံးပင်။ တံဆိပ်လာကပ်လည်း ဆွဲခွာဖို့ ကြိုးစားမှာမဟုတ်၊ သဘောကျလို့မဟုတ်ပါ။ အရေးမလုပ်ချင်၍ အရေးစိုက်စရာလို့ မခံယူလို့ပဲ ဖြစ်ပါတယ်။

" မနာလိုအားကြီး၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှုအားကြီး၊ ရန် ငါ စည်းခွဲလွန်းအားကြီးတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ဆရာ့ကို နည်းမျိုးစုံ အောက်တန်းကျကျ ဝေဖန်တိုက်ခိုက်ခဲ့ကြတယ်။ ဒီနေ့အထိတောင် ကြုံရင် ကြုံသလို ရိလုံး၊ ထေ့လုံးတွေနဲ့ တိုက်ခိုက်နေဆဲ လူတချို့ကို ကျနော် အတော်သနားမိတယ်။ ဟိုခမျာ ငြိမ်းအေးရာ ရောက်နေတာတောင် သူတို့မှာ ပူလောင်နေတုန်း။ "

 ဆိုတဲ့ လက်ရှိ အယ်/ ချုပ်ရဲ့ စကားတွေက သတိပြုစရာ တစ်ချို့ကို သိရပါတယ်။

                  ကျမ ဝန်ထမ်းဘဝမှာတုန်းက လစဉ်ထုတ် မဂဇင်း၊ အပတ်စဉ်ထုတ် ဂျာနယ်မှန်သမျှကို သူများထက် ဦးအောင် ဖတ်ရပါတယ်။ လုပ်ငန်းသဘောအရ ဌာနက ဝယ်တာမို့ ပိုက်ဆံမကုန်ပါ။ အပတ်စဉ် ဂျာနယ်တွေ ထဲကမှ အရင်ဆုံးဆွဲယူ ဖတ်ခဲ့တာက The Voice Weekly ပါ။ အဲဒီဂျာနယ်က စထွက်ကတည်းက အစိုးရရဲ့ အားနည်းချက်ကို ဆင်ဆာလွတ်အောင် ထောက်ပြရေးတာ ဖတ်သူသိအောင် တင်ပြနိုင်တဲ့ အစွမ်းကို သဘောကျတာပါ။ ဘယ်သူမှ မရေးရဲခင်ကတည်းက ထောက်ပြ ရေးနေတာကို သဘောကျတဲ့ အတွက် အဲဒီ ဂျာနယ်မှာ ရေးနေတဲ့ သူတွေကို အားကျခဲ့ပါတယ်။ " အောင်ထွဋ်" ရဲ့ ဆောင်းပါးတွေကို သဘောကျခဲ့ ပေမယ့် ဒေါက်တာနေဝင်းမောင် ဆုံးတဲ့ နာရေးသတင်းကို ဖတ်မိမှ တစ်ယောက်ထဲဆိုတာ  သိရပါတယ်။

           ၂၀၀၈ခုနှစ် အစပိုင်းမှာပဲ ဝန်ထမ်းဘဝက ထွက်လိုက်ရတဲ့ အခါမှာတော့ စာဖတ်ဖို့ပဲ အလှမ်းဝေးသွားပါတယ်။ ကိုယ်ပိုင်ဝင်ငွေ မရှိတော့ပဲ ခင်ပွန်းရဲ့ဝင်ငွေတစ်ခုနဲ့ မိသားစု လောက်ငအောင် သုံးရတဲ့အခါ စာအုပ်စာတမ်းဝယ်ဖို့ တွက်ချက်လာရပါတယ်။ ကလေးတွေက  မြတ်မင်္ဂလာ၊ မိုးသောက်ပန်း၊ ရွှေသွေး၊  ကလေးဂျာနယ်ဖြစ်တဲ့ ယဉ်ကျေးလိမ္မာကလေးဂျာနယ်၊ တတိုင်းမွှေး ဂျာနယ် စတာတွေကို အပတ်စဉ် ဝယ်ဖတ်ချင်ကြတဲ့ အတွက် ကိုယ့်အတွက် မဝယ်ဖြစ်တော့ပါဘူး။ ခင်ပွန်းဖြစ်တဲ့သူက အဝေးကနေ  အပတ်စဉ်ထုတ် ဂျာနယ်ထဲက တစ်ပတ်ကို တစ်စောင်တော့ ဝယ်ပါ နို့မို့ ဘာမှမသိပဲ အဆက်ပြတ်သွားမယ် အပြောကြောင့် အဲဒီအချိန် ထွက်နေတဲ့ ဂျာနယ်များစွာထဲက တစ်စောင်ကို ရွေးလိုက်ပါတ်။ The Voice Weekly ပါ။ ခင်းပွန်းက ကောင်းသားပဲ ကဏ္ဍစုံတယ်၊ သတင်းနဲ့ ဆောင်းပါးတွေ ကောင်းတယ်လို့ ထောက်ခံပါတယ်။ ဒီလိုနဲ့  ကျမမှာ အိပ်မက်တစ်ခု ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ဗွိုက်စ်မှာ ရေးနေတဲ့ စာရေးဆရာတွေကို အားကျပြီး တစ်နေ့မှာ  ဒီဂျာနယ်မှာ ကိုယ့်စာတွေ ရေးမယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်။
           ပြည်ပက ချိုးလင်းပြာအမျိုးသမီး မဂဇင်း၊ မောက္ခပညာရေးအွန်လိုင်း မဂဇင်းနဲ့ ကောင်းကင်မဂဇင်းတို့မှာ စာတွေ ရေးဖြစ်ရာက ပြောင်းလဲလာတဲ့ အခြေအနေအရ ပြည်တွင်းက ဂျာနယ်တွေမှာ ရေးဖို့ တိုက်တွန်းလာကြပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အွန်လိုင်းမှာပဲ ရေးရတာကို ကျေနပ်နေတဲ့ အတွက် ပြည်တွင်းဂျာနယ် တစ်ခုခုကို ပို့ဖို့ စိတ်မကူးမိပါ။ ပြီးခဲ့တဲ့ နှစ်ထဲက ထင်ပါတယ်။ (ဦး) မင်းဒင်က ပထမဆုံး ပြည်တွင်းက ဂျာနယ်မှာပါလာတဲ့ သူရဲ့ ဆောင်းပါးလေးကို ဖေ့စ်ဘွတ်မှာ share ရင်း စာလေးရေးတင်ပါတယ်။ စာလုံးအတိအကျ မဟုတ်ပေမယ့် အဓိပါယ်က ဒီလိုပါ။
ဘလော့တွေ၊ ဝက်ဆိုဒ်တွေ၊ အွန်လိုင်းတွေမှာ ရေးနေတဲ့သူတွေဟာ စာရေးဆရာမဟုတ်ကြသေးပါ။ ပြည်တွင်းက ဂျာနယ် မဂဇင်းတစ်ခုခုမှာ ရေးတဲ့သူမှသာ စာရေးဆရာဖြစ်တယ်လို့ နာမည်ရ စာရေးဆရာမတစ်ယောက်က ပြောတဲ့ အတွက် အခုတော့  ပြည်တွင်းဂျာနယ်မှာပါပြီဖြစ်တဲ့  ကျတော့်ရဲ့ ဆောင်းပါးပါ လို့ ရေးတာ ဖတ်လိုက်ရပါတယ်။

         ကျမလဲ သဘောကျသွားပြီး စာမူတစ်ပုဒ်ကို ရေးပြီးချိန်မှာ ပြည်တွင်းက ဂျာနယ်တစ်ခုကို ပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာပဲ  အစောကြီးကတည်းက ရွေးချယ်ထားတဲ့ အတိုင်း  ကျမစိတ်ကူး အိပ်မက် အကောင်အထည် ပေါ်သွားတဲ့အတွက် အင်မတန်ကိုပဲ ဝမ်းမြောက်မ်းသာ ပီတိ ဖြစ်ရပါတယ်။ ကျမရဲ့ ရည်ရွယ်ချက်က ဒါပါပဲ။ ဒါ့ကြောင့် လူတွေမှာ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတယ်ဆိုတာ ပိုလို့တောင် နားလည်လာရပါသေးတယ်။

အရောင်များနဲ့ကျမ

         ကျမ ငယ်ငယ်တုန်းက ဘာအရောင်ကြိုက်သလဲလို့ အမေးခံရရင်  အကုန်ကြိုက်တယ်လို့ ဖြေတတ်ပါတယ်။ အရောင်ဆိုတာ အကုန်လှတယ်လို့ ယုံကြည်ပါတယ်။ ဘာရောင်ဖြစ်ဖြစ်လှတယ်။ လှတော့ ကြိုက်တယ်၊ ဒါပေမယ့် ကျမတို့ ငါးတန်းနှစ်မှာ အရောင်ကို အင်္ဂလိပ်လို ခေါ်တဲ့ နာမည်တွေ သင်ရပါတယ်။ ကျမတို့တုန်းက ငါးတန်းနှစ်မှာမှ အင်္ဂလိပ်စာ အေ ဘီ စီ ဆိုတာ စပြီး သင်ရတာပါ။ White အဖြူရောင်၊ Black အမဲရောင် စသဖြင့် ကျက်ခိုင်းပြီး ဘာအရောင်ကြိုက်သလဲလို့ ဆရာမက အင်္ဂလိပ်လိုမေးမယ်၊ ကျောင်းသားတွေက ကိုယ်ကြိုက်တဲ့ အရောင်ကို အင်္ဂလိပ်လို ပြန်ဖြေရမယ် ဆိုတော့
ကျမက I like pink လို့ ဖြေပါတယ်။ အဲဒီတုန်းက ကျမအကြိုက်ဆုံးက ပန်းရောင်၊ အထက်တန်းရောက်တဲ့ အချိန်မှာ  ကိုယ်ကြိုက်တဲ့ အရောင်အကြောင်း အက်ဆေး ရေးခိုင်းတဲ့အခါ ကျမရေးခဲ့တာက အပြာ။
         ကျမကြိုက်တဲ့ အရောင် ဘာ့ကြောင့် ပြောင်းသွားသလဲ ကိုယ့်ဘာသာမသိ။ ပန်းရောင်ကို နုလွန်းတယ်လို့တော့ တွေးလာမိပါတယ်။ အခုအသက်အရွယ် ရောက်တဲ့ အခါ ကျမဝယ်တဲ့ အဝတ်အစား၊ အမြဲဝတ်လေ့ရှိတဲ့ ပုံစံကို ကြည့်ပြီး ရင်းနှီးတဲ့သူတွေက " အဖြူရောင်ကြိုက်တယ်နော်" တဲ့။
ကိုယ်တိုင်လည်း သတိထားမိလာတယ်။ အကျ င်္ီဝတ်ဖို့ ရွေးရင် အဖြူကိုပဲ ရွေးမိတဲ့ အပြင် အကျ င်္ီအဖြူတွေချည်းပဲ သီးသန့်ရောင်းတဲ့ဆိုင်ကို အဲဒီဘက်ရောက်တိုင်း ကြည့်ဖြစ်တယ်၊ ကြိုက်တာတွေ့ရင် ဝယ်တယ်။ ကျမ အဖြူရောင် ကြိုက်သွားပြန်ပြီထင်တယ်။ အသက်ကြီးသွားလို့ အရောင်တွေနဲ့ဝတ်ရတာ အလိုလို မကြိုက်တော့တာလား မသိပါ။
အသက်အရွယ်အရ အကြိုက်တွေ ပြောင်းလဲသွားတတ်တယ်လို့ ယူဆမိတာပါပဲ။
အဖြူကိုကြိုက်ပေမယ့် ပန်းရောင်ကို မုန်းသွားတာမျိုး မဟုတ်။ အပြာကို မလှဘူးလို့ ထင်တာလဲ မဟုတ်ပြန်၊ အရောင်တွေကတော့ လှနေတုန်းပင်၊ လှတယ်လို့လည်း ထင်ဆဲပင်၊

ကြိုက်ခြင်းနဲ့မကြိုက်ခြင်းကြား
မှာ ဘာမှန်းမသိတဲ့ အရာ ပါးပါးလေးရှိနေတာပင်။

ထိုအရာကို အမုန်းတရားအဖြစ် မသတ်မှတ်ဖူးဆိုရင်ပဲ  ကွာဟချက်က သေးငယ်သွားပါလိမ့်မယ်။

                                                                   ခိုင်ခိုင်စောလွင်

                                 သရုပ်ဖေါ်ပုံ သည်မော်နိုင်