Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ကမ္ဘာကျော် ဟာသသရုပ်ဆောင် လူမှုကူညီသူ နိုင်ငံရေးတက်ကြွဝေဖန်သူ အကျဉ်းကျခံ ကိုဇာဂနာ၏ ဖခင် စာရေးဆရာ၊ မြန်မာပညာရှိ ဆရာ နန်းညွန့်ဆွေ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက် ၊ ဗုဒ္ဓဟူးနေ့ ညနေ ငါးနာရီတွင် ကွယ်လွန်သွားကြောင်း သိရ၍ မိသားစု နှင့် ထပ်တူ ကောင်းကင်မဂ္ဂဇင်းမှ ၀မ်းနည်းကြေကွဲမိပါသည်။

 

 ဆရာ နန်းညွန့်ဆွေကို ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးအောင်သိန်း ဖြစ်သည်။ ရပ်သာရွာ ဘုန်းကြီးကျောင်း၊ ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့  အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်း ကျောင်းတို့တွင် တက်ရောက် ပညာ သင်ကြားခဲ့သည်။ ၁၉၄၃-၄၄ ခုနှစ်တွင် မြန်မာဆယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၅၂တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်သည်။ ဒုတိယကမ္ဘာစစ် အတွင်း ရန်ကုန် ဆင်း၍ ဂျပန်ကျောင်း တက်ရင်း တရားရေး ဝန်ကြီး ဌာနတွင် စာရေး လုပ်ခဲ့သည်။ ၁၉၄၄ ဂရိတ်တားအေးရှား သတင်းစာ ကဗျာပြိုင်ပွဲတွင် ဆုရသည်။

 

နန်းညွန့်ဆွေ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖက်ဆစ် တော်လှန်ရေး ဖြစ်သော အခါ ဆင်မြီးဆွဲ ပြန်၍ အာရှ လူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။၁၉၄၆-၄၇တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်။ ၁၉၄၇ သီတင်းကျွတ်အထူးထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြည်မောင်ညွန့် အမည်ဖြင့် သီတင်းကျွတ်လဘွဲ့ကဗျာရေးပီး စာပေလောကသို့ ဝင်ရောက်သည်။ ရဝိနောင် အမည်ဖြင့်လည်း ကဗျာရေးသည်။

 

၁၉၄၈ - ၅၃ ခုနှစ်များ အတွင်း  ပြန်ကြားရေး ဌာန ရုပ်ရှင်နှင့် ပြဇာတ် ဌာနခွဲတွင် ပြစက်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၄ ခုနှစ်မှ စ၍ ပြည်ထောင်စု ယဉ်ကျေးမှု ဌာန မြန်မာယဉ်ကျေးမှုအရာရှိ၊ ယဉ်ကျေးမှု ဗိမာန်တွင် သုတေသနမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။၁၉၅၀ ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍတွင် နန်းညွန့်ဆွေ အမည်ကို စသုံးသည်။ မြန်မာနိုင်ငံ စာရေး ဆရာအသင်း တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်နှင့် ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆယ်စုနှစ်နှင့်ချီပီး မြန်မာနိုင်ငံသုတေသနအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်တာဝန်ကိုယူခဲ့သည်။

 

မေတ္တာတေးသံ ကဗျာများ (၁၉၆၁)၊ ခေတ်မှီကဗျာဖွဲ့နည်း၊ စာပေရိပ်မြုံ (၁၉၆၆)၊ ရွှေတိုင်ညွန့်၊ သဟာယဆရာတင်၊ မိုးဒေဝါဒေါ်လှရွှေ၊ အလင်္ကာကျော်စွာ ဦးဟန်ပ စသော အတ္ထုပ္ပတ္တိများ၊  စာဆိုမာန် ကဗျာများ(၁၉၇၈)၊ အနုပညာအားမာန် ဆောင်းပါးများတို့ကို ရေးသား ထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဟံသာဝတီဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒိသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။


ဂီတ ဝါသနာရှင် တဦး ဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ် ဂီတ ဆောင်းပါးများကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများ စာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲ နော်ရထာနှင့် လက်ဝဲ သုန္ဒရ ရှင်းတမ်း၊ မြန်မာ့ ယဉ်ကျေးမှု စာတမ်းများကို ရေးသား ဖတ်ကြားခဲ့သည်။ ဆရာကြီးဦးဂုဏ်ဘဏ်နှင့်တွဲ၍ မြန်မာတူရိယာဂီတပညာ၏ ပထမဆင့် အခြေခံကြိုးသီချင်း တဆယ့်သုံးပုဒ်အဖွင့်နှင့် မြန်မာတူရိယာဂီတပညာ၏ ဒုတိယဆင့် အခြေခံကြိုးသီချင်း တဆယ့်ငါးပုဒ်အဖွင့်ကို တည်းပြတ်ခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။


မနှစ်က ကွယ်လွန်သူဇနီး သခင်မ ဒေါ်လှကြည် (စာရေးဆရာမ ကြည်ဦး)နှင့် သား (မောင်ဝဏ္ဏ)၊ မောင်တေဇနှင့် မောင်သူရ (လူရွှင်တော် ဇာဂနာ) တို့ သုံးယောက် ထွန်းကားသည်။ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုလည်း မဂ္ဂဇင်းတစောင်တွင် ရေးသားခဲ့သည်။ ခေတ်ဟောင်းစာပေ ဂီတယဉ်ကျေးမှုဆောင်းပါးများဖြင့် စစ်အစိုးရကို ဆန့်ကျင်ရေးသားသည်ဟု ယူဆ၍ ကလောင်ပိတ်ပင်ခံခဲ့ရသော်လည်း “သုခမိန်”အမည်ဖြင့် ကွယ်လွန်ခါနီးထိ ဆက်လက်ရေးသားခဲ့သည်။

 

ရည်ညွှန်း။

မြန်မာစာပေအဘိဓာန် ၃၊ မလိခ၊ ၁၉၇၇ ဒီဇင်ဘာ၊ ပထမကြိမ်၊ သစ္စာစာပေ။

http://wikimyanmar.co.cc/wiki/index.php?နန်းညွန့်ဆွေ