ကဗျာဆရာ ဘိုလ်သိန်းစီစဉ်ထုတ်ဝေတဲ့ ဆူညံသောဝန်ချီစက် အမည်ရတဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲကို ဒီနေ့မနက်က(ဇွန် ၂၅) မန္တလေးမြို့ နန်းတော်ရှေ့ မိသားစုလက်ဖက်ရည်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
ဒီစာအုပ်မှာ ခေတ်ပေါ်ကဗျာဆရာ ၆၇ ယောက်ရဲ့ ကဗျာ ၆၇ ပုဒ်ပါဝင်ပြီး
၁၉၆၀-၇၀ဝန်းကျင်မျိုးဆက်ထဲကမောင်သင်းခိုင်၊အောင်ချိမ့်၊ပိုင်စိုးဝေ၊ အုန်းမြင့်လှိုင်၊မောင်အောင်ပွင့်တို့ အမှုးပြုပြီး ၁၉၈၀-၉၀ဝန်းကျင်မျိုးဆက်များ၊
၂၀၀၀ခုနှစ် ဒီဖက်မျိုးဆက်များ အုံနဲ့ ကျင်းနဲ့ ပါဝင်နေပါတယ်။
ဟံသာဝတီဦးဝင်းတင်က ကဗျာအိပ်မက်အမည်နဲ့ အမှာရေးပါတယ်။အမှာစာမှာ ဆရာဦးဝင်တင်က "ခေတ်ဝန်ကို ချီတဲ့ ပိုးတဲ့ သယ်တဲ့ ဆောင်တဲ့ စက်တွေ ဆိုတာတော့ ဆူညံရမှာပဲပေါ့" လို့ မှတ်ချက်ပြုပါတယ်။
စာအုပ်မိတ်ဆက်ပွဲကို မြို့ခံကဗျာဆရာများ ကဗျာချစ်သူများ တက်ရောက်ကြပြီး ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၊
မောင်တင်သစ်၊မကို၊ချောအိမာန် နဲ့ ထွဏ်းသွေးအိမ်တို့က မုဒိတာစကားများပြောကြပါတယ်။
ဆက်လက်ပြီး အနီမောင်၊မောင်ကြည်သာ တောင်တွင်း၊ကိုထက်ရေဦး၊ရိုးဒီ၊ဇော်ထိန် စတဲ့ ကဗျာဆရာများက အမှတ်တရကဗျာများ ရွတ်ဆိုကြပါတယ်။
စာပေစိစစ်ရေးလွန်ခေတ်ရဲ့ လွတ်လပ်ပြီး အနှောင်အဖွဲ့ ကင်းတဲ့ခေတ်ပြိုင်ကဗျာများ ပါဝင်တဲ့
ဒီစာအုပ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ မြန်မာကဗျာအကြောင်းပြောရင် မဖြစ်မနေ ပြန်လည်ရည်ညွှန်း ကိုးကားရမယ့် ကဗျာစာအုပ်တစ်အုပ် ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။
ရည်မွန်