User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

"၂ဝ၁၃ ကမ္ဘာ့ကဗျာနေ့၊ အလယ်ရိုးမ ကဗျာဆုပေးပွဲနှင့် ကဗျာဆရာကြီး မောင်သင်းခိုင်ရဲ့ (၇၃)နှစ်ပြည့် မွေးနေ့အခမ်းအနား"
862441_614625388552366_1663626592_n.jpg 
ဆုရ ကဗျာဆရာနှစ်ဦးဖြစ်သော ကိုရွေးနှင့် ဝင်းမြင့်တို့အား ဆုပေးပွဲညက ပျဉ်းမနားတွင် တွေ့ရစဉ်

ဆုပေးပွဲနှင့် မွေးနေ့အခမ်းအနားအား ပျဉ်းမနားမြို့တွင် ၂ဝ၁၃၊ မတ် ၂၁ ကကျင်းပခဲ့သည်။ 
အခမ်းအနားတွင် မောင်သင်းခိုင်၊ မောင်ကြူးရင့်၊ ဇော်ဝင်းကို၊ မောင်ပြည့်မင်း၊ မောင်ရာစုတို့က အမှတ်တရစကားများပြောကြားပြီးနောက် ဗကသများအဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီက ပေးပို့သော သဝဏ်လွှာအား ပဲခူးတိုင်းအနောက်ခြမ်း ဗကသများအဖွဲ့ချုပ်မှ ကိုအာကာဦးက ဖတ်ကြားခဲ့သည်။ 
 
အခမ်းအနားသို့တက်ရောက်လာသော ကဗျာဆရာတစ်ဦးချင်းမိတ်ဆက်ပြီးနောက် လှိုင်းထက်မှ အလယ်ရိုးမကဗျာဆုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 
၂ဝ၁၃ ခုနှစ်၊ အလယ်ရိုးမကဗျာဆုများအဖြစ် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ၊ နွယ်နီ မဂ္ဂဇင်းပါ ကဗျာဆရာ ကိုရွေး၏ "သူငယ်ချင်းကဗျာဆရာသို့" ကဗျာနှင့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာ၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းပါ ကဗျာဆရာ ဝင်းမြင့်၏ "နိုင်ငံတော်မျှော်ခြင်း" ကဗျာများအား ရွေးချယ်ခဲ့ပြီး ဆုရကဗျာဆရာတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းစီ ဆုရွေးချယ်ရေးအဖွဲ့က ချီးမြှင့်ခဲ့သည်။ အဝကျွန်းချစ်မောင်၊ ဒေါ်တင်တင်ဦး(ရုပ်ရှင်တေးကဗျာ) မဂ္ဂဇင်းအယ်ဒီတာအဖွဲ့၏ကိုယ်စား ကိုခါး(ကွမ်းခြံကုန်း)ကလည်း  ဝင်းမြင့်၏ နိုင်ငံတော်မျှော်ခြင်း ကဗျာအတွက် ထပ်ဆင့်ဂုဏ်ပြုငွေ ကျပ်ငွေ တစ်သိန်းချီးမြှင့်ခဲ့သည်။ အလယ်ရိုးမ ကဗျာဆုပေးပွဲသို့ တက်ရောက်သော  ကဗျာဆရာများကလည်း ကဗျာဆရာ ကိုရွေးအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့သည်။ ပန်းချီဝင်းတင့်ကလည်း ဆုရကဗျာဆရာနှစ်ဦးအား ဂုဏ်ပြုပန်းချီကားများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆုရကဗျာဆရာများက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ကဗျာနေ့အမှတ်တရအဖြစ် ကိုခါး(ကွမ်းခြံကုန်း)၊ တင်ညွန့်မြိုင်(သာစည်)၊ မောင်ပြည့်မင်း၊ မောင်ခိုင်မွန်(ပလိပ်)၊ ရဲနွေ(ပုလိပ်)၊ ကြည်ဇော်အေး၊ ဇေလင်းမောင်၊ ခိုင်မြဲကျော်စွာ၊ အိုအောင်၊ လှိုင်းထက်တို့က ကဗျာများ အသီးသီး ရွတ်ဆိုခဲ့သည်။ အခမ်းအနားမှူးအဖြစ် မောင်သော်တာက ဆောင်ရွက်ခဲ့သည်။

"အလယ်ရိုးမ ကဗျာဆုများ မှတ်တမ်း"

၂ဝဝ၂ - နေမျိုး၏ ခဲတံတစ်ချောင်းရဲ့ ရယ်သံ
၂ဝဝ၃ - ဇေယျာလင်း၏ ပျော်ပျော်နေရွှေခဲဆီက စာ
၂ဝဝ၄ - အောင်ဘညို၏ အိုစမာ
၂ဝဝ၅ - ကြည်မောင်သန်း၏ တောင်အမေရိကကို သွားချင်တယ်
၂ဝဝ၆ - ခရမ်းပြာထက်လူ၏ Money
၂ဝ၁၁ - မင်းထင်ကိုကိုကြီး၏ ဒီမိုးကရေစီးတယ်
၂ဝ၁၂ - ကိုရွေး၏ သူငယ်ချင်းကဗျာဆရာသို့
၂ဝ၁၂ - ဝင်းမြင့်၏ နိုင်ငံတော်မျှော်ခြင်း