ပုဂံခေတ်၊ ကျန်စစ်သား မင်းကြီးရဲ့ သားတော် ရာဇကုမာရ် ရေးထွင်းခဲ့တဲ့ မြစေတီ ကျောက်စာကို ညွန်ပြပြီး မြန်မာစာပေဟာ ကျောက်ထက် အက္ခရာက စတင်တယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။ ကျောက်တက်အက္ခရာက စတင်ခဲ့တဲ့ မြန်မာစာပေဟာ ဒီနေ့နှစ်ပေါင်း တစ်ထောင် နီးပါးခရီးဖြတ်သန်းပြီးတဲ့အခါ အင်တာနက်ပေါ် မှာပါ အခြေကျလို့နေပါပြီ။
ဒီဖြစ်စဉ်နဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံသား အသီးသီးဟာ မိမိတို့ရဲ့ ဘ၀လိုအပ်ချက်တွေ အတွက် ကမ္ဘာပေါ်က မြို့ပြနိုင်ငံအသီးသီးမှာပါ အခြေချလို့ ရုန်းကန်နေကြရပါတယ်။ ဒီလို မတူညီ၊ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား ဓလေ့ထုံးစံတွေကြားမှာကူးခတ် ရတဲ့အခါ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ် ကိုယ်ပိုင် စာပေ အမှတ်အသား စိတ်ကူးစိတ်သန်းတွေဟာ အသက်ကယ်လှေ လိုပဲ အရေးပါလာပါတယ်။
ဂလိုဘယ်ဖြစ်စဉ်ကြီးထဲမှာ ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာမချို့တဲ့ တဲ့ မြန်မာများအဖြစ် စီးမျှောနိုင်ရေး အတွက် ရသစာပေခံစားမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြတဲ့ နောင်တော် မြန်မာစာပေ မဂ္ဂဇင်းများနဲ့အတူတကွ တာဝန်ဝေမျှတမ်းရွက်နိုင်ဘို့ ရည်ရွယ်ပြီး ကောင်းကင်မဂ္ဂဇင်းကို ဖန်တီးဖြစ်ခဲ့ ပါတယ်။
ကျွန်တော်တို့ ဘယ်လို နေရာဒေသ အမျိုးမျိုးမှာပဲ ရောက်နေပါစေ တူညီတာကတော့ ကျွန်တော်တို့ အားလုံးဟာ ကောင်းကင် တစ်ခုထဲအောက်မှာပဲ ရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် မြန်မာစာပေကို တန်ဘိုးထားတယ်၊ ချစ်တယ်၊ ထို့အတူ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ခွင့်ကို တန်ဘိုးထားတယ်၊ အသုံးပြုမယ်ဆိုတဲ့ စိတ်နဲ့ ကောင်းကင် မဂ္ဂဇင်းမှာ ကျွန်တော်တို့ အတူတူ ရသစာပေများ ဖတ်ရှူရေးသား သွားကြပါစို့လို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ပြောနိုင်တာတစ်ခု ကတော့
ဒါဟာအားလုံးအတွက် အားလုံးရဲ့ ကောင်းကင် ဆိုတာပါပဲ။