User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

picture 

 

ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလား မသိ မှောင်မှောင်မဲမဲ။ အရင်းတုတ်ကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ် ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုး ကောင်းကင်မှ နှင်းစက်လား၊ မိုးစက်လားမသိ ရေစက်များက ခြောက်သွေ့ တင်းမာနေသော ကျနော့် နှုတ်ခမ်းထက်သို့ ကျလာသည်။ ရေစက်များ၏အတွေ့က အေးမြစူးရှစွာ ကျနော့် မနောအာရုံထဲ ထိုးဖောက်ဝင်လာသည်။ ရေစီးသံသဲ့သဲ့က ခေါ်သံအဖြစ် တဖြေးဖြေး ပီပြင်ကျယ်လောင်လာသည်။ ညီလေ . . . ညီလေ . . .

 

ကျနော့် မျက်လုံးအစုံပွင့်လာသည်။ ကျနော်က ဖျာတချပ်ပေါ်တွင် လဲလျောင်းအိပ်စက်နေပြီး ကျနော့်ဘေးတွင် စိုးရိမ်သော မျက်နှာများဖြင့် ဝိုင်းပြုစုနေသူ (၄)ဦး။ ထိုသူများမှာ ကိုမောင်စိန်၊ ကိုမြအေး၊ ဦးအောင်နု နှင့် ဦးစောတို့ဖြစ်ကြသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း၊ တောက်ပပြူးကျယ်သော မျက်လုံးကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနှင့် ကိုစိန်က ကျနော့်နဖူးနှင့်နှုတ်ခမ်းများပေါ်သို့ ရေပတ်တင်ပေးနေသည်။ ကျနော် သတိကောင်းကောင်းရလာပြီး။ ကျန်ေသည် အင်းစိန်ထောင် အမှတ်(၂) ကြိုးတိုက်ထဲတွင် မစင်တိုက် (ခေါ်) လောက်တိုက်၊ တိုက်ပိတ်ပြစ်ဒဏ်ဖြင့်ရောက်ရှိရင်း ခြစ်ခြစ်တောက် အဖျားသွေးတက်ကာ သတိလစ်သွားတာ မဟုတ်ပါလား။ အချိန်က ၁၉၇၉ခုနှစ် မေလ၊ ရက်အတိအကျတော့ မမှတ်မိတော့ . . .

           

ထိုအချိန်က ကျနော်သည် တက္ကသိုလ်ကျောင်းသား လူငယ်တဦးအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ရင်း အင်းစိန်ထောင်တွင် ထောင်ဒဏ်(၇) နှစ်ကျခံနေရချိန်ဖြစ်သည်။ ကိုစိန်(ခ) ကိုမောင်စိန်မှာ စစ်တောင်းစက္ကူစက်အင်ဂျင်နီယာ တဦးဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလိုလားသူ၊ ပါတီနှင့် အဆက်အသွယ်ရှိသူ အစုများက ထုတ်ဝေသော "မီးမောင်း" စာစောင်ဖြန့်ချီရာတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ရင်း အလုပ်နှင့် ထောင်ဒဏ်(၉)နှစ် ချမှတ်ခြင်းခံရသူဖြစ်သည်။ ကိုမြအေးမှာ ရ.က.သ ကျောင်းသားတဦးဖြစ်ပြီး ကိုးကိုးကျွန်းတွင် ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းရေး၊ ကျွန်းတိုက်ပွဲများတွင် ဖြတ်သန်းခဲ့သူဖြစ်သည်။ သူသည်လည်း "မီးမောင်း" ခေါင်းဆောင်တဦးအဖြစ် ထောင်ဒဏ်(၉) နှစ် ချမှတ်ခံရသူဖြစ်သည်။ ဦးစောနှင့် ဦးအောင်နုတို့မှာ သမိုင်းချည်စက်မှ အလုပ်သမားကြီးများဖြစ်ကြပြီး ၁၉၇၄ အလုပ်သမားအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၄) နှစ် ချမှတ်ခံရသူများ ဖြစ်ကြပါသည်။ ကျနော်တို့အားလုံး ပြစ်ဒဏ် တိုက်ပိတ်များအဖြစ် အမှတ်(၂) ကြိုးတိုက်၊ ရင်ကွဲတိုက်တွင် ထောင်အခေါ် လောက်တိုက် (သို့မဟုတ်) မစင်တိုက်ပိတ် ပြစ်ဒဏ်ဖြင့် ရောက်ရှိနေကြသူများ ဖြစ်ပါသည်။ သွားလေသူ ကိုစိန်နှင့် ကျနော်တို့ အတူဖြတ်သန်းခဲ့ရသည့် ထို ကြမ်းတမ်း ခက်ထန်သော ပြစ်ဒဏ် တိုက်ပိတ် အဖြစ်စုံကား ဤသို့လျင် အစပျိုးခဲ့ပါသည်။

                                    .           .           .          

၁၉၇၆ သြဂုတ်လတွင် ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ်(၂) မှ ကျနော့်အား ၁၉၅၀ပြည့်နှစ် အရေားပေါ်စီမံမှု အက်ဥပဒေ ၅(ည) အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ် ချမှတ်ပြီး၊ တလ နှစ်လခန့်အကြာတွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး စစ်ခုံရုံးများကိုလည်း ဖျက်သိမ်းလိုက်သည်။ ၁၉၇၇ ခုနှစ်တွင် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသော အချိန်တွင်ကား ဖိနှိပ်ချုပ်ခြယ်မှုများ အရှိန်တိုးမြှင့်လာတော့သည် စစ်အာဏာရှင်များသည် 'နိုင်ငံရေးအကျဉ်းသား' ဆိုသည်ကို အလွန်ရွံမုန်းသည်။ အကြောင်းမူ ဤသူများက မျက်မွှေးထော်မော်မကြည့်ဝံ့သူ ပြားပြားဝပ်ပြည်သူများကို လှုံ့ဆော်၍ သူတို့ကို တော်လှန်ပုန်ကန်ရဲကြသူများ ဖြစ်နေ၍ပင်။ ထို့ကြောင့် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်သည်နှင့်  ၅ (ည) အကျဉ်းသားများကို လူသတ်ဓါးပြများ မုဒိန်းကောင်များ ဦးစီးစေ၍ ဝင်ရောက်ရိုက်နှက်ပြီး လူစုခွဲပစ်သည်။ ခုခံသူ အာခံသူများကို တိုက်ပိတ်သည်။ နိုင်ငံရေးအကျဉ်းသားများကို (၁၀)ယောက်တစု ၅ယောက်တစု၊ ရာဇဝတ်ဆောင်ဟုခေါ်သော သာမန်ပြစ်မှုအကျဉ်းသား အဆောင်များကို ရွှေ့ပစ်ပြီး ကိုလိုနီနယ်ချဲ့ သမား၏လက်သုံး "ပုံစံ" ပြသည်။ သွား ပုံစံ၊ စား ပုံစံ၊ ထိုင် ပုံစံ၊ အိပ် ပုံစံဖြင့် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းပျက်ပြားစေသော ဖိနှိပ်ချုပ်ခြယ်မှုများကို ပြန်အသက်သွင်းသည်။ ကျောင်းသားများကို ပုံစံကိုင်ရာတွင် စီးပွါးရေး တက္ကသိုလ်ကျောင်းသား ကိုမြင့်ဦး (ရေနံချောင်း) မှာ အပေါ်သွားနှစ်ချာင်း ကျိုးသွားပြီး၊ ရှေနေဦးကျော်လင်းမှာ နံရိုးနှစ်ချောင်း ကျိုးခဲ့ရသည်။ ဤ ဒဏ်ချက်များကြောင့် ဦးကျော်လင်းမှာ ၂၀၁၁ ခုနှစ်တွင် မျက်လုံးတဖက် ကွယ်လုနီးပါး ဘဝရောက်ခဲ့ရသည်။ ပုံစံကိုင်သည့် ဒဏ်ရာဒဏ်ချက်များကြောင့် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာဦးသန်းရွှေ (ရခိုင်ပြည် ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သူ) ထောင်တွင်းတွင် ကွယ်လွန်ခဲ့ရသည်။

 

ဤအခြေအနေဆိုးများကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ဖြတ်သန်းရင်း ထောင်ကျနိုင်ငံရေး အကျဉ်းသားများက မိမိတို့ အချင်းချင်း 'စားအိုးတွဲ' ကာ လူပြန်စုကြသည်။ ကိုစိန်နှင့်ကျနော်တို့  ပြဿနာဖြစ်လုနီးတွင် ရောက်ရှိစုရုံးမိသည်မှာ အဆောင်(၅) ထောင်ကျဆောင်ဖြစ်သည်။ အဆောင်မှုးမှာ ထောင်မှူးကြီး ဦးဘိုနီနှင့် ထောက်လှမ်းရေး အကူတပ် (ဗ.ဆ.လ) မှ တပ်ကြပ်ကြီး စောမောင်စိန်ဖြစ်သည်။ ကျနော့်တို့ အဆောင်ရှိ ၁၉၇၄၊ ၁၉၇၅ အလုပ်သမားသပိတ်ကြီးမှ အလုပ်သမားရဲဘော်များအားလုံး၊ ၅(ည) ကျောင်းသားများအားလုံး မီးမောင်းစာစောင်မှ ရဲဘော်အချို့နှင့် မတရား သင်းပုဒ်မ-၁၇(၁)/(၂) အားလုံး စုစုပေါင်းလူ (၄၀) ခန့် စားအိုးတွဲထားကြသည်။ နိုင်ငံရေးအကျဉ်းသားများထဲမှ ကျနော်တို့နှင့် စားအိုးမတွဲသူမှာ 'အလံနီ' အုပ်စု (၃) ဦးသာဖြစ်သည်။ ၎င်းတို့မှာ ကိုမြင့်စိုး (ယခု စာရေးဆရာ မောင်သွေးချွန်)၊ အောင်မြင်သောင်း (အင်းစိန် ဂျီတီအိုင် သပိတ်မှောက်ကျောင်းသား ပခုက္ကူ) နှင့် အလုပ်သမား ကိုနေဝင်း (ခ) သက်ပြင်းတို့ဖြစ်ကြပါသည်။ ကျနော်တို့ စားအိုးတွဲရာတွင် အလုပ်သမားရဲဘော်ကြီးများက "အလုပ်ကြီး" ဟုခေါ်သော လက်သမား ဘုတ်၊ လွှစက်၊ ပန်းရံဘုတ်၊ ယက်ကန်းစသည့် ထောင်အလုပ်ဌါနများတွင် အလုပ်လုပ်ကြရသည်။

 

ကျနော်တို့ ၅ (ည) ကျောင်းသားများ နှင့် မီးမောင်းရဲဘော်များကို ထောင်အာဏါပိုင်များက တရားဝင်အလုပ်မချဘဲ အခန်းသန့ှ်ရှင်းရေးအဖြစ် စာရင်းထည့်ထားပေးသည်။ အချိန်မကျသေး၍ ပြဿနာကို ရှောင်ထားခြင်းသာဖြစ်သည်။ ၁၉၇၉ မတ်လ (၁၅) ရက်နေ့တွင်ကား ထောင်ပိုင်ကြီး မက္ကနား ကိုယ်တိုင်ရောက်ရှိလာပြီး ကျနော်တို့ ကျောင်းသားများနှင့် မီးမောင်းရဲဘော်များကို အလုပ်ဌါနများသို့ အသီးသီး ခွဲဝေချတားသည်။ ကျနော်တို့က ကျန်းမာရေးအကြောင်းပြပြီး ငြင်းဆန်သော်လည်း အလုပ်ကြီးသို့လိုက်သာသွားပါ ရွေဘော်တချက်မထိုး အမှိုက်တပင်မလှဲစေရဟု တာဝန်ခံသဖြင့် ကျနော်တို့အများစုက ဘဝတူ အကျဉ်းသားများကို စည်းရုံး၍။ အကြောင်းအချက် ခိုင်လုံရမည်၊ အကန့်အသတ်ရှိရမည်၊ အကျိုးအမြတ်ရှိရမည် ဟူသော 'အ' သုံးလုံးပေါ်လစီအရ တိုက်ပွဲဝင်ရန် ဆုံးဖြတ် လိုက်ပါသွားခဲ့ကြပါသည်။

 

အလုပ်ကြီးတွင် လေ့လာရေးအစုများဖွဲ့ကာ မတ်ဓါဒလေ့လာခြင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ မတရား ဖိနှိပ်ချုပ်ခြယ်မှုများကို စံနစ်တကျတုံ့ပြန်ခြင်းများ ပြုလုပ်လာသောအခါတွင်ကား ထောင်အာဏါပိုင်မျာက ကျနော်တို့ကို အထွေထွေ ထောင်သပိတ်ကြီးထရန် လှုံ့ဆော်သည်ဟူသော စွဲချက်ဖြင့် ထောင်တွင်းမှာပင် ညအချိန်အိပ်ဆောင်များသို့ မီးမှိတ်ဝင်ရောက်ကာ ဖမ်းဆီးကြပါတော့သည်။ အလုပ်ကြီးတွင် (၃၂) ထောင် အဓိကရုန်းဖြိုတပ်မှ လက်မရွံ့များ၊ ထောက်လှမ်းရေးများဖြင့် ကျနော်တို့ကို ရိုက်နှက်ခြင်း၊ မျက်နှာအဝတ်အုပ်ရေလောင်းခြင်း၊ ဂုံနီအိတ်ထဲထည့်ကာ၊ စားပွဲပေါ်မှကန်ချခြင်း၊ မြေကြီးပေါ်တွင် ဒရွက်တိုက်ဆွဲခြင်း၊ စသဖြင့် နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်ကာ၊ စုန်းရှာပွဲ၊ များပြုလုပ်ကြပါသည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထောင်တွင်း ပါတီကလာပ်စည်းများ ဖြစ်သည်ဟု မသင်္ကာသူများကို ရွေးထုတ်ကာ ကြိုးတိုက်တွင် တိုက်ပိတ်ပါတော့သည်။ ကျနော်တို့၏ ပြင်ပဆက်သွယ်ရေး တာဝန်ခံဟု စွပ်စွဲခံရသူမှာ မကြာခင်ကမှ လွတ်မြှောက်သွားသည့် ဦးသန့် ဈာပနကော်မတီဝင် ရန်ကုန်တက္ကသိုလ် စိတ်ပညာအဓိက ကျောင်းသား စောလှငွေ (ယခု KNU Spokesman ဗိုလ်မှုးစောလှငွေ) ဖြစ်ပါသည်။ သို့ဖြင့် ကျနော်နှင့်ကိုစိန်သည် အမှတ် (၂) ကြိုးတိုက် မစင်တိုက် (ခ) လောက်တိုက် ပြစ်ဒဏ်သို့ အတူတကွ ရောက်ရှိခဲ့ကြခြင်းဖြစ်ပါသည်။

                        .                       .                       .          

မစင်တိုက်ဟု ခေါ်ရခြင်းမှာ ကျနော်တို့ တိုက်ခန်းထဲတွင် အခင်းကြီး အခင်းလေးသွားရန် ဂန်ဖလားထားမပေးဘဲ အခန်းဒေါင့်တွင် 'သဲ' ပုံပေးထားခြင်းဖြစ်ပါသည်။ ထိုသဲပုံပေါ်တွင် တိရစ္ဆာန်များ သဖွယ်အခင်းကြီး အခင်းလေးသွားရသဖြင့် . . ရက်ကြာလာသောအခါ 'လောက်' များပေါက်ဖွားလာပြီး . . အခန်းအနှံ့ တရွရွတွားသွားကာ မင်းမူနေကြသဖြင့် 'လောက်တိုက်' ဟုခေါ်ခြင်းဖြစ်ပါသည်။ တိုက်ပိတ်ချိန်တွင် အဝတ်တထည်ကိုယ်တခုဖြင့် 'စစ်ကြောရေး'မှ သွေးသံတရဲရဲခေါ်လာကာ စီးစရာ ဖိနပ်ပင်မပေးဘဲ ထိုးကြိတ် ရိုက်နှက်ကန်ကြောက်ကာ တိုက်ပိတ်ခြင်းဖြစ်ပါသည်။ အခန်းဝ သံတံခါးကို ဖျာကာထားသည်။ မျက်နှာခြင်းဆိုင်အခန်းတွင် မီးမောင်ရဲဘော်များဖြစ်သော ကိုဗေဒါ၊ ကိုအေးကြည်နှင့် စီးပွါးရေးတက္ကသိုလ်ကျောင်းသား ကိုကျောင်အောင်ရှိသည်။ ကျနော်တို့၏အခြားဘက်တွင် ကြိုးသမားများရှိသည်။

 

                        .                       .                       .

"ကဲကဲ လုပ် ညီလေး လဖက်ရည်ကျစိမ့်လေးနဲ့ အလန်ကွာတာမိန်းတပုဒ်လောက်" ကိုစိန်က ဖျာကာ၊ ထားသော သံတံခါးကို ကျောမှီရင်း အပြင်မှ မီးရောင်ကြောင့် အနည်းငယ်ရောင်ပြန်ကာ ခပ်မှိန်မှိန်ဖျော့ဖျော့လင်းနေသော အခန်းတွင်း 'လောက်' နှိမ်နှင်းရေးလုပ်နေသော ကျနော့်ကို လှမ်းပြောသည်။ လောက်တိုက်ပိတ်ပြီး တလခန့် အကြာတွင် ညတာဝန်ကျ ဝါဒါလေးတဦး ကျနော့် အမည်ကို စုံစမ်း၍ ရောက်လာသည်။ ကလေးမြို့သားဖြစ်ပြီး မန်းတက္ကသိုလ်မှဖြစ်ကာ ကိုသန်းဝင်းလား ကိုအောင်ဝင်းလား နာမည်ကိုတော့ အတိအကျမမှတ်မိတော့။ သူက စားစရာတချို့နှင့် စာတိုလေးတစောင် ယူလာသည်။ အဆောင်မှ ကျနော်၏ အကိုသဖွယ်ဖြစ်သည့် မန္တလေးသား စာရေးဆရာ မောင်ဖေငယ် (ကိုတင်ဖေ)က လျှို့ဝှက် ပေးပို့လိုက်ခြင်းဖြစ်သည်။ စာအရ ဝါဒါလေးမှာ တက္ကသိုလ်စာပေးစာယူ သင်တန်းတက်နေသူ ဖြစ်၍ ၎င်းအား အင်္ဂလိပ်စာသင်ပေးရန် အင်္ဂလိပ်စာစာစဉ်များ ဖြေပေးရန်ဖြစ်သည်။ ဤတွင်ကျနော်တို့၏ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်သွားပြီး လျှို့ဝှက်လမ်းကြောင်းမှ စားစရာနှင့် အခြားလိုအပ်သော ဆေးဝါးများ ရလာသည်။ ဦးစွာ ဖိနပ်စုတ်တဖက် တောင်းပြီး လောက်များကို နေ့စဉ် သုတ်သင်ရသည်။ ညရောက်လျင် တဦးဘဝ တဦးအကြောင်းပြောကြ၊ တဦးရင်ကို တဦးဖြတ်သန်းကြ ကျနော်က မုဆိုးကြီး အလန်ကွာတာမိန်း၏ စွန်းစားခန်းဝတ္ထုများကို ပြောပြဖြင့် အချိန်ဖြုံးကြသည်။ နေ့ခင်းပိုင်းတွင် ကိုစိန်က ကျနော့်ကို တရုပ်အပ်စိုက် (Arcupuncture) သင်ပေးသည်။

 

ကိုစိန်မှာစစ်တောင်း စက္ကူစက်တွင် အလုပ်လုပ်ရင်း တရုတ်ပြည်သို့ ပညာတော်သင်သွားရာမှ အပ်စိုက်ပညာကို စိတ်ဝင်စားပြီး မြန်မာပြည်ပြန်ရောက်တော့ ကိုမောင်လှိုင်ဟူသည့် ရဲဘော်တဦးထံမှ အပ်စိုက်ပညာ တတ်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် ရီစရာကောင်းသည်မှာ မီးမောင်းစာစောင်ကိစ္စဖြင့် ကိုစိန်အဖမ်းခံရတော့ သတင်းစာများတွင် "ပီကင်းပြန်မောင်စိန်" ဟုဓါတ်ပုံနှင့်တကွ ဖော်ပြခံရခြင်းပင်ဖြစ်သည်။ ကိုစိန်ပီကင်းရောက်သည်မှာ စက္ကူစက် ပညာတော်သင်အဖြစ် သွားခြင်းဖြစ်သည်။ ကိုစိန်မှာ စစ်ကွင်း ဇာတိဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မက်ထရစ်အောင်ပြီး တက္ကသိုလ်ရောက်တော့ ဇူလိုင်(၇) ရက် အရေးတော်ပုံကြီးနှင့် ပက်ပင်းတိုးပါတော့သည်။ သို့နှင့်ပင် လုလင်ငယ်သွေး ကျောင်းသားလေး မောင်စိန်၏ နှလုံးအိမ်အတွင်းဝယ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မျိုးစေ့များ အညွန့်အတက် ထွက်လာပါတော့သည်။ လုပ်ငန်းခွင်ထဲ ရောက်သောအခါ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်မိကာ ကွန်မြူနစ်တယောက် ဖြစ်လာပါသည်။

 

အခန်းထဲတွင် ကျနော်၊ ကိုစိန်နှင့် ကိုမြအေးတို့မှာ မတ်လီနင်ဝါဒ မော်အတွေးအခေါ် လက်ခံကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံသူများ ဖြစ်ကြသဖြင့် ပို၍ပို၍ နက်နက်ရှိုင်းရှိုင်း သံယောဇဉ် တွယ်လာခဲ့ကြပါသည်။ ဖျာစကို 'အပ်'  လုပ်လှည့်၍ လေ့ကျင့်ကာ အလုပ်သမားကြီးဦးစောက ခါးတောင်းကျိုက် အဝတ်ဗလာဖြင့် အပ်စိုက်ကွက်များကို သရုပ်ပြပေးသည်။ တနှစ်ကျော် တိုက်ပိတ် ပြစ်ဒဏ်မှ တိုက်ပြန်ဖွင့်တော့လည်း ကိုစိန်နှင့် ကျနော်မှာ (၅) ဆောင်ပြန်ရောက်ပြီး စားအိုးတွဲကြပြန်သည်။ ဒီတစ်ခါတော့ ထောင်အာဏါပိုင်များက ကျနော်တို့ကို အလုပ်မခိုင်းတော့ဘဲ ဘေးမဲ့ပေးထားလိုက်သည်။ ကျနော်တို့စားအိုးတွဲ (၄၀) ကျော်ခန့် ရေနွေးဘုတ်၊ ဈေးရောင်းဘုတ်၊ ပုတီးဘုတ်စသဖြင့် အလုပ်တာဝန်ခွဲစေကာ စားဝတ်နေရေးဖြေရှင်းပြီး လျှို့ဝှက်လေ့လာရေး များလုပ်ကြသည်။

 

ကျနော်က အလုပ်သမားရဲဘော်များကို အင်္ဂလိပ်စာသင်ပေးပြီး ကိုစိန်နှင့် ကိုဝင်းမြင့် (တေးရေး ဝင်းမင်းထွေး) တို့က on practice (လက်တွေ့) ကို မြန်မာဘာသာပြန်ပေးသည်။ ဖ.ဆ.ပ.လ အစိုးရလက်ထက် ထောင်စာကြည့်တိုက်ဟောင်းမှ မတ်-အိန်ဂျယ် လက်ရွေးစင်ကျမ်း (၂) တွဲ ရရှိထားသဖြင့် ခိုးဝှက်လေ့လာကြသည်။ နေ့ခင်းပိုင်းများတွင် ကိုစိန်နှင့်ကျနော်တို့ ဗ.က.ပ မြေအောက်အဖွဲ့များ တိုက်ခိုက်ခံရခြင်းနှင့် ပါတ်သက် သင်္ခန်းစာများကို မကြာခဏ ထုတ်ယူဆွေးနွေးဖြစ်သည်။ နောင်း ယူဂျီလုပ်သည့်အခါ ဆက်သွယ်ရမည့် ရဲဘော်များစာရင်းကို ပြုစုကြသည်။ ဤသို့ဖြင့် တိုက်ပွင့် အဆောင်ပြန်ရောက်ပြီး ၁လကျော်ခန့် အကြာတွင် ၁၉၈၀-မေ(၂၉) အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြီးဖြင့် ကျနော်တို့အားလုံး လွတ်မြောက်ခဲ့ကြပါတော့သည်။ ကိုစိန်နှင့် ထိုနောက်ပိုင်း ပြန်မဆုံဖြစ်သော်လည်း သူနှင့်ကျနော်သည် မြေအောက်လှုပ်ရှားမှုများတွင် အလံတခုတည်းအောက်မှ ဆက်လက်လှုပ်ရှားနေကြခြင်း ဖြစ်မည်ကိုကား လုံးဝသံသယမဖြစ်ခဲ့ပေ။

 

၁၉၈၉ ခုနှစ် ၃ လပိုင်းခန့်တွင် ထောင်က လွတ်ပြီးကတည်းက မဆုံဖြစ်တော့သော ကျနော်ရှိရာ မန္တလေးသို့ ကိုစိန်ရောက်လာသည်။ ထိုစဉ်က ကျနော်က မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု ပါတီ(မ.န.တ)၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) အဖြစ် ဆောင်ရွက်နေချိန်ဖြစ်သည်။ နေ့ခင်း အစည်းအဝေးအပြီး ကိုစိန်ရောက်လာသဖြင့် သူ့ကိုအိမ်ခေါ်ကာ ညစာထမင်းကျွေးပြီး စကားတွေအများကြီးပြောဖြစ်သည်။

 

'ကဲ ဒေါင်းဖြူကြီး ဘာဖြစ်လာပြန်ပလဲ။ ထုံးစံအတိုင်းဘဲလား ပြောပါဦး'

ကျနော်က ဆံပင်ဖြူသော သူ့ကို ခေါင်းဖြူကြီးဟု ချစ်စနိုးခေါ်သည်။ သူက 'ကောင်လေး' ဟုခေါ်သည်။

'ဟုတ်တယ်၊ ကောင်လေးရ ထုံးစံတိုင်း ပေါက်ပြန်ပြီကွ။ ဒီတခါတော့ အဖမ်းမခံနိုင်ဘူး။ ငါ (L.A) လွတ်မြောက်နယ်မြေ သွားတော့မယ်'

သူက .ဆေးတံဖွာရင်းပြန်ပြောသည်။

သူ့အပြောအရ မြစ်ဝကျွန်းပေါ် ယူဂျီပေါက်ရာတွင် သူလည်း ပေါ်သွားပြီဟုဆိုသည်။ ဘယ်သွားမလဲ မေးတော့ "ပါတီ (ဗ.က.ပ)ကို မသွားတော့ဘူးကွာ။ ငါ ကျောင်းသားတော်လှန်ရေးကို အလုပ်အကြွေး ပြုမယ် မြောက်ပိုင်းအေဘီကို ဘဲသွားတော့မယ်"

ဟု လှိုက်လှိုက်လှဲလှဲဖြေခဲ့သည်။

ဤသည်မှာ ဘဝတွင် ကိုစိန်နှင့်ကျနော် နောက်ဆုံး ဆုံစည်းခဲ့ခြင်း ဖြစ်သည်ဟု ထိုစဉ်ကမတွေးမိသေး။ ထို့နောက် သူ အင်းတော်ဘက်သို့ ထွက်သွားသည်။ သူ့ခမျာ သူ အလုပ်အကြွေး ပြုချင်ရှာသော ကျောင်းသားတော်လှန်ရေးတွင် ခိုးဝှက်ဝင်ကာ တော်လှန်ရေး အရေခြုံထားသည့် အာဏါရူးတို့က သူ့အား သူ့တဘဝလုံး ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် အာဏါရှင်တို့၏ ဒေါက်တိုင် ထောက်လှမ်းရေး ဗိုလ်မှူးဟု လုပ်ကြံစွပ်စွဲကာ မသေမချင်း ရိုက်နှက်သတ်ဖြတ်ခဲ့ရလိမ့်မည်ဟု မျှော်လင့်ထားရှာမည် မဟုတ်ပေ။ သူအသတ်ခံရသည့် သတင်းကြားရစဉ်က ကျနော်သည် မန္တလေး နန်းတွင်းထောင်တွင် ရှိနေသဖြင့် တိတိကျကျ မသိရဘဲ အသတ်ခံရသူ မြောက်ဥက္ကလာမှ ဦးစိန်ဆိုသည်မှာ ကျနော့်ရဲဘော် ကိုစိန်ဟု ကျနော် လုံးဝမထင်ခဲ့မိပေ။ မီးမောင်းရဲဘော်ဟောင်း ကိုဗေဒါနှင့်ဆုံတော့မှ ကိုစိန်၏ ရင်နင့်ကြေကွဲဖွယ် ဇါတ်လမ်းကို သိရှိရပါသည်။

 

             ၁၉၉၉ - ၂၀၀၀ တွင်  အိုးဘိုထောင်၌ မြောက်ပိုင်း အေဘီရဲဘော်များ ဖြစ်ကြသော ထိန်လင်း (ခ) နာရီ၊ မိုးကျော်သူ (ခ) ဘိုဘို၊ ရာပြည့် (ခ) ခင်မောင်တင့်၊ မိုးဇော်ထွန်း၊ ကျော်ဆွေဝင်း (ခ) ဆံပြုတ်တို့နှင့် ဆုံစည်းရတော့မှ ဤ သွေးစွန်းမှတ်တမ်းများကို ထိတ်လန့်ခြောက်ခြားစွာ သိရှိရပါတော့သည်။ ကိုထွန်းအောင်ကျော် (ဂျီတီအိုင်)ကိုမြတ်ကိုကို (စိုက်ပျိုးရေး) ၊ ကိုချိုကြီး (ခ) ဖရန်တီ၊ ကိုစိန်၊ ကျော်ဝေလေးတို့၏ နောက်ဆုံးနေ့များ လူမဆန်သော လူသတ်သမားတို့၏ လှည့်ကွက်များကို နာကျည်းစွာ သိရှိရပါတော့သည်။ ဤလူသတ်မှုများတွင် တိုက်ရိုက်တာဝန်ရှိသူများနှင့် သွယ်ဝိုက်တာဝန်ရှိသူအားလုံး ထိုက်သင့်သော ပြစ်ဒဏ်ကျခံစေရေးအတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင် ရပါဦးမည်။

 

    ကျနော့်မျက်စိထဲတွင် 'အရောင်လွင့်နေသော ဂျင်းအကျီင်္အပြာလက်ရှည်'၊ ပုဆိုးအဖြူခံ အပြာကွက်တောက်၊ ဆံပင်တခေါင်းလုံးဖွေးကာ၊ ဆေးတံခဲထားသည့် စူးရှတောက်ပသော မျက်လုံးအစုံပိုင်ရှင်၊ ထူထဲနက်မှောင်သော မျက်ခုံးမွှေးများဖြင့် အမြဲတမ်းပြုံးနေသည့် ကိုစိန်။ ကျနော်၏ အပ်စိုက်ပညာ လက်ဦးဆရာကိုစိန်။ ကျနော့်အား ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်လ်ရှိဗင်) သမိုင်းအကျဉ်းချုပ်ကို အကြိမ်ကြိမ် ပြောပြဆွေးနွေးခဲ့သည့်  ကိုစိန့်ကို မြင်ယောင်နေမိပါသည်။

 

'လောက်တိုက်' တွင် သူပြောပြခဲ့သည့် သူ့ဝတ္ထုလေး 'နန်းရှေ့ချိုင့်စံ' ကို အမှတ်ရနေမိပါသည်။ ကိုစိန်ကောင်းရာသုဂတိလားပါစေ . . .

အာဇာနည်များ ထာဝစဉ် ဥဒါန်းတွင်ရစ်ပါစေ . . .။

 

သိန်းသန်းဦး

၁၉၇၄၊ ၇၅၊ ၇၆၊ တိုက်ပွဲဝင်ရဲဘော်ဟောင်း