User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

      shwegaitha

       မြန်မာမှုသုတေသီ ဆရာတော်ရွှေကိုင်းသားရာပြည့်အမှတ်တရ (၁၉၁၂ ဇန်နဝါရီ ၅)

 

'' .... ဦးပဉ္စင်းဟာ ဒီဆင်ယင်ထုံးဖွဲ့မှုစာအုပ်ကိုတတ်သိ နားလည်လှ၍ ပြုစုလိုက်ရသည် မဟုတ်ဘဲ  သုတေသီတယောက်အနေနဲ့ သုတေသနလုပ်ရာမှ ရရှိခဲ့တဲ့ အချက်အလက်တွေကို စာတစောင်ဖွဲ့ပြီး တင်ပြလိုက်ခြင်းမျှသာဖြစ်ပါတယ်။

ဦးပဉ္စင်းဟာ ဆင်ယင်ထုံးဖွဲ့မှုနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို စာအုပ်မရေးသားမီ ၁၀ နှစ်ကျော် ၁၅ နှစ်ခန့်လောက်ကစပြီး ရှာဖွေစုဆောင်းခဲ့ပါတယ်။ လေ့လဲ လေ့လာခဲ့ပါတယ်။ စုဆောင်းလေ့လာတဲ့ နေရာမှာလဲ စာပေ အထောက်အထားသာမကပါဘူး။ ပန်းချီတို့ ပန်းပုတို့ ဆိုတဲ့ အနုပညာ လက်ရာတွေ ထဲကပါ လေ့လာမှတ်သားခဲ့ပါတယ်။

အဲဒီလို ဆင်ယင် ထုံးဖွဲ့မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်း လေ့လာတဲ့အထဲမှာတော့ ကျောက်စာဌာနက ပန်းချီဆရာဘဝနဲ့ ၁၀ နှစ်ကျော်ခန့် ဆည်းပူးစုဆောင်းခဲ့တဲ့ အချက်အလက်တွေဟာ အားအကိုးရဆုံး အထောက်အပံ့အရဆုံးလို့ဆိုရပါမယ်။  အဲဒီ စုဆောင်းလေ့လာချက်တွေဟာ ဆင်ယင်ထုံးဖွဲ့မှု စာအုပ်ရဲ့ ကျောရိုးသဖွယ်လဲဖြစ်ခဲ့ပါတယ်။ ...


အချို့နေရာများကိုလဲ ကိုယ်ပိုင်စားရိတ်စားခနဲ့ သွားရောက် လေ့လာခဲ့ပါသေးတယ်။ ဥပမာ ပြူလူမျိုးတို့ရဲ့ နေပြည်တော်ဟောင်း ဖြစ်ခဲ့ဘူးတဲ့ ဟန်လင်းကြီးမြို့ဟောင်းဆိုယင် ရုံးရက်ရှည်ပိတ်တဲ့အခါမျိုးမှာ ကိုယ်ပိုင် စားရိတ် စားခနဲ့ သွားပြီး ပြူလူမျိုးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့ပုံများကို လေ့လာခဲ့ပါတယ်။ စစ်ကိုင်းတို့၊ အင်းဝတို့၊ အမရပူရတို့ဆိုတာကတော့ မန္တလေးအနီးမှာ ဖြစ်လို့ ခဏခဏရောက်ခဲ့ပါတယ်။

စာပေအထောက်အထားဘက်ကဆိုယင် ကိုယ်ပိုင်စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေအပြင် ဦးပဉ္စင်းတို့ဘိုး မိုးတားဝန်ထောက်မင်း စုဆောင်းထားပစ်ခဲ့တဲ့ ပေပုရပိုက်တွေဟာ ဆင်ယင်ထုံးဖွဲ့မှု စာအုပ်ရေးရာမှာ များစွာအထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။

ဒီစုဆောင်းလေ့လာချက်တွေအားလုံးဟာ ကျောက်စာ ဌာန အမှုထမ်းစဉ် ၁၀ နှစ် အတွင်းက စုဆောင်းလေ့လာချက်တွေဖြစ်ကြပေမဲ့ ကျောက်စာရုံးအပြင်က ဖြစ်တယ်ဆိုတာ သိစေလိုပါတယ်။ ဒါပေမဲ့ အဲဒီစုဆောင်းလေ့လာချက်တွေအားလုံးကို စံနစ်တကျလေ့လာတတ်အောင် ကျောက်စာအမြင် ကျောက်စာအသိတွေတပ်ပေးလိုက်တဲ့ ကျောက်စာဌာနကြီးကိုတော့ ကျေးဇူးတင်ကြောင်း ပြောရပါမယ်။

ယခုလို နည်းအမျိုးမျိုးဖြင့် စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေထဲက ကောက်နုတ်ချက် ထုတ်ပြီးဆင်ယင်ထုံးဖွဲ့မှုနဲ့ ဆိုင်တဲ့ဆောင်းပါးတိုကလေးတွေကို ဆင်ယင်ထုံးဖွဲ့မှုစာအုပ်ရဲ့ ပမာဏအဖြစ်နဲ့ ၃၂ ခုနှစ်လောက်ဆီက ကြီးပွားရေးမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ပါတယ်။ ပြီးတော့မှ အဲဒီဆောင်းပါးတွေကိုမူထားပြီး ယခုဆင်ယင်ထုံးဖွဲ့မှု စာအုပ်အခြေကို ရောက်အောင် တဖြည်းဖြည်းမွမ်းမံပြီး ယူခဲ့ပါတယ်။

စာအုပ်အဖြစ် စုပေါင်းရေးတဲ့ ၁၃၀၄ ခုနှစ်အချိန်မှာတော့ ဒုတိယကမ္ဘာစစ်ကြီးနဲ့လာရောက်တိုက်ဆိုင်နေတဲ့အတွက် စာအုပ်ဟာ စုံသင့်သလောက် စုံလင်အောင် စီစဉ်နိုင်ခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ဦးပဉ္စင်း ရည်မှန်းထားတဲ့ မြန်မာတို့ရဲ့ ဆင်ယင်ထုံးဖွဲ့မှုသမိုင်းစဉ်တရပ်ကိုတော့ အကြမ်းဖျဉ်းအားဖြင့် တင်ပြနိုင်ခဲ့တယ်လို့ ယူဆမိပါတယ်။

ပဌမရည်ရွယ်ရင်းကတော့ စစ်အတွင်းမှာပင် ပုံနှိပ်ရန်ရည်ရွယ်ချက်နဲ့ ရေးခဲ့တဲ့အတွက် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ ပဌမအင်္ကျီပါးခေတ်အထိ ဖေါ်ပြခဲ့ပါတယ်။ ဒါပေမဲ့အဲဒီအခါက ပုံမနှိပ်ဖြစ်ခဲ့ဘဲ စစ်ကြီးအပြီး ၁၃၁၂ ခုနှစ်ကျမှ ပုံနှိပ်ရလေတော့ ဒီဘက်ခေတ်မှာ ခေတ်စားနေတဲ့ နိုင်လွန်ခေတ်ကို နောက်ဆက်တွဲအဖြစ်နဲ့ ဖြည့်သွင်းပုံနှိပ်နိုင်ခဲ့ပါတယ်။ ရှေ့ကိုလဲ အကြောင်းအားလျော်စွာ ဖြည့်သွင်းမွမ်းမံသွားဘို့ရာ ရည်ရွယ်ထားလေတော့ စာအုပ်အဖြစ်ရောက်ပြီးသည့်နောက်မှာပင် သုတေသနလုပ်ငန်းကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဒါတွင်သာမဟုတ်ပါဘူး။ တခြားမြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကိုလဲ မပြတ်ထုတ်သွားနိုင်ဘို့ရာ ကြိုးစားနေပါသေးတယ်။ ယခု လူထုဂျာနယ်မှာလစဉ်ရေးသားနေတဲ့ မြန်မာ့ပန်းချီသမိုင်းစဉ်ဆောင်းပါးရှည်ကြီးကိုလဲ ဆောင်းပါးအဖြစ်နဲ့ အပြီးသတ်ရေးသားပြီးသည့်နောက်မှာ ဆင်ယင်ထုံးဖွဲ့မှုလို ပန်းချီမှတ်တမ်းတင်စာအုပ်ကြီးတအုပ်ဖြစ်ပေါ်လာနိုင်ဘို့ ရည်ရွယ်ထားပါတယ်။

ယုခလောလောဆယ်မှာတော့ မြန်မာငွေသုံးတွေကို ခေတ်နဲ့ဖော်ပြသွားမယ့် ဒင်္ဂါးသမိုင်းကို တခြားယဉ်ကျေးမှုစာအုပ်များအယင် တိုင်းပြည်ကို စောစောတင်ပြနိုင်ဘို့ရာ စီစဉ်နေတယ်ဆိုတာ ယခုဆုနှင်းသဘင်ကျင်းပရာ စာပေဗိမာန်ကနေပြီး တိုင်းပြည်ကို အသိပေးလိုက်ပါတယ် ''


စာပေဗိမာန်မဂ္ဂဇင်း အတွဲ ၁ အမှတ် ၆ (၁၉၅၂၊ နိုဝင်ဘာ?) မှ