Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
cartoon in the woman prison
 
 

ထောင်ထဲမှာ အနိဌာရုံတွေက အများစု လွှမ်းမိုး နေရာယူထားတယ်ဆိုပင်မဲ့ ငိုအားထက်ရယ်အားသန်တဲ့ နေ့တွေလဲရှိပါတယ်။ ကျမတို့ မြန်မာနိုင်ငံသားတွေဟာ “ဒီလောက်ဖိနှိပ်မှုတွေ မတန်တဆ ခံနေရတဲ့ ကြားထဲက ခံနိုင်ရေ အပြည့်အ၀နဲ့ ဘယ်လိုများ ရပ်တည်နေနိုင်ကြသလဲ” ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသားတွေက မေးလေ့ရှိပါတယ်။ ကျမ ဖြေလေ့ရှိတဲ့အတိုင်း ဆိုရင် “SENSE OF HUMOUR” ပေါ့ အရာရာကို တက်နိုင်သမျှ အကောင်းမြင်တက်တယ်။ ညဉ်းနေမယ်အစား ရယ်စရာလုပ်ပစ်ပြီး မိမိကိုယ်ကို သက်သာရာရအောင် နှစ်သိမ့်တက်တဲ့စိတ်ရယ် ဘာသာရေးအရဆိုရင်လဲ အရင်ဘ၀က ၀ဋ်ကွေးတို့ ခန္ထီပါရမီတို့ စတာတွေနဲ့ အစားထိုး ဖြေသိမ့်တက်လေ့ ရှိပါတယ်။ ဒါတွေကို သူတို့ သဘောပေါက်အောင် ကျမနားလည်းသလို ရှင်းပြတတ်ပါတယ်။

 


ဟုတ်မယ်လို့လည်း ထင်ပါတယ် ဥပမာတခုပြောရရင် ကျမတို့ အကျဉ်းသူတွေထဲမှာ “ဆင်မလိုက်” ဆိုတဲ့ အကျဉ်းသူ တယောက်ရှိပါတယ်။ နာမည်ကြားဖူးခါစကတော့ … အော် …..  သူက ကမာရွတ် ဆင်မလိုက် ရပ်ကွက်မှာနေလို့ လားမေးကြည့်ပါတယ်။ “ဘယ်ဟုတ်မှာလဲ ---- အလစ်သုတ်ပြေးတဲ့နေရာမှာ မြန်ဆန်လွန်းလို့၊ ဆင်တောင် မလိုက်နိုင်လို့ ဆင်မလိုက်လို့ ခေါ်ကြတာလေ။”

 

“ဟုတ်မှလဲလုပ်ကြပါရှင် - သူကိုယ်လုံးလဲကြည့်ပါဦး။ ပြေးရ လွှားရ ပေါ့ပါးတယ် ဆိုရအောင် ပိန်ပိန်ပါးပါးလေးမှ မဟုတ်တာပဲ။ - ၀၀ဖိုင့်ဖိုင့်ရယ်။”

 

“ဒါဆိုရင် ရှင်ကိုယ်တိုင် မေးကြည့်ပေါ့” လို့ ကျမကိုဘောက်ဆက်ဆက်နဲ့ ခနဲ့စကားဆိုကြပါတယ်။ ဒါနဲ့ပဲ ဆင်မလိုက်ကို လူကိုယ်တိုင်ပဲ ဗြူးလိုက်ပါတော့တယ်။

 

နာမည်                                             ဆင်မလိုက်

အလုပ်အကိုင်                                     အလစ်သုတ်

အလစ်သုတ်အဓိကပစ္စည်း                     ကားပစ္စည်းအတိုအထွာ

အောင်မြင်မှုရှိမရှိ                                 အများပိုင်ရှိတဲ့အကြောင်း၊ ကံမကောင်းမှ၊ သူတပါးလက်ထောက်ချမှ၊
မိတက်တဲ့အကြောင်း၊ ပစ္စည်းနဲ့ အတူလက်ဆုပ်လက်ကိုင် မမိတက်တက်ဘူးလို့ပြောပါတယ်။

 


ကျမက သူပြောတာကို သိပ်နားမရှင်းလို့ ပြန်မေးလိုက်ပါတယ်။ “ဘယ်လို ဘယ်လို ကားကပစ္စည်း အလစ်သုပ်ပြေးတာတောင်၊ ပစ္စည်းနဲ့ လူ အတူမမိဘူး ဆိုတာဟုတ်လို့လား။ ဆင်မလိုက် ရယ်ကာ ကားက ပစ္စည်းဆိုတာလဲ သေးသေးကွေးကွေးရယ်လို့မှမရှိတာ။”

 

“ဟာ      အစ်မကလဲ၊ မိုရေသုတ်တဲ့ ၀ိုက်ပါတို့၊  ကာမီးလုံး အသေးတို့၊ နောက်ကြည့်မှန်တို့ဆို ဆင်မလိုက်တို့က အသာလေး ဖြုတ်ခိုးပြီး ကိုယ်ပေါ်တင် ဖွက်ပစ်လိုက်တာလေ။”

 

 “ဒီတော့ရဲတွေက ရှာမတွေတော့ဘူးလား ဆင်မလိုက်ရဲ့။” သူတို့က အရှာအဖွေမှာ ကျွမ်းကျင်ပြီးသား သူတွေပဲဥစ္စာ။

 

“အော် … အစ်မကလဲ ကျမ ဖွက်လေ့ဖွက်ထ နေရာလဲမေးဦးမှပေါ့။”

 

“ကဲဆိုပါဦး”

 

“ဗြုန်း” ဆို ဆင်မလိုက်က သူမရဲ့ ကီးမားလှတဲ့ ရင်သားအစုံကို ကျမကိုလှန်ပြယင်း “ဒီရင်ဘတ်အောက်မှာ ဖွက်ထားလိုက်ရင် ဘယ်ရဲသားက ကျမ ပစ္စည်းကို မပြီး ရှာရဲမှလဲ အစ်မရဲ့။”  ကိုင်ရဲရင် ကိုင်ကြည့်ပေါ့။

 


“ပါးကောင်းလို့ လက်ဝါးတောင်သလား”လို့ ဦးအောင်ဟောက်ပစ်မှာပေါ့ ဒါကြောင့်မို့ ဆင်မလိုက် ဆိုတာထက် ရဲကိုပင် အကြောင်ရိုက်နိုင်တဲ့ အလစ်သုတ်သမားဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ကျမနဲ့ ဆင်မလိုက် ဇောတ်လမ်းက ဒီတင်မပြီးသေပါဘူး။

 

တပတ်ခန့် အကြာမှာ ဆင်မလိုက်က ကျမကိုလာတွေ့ယင်း “အစ်မ … မနက်ဖြန်ဆို ကျမလွတ်တော့မယ် နောက်တခါ ပြန်ဝင်လာရင် အစ်မအတွက် ဘာယူခဲ့ပေးရမလဲ အားမနာနဲ့ မှာသာမှာ။”

“ဖြစ်ရလေ ဆင်မလိုက်ရယ် ထောင်ကတောင် မထွက်ရသေဘူး နောက်တခေါက်ဆိုတာကို သွေးအေးအေးနဲ့ ပြောရဲတယ်နော်။”

 

“အော် …. အစ်မကလဲ ကျမတို့ အတွက် ထောင်ဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်ပဲ ၀င်လိုက် ထွက်လိုက်ပဲ မှာစရာ ရှိတာသာမှာ။”

 

“အင်း .. အိမ်က ကားနံပါတ်ကို ပေးလိုက်မယ် ဆင်မလိုက်က ပန်းဆိုးတန်း တ၀ိုက် ကျက်စားတယ်ဆိုတော့ အစ်မတို့ ကားလဲ ဒီအနီးတ၀ိုက် မောင်းလေ့ရှိတော့ ဒီကားက ပစ္စည်းတော့ မဖြုတ်ပါနဲ့နော်။ ဒီနံပါတ်တွေ့ရင် ချမ်းသာပေးပါနော်။”

 

“ကျမကအဲ ဒီလိုမှာကြားမိပေမဲ့၊ သူက ဆက်ပြီး ဒါတော့ စိတ်ချပါ၊ ကျမ ကတိပေးပါတယ်။ ခုနက မှာစရာရှိတာ မှာဦးလေ။ အစ်မ စားချင်တာဖြစ်ဖြစ် တခုခု လိုချင်တာ ဖြစ်ဖြစ်ပေါ။့”

 


“ဒါဆို …. လပ်ကီးစတြိုက် (Luck Strike Menthol) ပရုပ်ပါတဲ့ စီးကရက် တဗူးဆွဲခဲ့ပေးပါ။”

 

“စိတ်သာချ” ဆင်မလိုက်ဟာ သူ ကြိုပြီး ဟောကိန်းထုတ်ထားတဲ့ အတိုင်းပါပဲ။ တလလောက်အကြာမှာ ထောင်ထဲကို ပြုးဖြီးဖြီးနဲ့ ပြန်ဝင်လာပြီး ကျမကိုလာတွေးရင်း LUCKY STRIKE စီးကရက်ဗူးကို လှမ်းပေးပါတယ်။

 

“ဒါနဲ့ ဆင်မလိုက်ရဲ့ ဒီစီးကရက်ဗူးကရော ထောင်ထဲအ၀င် ပစ္စည်းရှာတုန်းက ရင်နဲ့မကွာ သိမ်းဆည်း ဖွက်ယူလာတာလား”

 

“အမတောင် အတော်တိုးတက်လာပြီ။ ဒီအတိုင်းပဲ နောက်ပြီး အစ်မတို့ အိမ်ကကားလဲတွေ့တယ် ကျမ လက်ဖျားနဲ့တောင် မထိဘူး ကျမဘော်ဒါတွေကိုလဲ မှာထားတယ်၊ … ဒါ ငါတို့ထောင်ထဲက ဘော်ဒါရဲကားလို့။”

 

အော် … ကျေးဇူးကြီးလှပါတယ်။ ဆင်မလိုက်ရယ် ကျမလဲ သူဖွက်ယူလာပေးတဲ့ ရင်ငွေကြားက LUCK STRIKE-MENTHOL စီးကရက်ကို တရှိုက်မက်မက် သောက်လိုက်တဲ့ အခါမှာ ပရုပ်ငွေ့နဲ့ ရင်ငွေ့ ပေါင်းစီးထာလို့လားမသိ စီးကရက်ကပိုပြီး အရသာရှိပြီး နွေးထွေးသင်းပျံနေသလိုပဲ။

ကျမတို့ အကျဉ်းသူ အချင်းချင်း ကြင်နာကြပုံတွေကတော့ အများကြီးပါ။ ပြောရမယ် ဆိုရင် ဒုက္ခကိုပါ ဝေမျှ ခံနေကြရလို့လားမသိ။ ပိုပြီး နက်နက်ရှိင်းရှိင်း ခင်မင် တွယ်တာလေ့ရှိကြပါတယ်။ အထူးသဖြင့်ကတော့ ကျမ ကိုယ်ဝန်ပါလာတယ်ဆိုတာကို သိသွားကြတဲ့ အချိန်မှာ ပိုပြီး ကြင်နာကြပုံကို လက်တွေ့ခံစားရခဲ့လို့ပါပဲ။ ကျမဟာ အလုပ်ကြမ်းနဲ့ ထောင်ကျလာခဲ့လေတော့ ကြမ်းတိုက်ရပါတယ်။

 


တကယ်တော့ အဆောင်ရဲ့ ပျဉ်းခင်းကြမ်းပြင်က ပြောင်ပြီးသားပါ၊ ဒါကိုပဲ ပင်နင်စလင်ပုလင်း လက်သဲနီပုလင်း စတာတို့နဲ့  ပွတ်တိုက်ရတာပါ။ FRICTION ဆိုတဲ့ပွတ်တိုက်အားကြောင့် လားမသိ ကြမ်းတိုက်ဆေး ဖယောင်းအကူအညီမပါပဲ ကြမ်းတွေ ပြောင်လက်သွားတာတော့ အမှန်ပင်။ ကျမ တာဝန်ယူ ကြမ်းတိုက်ရမယ့် နေရာကို နိုင်ငံရေးအမှုနဲပဲ ကျလာတဲ့ တက္ကသိုလ်ကျောင်းသူတွေက ၀ိုင်းကူ ကြမ်းတိုက်ပေကြလို့။ ကျမမှာသူတို့ လေးတွေကို ဒီနေ့အထိ ကျေးဇူးတင်မဆုံး မေ့လို့လဲမရသေးပါဘူး။

 

ကိုယ်ဝန် ရင့်လာတဲ့အခါမှာလည်း ရေက တတောင်သာသာပဲရှိတဲ့ ရေချိုးကန်ထဲက ရေကို၊ ကုန်းပြီး ခပ်မချိုးနိုင်လို့၊ ကျမကို ရေကန်နံဘေးက ဘောင်မှာ အသာထိုင်ခိုင်းပြီး၊ ကျမ သမီးလေးတွေပမာ ချစ်ခဲ့ရတဲ့ ဒီ ကလေးမလေးတွေကပဲ ရေခပ်ချိုးပေးကြပါတယ်။ ဒီအထဲမှာ လှိုင်ပုနဲ့ ၀ါချို ပါစမြဲပါ။

 

ရေကလဲ ငါးခွက်ပဲချိုးရတာပါ။ ထောင်ဝါဒါ ၀န်ထမ်း အမျိုးသမီးက တုတ်ကိုင်ပြီး ရေချိုး ဘုတ်ထုပြီဆိုရင် အကျဉ်းသူ (၁၅) ယောက်ခန့်ဟာ၊ လေဒေါင့်သဏ္ဌ္ဌန် ရေချိးအုတ်ကန်မှာ ပတ်လည် ၀ိုင်းပြီး နေရာယူရပါတယ်။ ဒီအခါမှာ ၀ါဒါကနေ “ခပ်” လို့အော်လိုက်ရင်၊ ရေခွက်နဲ့ အုတ်ကန်ထဲက တတောင်သာသာရေကို ကုန်းခပ်ရပါတယ်။ ရေကန်ကြမ်းပြင်ထိ ကုန်းခပ်မိရင် ရေညှိဖက်တွေ ပါလာတက်ပါသေးတယ်။ ပြီးတော့တခါ ၀ါဒါကနေ “ချိုး” လို့အော်မှ ရေလောင်းချိုးရပါတယ်။ “ခပ်” လို့ပြောပြီး “ချိုး” လို့မပြောခင် ရေချိုးမိလို့ကတော့ ကျောပြင်ကို ဗြောတင်ခံရပြီသာမှတ်။

 

စုစုပေါင်း ရေသုံးခွက်ပဲ ချိုးရတယ်ဆိုတော့ ရေနှစ်ခွက်ချိုး ပြီးရင် ဆပ်ပြာတိုက် ဂျီး တွန်းပြီးရင် ကျန်တဲ့ ရေသုံးခွက်နဲ့ ဆပ်ပြာရော ဂျီးပါစင်အောင် လုပ်ရတာပါ။ မရှက်စတန်းဝန်ခံရရင် ဆပ်ပြာလဲမစင် ဂျီးလဲမကုန်ပါ။ ဒါကြောင့် အရေပြားရောဂါရ၊ အနာပေါက်ကြတာလဲ မဆန်းပါဘူး။ တခုတော့ရှိပါတယ် ချိုးရေကိုသာ ငါးခွက်လို့ သတ်မှတ်ထားပေမယ့် ရေခွက်ကို ဘယ်အရွယ် အစားပဲဆိုတာကို မသတ်မှတ်ထားပေတော့ ကျမတို့ အများစုဟာ ချိုးရေခွက် အကြီးစားကိုပဲ အိမ်က မှာယူသုံးကြပါတယ်။ ဒါကြောင့်မို့ တချို့အကျဉ်းသူတွေက မကျေနပ်ကြပါဘူး။ သူတို့ ပြောလေ့ရှိတာက ၅(ည)တွေ သိပ်လည်တာပဲလို့ ကောင်းချီးပေးကြပါတယ်။


ကိုယ်ဝန်ဆောင်ချိန်ဆိုတော့ ချဉ်၊ စပ်၊ ခါး စားချင်တာလဲ မပြောပါနဲ့တော့ရှင်။ ဒါပင်မဲ့ ထောင်ထဲမှာ ကိုယ်စားချင်တာ ဘယ်ရနိုင်ပါ့မလဲ။ ခေါက်ဆွဲခြောက်ထုပ်၊ ကြာဇံခြောက်ထုပ်ကို ရေနူးအောင်စိမ်ပြီး စားရတဲ့ ဘ၀မှာ ဘယ်လိုလုပ် အာသာပြေနိုင်ပါ့မလဲ ခံတွင်းပျက်ရုံပဲရှိပါတယ်။ ဒါပင်မဲ့ ထောင်ကျဖက် NLD အဖွဲ့ဝင် ပြုံးပြုံးတင်က ကျမကို ချော့မော့ကျွေးလေ့ရှိပါတယ်။

 

“သူငယ်ချင်းရယ် စားလိုက်ပါကွယ်၊ ဒါမှ ဗိုက်ထဲက ကလေးအားရှိမှာပေါ့”

 

 ကလေး ရင်းသွေးဆိုတဲ့ အသိဝင်လာတာနဲ့ ကျမဟာ ရေစိမ်ခေါက်ဆွဲကို လေးငါးလုပ် မြိုချမိပါတယ်။ အခုလို ကျမကို ချော့မော့ကျွေးတဲ့ သူငယ်ချင်း ပြုံးပြုံးတင်လဲ ဘ၀တပါးကို ပြောင်းသွားပြီမို့ ကျမ  မမေ့ရက်နိုင်တဲ့ သူငယ်ချင်းထဲမှာ သူလဲ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ “ပြုံးတယောက် ကောင်းရာမွန်ရာရောက်ပါစေ သူငယ်ချင်း” လို့ ဆုတောင်းလိုက်ရပါတယ်။

 

တခါတလေဆိုရင် မုန့်ပဲသရေစာတွေ စားချင်စိတ်၊ ဒညင်းသီးပြုတ် စားချင်စိတ် ပေါ်လာတက်ပါတယ်။ ဒီအခါမှာ ကိုယ်ပြုစု့ဖူးတဲ့ စေတနာပဲ အကျိုးပေးလေလားမသိ ကိုယ်နဲ့ မရင်းနှီတဲ့ ကျန်အကျဉ်းသူတွေထဲကနေ သူတို့ရဲ့ ထောင်ဝင်စာထဲက ရာသီပေါ် အတို့အမြှုပ်၊ မုံ့ဆီကျော်၊ ဘိန်းမုန့် စတာတွေကို ကျမကို လာပေးတက်ပါတယ်။

 

“အန်တီက ကိုယ်ဝန်နဲ့ ဆိုတော့ ဒီလိုမျိုးတွေ စားချင်မှပဲနော်။ ကျမတို့ ထောင်ဝင်စာထဲက ခေါင်းပုံဖြတ်ခံရတဲ့ အထဲကနေ ကျန်နေသေးတဲ့ မုန့်ကို အန်တီကို လာကျွေးတာပါ။ အဖိုးတော့မတန်ပါဘူး ကိပ်မုံ့လောက်တော့ ဘယ်အရသာရှိပါ့မလဲနော်”

 


“အမလေး … ဘယ်လို ပြောလိုက်ပါလိမ့်။ ဒီကနေ့ပဲ စဉ်းစားနေမိတယ်။ ဘိန်းမုန့် စားချင်လိုက်တာလို့။ ကျေးဇူးတင်လိုက်တာကွယ်။”

 

တလုပ်စားဘူး သူ့ ကျေးဇူးကိုတော့ ကျမ ဆပ်ခွင့် မရလိုက်ပါ။ ဒီအကျဉ်းသူကို နာမည်လဲမသိ၊ ဘယ်တော့လောက်က လွတ်သွာမှန်းလဲ မသိလိုက်။ ဘယ်နေမှန်းဆိုတာတော့ ဝေလာဝေးပဲ။ အကျဉ်းသူတွေနဲ့ ထောင်ဝန်းထမ်းတွေဟာ အနေကြာလာတဲ့အခါမှာ သံယောဇဉ် ဖြစ်လာကြရာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်လာကြသလို ကိုယ့်အကွက်ထဲ ၀င်လာရင် ကိုယ့်နယ်ထဲ ကျွံလာရင် အပိုင်တွယ်ကြတာမျိုးလဲ ရှိတတ်ပါတယ်။ ဒါကိုလဲ ထောင်ကလွတ်ပြီး မကြာခင် ပြန်ဝင်လာလေ့ရှိတဲ့ ပြည့်တံဆာမှုနဲ့ ကျလာသူ အကျဉ်း သူတွေက ပြန်ပြောပြတာပါ။

 

“အန်တီကို ပြောရဦးမယ်။ ခင်မျိုးသွယ်တို့အုပ်စုခံ လိုက်ရပုံကိုလေ”

 

“ဆိုပါအုံး”

 

“ဒီလို၊ .. ဒီလို မြို့မ ရုပ်ရှင်ရုံအောက်မှာ သူတို့အုပ်စုက လက်မှတ် တန်းစီးနေတာ။ ဒီတော့ကျမတို့ အုပ်စုက သူတို့နား ကပ်သွားပြီး … “ဟာအမတို့ ရုပ်ရှင်လာကြည့်တာလား၊ ကျမတို့နဲ့ လ္ဘက်ရည် လိုက်သောက်ဦးလေ စီးကရက် သောက်မလား” ဆိုပြီး ၀ိုင်းလောကွက်လုပ်ကြတာ။”

 

“ဒီတော့ သူတို့က စိတ်ဆိုးတာပေါ့။ ရုပ်ရှင်ရုံအောက်က လူတိုင်းလိုလိုဟာ ကျမတို့နဲ့ ရင်းရင်းနှီးနှီးဆက်ဆံ ပြောဆိုကြပြီဆိုရင်၊ ဒီပုတ်ထဲက၊ ဒီပဲတွေပဲ မှတ်ကြတာပေါ့။ ဖိနပ်စီးတဲ့ ကြက်မဟုတ်ရင် အနဲ့ဆုံး “ခေါင်း” တော့ဖြစ်မှာပေါ့။”

 


“ဒီတော့ ၀န်ထမ်းအုပ်စုက စိတ်မဆိုးကြဘူးလား မရွှေကြည်ရဲ့။”

 

“ဘယ်ပြောကောင်းမလဲ မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး “ကောင်မတွေ ဒီတခါ ၀င်လာပစေ သေပြီသာမှတ်လို့” ဒါးကြိမ်းကြိမ်းတာပေါ့ အမရဲ့။ သူတို့ ဒေါသထွက်လေ ကျမတို့ ကပျော်လေပဲ။”

 

“တကယ်ပဲ ပြန်ဝင်လာရင် အသေ ဆော်တာပဲလားဟင်”

 

“ဘယ်ပြောကောင်းမလဲ အမှုတွဲ မှတ်ပုံတင် ရုံခန်းရှေ့မှာ ပုံစံထိုင်တာနဲ့ ကျောကွဲအောင် ရိုက်တာပေါ့။ တခါတလေဆို အကန်တောင်ခံရသေးတာ။”

 

ရွှေကြည်က ပြောလဲပြော ရီလဲရီနေလို့ တော်ရုံမဖြုံကြတော့ပါလားလို့ သြချမိပါတယ်။ တခါတလေကြတော့လဲ ဒီပြည်တန်ဆာလေးတွေရဲ့ ဘ၀ဟာ သနားစရာ ကောင်းပါတယ်။ စားဝတ်နေရေးကြောင့်ရယ် မိသားစု ကွဲတပြားဖြစ်ရာကနေ ရောင်းစားခံရသူတွေ မသမာတဲ့ ယောင်္ကျားတွေကြောင့် ဒီဘ၀ ရောက်ရသူတွေက အများစုဖြစ်ပါတယ်။ ဘယ်မိန်းကလေးမှတော့ ဒီဘ၀ ရောက်ချင်ကြမှာ မဟုတ်ပါဘူး ၀ါသနာပါလို့ ဒီအလုပ်လုပ်စားတယ်လို့ လက်မခံချင်ပါဘူး။ သူတို့နဲ့ ထွေရာလေးပါး စကားပြောကြည့်တဲ့အခါ ရင်နာစရာ ကောင်းတာတွေ ကြားရလို့ လူ့အခွင့်အရေး ဆုံးရှံးတဲ့ အမျိုးသမီးတွေထဲမှာ အနိမ့်ဆုံးအဆင့်မှာ ပါနေကြပါလား ဆိုတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။

 


ဒီနေရာမှာ “၀ါနု” အကြောင်းပြောပြပါ့မယ်။ အသက်ကရှိလှ (၁၅) နှစ်ပေါ့။ ပြည့်တံဆာမှုနဲ့ ခြေချုပ် တနှစ်ကျလာတာတဲ့။ ဘာဘဲ ဖြစ်ဖြစ်ထောင်ထဲမှာ တနှစ်နေခဲ့ရပြီးဆိုတော့ အစားမှန် အအိပ်မှန်နဲ့ ပြည့်ပြည့်ဖြိုးဖြိုး စိုစိုပြေပြေတော့ ဖြစ်လာတာပေါ့ရှင်။ ဒါပင်မဲ့ လွတ်ခါနီး တပတ်လောက်ကျတော့ မျက်နာလေးညှိုး နေလို့ “၀ါနုရယ် ထောင်က လွတ်တော့မယ်ဆိုတော့ ပျော်မှာပေါ့နော်”

 

“မပျော်ပါဘူး အန်တီရယ်၊ ကျမက ဒီဘ၀ထဲ ပြန်ရောက်ဦးမှာပဲဥစ္စာ”

 

“အို .. ဘာလို့ ရောက်ရမှာလဲ။ ကိုယ်မိသားစုနဲ့ပဲ ပြန်နေပြီး ကောင်းရောင်း ကောင်းဝယ်လုပ်စားပေါ့။ ၀ါနုက ငယ်ငယ်လေးရှိသေးတာ တနေ့ကြရင် မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းမယ့်လူနဲ့ တွေ့ရမှာပေါ့” လို့အားပေးစကားပြောလိုက်ပါတယ်။

 

“ကျမလဲ ဒီလိုပဲဖြစ်ချင်တာပေါ့ အန်တီရယ်။ ဒါပင်မဲ့ ကျမကတော့ အိမ်ကလဲ ကျမဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင် သိကြမှာမဟုတ်ဘူး။ နောက်ပြီးလွှတ်တာနဲ့ ထောင်ဗူးဝမှာတင် “ခေါင်း” ကလာကြိုနေမှာလေ။ ဒါကိုတွေးပြီး စိတ်ညစ်နေတာပါ။

 

ကျမစိတ်တွေ “လေ” သွားပါတယ်။ ဒီလိုမိန်းကလေးတွေကို မကယ်နိုင်ကြတော့ဘူးလား။ သူ့မှာ ရွေးစရာ လမ်းမရှိတော့ဘူးလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ နစ်မွန်းကြရတဲ့ “၀ါနု”လို မိန်းကလေးမျိုးတွေ ဘယ်လောက် များနေကြပြီးလဲ ကျမ ဆက်ပြီး မတွေးရက်တော့ပါဘူးရှင်။ အဖြေက ရှာလေဝေးနေသေးပါလား။

 

နောက်တယောက်လဲ ရှိပါသေးတယ်။ သူနာမည်ရင်းတော့ မမှတ်မိတော့ပါ။ အသားညှိစိမ့်စိမ့်နဲ့ ပြည့်ပြည့်ဖြိုးဖြိုးလေးပါပဲ။ မျက်နှာပေါက်ကလဲ ကုလားဆင်လေးမို့ မျက်လုံးမျက်ဖန် မျက်တောင် ကော့ကော့လေးနဲ့ အတော်ကြည့်ကောင်းပါတယ်။ သူ့ကိုအများက “ဟေမာနေ၀င်း” လို့ပဲခေါ်ကြပါတယ်။ ထောင်ထဲမှာ ၀င်လိုက်ထွက်လိုက် လုပ်နေကြတဲ့အထဲမှာ သူလဲပါနေပါတယ်။

 


တနေ့ ဟေမာကို ၀ိုင်းဗြူးနေကြပါတယ်။ ဘယ်သူတွေနဲ့ အော်ဒါလိုက်သလဲပေါ့ ဘယ်ဈေးရသလဲပေါ့။ မိန်းမသဘာဝ စပ်စုနေကြတာလေ။ ဟေမာက ခပ်တင်းတင်းပဲ၊ ..  “သဘောင်္သားတွေနဲ့။”

 

“ဟုတ်မှလဲလုပ်ပါ ဟေမာရယ်။ ညည်း ကိုကြည့်လိုက်ရင် တခါမှ ပြောင်ပြောင်ရောင်ရောင်လဲ တွေ့ရတာ မဟုတ်ဘူး။ သူများ ပေစားကမ်းစာနဲ့ စားနေရတာ။”

 

ဒါနဲ့ တင်မပြီးသေးပဲ နောက်တယောက်က ၀င်ထောက်လိုက်ပါသေးတယ်။ “နောက်ပြီး ညည်း ၀တ်ဖို့ တောင် ဒို့များက ပေးရသေးတာလေ။ ညည်း အ၀တ်အစားတွေဆို အဆုတ်အပြဲ အဖာအထေးတွေနဲ့ ချည်း ဥစ္စာ။”

 

သူတို့တတွေ ပြောမယ်ဆိုလဲ ပြောစရာပင် ဟေမာရဲ့ ထမီတွေဆိုရင် တခါတလေ အဆုတ်ဆုတ် အမွှာမွှာဖြစ်နေလို့ မြင်လို့တောင် မကောင်းတဲ့အတွက် အကျဉ်းသူ အချင်းချင်းဟာ ကိုယ့်ဝတ်စုံတွေထဲက ဝေမျှကြပါတယ်။ တကယ်တော့ အကျဉ်းသူတွေမှာလဲ အ၀တ်အစား များများစားစား ရှိကြတာ မဟုတ်ပါဘူး။ ၀တ်စုံများများလဲ မထားကြရပါဘူး။

 

ထောင်ဝင်စာထွက်တဲ့နေ့ဆိုရင် အဖြုရောင် အထက်အောက် အင်္ကျီနဲ့ ထမီပဲ ၀တ်ရသလို၊ လူကြီးလာမဲ့နေ့ (အကျဉ်းဦးစီးဌာနမှ အရာရှိကြီး၊ အရာရှိငယ်တွေ ထောင်ထဲဝင်စစ်ဆေးတဲ့နေ့) တွေဆိုလဲ အဖြူရောင် ၀တ်စုံတွေနဲ့ပဲ ပုံစံထိုင်ရင်း စောင့်နေကြရတာပါ။ ဒီပြင်အရောင်နဲ့ ၀တ်စုံရှိလှမှ ခြောက်စုံ ခုနှစ်စုံပေါ့။ ဒီအ၀တ်အစားတွေကိုလဲ လွယ်အိတ် ပလပ်စတစ်အိတ်တွေနဲ့ပဲ ထည့်ထားရတာဖြစ်ပါတယ်။

 

ခုန စကားဝိုင်း ပြန်ဆက်ရမယ်ဆိုရင် ဟေမာတယောက်လဲ အားလုံး၊ တယောက်တပေါက် ၀ိုင်း မေးကြတော့ မဖြေသာတော့ပဲ ကြောင်တောင်တောင် ငေးမောနေပါတယ်။

 

ဒီအခါမှာ အကျဉ်းသူတယောက်က “ငါ … သိပြီ … ငါ သိပြီ … ဟေမာရဲ့ ဖောက်သည်တွေက မြစ်ရိုးတလျှောက် ခုတ်မောင်းနေတဲ့ သဘောင်္တွေက သဘောင်္သားတွေပဲဖြစ်ရမယ်။ ဒါမှမဟုတ်ရင် အနိမ့်ဆုံး အဆင့်ဆိုရင် သဗ္ဗာန်သမားပေါ့အေ” ဟေမာကတော့ငြင်းလဲမငြင်း ၀န်လဲမခံလေတော့ စွပ်စွဲချက်တွေဘဲ အတည်ပြုရမလို ဖြစ်နေပါတော့တယ်။ တခါတလေတော့လဲ တွေးမိပါရဲ့ ထောင်ထဲမှာ ပျင်းစရာမကောင်းပါဘူး ဆိုတာတွေဟာ ဒီလိုမျိုးစကားဝိုင်းတွေ ဖြစ်တန်ကောင်းပါရဲ့ရှင်။   

 

မေအောင်စိုး