Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

ဒီနေရာမှာ “၀ါနု” အကြောင်းပြောပြပါ့မယ်။ အသက်ကရှိလှ (၁၅) နှစ်ပေါ့။ ပြည့်တံဆာမှုနဲ့ ခြေချုပ် တနှစ်ကျလာတာတဲ့။ ဘာဘဲ ဖြစ်ဖြစ်ထောင်ထဲမှာ တနှစ်နေခဲ့ရပြီးဆိုတော့ အစားမှန် အအိပ်မှန်နဲ့ ပြည့်ပြည့်ဖြိုးဖြိုး စိုစိုပြေပြေတော့ ဖြစ်လာတာပေါ့ရှင်။ ဒါပင်မဲ့ လွတ်ခါနီး တပတ်လောက်ကျတော့ မျက်နာလေးညှိုး နေလို့ “၀ါနုရယ် ထောင်က လွတ်တော့မယ်ဆိုတော့ ပျော်မှာပေါ့နော်”

 

“မပျော်ပါဘူး အန်တီရယ်၊ ကျမက ဒီဘ၀ထဲ ပြန်ရောက်ဦးမှာပဲဥစ္စာ”

 

“အို .. ဘာလို့ ရောက်ရမှာလဲ။ ကိုယ်မိသားစုနဲ့ပဲ ပြန်နေပြီး ကောင်းရောင်း ကောင်းဝယ်လုပ်စားပေါ့။ ၀ါနုက ငယ်ငယ်လေးရှိသေးတာ တနေ့ကြရင် မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းမယ့်လူနဲ့ တွေ့ရမှာပေါ့” လို့အားပေးစကားပြောလိုက်ပါတယ်။

 

“ကျမလဲ ဒီလိုပဲဖြစ်ချင်တာပေါ့ အန်တီရယ်။ ဒါပင်မဲ့ ကျမကတော့ အိမ်ကလဲ ကျမဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင် သိကြမှာမဟုတ်ဘူး။ နောက်ပြီးလွှတ်တာနဲ့ ထောင်ဗူးဝမှာတင် “ခေါင်း” ကလာကြိုနေမှာလေ။ ဒါကိုတွေးပြီး စိတ်ညစ်နေတာပါ။

 

ကျမစိတ်တွေ “လေ” သွားပါတယ်။ ဒီလိုမိန်းကလေးတွေကို မကယ်နိုင်ကြတော့ဘူးလား။ သူ့မှာ ရွေးစရာ လမ်းမရှိတော့ဘူးလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ နစ်မွန်းကြရတဲ့ “၀ါနု”လို မိန်းကလေးမျိုးတွေ ဘယ်လောက် များနေကြပြီးလဲ ကျမ ဆက်ပြီး မတွေးရက်တော့ပါဘူးရှင်။ အဖြေက ရှာလေဝေးနေသေးပါလား။

 

နောက်တယောက်လဲ ရှိပါသေးတယ်။ သူနာမည်ရင်းတော့ မမှတ်မိတော့ပါ။ အသားညှိစိမ့်စိမ့်နဲ့ ပြည့်ပြည့်ဖြိုးဖြိုးလေးပါပဲ။ မျက်နှာပေါက်ကလဲ ကုလားဆင်လေးမို့ မျက်လုံးမျက်ဖန် မျက်တောင် ကော့ကော့လေးနဲ့ အတော်ကြည့်ကောင်းပါတယ်။ သူ့ကိုအများက “ဟေမာနေ၀င်း” လို့ပဲခေါ်ကြပါတယ်။ ထောင်ထဲမှာ ၀င်လိုက်ထွက်လိုက် လုပ်နေကြတဲ့အထဲမှာ သူလဲပါနေပါတယ်။