Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

တနေ့ ဟေမာကို ၀ိုင်းဗြူးနေကြပါတယ်။ ဘယ်သူတွေနဲ့ အော်ဒါလိုက်သလဲပေါ့ ဘယ်ဈေးရသလဲပေါ့။ မိန်းမသဘာဝ စပ်စုနေကြတာလေ။ ဟေမာက ခပ်တင်းတင်းပဲ၊ ..  “သဘောင်္သားတွေနဲ့။”

 

“ဟုတ်မှလဲလုပ်ပါ ဟေမာရယ်။ ညည်း ကိုကြည့်လိုက်ရင် တခါမှ ပြောင်ပြောင်ရောင်ရောင်လဲ တွေ့ရတာ မဟုတ်ဘူး။ သူများ ပေစားကမ်းစာနဲ့ စားနေရတာ။”

 

ဒါနဲ့ တင်မပြီးသေးပဲ နောက်တယောက်က ၀င်ထောက်လိုက်ပါသေးတယ်။ “နောက်ပြီး ညည်း ၀တ်ဖို့ တောင် ဒို့များက ပေးရသေးတာလေ။ ညည်း အ၀တ်အစားတွေဆို အဆုတ်အပြဲ အဖာအထေးတွေနဲ့ ချည်း ဥစ္စာ။”

 

သူတို့တတွေ ပြောမယ်ဆိုလဲ ပြောစရာပင် ဟေမာရဲ့ ထမီတွေဆိုရင် တခါတလေ အဆုတ်ဆုတ် အမွှာမွှာဖြစ်နေလို့ မြင်လို့တောင် မကောင်းတဲ့အတွက် အကျဉ်းသူ အချင်းချင်းဟာ ကိုယ့်ဝတ်စုံတွေထဲက ဝေမျှကြပါတယ်။ တကယ်တော့ အကျဉ်းသူတွေမှာလဲ အ၀တ်အစား များများစားစား ရှိကြတာ မဟုတ်ပါဘူး။ ၀တ်စုံများများလဲ မထားကြရပါဘူး။

 

ထောင်ဝင်စာထွက်တဲ့နေ့ဆိုရင် အဖြုရောင် အထက်အောက် အင်္ကျီနဲ့ ထမီပဲ ၀တ်ရသလို၊ လူကြီးလာမဲ့နေ့ (အကျဉ်းဦးစီးဌာနမှ အရာရှိကြီး၊ အရာရှိငယ်တွေ ထောင်ထဲဝင်စစ်ဆေးတဲ့နေ့) တွေဆိုလဲ အဖြူရောင် ၀တ်စုံတွေနဲ့ပဲ ပုံစံထိုင်ရင်း စောင့်နေကြရတာပါ။ ဒီပြင်အရောင်နဲ့ ၀တ်စုံရှိလှမှ ခြောက်စုံ ခုနှစ်စုံပေါ့။ ဒီအ၀တ်အစားတွေကိုလဲ လွယ်အိတ် ပလပ်စတစ်အိတ်တွေနဲ့ပဲ ထည့်ထားရတာဖြစ်ပါတယ်။

 

ခုန စကားဝိုင်း ပြန်ဆက်ရမယ်ဆိုရင် ဟေမာတယောက်လဲ အားလုံး၊ တယောက်တပေါက် ၀ိုင်း မေးကြတော့ မဖြေသာတော့ပဲ ကြောင်တောင်တောင် ငေးမောနေပါတယ်။

 

ဒီအခါမှာ အကျဉ်းသူတယောက်က “ငါ … သိပြီ … ငါ သိပြီ … ဟေမာရဲ့ ဖောက်သည်တွေက မြစ်ရိုးတလျှောက် ခုတ်မောင်းနေတဲ့ သဘောင်္တွေက သဘောင်္သားတွေပဲဖြစ်ရမယ်။ ဒါမှမဟုတ်ရင် အနိမ့်ဆုံး အဆင့်ဆိုရင် သဗ္ဗာန်သမားပေါ့အေ” ဟေမာကတော့ငြင်းလဲမငြင်း ၀န်လဲမခံလေတော့ စွပ်စွဲချက်တွေဘဲ အတည်ပြုရမလို ဖြစ်နေပါတော့တယ်။ တခါတလေတော့လဲ တွေးမိပါရဲ့ ထောင်ထဲမှာ ပျင်းစရာမကောင်းပါဘူး ဆိုတာတွေဟာ ဒီလိုမျိုးစကားဝိုင်းတွေ ဖြစ်တန်ကောင်းပါရဲ့ရှင်။   

 

မေအောင်စိုး