User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

girls မဏိပူရပြည်နယ် လေခွန်းတောင် တော်လှန်ရေးစခန်းရှိရာ တောင်ကုန်းလေးပေါ်က ညက နက်သထက် နက်လာပါတယ်။ သွပ်မိုးပြီး ထရံ ကြဲကြဲကာထားတဲ့ မြေစိုက်တဲ ကြီး ၂လုံး ထဲမှာတော့ မြန်မာပြည်ရဲ့အနာဂတ်ကို ကယ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ အသီသီးနဲ့ နယ်စပ်ကိုဖြတ်ကျော်ပြီး စွန့်လွတ်စွန့်စား ရောက်လာကြတဲ့ တော်လှန်ရေး ရဲဘော်တချို့ဟာ  ကောက်ရိုးမွေ့ယာ ရှည်ကြီးတွေပေါ်မှာ အချင်းချင်း ပူးကပ်ပြီး အိန္ဒိယဘာဘူစောင်ကြီးတွေထဲမှာ ကွေးလို့၊ ကသည်းဆောင်းကို အံတုနေကြပါတယ်။ ဒါကြောင့်လည်း မန်းလေးသားဆရာဝန် တော်လှန်ရေးသမား ကဗျာဆရာ လူဝကြီးက ကောက်၇ိုးမွေ့ယာ အနွေးဓါတ်ပို၊ တစ်ယောက်တစ်မျိုး ဟစ်ကာ တေးမပြတ်ဆိုလို့ နဘေထပ်စပ်ခဲပတာပေါ့။ ခုတော့ ကောက်ရိုးမွေ့ယာကြီးပေါ်က ဂီတ သီချင်းတွေလည်း မောမောနဲ့အိပ်မောကျနေပေါ့။ သူတို့တွေရဲ့ ခြေရင်းမှာ သစ်သား သေနတ်တွေ ဟာလည်း တနေကုန် သူတို့နဲ့ ဘယ်ညာ နင်းပြေးလွား လေ့ကျင့် ချိန်တလျောက်လုံး သေနတ်တစ်လက်ယောင်ဆောင်ကာ လိုက်ပါ အမှုထမ်းခဲ့ရပြီး ညနေချမ်း ဂီတဆည်းဆာချိန်မှာ သူတို့ စိတ်ထွက်ပေါက်ပေး သံစဉ်မျိုးစုံ ဟစ်အော် သီဆိုကြချိန်မှာ  ဂစ်တာ တစ်လက်ယောင်ဆောင်ကာ အမှုတော် ကိုထမ်းပေးခဲ့ရတာမို့ ခုမှပဲ သူတို့လည်း အနားရပြီး အေးဆေး လှဲလျောင်းမှေးစက်ရပါတယ်။

မဏိပူရဆောင်းည နှင်းစက်များက သိပ်သထက် သိပ်သည်းလာပါတယ်။ ကျွန်တော်က ထိုင်နေတဲ့ ကင်းတဲလေးပေါ်မှာ ညဦးပိုင်းကတော့ အခြားရဲဘော်တွေပါ လာပြီး သီချင်းတွေဆိုကြ ကိုယ့်ရပ်ရွာအကြောင်း ပြောကြနဲ့ ညနက်ချိန်မှာတော့ အဲဒီည ကင်းကျတဲ့ ကျွန်တော်နဲ့ လူဝကြီးပဲ ကျန်ပါတော့တယ်။ လူဝကြီးက မန္တလေးကပါ။ တိတိကျကျပြောရရင် ကဗျာရေးကောင်းတဲ့ ဆရာဝန်ပါ။ မန္တလေးရဲ့နာမည်ကြီး ဂဠုန်နီ စစ်ကြောင်းကပါ။ ရှစ်လေးလုံးအပြီး မန္တလေးက နာမည်ကြီးပန်းချီဆရာ ကိုစစ်ငြိမ်းအေး၊ ဆရာထူး(ခ) ဦးရွှေထူးတို့နဲ့အတူ မန်းလေးကျောင်းသားခေါင်းဆောင်များနဲ့အတူ လွတ်မြောက်ရေးနယ်မြေက လက်နက်ကိုင် တော်လှန်ရေးစမယ့် အိပ်မက်နဲ့ ထွက်လာပြီး ဒီစခန်းကို ကျွန်တော်တို့အရင် ရောက်နေနှင့် နေသူပါ။

            ကျွန်တော်တို့ ရောက်နေတဲ့ လေခွန်းတောင်စခန်းလေးကို ရောက်ဘို့ အိန္ဒိယ နယ်ခြားက မိုးရေးမြို့လေးကနေ ဘစ်စကား ၂နာရီခွဲ လောက်စီးပြီး၊ မဏိပူရ နယ်ခြားတောင်တန်းတွေကို ကျော်လိုက်ရင် ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ အင်ဖါလွင်ပြင်ကို ရောက်ပါတယ်။ အနောက်ဖက်ဒေသက တော်လှန်ရေးရည်ရွယ်ချက်တွေနဲ့ ရောက်ခဲ့ကြတဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ရွှေဘို၊ စစ်ကိုင်း၊ ကလေးဝ၊ ကလေးဒေသက သပိတ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီနိုင်ငံကြီးရဲ့ အေးစက်တဲ့ ကြိုဆိုမှုနဲ့ ကြုံခဲ့ရပြီး အင်ဖါလွင်ပြင်က အမှတ်ရှစ်ရိုင်ဖယ် တပ်ရင်းထဲက တောင်ကုန်းလေးထိပ်မှာ အကျယ်ချူပ်ကျနေသလို မသွားရ မလာရ ရေဒီယိုအစုတ်လေးနဲ့ ပြည်တွင်းက ရဲဘော်တွေရဲ့ မုန်တိုင်းသတင်းတွေကို နားစွင့်ရင်း၊ မသေထမင်းနဲ့ အသက်ဆက်။ အနာဂတ်ဟာ တစထက်တစ မှုန်ဝါးလာတဲ့အခါ အချင်းချင်း တွန်းမိကြ တိုက်မိကြ။ ကသည်းစစ်သားတွေရဲ့ ရိုင်းပြတဲ့ ဆက်ဆံမှု၊ ရိက္ခာဂိုဒေါင်ကိုင်တဲ့ ပုဂ္ဂိုလ်တွေသာ တနေ့တခြား ရွှေတွဲလွဲ၊ ငွေတွဲလွဲ ဖြစ်လာ။ ကျွန်တော်တို့ ရိက္ခာတွေက တနေ့တခြားလျော့လာ။ ဒီလိုနဲ့ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးထက် ရိတ္ခာ၊ ဆေးဝါး၊ စောင်ခြင်ထောင် ရရှိရေးကို အရင်တိုက်ပွဲဝင်ရမလို ဖြစ်လာပါတယ်။ ဒီလိုနဲ့ ကသည်းရဲတွေ၊ စစ်သားတွေက အပြင်ထွက်လည်တဲ့ ရဲဘော်တချို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်စော်ကားလာတာမို့ အားလုံး စခန်းအပြင်ထွက် လမ်းလျောက် ချီတက်ကြဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရလဒ်ကတော့ အင်အားသုံးဖြိုခွဲ ခံရတဲ့အပြင် ရန်ကုန်က ကျောင်းသားခေါင်းဆောင်တွေအပါဝင်ရဲဘော် (၈၀) ကျော်ကို နယ်စပ်ထိ ကားနဲ့ တင်ခေါ်ပြီး နှင်ထုတ်ကြတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ ဒီပြသနာအပြီး နောက်ထပ် ရောက်လာတဲ့ရဲဘော်တွေနဲ့ အင်အားကို ရှိသလောက် ပြန်စုစည်းပြီး စစ်ပညာသင်တန်းတော့ ဖြစ်သလို ယူထားကြဘို့ ဆုံးဖြတ်ခဲ့ကြ။ အထက်ကဖေါ်ပြခဲ့သလို သေနတ်ပင်တွေနဲ့ တနေကုန် ဘယ်ညာဘယ်ညာ ပြေးလွားဟစ်ကြွေးလေ့ကျင့်ကြ။ ညမှာလည်း ကင်းတာဝန် ချပြီး စောင့်ကြရပါတယ်။  အဲဒီညမှာတော့ ကျွန်တော်နဲ့ လူဝကြီး ကင်းတွဲကျတာမို့ အမှောင်ကိုစိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေမိပါတယ်။

ကိုဦးလို့ လူအများခေါ်ကြတဲ့ ဒေါက်တာ အောင်ကျော်ဦးကို ကျွန်တော်က ကာရံနဘေတွေနဲ့ သေသေသပ်သပ် ထပ်ထားတဲ့ တော်လှန်ရေး ကဗျာတွေရေးတဲ့ ကဗျာဆရာ မြတ်ထက်အဖြစ် ပိုပြီး အသိအမှတ် ပြုခဲ့မိပါတယ်။ သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်ဂျာကင်ကြီး ဖိုး၇ိုးဖါးယား ပုဆိုး ညစ်ထေးထေးကြီးကို ခြုံပြီး ဘုရားစူး ဆရာဝန်ပါလို့ ကျိန်ပြောရမယ့် ဆရာဝန်အစားထဲကပါ။ နောင်အခါမှာတော့ အိန္ဒိယနိုင်ငံရောက် ဒီမိုကရေစီ အင်အားစုတွေရဲ့ ကျော်ကြားလှတဲ့ တိုက်ပွဲဝင် သင်္ကြန်သံချပ်တွေကို နှစ်စဉ် ပြောင်ပြောင်မြောက်မြောက် ရေးဖွဲ့ခဲ့သူလည်း ဖြစ်လာပါတယ်။ (၂၀၁၀ နဲ့ ၂၀၁၁မှာတော့ ကျန်းမာရေးကြောင့် သံချပ်ရေးတာ နားခဲ့ရပါတယ်)။

အဲဒီညကတော့ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ ကင်းကျတာမို့ ကျွန်တော့်ဘေးမှာ ပက်လက်ကြီးလှဲပြီး သူလည်း ကျွန်တော်လိုပဲ မရေရာလှတဲ့ ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရှေ့ရေးကို အတွေးနယ်ချဲ့နေပုံ ရပါတယ်။ ဒါမှမဟုတ် မန်းလေးမှာ ကျန်ခဲ့တဲ့ မိဘတွေကို သတိရနေသလား။ မသိပါဘူး။ ညဦးပိုင်း ကျွန်တော်တို့ကင်းတဲမှာ အင်းစိန်ကျောင်သားသမဂ္ဂဥက္ကဌ ကိုစစ်နိုင်ဦး(ကျဆုံး)၊ ကျောက်မဲ ကိုကျော်ကြီး၊ ကိုညို၊ ရဲဘော်သံခဲတို့ကို ဇော်မိုးထွန်းတို့က ထုံးစံအတိုင်း “ကမ္ဘာမကြေဘူး” “သွေးမုန်တိုင်း” “အရေးကြီးပြီညီနောင်အပေါင်းတို့” စသည်ဖြင့် ဟစ်အော်ပေါက်ကွဲခဲ့ကြ။

ခုတော့ သူတို့အားလုံးဟာ အဆောင်ထဲမှာ စုပြုံတိုးခွေ့ပြီး အိပ်မောကျနေကြပြီ ဖြစ်ပါတယ်။ နောက်ဆုံးတော့ တမ္ဘာလုံးမှာ ကျွန်တော်တယောက်ထည်း ရှိနေတော့သလို တိတ်ဆိတ်လို့ ဘယ်ရန်သူကမှ ချဉ်းကပ်လာမှာမဟုတ်တဲ့ အမှောင်ထဲကို အဓိပါယ်မဲ့ ငေးစိုက်ကြည့်နေမိပါတယ်။ အဲဒီအချိန်မှာ ပက်လက်ကြီးလှဲပြီး တိတ်ဆိတ်နေတဲ့ ကဗျာဆရာလူဝကြီးဆီက မမျော်လင့်ဘဲ လေးလေးတွဲ့တွဲ့နဲ့ ကဗျာစာသားလေးတခုကို ခပ်တိုးတိုးလေး ညဉ်းတွားရွတ်ဆိုသံလေး ထွက်လာပါတယ်။

ပုရစ်မြည်သံ    စီစီညံ

မိုးယံလဲ့ရှင်း  ပူငွေ့ကင်း

လမင်းကသာ ညခင်းဖျာ

ကညှာခင်လေး မအိပ်သေးရှင့်။

ကဗျာစာသားတွေက ကျွန်တာ့်စိတ်အစဉ်ကို ငယ်စဉ်ကနေခဲ့ဘူးတဲ့ ဇာတိရွာလေးနဲ့ ရောက်ခဲ့ဘူးတဲ့ ရွာလေးတွေဆီကို ခေါ်ဆောင်သွားပါတယ်။ လရောင်ဖြာဆင်းနေတဲ့ ရွာလမ်းဖုံဖုံလေး၊ အုန်းလက်လေးတွေက လေမှာ တအိအိရမ်းခိုက်။ လရောင်နဲ့ တလက်လက်တောက်လို့။ ခြံဝိုင်းလေးထဲက သက်ကယ်မိုး ၀ါးထရံကာ အိမ်ဝင်းလေးကို မြင်ယောင်မိသလို အိမ်လေးရဲ့ အိပ်ခန်းလေးထဲမှာ ရွာသူ အပျိုလေးတစ်ယောက် ပုရစ်သံလေးတွေ နားစွင့်ရင်း အတွေးနယ်ချဲ့နေပုံလေးကိုပါ မြင်ယောင်နေမိပါတယ်။ ကဗျာကပေးထားတဲ့ အတွေးရွာလေးမှာ ကျွန်တော်ဟာ တိတ်ဆိတ်နေမိတုန်း။

ခွေးဟောင်သံကြား စည်းရိုးနား

မောင်လားမသိ   ချောင်းကာကြည့်

သာဂိအဖေါ်  လူယုံတော်

တွဲခေါ်ရောက်လာ ပျိုဝမ်းသာသရှင့်။

ရုတ်ကနဲ ငြိမ်သက်နေတဲ့ညလေးဟာ ထိုးဟောင်လိုက်တဲ့ ခွေးဟောင်သံကြောင့်လှုပ်ခါလာပါတော့တယ်။ အိပ်ယာလေးထဲမှာ အတွေးနယ်ချဲ့နေတဲ့ လုံမပျိုလေးဟာ ဆတ်ကနဲ့ချက်ချင်း စိတ်လှုပ်ရှားစွာ ထထိုင် လိုက်ပြီးတော့ ကပြာကယာ ထရံပေါက်ကနေ အပြင်ရွာလမ်းဘက်ကို  ချောင်းကြည့်လိုက်ပါတယ်။ မျော်လင့်ထားတဲ့ အတိုင်းပါပဲ။ သူ့ချစ်သူ လုလင်ပျိုလေးဟာ လူယုံတော်သာဂိကို အဖေါ်ခေါ်ပြီး ရောက်လာတာကို တွေ့လိုက်ရတာမို့ ၀မ်းသာမှုနဲ့အတူ တဒိတ်ဒိတ် ရင်ခုန်လှုပ်ရှားလာပါတယ်။ ကဗျာထဲက လုံမငယ်လေးနဲ့ အတူမှောင်ထဲမှာ ကင်းထိုင်စောင့်နေတဲ့ ကျွန်တော်စိတ်အစဉ်ကလည်း ဇာတ်လမ်းလေးထဲကို နစ်နေပါတယ်။ ရှေ့ဆက်ပြီး ဘာဖြစ်သလဲ သိချင်စိတ်ငွေ့ငွေ့လေးက ကျွန်တော့်ကို လွမ်းခြုံလာပါတယ်။ လူဝကြီးဆီက ဘာသံမှ မကြားဘဲ တိတ်နေတာမို့ မေးမယ်လို့ စိတ်ကူးခိုက်၊ ကဗျာရွတ်သံလေးက  ဖြည်းဖြည်းလေး တိုးတိုးလေး ဆက်ထွက်လာပါတယ်။

မောင့်ပုလွှေသံ  ချစ်ငွေ့လျှံ

ထရံဖေါက်ထွင်း  မေ့ခန်းတွင်း

ချဉ်းနင်းရောက်လာ  ညင်သာစွာ

နားမှာကလိ  ယားပါဘိတော့။

ဒီအပုဒ်အရောက်မှာတော့ ကဗျာက ဇာတ်ရှိန်ကိုမြင့် ပေးလိုက်ပါတယ်။ လရောင်အောက်က ချစ်ငွေ့တွေ လျှံထွက်နေတဲ့ ၀ါးပုလွှေသံလေးကို ကြားယောင်မိလာသလို ထရံကြားကနေ ပုလွှေသံရှိရာဆီ ကြည်ကြည်နူးနူးနဲ့ ချောင်းကြည့်နေရှာတဲ့ လုံမငယ်လေးရဲ့ ပုံရိပ်ကိုပါ မြင်ယောင်လာစေပါတယ်။

ကျွန်တော်ဟာ တောတွင်းဖြတ်သန်းမှု လေးနှစ်ကာလပြီးတဲ့နောက်မှာ ခေတ်ပေါ်အနုပညာစီးကြောင်းမှာ မျောပါစီးဆင်းရင်း မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ သစ္စာနီ၊ နေမျိုး ကနေ ဒီနေ့ ဇေယျာလင်း၊ ဟိန်းမြတ်ဇော်၊ စိုင်းဝင်းမြင့်၊ ခရမ်းပြာထက်လူ၊ မိုးဝေး၊ မိုဃ်းဇော်၊ စေတ၊ မောင်တင်သစ်၊ မောင်နီဦး၊ မောင်သိန်းဇော်၊ ၀င်းမြင့်၊ မောင်ယုပိုင်၊ ငုအိမ်ထက်မြက်၊ ခင်အောင်အေး၊ စန်းဦး၊ မနော်ဟရီ၊ မြတ်၊ ပန်ဒိုရာ တို့ ကဗျာတွေနဲ့ ထိတွေ့ကျွမ်းဝင်လို့ ကာလများစွာ သူတို့ စကားလုံးတွေနဲ့ အသက်ရှူ ရှင်သန်နေထိုင်ခဲ့တာ ဒီနေ့ထိပါ။ သို့ပေမဲ့ ခေတ်ပြိုင်ကဗျာတွေကြား ဘယ်လိုပဲပျော်မွေ့နေနေ အကြောင်းတိုက်ဆိုင်လို့ ဒီကဗျာလေးကို သတိရမိတဲ့ အခါတိုင်းမှာ ဒီကဗျာလေးကို ချစ်တဲ့စိတ်ဟာလျော့ မသွားတဲ့အပြင် တိုးသထက် သာတိုးပြီး မြတ်နိုးမိခဲ့ရပါတယ်။

ထို့အပြင် “မောင့်ပုလွှေသံ ချစ်ငွေ့လျှံ” ဆိုတဲ့ အပုဒ်က သုံးထားတဲ့ စကားလုံး တိုင်းကို ခွဲစိတ်ဖြာကြည့်ပါတယ်။ တခြားစကားလုံး တခုခုနဲ့လည်း  မိမိဖါသာ အစားထိုးကြည့်မိဖူးပါတယ်။ အဲဒီအခါမှာ စကားလုံးတလုံးကိုမှ ဖြုတ်လို့ပြင်လို့ တိုးလို့မရအောင် လှပသေသပ်လှတာမို့ အော် “ကဗျာဆိုတာ ဘာသာစကားရဲ့ အညွန့်အဖူး” ဆိုတာ ဒါကိုပြောတာပဲလို့ ကြိမ်ဖန်များစွာ သဘောကျမိခဲ့ ဘူးပါတယ်။ ညက ပြန်လည်တိတ်ဆိတ် နေသလို ကျွန်တော်ဟာ ချစ်ဇာတ်လမ်း ကဗျာလေးထဲက ဘာဆက်ထွက်လာမလဲ ဆိုတာကို အာရုံကို နိုးပြီး နားစွင့်နေခဲ့မိပါတယ်။

ပြန်ပါတော့နော် ပျို့မောင်တော်

မနက်ကောက်စိုက် ပျိုမေငိုက်

ဟားတိုက်လှောင်နေ ကောင်မတွေ

အဖေရိပ်မိ အမေသိ  ဆူခံထိမှာကြောက်လှသတော့။

ဒီနေရာမှာတော့ လုံမငယ်လေးရဲ့ တိုးလျလျရင်ထဲက တောင်းပန်သံလေးဟာ ကဗျာဖတ်သူရဲ့ ရင်ထဲမှာ ကရုဏာလှိုင်းတွေ တဖျတ်ဖျတ် လှုပ်ခတ်သွားစေပါတယ်။ တကယ်ပြန်စေလိုလို့ မဟုတ်ပဲ မနက်ကောက်စိုက်ဘို့ စောစောထရမဲ့ ကလေးမလေးရဲ့ ပူပန်မှုလေးနဲ့ အတူသုံးထားတဲ့ အဖေရိပ်မိ အမေသိဆိုတဲ့ နေရာလေးမှာတော့ မြန်မာမိသားစုလေးတွေထဲက အဖေနဲ့ အမေတို့ကြား သမီးဖြစ်သူတွေရဲ့ အရေးအရာမှာ ပါဝင်ထိစပ်တတ်တဲ့ ပမာဏနဲ့ သဘာဝလေးကိုပါ လှစ်ကနဲ အချစ်ဇာတ်လမ်းထဲ ထည့်ပြမိအောင် ပြသွားတာလေးကို သတိထားလိုက်မိပါတယ်။

ညနက်ထဲမှာ ကဗျာထဲက ကလေးမလေးရဲ့ အမောကိုကူသောက်ရင်း  လင့်စင်ပေါ်မှာမုဆိုး သားကောင်စောင့်သလို ကျွန်တော်ဟာ လူဝကြီးရဲ့အသံ တိုးထွက်လာမှာကို တထိတ်ထိတ်စောင့် နေမိပါတယ်။ တော်တော်နဲ့ ထွက်မလာပဲ တိတ်ဆိတ်နေရာက နေတာမို့ တော်တော်မချင့် မရဲဖြစ်နေမိရာက .......။

ပုလွေသံလေး   ဝေ့ဝေေ၀ဝေး

လွမ်းတေးကုန်ဆုံး   ညှိုးခွေနှုံး

အုံ့ပုန်းအချစ်  မေတ္တာစစ်

စိတ်ညစ်တ၀က် ပျော်တ၀က်

အိပ်ပျက်ညတွေ  များပြီတော်ရေ ....... ။

အော် ... ပုလွှေသံလေး ဝေ့ဝေေ၀ဝေး ဆိုပြီး ၀လေးလုံးကို ထပ်ပြီးမှ သုံးမှ သုံးတတ်လေတယ်လို့ တွေးနေဆဲမှာပဲ ကဗျာလေးဟာ ကျွန်တော်ဆီကနေ  အမှောင်ထဲကို တရွှေ့ရွှေ့ တိုးဝင်ပြီး ထွက်ခွါသွားပါတော့တယ်။ ကျွန်တော်က ဖြတ်ကနဲ ထပြီးအမိအရ ပြောလိုက်မိတာကတော့ ကောင်းလိုက်ထာဗျာ။

ဒုတိယစကားက အဲဒါ ဘယ်သူ့ ကဗျာလည်းဗျ။ အဖြေက တော်တော်နဲ့ ထွက်မလာပါဘူး၊ တော်တော်ကြီးကြာတော့မှ “မြတ်ထက်” လို့ ခပ်ခပ်တိုးတိုး ဖြေပါတယ်။ ကျွန်တော်ဟာ လူဝကြီးကို တခါမှမတွေ့ဘူးတဲ့ လူတယောက်ကို ကြည့်သလို ပြူးပြူးပျာပျာကြည့်ရင်းက အလောတကြီးမေးမိပါတယ်။

“ခင်ဗျား ဒီကဗျာ အခုရေးလိုက်တာလား” လို့ မေးမိပါတယ်။

သူက အဝေးကြီးကို ငေးကြည့်နေပြီးမှ ကြာတော့ကြာပါပြီ အရေးတော်ပုံ မဖြစ်ခင်က စပယ်ဖြူ မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ဘူးတဲ့ ကဗျာလေးပါလို့ ဖြေပါတယ်။ ကျွန်တော်က ချက်ချင်းပဲ ကျွန်တော့်ကို နောက်တခေါက် ပြန်ရွတ်ပြစမ်းပါဗျာ။ ပြီးတော့ စာရွက်ပေါ်မှာ ချရေးပေးစမ်းပါ။ ကျက်ထားချင်လို့ ပူဆာတော့ ဖြည့်ဆည်းပေးပါတယ်။ အဲဒီ ကဗျာစာရွက်လေး ရကတည်းက ချစ်လွန်းလို့ ကြိမ်ဖန်များစွာ ကျက်ထားခဲ့မိတာမို့ အခုအခါ စာရှုသူကို ပြန်ပြီး ချရေးပြနိုင်ခဲ့တာပါ။

ခုဆိုရင် ကဗျာဆရာမြတ်ထက် ခေါ် ကိုဦး နဲ့ရော ကဗျာလေးကို နားထောင်ခဲ့ရတဲ့ လေခွန်းတောင် စခန်းကို စွန့်ခွါခဲ့တာ ခုဆိုနှစ်ပေါင်း ၂၀ ကျော်လာခဲပါပြီ။ အဲဒီနောက်ပိုင်းမှာ တော်လှန်ရေး ခရီးကြမ်း ထဲမှာ စုတ်ပြတ်သတ်သွားအောင် ရိုက်ချက်ပြင်းလှတဲ့ လောကဓာန်တွေ အကြိမ်များစွာ ကြုံတွေ့ရသလို တွေ့ရတဲ့ ရေကြမ်း၊ လေကြမ်းတိုင်းမှာ အနုပညာကို ကျောပိုးပြီး တထောင်ဝင် တစ်ထောင်ထွက် ဖြတ်သန်းခဲ့တဲ့လမ်းမှာ ကြုံရင်ကြုံသလို ဘ၀တူ ရဲဘော်တွေကို ဒီ ကိုဦးရဲ့ “အုံ့ပုန်းချစ်” ကဗျာလေးကို ရွတ်ဆို ဝေငှခဲ့မိပါတယ်။ ထို့အတူ အနုပညာခရီးမှာ ကဗျာဆရာပေါင်းများစွာနဲ့ ခင်မင်ရင်းနှီးရင်း ကဗျာရွတ်ပွဲများစွာကိုလည်း တက်ရောက် ခံစားမိခဲ့ဘူးပါတယ်။ ဒီလိုကြုံတိုင်းလည်း ကြုံခဲ့ရတဲ့ မိမိတဦးသာ ပရိတ်သတ်ဖြစ်ခဲ့တဲ့ ဒီကဗျာရွတ်ပွဲညလေးကို ပြန်ပြန်သတိရမိပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစလို့ သင်္ကြန်ချိန်ခါရောက်တိုင်း ပြည်ပရေဒီယိုတွေက တဆင့် အိန္ဒိယနိုင်ငံရောက် ရဲဘော်တွေရဲ့ တိုင်ပွဲဝင်သံချပ်တွေမှာ ပြောင်မြောက်လှတဲ့ ကဗျာဆရာမြတ်ထက်ရဲ့ သံချပ်စာသားတွေ ကြားရတိုင်းလည်း ဒီကဗျာလေးကို ပြေး သတိရမိသွားတတ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က စလို့ သင်္ကြန်မှာ ဆရာမြတ်ထက်ရဲ့ ကျန်းမာရေးကြောင့် သံချပ်စီစဉ်သူ ကိုကျော်ကြီး တခြားကဗျာဆရာ၊ စာရေးဆရာတွေထံက သံချပ်တွေတောင်းပြီး တိုက်ပွဲဝင် သံချပ်တွေကို အစဉ်အလာမပျက်အောင် တင်ဆက်လာပေမဲ့ ကဗျာဆရာမြတ်ထက် (ကိုဦး)ရဲ့ စကားလုံးတွေကို မကြားရတော့ပါဘူး။

နှစ်စဉ်မပျက် ရေးသားတင်ဆက်လာခဲ့တဲ့ သံချပ်ဆရာတစ်ယောက် သင်္ကြန်ရောက်ချိန်နီးတိုင်း ကျန်းမာရေးကြောင့် သံချပ်မရေးဖြစ်ခဲ့တဲ့ အပေါ် ဘယ်လောက် စိတ်ပျက်မိနေမလဲလို့ စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကတော့ ဒီလောက် ချစ်စရာကောင်းလှတဲ့ ကဗျာလေး တစ်ပုဒ်ကို မြန်မာကဗျာဖတ် ပရိတ်သတ်အတွက် ရေးထားခဲ့နိုင်တာတခုနဲ့တင် ဒီကမ္ဘာမြေပေါ် ကဗျာဆရာ မြတ်ထက် နှလုံးသားနဲ့ အလုပ်အကျွေးပြုခဲ့တာပါပဲ။

ကျွန်တော်တို့အရတော်လှတယ်လို့လည်း တွေးမိခဲ့ပါတယ်။ ကိုဦး နေမကောင်းဘူးလို့ ရဲဘော်ဟောင်းတွေဆီက သိရကတည်းက ဖုန်းဆက်ကြ ဆုတောင်းကြနဲ့ အွန်လိုင်းမှာတွေ့နေပေမဲ့ ကိစ္စများမြောင်လူတို့ ဘောင်ကြားနစ်နေပြီး ဟဲလို .. နေကောင်းလားရယ်လို့ သတင်းမေး စကားဆိုဘို့ အရေးကိုတောင်  ဟိုလှည့် ဒီလှည့်နဲ့ ပျက်ကွက်ခဲ့ပါတယ်။

ဒါကြောင့်ဒီစာစုလေးဟာ ကျွန်တော်ဘ၀မှာ ထူးထူးခြာခြား ကဗျာလေးတစ်ပုဒ်ကို ထူးထူးခြာခြားလေး ခံစားနိုင်အောင် ရွတ်ဆိုပေးခဲ့တဲ့ ကဗျာဆရာတစ်ယောက်ရဲ့ ကျေးဇူးကို အထူးအောက်မေ့ သတိရချက်ပါ။ လောလောဆယ် လန်ဒန်မှာ ကဗျာရွတ်ပွဲလုပ်ကြမယ့် အစီအစဉ်လေး တစ်ခုက မထင်မှတ်ပဲ ပါဝင်စီးမျောဘို့ ဖြစ်လာရာက ဘ၀မှာထူးခြားလှတဲ့ ကဗျာရွတ်ပွဲလေးကို ပိုလွမ်းဆွတ်မိတာမို့ ဒီခံစားမှုလေးကို ဝေငှလိုက်ပါတယ်။

ကဗျာလေးကို အစအဆုံး တစ်ပေါင်းတည်း ပြန်ဖတ်ဘို့ ပြန်ရေးထားလိုက်ပါတယ်။ ဒီကဗျာလေးကို ဖတ်ပြီးတဲ့အခါ ကဗျာဆရာမြတ်ထက်တစ်ယောက် ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင်နဲ့ ခုလိုချစ်စရာ ကောင်းလှတဲ့ ကဗျာလေးတွေ ထပ်ရေးနိုင်ပါစေလို့ ဆုတောင်းပေးစေချင်လို့ ဒီစာစုလေးကိုချရေးဖြစ်ခဲ့တာ ဖြစ်ပါကြောင်း .........။

 

အုံ့ပုန်းချစ်

 

(၁)။       ပုရစ်မြည်သံ စီစီညံ

မိုးယံလဲ့ရှင်း  ပူငွေ့ကင်း

လမင်းကသာ ညခင်းဖျာ

ကညှာခင်လေး မအိပ်သေးရှင့်။

(၂)။       ခွေးဟောင်သံကြား စည်းရိုးနား

မောင်လားမသိ ချောင်းကာကြည့်

သာဂိအဖေါ် လူယုံတော်

တွဲခေါ်ရောက်လာ ပျိုဝမ်းသာသရှင့်။

(၃)။       မောင့်ပုလွှေသံ  ချစ်ငွေ့လျံ

ထရံဖေါက်ထွင်း မေ့ခန်းတွင်း

ချဉ်းနင်းရောက်လာ ညှင်သာစွာ

နားမှာကလိ  ယားပါဘိတော့။

(၄)။       ပြန်ပါတော့နော် ပျို့မောင်တော်

မနက်ကောက်စိုက် ပျိုမေငိုက်

ဟားတိုက်လှောင်နေ ကောင်မတွေ

အဖေရိပ်မိ အမေသိ၊ ဆူခံထိမှာကြောက်လှသတော့။

(၅)။       ပုလွှေသံလေး ဝေ့ဝေေ၀ဝေး

လွမ်းတေးကုန်ဆုံး ညှိုးခွေနှုံး

အုံ့ပုန်းအချစ် မေတ္တာစစ်

စိတ်ညစ်တ၀က် ပျော်တ၀က်၊ 

အိပ်ပျက်ညတွေ များပြီတော်ရေ.......။

မြတ်ထက်

အုံ့ပုန်းချစ် ကဗျာရှင် မြတ်ထက် တယောက် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းလျက် ….

 

ချစ်ခင်ရသောကိုဦးသို့

ပန်းချီထိန်လင်း