User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

mg wunna

       ကျွန်တော့် မွေးတော့ အဖေသာဓုက နမိတ်ကောင်း အတိတ်ကောင်းယူပြီး ၀ဏ္ဏ’ ဆိုတဲနာမည်ကို ပေးလိုက်သဗျ။ ၀ဏ္ဏ ဆိုတာ အဆင်းလှပ တင့်တယ်ခြင်းလို့ အဓိပ္ပါယ်ရသဗျ။ လှ၊ မလှတော့ ကျွန်တော့်ပုံကိုသာ ကြည့်ကြပါတော့ဗျာ (ရီသံများ)။ မကြာခင်မှာပဲ ကျွန်တော်အတွက် ညီလေးတယောက် မွေးလာပြန်တော့ အဖေက ဗလ’ ဆိုပီး ပေးလိုက်ပြန်သဗျ။ ဗလ ဆိုတာကတော့ ခွန်အားကြီးမားခြင်းလို့ ဆိုသဗျ။ ပေးထားတဲ့ နာမည်နဲ့ လူ လိုက်၊ မလိုက် ကတော့ ကျွန်တော့်ညီ မင်းသားသုမောင်ကိုသာ ကြည့်လိုက်ပါ။ လေလာရင်တောင် လဲမစိုးရတယ် (ရီသံများ)။

ဒါကတော၁၉၈၀ လွန် နှစ်တွေက စာပေဟောပြောပွဲတွေမှာ နိုင်ငံကျော် စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏရဲ့ ပဏာမ မိတ်ဆက်တဲ့ ပွဲကျဟာသ တစ်ခုပါ။ အဲဒီချိန်က စာပေဟောပြောပွဲတွေက အလွန်ခေတ်စားပါတယ်။ ပွဲတိုင်းကျော် ဆရာတွေကတော့ ဆရာအောင်သင်း၊ မောင်သော်က၊ မောင်နေ၀င်း၊ ဖေမြင့်၊ သုမောင်၊ ချစ်ဦးညို၊ နွမ်ဂျာသိုင်း၊ အောင်ပြည့်၊ ရွေကူမေနှင်း၊ ကဗျာ မောင်နီသင်း၊ အီကြာကွေး၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ငြိမ်းကျော်၊ မောင်စိန်ဝင်းပုတီးကုန်း၊ မင်းလူတို့ပေါ့ဗျာ။

            တညတော့ အင်းစိန်ဘက်က ရေးဘော်တွေရဲ့ဝိုင်းမှာ တစ်ခွက်၊ တစ်ဖလားနဲ့ နည်းနည်း ညနက်သွားတယ်ဗျ။ မြို့ထဲကနေ အိမ်ပြန်မယ့် အစား (သင်္ကန်းကျွန်း ဆိုတတော့ နည်းနည်း ကားခက်သလို၊ ဒေါ်ချိုရီ မျက်စောင်းကိုလဲ ရှောင်ချင်ပုံရပါတယ်။) ၄၇ လမ်းက ဆရာအောင်ပြည့်တို့ ချယ်ရီမဂ္ဂဇင်းတိုက် ၀င်နှပ်တော့မယ်ဆိုပြီး ပြန်လာတုန်း၊ ဗြုန်းဆို မိုးက ဖွဲဖွဲလေး ကျလာသဗျ။ ထီးကလည်းမပါတော့ ပုဆိုးခြုံပြီး ခပ်သုတ်သုတ် ဒိုးနေတုန်း ကိုယ်ပေါ် လက်နှိပ်ဓါတ်မီးနဲ့ထိုး ရပ်ခိုင်းတော့ ပတ်တရောင် ရဲတွေဗျ။ ဘယ်မှာနေလဲ ဆိုတော့ သင်္ကန်းကျွန်းမှာ ပြောတာပေါ့၊ ဘယ်က ပြန်လာလဲဆိုတော့ အင်းစိန်ကလို့၊ ခု မင်းက ဘယ်ကိုသွားနေတာလဲ ဆိုတော့ ၄၇လမ်းကို လို့ ပြောပြတော့ မသင်္ကာဘူး။ စခန်းလိုက်ခဲ့ဆိုပြီး ကျောက်တံတား စခန်းထဲ ရောက်သွားရောဗျိုး (ရီသံများ)။ ဟို ရောက်တောတာဝန်မှူးနဲ့တွေ့တော့တာပေါ့။ ပုဂ္ဂိုလ်က လူကို တချက်စိုက်ကြည့်ပြီး စားပွဲပေါ်က ဖိုင်ကိုဖွင့်ပြီး နာမည်တဲ့။ ‘ဝဏ္ဏ’ ပေါ့၊ သူက ငုံ့ရေးနေရင်းက ဆက်မေးတယ် အလုပ်အကိုင်တဲ့ ကျွန်တော်ကလည်း မှန်တဲ့အတိုင်း ရုပ်ရှင်ဒါရိုက်တာလို့ ဖြေရတာပေါ့။ ပုဂ္ဂိုလ်က ဘောပင်ကို စားပွဲပေါ်ပစ်ချပြီး ဟေ့ကောင် ငါ ထ ကန်လိုက်ရရင်တော့ နာတော့မယ်။ တန်ရာ တန်ရာ ရွီးစမ်းတဲ့။ ငေါက်ပါလေရော (ရီသံများ)။ ကံက ကောင်းချင်တော့ အိပ်ကပ်ထဲမှာ စာပေလုပ်သား ကဒ်ပြားလေးက ပါလာလို့ တော်သေးတာပေါ့။ အဲဒါ ထုတ်ပြတော့မှ သူတို့လည်း အားနာပါးနာနဲ့ တောင်းပန်ပြီး ကားနဲ့လိုက်ပို့သဗျ။ ဥပတိရုပ်က အဲဒီလောက် ကောင်းတာ။(ရီသံများ)

အဲဒီ ဟောပြောချက်တွေကို ကြည်ရင် ဦးဝဏ္ဏဟာ တော်တော်ရုပ်က နာတဲ့ ငနဲလို့ ထင်စရာပါ။ အမှန်တော့ ဦးဝဏ္ဏဟာ တကယ်သပ်သပ်ရပ်ရပ် ၀တ်ထားချိန်ဆို တော်တော် ကြည့်ကောင်းတဲ့ သူပါ။ မင်းသားသုမောင်နဲ့ မောင်ရူပတို့ အကိုပဲဗျာ။ ဒါပေမယ့် များသောအားဖြင့် ဟန်ပန် အထူး မလုပ်တတ်တဲ့ သူ့ရဲ့ပင်ကိုယ် စရိုက်နဲ့ ပေပေတေတေ နေတတ်တာကြောင့် လူတော်တော်များများက တော်တော်ပုံမလာတဲ့ ငနဲလို့ မကြာခဏ အထင်မှားတတ်ကြတာပါ။ အဲလိုမကြာခဏ အထင်မှားခံရတဲ့အပေါ်မှာလည်း သူက သဘောကျပုံရပါတယ်။ သူ့ဆီက အဲလို ဇာတ်လမ်းတွေ မကြာခဏကြားရ ဖတ်ရတတ်ပါတယ်။

တကယ်တော့ ဦးဝဏ္ဏဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ နှစ်ယောက်မရှိ၊ တကယ်ထူးခြားတဲ့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ ခုတလော နာမည်ကျော် ဘင်္ဂါလီ ရုပ်ရှင်ဒါရိုက်တာ ဆာစ်ရက်ဂျစ်ရေးရ် (Satyatjit Ray) ရဲ့ဇာတ်ကားဟောင်းတွေ ဆက်တိုက်လိုလို ကြည့်ဖြစ်နေပါတယ်။ အဖြူအမဲ ဘင်္ဂါလီ ဘာသာစကားပြောပြီး ငွေကြေး အကုန်အကျ အနည်းဆုံးနဲ့ နိုင်ငံတကာဆုတွေမက ဟောလီဝုဒ်ကပေးတဲ့ ဘ၀ တသက်တာ ရုပ်ရှင်ဒါရိုက်တာဆုကိုပါ ဆွတ်ခူးသွားခဲ့သူပါ။ ရေးရ်(Ray) ရဲ့ ကားတွေကို ကြည့်ပြီး ဦးခင်မောင်ရင်ရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ “နှမလက်လျော့ နေလေတော့ ကို ရိုက်ဖြစ်ခဲတာလို့ ဆရာကြီးဦးဝင်းဖေက ပြောဘူးပါတယ်။ နှမလက်လျော့ကို မကြည့်ဘူးပေမယ့် ကြည့်ဘူးတဲ့သူ တော်တော်များများကိုတော့ ဒီရုပ်ရှင်အကြောင်း သေသေချာချာ မေးကြည့်ခဲ့ဘူးပါတယ်။ မြန်မာ့သမိုင်းရဲ့ တကားတည်းသော မော်ဒန်ရုပ်ရှင်လို့ လူပြောများနေလို့ပါ။ ဒါပေမယ့် တကယ်တမ်း ရေးရ် (Ray)ကားတွေကို ကြည့်ဖြစ်လာတဲ့အခါ နှမလက်လျော့ဟာ ရေးရ် (Ray) ရဲ့ သည်ဝေါလ်အော့ဖ်အဖူ’ (The world of Apu) ဆိုတဲ့ ဇာတ်ကားရဲ့ အတွေးအခေါ် ပိုင်းဆိုင်ရာ သြဇာလွမ်းမိုးနေရုံမက ဇာတ်လမ်း ဇာတ်ကွက်တွေမှာပါ တူညီနေတာတွေ့ရပါတယ်။

            ဒါပေမယ့် ရေးရ်(Ray) ကားတွေ ဆက်တိုက်ကြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ မြန်မာရုပ်ရှင် ဒါရိုက်တာတယောက်ရဲ့ ဇာတ်ကားတွေကို တစ်ခုပြီး၊ တစ်ခု သတိရနေဖြစ်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်က ဒါရိုက်တာ မောင်ဝဏ္ဏပါ။ သမီးဖြစ်သူ ဝါနု ဆီက တဆင့် သူ့ ကျန်းမာရေး အခြေအနေကို ကြားသိနေရတာကြောင့်လည်း အကြောင်းတခု ပါလိမ့်မယ်။ ဒါပေမယ့် သူရိုက်ခဲ့သမျှ ကားတွေ အားလုံးကိုပြန်ပြီး တကားခြင်း စဉ်းစားတဲ့အခါမှာ သူဟာ အင်မတန် လွတ်လပ်စွာ ဒီဇာတ်ကားတွေကို ဖန်တီးခဲ့တာ သွားတွေ့ရပါတယ်။ ရုပ်ရှင်ကားကောင်းတွေ ဖန်းတီးခဲ့တဲ့ ဒါရိုက်တာများစွာ မြန်မာ့ရုပ်ရှင် သက်တမ်း တလျောက်မှာ ပေါ်ထွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကားကောင်း တကားလောက် ရိုက်ပြီးလို့ နောက်က ထုတ်ဝေသူတွေ ပြုံလိုက်လာတဲ့အခါ သူတို့ အရည်အသွေးကို မကျအောင် ထိမ်းထားနိုင်တဲ့သူ တော်တော်ရှားပါတယ်။

ဟောလီးဝုဒ်ကားတွေစတိုင် သုံးလေးကား ရိုက်လိုက်။ ဘောလီးဝုဒ်စတိုင် သုံးလေးကား ရိုက်လိုက်။ ခုတော့ ကိုရီးယားကားတွေ ခေတ်စားတော့ ခပ်ပြောင်ပြောင်ပဲ ကိုးရီးယား ဇာတ်လမ်းတွေ မြန်မာမှု ပြုလိုက်နဲ့ ကြိတ်နေကြတဲ့ ခေတ်ကြီးထိ ကိုယ့်ဇာတ်လမ်းကို ကိုယ်ပိုင်စတိုင်နဲ့ တသက်လုံး ရိုက်သွားခဲ့တာတော့ သူတယောက်ပဲ ရှိခဲ့တယ်လို့ ဆိုချင်ပါတယ်။ စာပေနယ်မှာတော့ တသက်တာ စာပေဆု ဆိုတာမျိုးတွေ ချီးမြှင့်ကြတာတွေ ရှိနေပါပြီ။ ရုပ်ရှင်နယ်မှာ တသက်တာရုပ်ရှင်ထူးချွန်ဆု ဆိုတာမျိုးများ ရှိခဲ့ရင်တော့ သူ့ကိုပဲ ပေးရပါလိမ့်မယ်။                     

မြန်မာရုပ်ရှင် ဒါရိုက်တာ တော်တော်များများဟာ ဝတ္ထုဇာတ်လမ်းနဲ့ နာမည်ကြီး သရုပ်ဆောင်တွေအပေါ် အားပြုပြီး ရုပ်ရှင်ကို ဖန်တီးတာများပါတယ်။ ဇာတ်လမ်းကောင်းရရင် ရုပ်ရှင်ကောင်းမယ်၊ သရုပ်ဆောင်တော်တဲ့ နာမည်ရ သရုပ်ဆောင်ကို သုံးနိုင်ရင် ကားကောင်းထွက်မယ်လို့ ရိုးရိုးသားသားပဲ လက်ခံထားပါတယ်။ အဲဒီ အချက်နှစ်ချက်လုံးကို ဂရုမစိုက်ပဲ၊ သာမန်ဇာတ်လမ်းကိုပဲ ရွေးပြီး သာမန်လူတွေကိုပဲ သူ့ ရုပ်ရှင်ထဲမှာ များသောအားဖြင့် သရုပ်ဆောင်စေပြီး ကားကောင်းတွေကို ရိုက်ပြသွားပါတယ်။ ရုပ်ရှင် ဒါရိုက်တာ သက်တမ်းတလျောက်မှာ ထုတ်ဝေသူအကြိုက် ငါးပွက်ရာ ငါးစာမချဘဲ ကိုယ်ရိုက်ချင်တာကိုပဲ အေးအေးဆေးဆေး တကားပြီးတကား ရိုက်သွားနိုင်တာဟာ သူ့ရဲ ပင်ကိုယ်သဘာဝ ရောင့်ရဲနိုင်မှုကြောင့်သာလို့ပဲ ဆိုချင်ပါတယ်။ အထက်အချက်တွေမှာ  ဦးဝဏ္ဏဟာ ဆာစ်ရက်ဂျစ်ရေးရ် (Satyatjit Ray) နဲ့ တော်တော်လေး တူညီနေတာ တွေ့ရပါတယ်။

သူ့ပရိတ်သတ် တော်တော်များက ‘ပန်းတွေနဲ့ဝေ ဆိုတဲကားနဲ့ကို စွဲလန်းကြပါတယ်။ ကျွန်တော် အဖို့တော့ ပန်းတွေနဲ့ဝေကို ကြည်ရဘူးတဲ့ အချိန်က အလယ်တန်း ကျောင်းသားဘဝပဲ ရှိသေးတာမို့ အဲဒီကား ထွက်ချိန် တက္ကသိုလ် ကျောင်သားအရွယ်တွေလောက်တော့ စွဲစွဲလန်းလန်း မဖြစ်ခဲ့ပေမယ့် ဇာတ်ကားအဖွင့်မှာ အောင်လတ် အိမ်ကအထွက်မှာ အပြင်ရောက်ပြီးမှ ထီးပြန်ယူတဲ့ အချိန် သူ့ဝတ္ထုအဖွင့်က ဝါကျတွေကို နောက်ခံလူတယောက်က ဖတ်ပေးနေတဲ့ အသံနဲ့ ရိုက်ပြတာကိုတော့ အဲဒီအချိန်က ကြည့်ဖူးခဲ့တဲ့ကားတွေနဲ့ တော်တော်လေး ထူးခြားတာမို့ တော်တော် နှစ်သက်နေမိတာ မှတ်မိပါတယ်။

ကျွန်တော့် လူငယ်ဘဝမှာ ရူးရူးမူးမူး စွဲလန်းခဲ့ဘူးတဲ့ ကား၊ နှစ်ကားကတော့ သူ့ လုံးချင်းဝတ္ထုကိုပဲ သူ့ညီ ကိုရူပကို မင်းသားတင်ရိုက်တဲ ‘ချစ်တဲ့သူငယ်လေ’ နဲ့ ညီ - သုမောင်ရဲ့ ၀တ္ထုကို  ကျော်ဟိန်း၊ မေဝင်းမောင်တို့နဲ့ ရိုက်ကူးခဲ့တဲ့ ‘အချစ်သစ်ပင် တို့ဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ ကြည့်ဖြစ်ခဲ့ပါတယ်။ နောက်တခု ထူးထူးခြားခြား သဘောကျတာကတော့ သူ့ကားတွေမှာပါတဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေရဲ့ သဘာဝ ကျနမှုပါ။ များသောအားဖြင့် စာပေနယ်က သူငယ်ချင်း အောင်ပြည့်နဲ့ သူ့အခေါ် ဦးလေးအောင်စိုး (ခေါ်) ဗဂျီအောင်စိုးတို့ဟာ သူ့ဇာတ်ကားတွေရဲ့ အဓိက ပင်တိုင်တွေပေါ့ခင်ဗျာ။ ပေဖေါ်ပေဖက်တွေလို့လဲ ပြောလို့ရပါလိမ့်မယ်။

နောက် ထူးခြားတာကတော့ နောက်ခံ ဇာတ်ဝင်သီချင်းတွေနဲ့ နောက်ခံ တီးလုံးတွေဟာလည်း တော်တော် ထူးခြားတာ တွေ့ရပါတယ်။ သူ့လက်စွဲ တေးရေးဆရာကတော့ ကွယ်လွန်သူ စန္ဒရား ဦးလှထွဋ်ပေါ့ခင်ဗျာ။ သူ့ ရုပ်ရှင်ကားတွေရဲ့ ဇာတ်ဝင် သီချင်းတွေဟာ ဒီနေ့ဂန္တ၀င် သီချင်းတွေအဖြစ် ကျန်နေရစ်တာ တွေ့ရပါတယ်။

နှောင်းတမြေ့မြေ့ ဇာတ်ကားမှာ ဇာတ်ဝင်သီချင်း ပန်းဦးပန်မဲ့သူ သီချင်းကိုဆိုဘို့မှာ တခြားအဆိုတော် မခေါ်တော့ဘဲနဲ့ ညီသုမောင်ကို မင်းကြိတ်ကွာဆိုပြီး ခိုင်းရာက အဲဒီသီချင်းဟာ မြန်မာ့အသံမှာ မကြာခဏ လွှင့်ရတဲ့အထိ အောင်မြင်ခဲ့သလို၊ ညီ သုမောင်လည်း အဆိုတော်ဘ၀ကို ရောက်ရှိသွားစေခဲ့ပါတယ်။

            ကျောင်းသားဘ၀တုန်းက မောင်ဝဏ္ဏ ကားတွေ ရုံတင်ရင် မင်းသား ဘယ်သူဖြစ်ဖြစ် အရေးမကြီးပါဘူး၊ တစ်က အောင်ပြည့်နဲ့ ဗဂျီအောင်စိုးကို ကြည့်ဘို့ရယ် စန္ဒရားလှထွဋ် ဇာတ်ဝင်သီချင်းအသစ် နားထောင်ဘို့ရယ် ရည်ရွယ်ချက်နဲ့ ပြေးတာပါပဲ။ အဲဒီတုန်းက မော်ဒန်ပန်းချီဆိုတာကို နားမလည်ပဲကို ကြိုက်နေချိန်ဆိုတော့ ရုပ်ရှင်ထဲမှာ ဥပတိရုပ် ကောင်းကောင်းနဲ့ ပန်းချီဆရာကြီး ဦးအောင်စိုး သရုပ်ဆောင်မှုတွေ တွေ့ရတာမို့ ဒါရိုက်တာကိုပါ ကျေးဇူးတင်နေတာပါ။

                        တက္ကသိုလ် ရောက်လာတော့ ‘ပန်းတွေနဲ့ဝေကို ပြန်ကြည်ဖြစ်တဲ့အခါ ငယ်စဉ်ကလို မဟုတ်တော့ဘဲ တန်းတန်းစွဲတော့သည်။ ၀တ္ထုကို ပြန်ဖတ်ဖြစ်ပြန်သည်။ တက္ကသိုလ် ငွေစာရင်းဌာနမှာ အလုပ်တဲ့ အဘဦးအေးက ဦးဝဏ္ဏတို့ ဦးအောင်ပြည့်တို့ ကျောင်းသားဘ၀ ဗရုတ်ကျပုံများကို မကြာခဏ ပြောပြောပြတတ်သည်။ သူက “ပန်းတွေနဲ့ဝေ - က ကောင်းမှာပေါ့ကွာ အဲဒါဒီကောင်ကိုယ်တွေ့ခံစားချက် အစစ်ကွ ဟုဆိုသည်။ ဒါကြောင်ကောင်းတာဟုဆို၏။

နောက်တောတွင်းပြန် ဥပဒေကျောင်းသား ဘ၀ကို ပြန်ရစဉ်က သီရိဆောင် အဆောင်မှုး ဆရာမကြီးဒေါ်သန်းနွဲ့ (သူ့အခေါ်မမနွဲ့)ခေါ်၍ အဆောင်သို့အသွား တနေ့မှာ သီရိဆောင်မှာ ပန်းတွေနဲ့ဝေ’ကို ဗီဒီယိုကားအဖြစ် ပြန်လာရိုက်ကြသည်ကို ဆုံဖြစ်ခဲသည်။

ထိုမှစ၍ သီရိဆောင်ကို အခြေတည်ခဲ့သော ‘ပန်းတွေနဲ့ဝေ ဇာတ်လမ်းက တကယ်လားဟု မေးရာ ရီ၍ ဒီကောင် အလကားပေါက်တတ်ကရ လျောက်ရေးထားတာ ဟိုကဖြင်ဘာမှတောင် သိတာမဟုတ်ဘူး” ဟုဆိုပါသည်။ ထိုအဖြေကို ထောက်ခြင်းဖြင့် ‘တခုခုတော့ တခုခုပဲ ဟု ယူဆလိုက်ရပါသည်။ ဦးကိုတော ထိုကိစ္စ မေးမကြည့်ဖြစ်ခဲ့ပါ။

၁၉၈၆ ခုက ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ အနုပညာအသင်း ရံပုံငွေအတွက် ရုပ်ရှင်ပြကြတော့ သူ့ ဇာတ်ကားတကားဖြစ်သော ချစ်ခြင်းငယ်ပြိုင်မယ်’ကို ဦးဦးဖျားဖျား ပေးပြခဲ့ဘူးသည်။ မင်းသားက အနုပညာအသင်းသား။ ဓါတုဗေဒ ဘာသာအဓိကမှ စိန်ထွန်း (ခ) မိုးမင်း။ ထိုအချိန် စိန်ထွန်းက ဇာတ် ၀င်မကသေး။ အသင်းမှာ ဆုံတိုင်း သူ့ရုပ်ရှင်ရိုက်ကွင်းမှာ ဦးဝဏ္ဏက ဘယ်ပုံညွန်ကြားပုံတွေကို ကျွန်တော်တို့ကို ဖေါက်သည်ချသည်။ ဒီဇာတ်ကားတွင် ကောင်းကောင်းမှတ်မိနေသော အချက်မှာ မင်းသမီးမို့မို့မြင့်အောင်က နိုင်ငံကိုယ်စားပြု ဂျွမ်းဘားမယ်။ နောက်ဆုံးချစ်သူ၏ အထင်လွဲမှုကို ခံရချိန်မှာ ဂျွမ်းဘားလေ့ကျင့်ရင်း မျက်ရည်ကျသော အခန်းမှာ မင်းသမီးကို ကင်းမြီးကောက် ထောင်နေရင်းက အနီးကပ်ရိုက်ချက်ဖြင့် မျက်ရည်က  ပါးပေါ် စီးကျရမည့် အစား ဇောက်ထိုးဖြစ်နေသဖြင့် နဖူးပြင်ပေါ် ဖြတ်စီးကျစေပြီးရိုက်ကူးထား၏။ အင်မတန် သရုပ်ဆောင် ပိုင်လှပါသည်ဆိုသော မမို့ပင်လျင် တော်တော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်ဆို၏။                             

‘နှောင်းတမြေ့မြေ့ ဇာတ်ကားကတော့ တကယ်ပင် ‘နှောင်းတမြေ့မြေ့ဖြစ်ခဲ့ရသော ‘ကားဟုပင် ဆိုချင်ပါသည်။ ဗိုလ်စိုးနိုင်အဖြစ် သရုပ်ဆောင်သော ဦးသုမောင်တယောက် သူ့အထက်အရာရှိ ဇော်လွင်ဆီက အထွက်ကို ချစ်စိတ်မွှန် လမ်းပေါ်က ဘီယာဗူးခွံကို မာန်ပြီးကန်ကာ ဂျစ်ကားဆီ ဂျစ်ကန်ကန် လျှောက်သွားပုံကို ယနေ့ထိ အမှတ်ရနေမိပါသည်။

နောက်ပိုင်း ကျွန်တော်ကိုယ်တိုင် သူ့ဗီဒီယို ကားတချို့မှာသရုပ်ဆောင်ခွင့်ရ လူချင်း ရင်းနှီသွားချိန်မှတော့ သူက ဦးအောင်စိုးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးစုံကို ကြုံရင်ကြုံသလို ပြောပြတတ်ပါတယ်။ တစ်ရက်မှာတော့ လက်ဝါးသာသာလောက်သာ ရှိတဲ့ စက္ကူလေးပေါ်မှာ ခဲတံနဲ့ ရေးထားတဲ့ ပန်းချီကားလေး တစ်ချပ် ယူပြပါတယ်။ ပြီးတော့မှ ကျောဘက်မှာပဲ ခဲတံနဲ့ ရေးထားတဲ့ စာလေးကို တွေ့ရပါတယ်။ စာက ….

ဝဏ္ဏကြီး ပန်းချီဆိုတာ စာရွက်ပေါ်ရေးရေး ကင်းဘတ်ပေါ်ရေးရေး၊ ဆီဆေးနဲ့ ရေးရေး၊ ခဲတံနဲ့ ရေးရေး၊ လက်ရာကောင်းဘို့က အဓိက။

အောင်စိုး။

အဲဒီလက်ရာလေးကို ဦးဝဏ္ဏက မှန်နှစ်ချပ် ကြားထဲ ညှပ်ဘောင်သွင်းပီး ရိုရိုသေသေ သိမ်းထားပါတယ်။ ဒီလို ပန်းချီအနုပညာကို မြတ်နိုးတတ်တဲ့ သွေးက သမီးကြီးဝါနုဆီ ပါလာပုံ ရပါတယ်။ သမီးဝါနုဟာ စာရေးဆရာမ တစ်ဦးသာမက နိုင်ငံတကာ အနုပညာပြပွဲတွေထိ ထိုးဖေါက်ပြီး ပြပွဲတွေ လုပ်တဲ့အထိ အောင်မြင်တဲ့ ခေတ်ပေါ် ပန်းချီဆရာမတစ်ဦး ဖြစ်လာခဲ့ပါတယ်။

            ဦးဝဏ္ဏနဲ့ ကားရိုက်ရတာ တော်တော် စိတ်ချမ်းသာစရာ ကောင်းပါတယ်။ သရုပ်ဆောင်ဆီက အကောင်းဆုံး သရုပ်ဆောင်ချက်ကို အေးအေးဆေးဆေး ရအောင်စောင့်ယူ ရိုက်တတ်တာ တွေ့ရပါတယ်။ များသောအားဖြင့် မြန်မာဒါရိုက်တာတွေမှာ ဇာတ်ကောင်တဦးကို ဇာတ်ကွက် တခုအတွက်သူတို့ သရုပ်ဆောင်ပေးစေချင်တဲ့ အမူအယာ၊ သူတို့စိတ်ထဲမှာ နဂိုကထဲက ရှိနေတတ်ပါတယ်။ အဲဒီ အမူအယာမျိုး ရချင်တယ်ဆိုတာ တခါတည်း ပြောထားပါတယ်။ တချို့ ဒါရိုက်တာတွေဆို မြန်အောင် သူတို့ကိုယ်တိုင်တောင် အရင် နမူနာ သရုပ်ဆောင် ပြတတ်ပါသေးတယ်။ အဲဒီတိုင်း လုပ်ပေးဘို့ပါ။

ဦးဝဏ္ဏ နည်းကတော့ ဇာတ်ညွန်းကို ဖတ်ခိုင်းပြီး သရုပ်ဆောင်ကို အမူအယာ လွတ်လွတ်လပ်လပ် လုပ်ကြည့်စေပါတယ်။ တခါတရံ တစ်မျိုးမက သုံးလေးမျိုး လုပ်ခိုင်းကြည့်ပြီး သူက အေးဆေး ကြည့်နေပါတယ်။ ပြီးတော့မှ သရုပ်ဆောင် လုပ်သွားတဲ့အထဲက သူအကြိုက်ဆုံးဟာကို ပြောပြီး ဒါမျိုး လုပ်ပေးပါလို့ ခိုင်းတတ်တာမို့ သရုပ်ဆောင်ကို လွတ်လပ်မှုအပြည့် ပေးထားတဲ့နည်းကို သုံးပါတယ်။ ရိုက်ကွင်းမှာ သူဒေါသထွက်လို့ အော်တာ၊ ငေါက်တာမျိုးတော့ တခါမှ မတွေ့ဘူးပါဘူး။

မှတ်မိနေပါသေးတယ်။ ကိုမင်းလူရဲ့ မင်းမဆိုးပါဘူး ၀တ္ထုကို ရိုက်ကြတော့ ကျွန်တော်ကို မင်းသားရဲ့ သူငယ်ချင်းတယောက် နေရာက သရုပ်ဆောင်ပေးဘို့ ခေါ်ပါတယ်။ ကျွန်တော်က ကျောင်းသားဘ၀ထဲက သဘောကျနေတဲ့ ၀တ္ထုထဲမှာ ဇာတ်ကောင်တကောင်အနေနဲ့ ပါခွင့်ရမှာဖြစ်လို့ ၀မ်းသာသွားပါတယ်။ ၀တ္ထုထဲမှာ ကျွန်တော်ဇာတ်ရုပ်က နာရီပြင်သမားပါ။ ဒါပေမဲ့ ဟေ့ကောင်ငထိန် မင်းက ပန်းချီဆရာပဲ ပန်းချီဆရာ လုပ်လိုက် ဆေးဘးတွေပါ ယူခဲ့ ဆိုပီး ဇာတ်ဝင်ခန်းထဲမှာ မင်းသားနဲ့ စကားပြောရင်း ကျွန်တော့်ကို ပန်းချီတစ်ကား ဆွဲခိုင်းပါတယ်။ သူ့ရဲ့ ရှူတင်မန်နေဂျာက ကိုမင်းလူ ရယ်စရာမောစရာ ဝတ္ထုတွေထဲက ဇာတ်ကောင် ကိုပတေးပါ။ ‘ပတေးမှာ ရာဇ၀င်ရှိတယ် ဟူ၍ စာရေးဆရာ ကိုမင်းလူ ကိုယ်တိုင် တခုတ်တရ စာဖွဲ့ရသော ကိုပတေးကို ဦးဝဏ္ဏ ရူတင်မန်နေဂျာ အဖြစ်တွေ့ရတော့ တော်တော်ပျော်သွားသည်။ သူ့ အရည်အသွေးတို့ တွေ့ရတော့မည်ပေါ့။

ဇာတ်လမ်းအရ မင်းသားက သာမန် လက်လုပ်လက်စားထဲက။ မင်းသမီးနဲ့ ရည်းစားဖြစ်ပြီးကာမှ မင်းသမီးဆီ ဆိုင်ကယ်တစီးနှင့် နေစဉ်လာရစ်နေတဲ့ ကောင်ကိုကြည့်ပြီး အလိုလို သိမ်ငယ်စိတ်ဝင်ကာ အဆက်ဖြတ်ဘို့ ပြောသည့်ဇာတ်။ လေးရက်မြောက်တဲ့နေ့မှာ မင်းသား စိတ်အားငယ်အောင် ဆိုင်ကယ်ကြီးနဲ့ အရှိန်အ၀ါလာပြသော အခန်းများရိုက်မည့်နေ့။

ကိုပတေးကို စောင့်နေကြသည်။ မကြာခင် ရူတင်ကားဖြင့် ရောက်လာသဖြင့် ဦးဝဏ္ဏက ဆိုင်ကယ်ရလာပြီလား မေးသည်။ ရခဲ့ပြီအကိုဆို၍ ကြည့်လိုက်တော့ ‘စူပါကပ် ဆိုင်ကယ်လေး။ ဦးဝဏ္ဏ ဇနီးက စ၍ ပတေးတိုကတော့ လုပ်ချလိုက်ပြန်ပြီ အစချီကာ မင်းသား အပါအ၀င် ကင်မရာမင်း မကျန် တယောက်တပေါက် ပြောဆို အပြစ်တင်သံများ ညံထွက်သွားသည်။ ဦးဝဏ္ဏကိုကြည့်တော့ ရီချင်သည့်မျက်နှာကို မနည်းတည်ထားပုံရသည်။ တစ်လုံးမှ စကားမဆို။

ဒီနေရာမှာ ရိုက်ကွင်းအတွက် တလွဲလုပ်ခဲ့၍ စိတ်ဆိုးသည်ထက် ကိုပတေး တယောက် မစဉ်းမစား တလွဲလုပ်တတ်ပုံကို စာဖွဲ့ချင်နေပုံရသည်။ ပြာပြာသလဲ ပြေးကာလွားကာ သွားရှာနေသော ကိုပတေးကို တနေကုန် စောင့်နေကြသည်။ အားလုံး တဖြစ်တောက်တောက် ဖြစ်နေကြသည်ကို သူက သဘောကျနေသည်။ သူ့မျက်နှာ ဒေါသကို မတွေ့ရ။ ကိုပတေး၏ ရှေးအခါက တလွဲလုပ်ခဲ့ပုံများကို ပြန်ပြောပြရင်း သူ့ မန်နေဂျာကို စောင့်နေလေသည်။

တစ်ကြိမ်မှာတော့ ကိုရူပကို မင်းသားတင်ရိုက်သော ကားတကားအတွက် ငှါးသဖြင့် လိုက်သွားခဲ့ဘူးသည်။ ရွာကို အခြေခံသော ဇာတ်လမ်းဖြစ်၍ တညင်ဘက်ကူးကာ အိမ်ကြီးတလုံး ကိုငှါးပြီး သူအပါဝင် အဖွဲ့သားအားလုံး ရက်ရှည်တည်းကာ ရိုက်ကြသည်။ သူ့မိတ်ဆွေရင်းဖြစ်သော ကာတွန်းချစ်ဆွေက အားလုံးစီစဉ်ပေးသည်။ သူကလည်း သူ့အကိုလို ချစ်သော ဦးသက်နောင်၊ ပန်းချီ ဦးဖေသဏ်းတို့ကိုပါ ခေါ်လာကာ တဖွဲ့ကြီး တည်းကြသည်။ ညနေတိုင်း ကာတွန်းဦးချစ်ဆွေက ရောက်လာပြီးအိမ်မှာ ၀ိုင်းဖွဲ့ကြသည်။

ဦးချစ်ဆွေက တညင်မြို့နယ် NLD ပါတီ အမာခံ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သဖြင့် စကားဝိုင်းက အလွန် အကြောင်းအရာ စုံတော့သည်။ ဇာတ်ကားက သူရိုက်သမျှထဲတွင် တော်တော် ထူးခြားသော ဇာတ်ဖြစ်သည်။ မင်းသားလုပ်သူက သူ့အကိုကို သတ်သွားသော ဓါးပြတစ်ဦးကို ရှာဖွေ ဖေါ်ထုတ်သောဇာတ်လမ်း။ ဓါးခုတ်ခန်းတွေ တော်တော်များများ ပါသည်။ အဓိက ဓါးခုတ်ခန်းအတွက် နေကြာပန်းခင်းကြီး တစ်ခင်းကို ၀ယ်လိုက်သည်။ ထိုနေကြာခင်းကြီးမှာ ဓါးချက်ကြောင့် နေကြာပွင်က တွေဖွေးကနဲ လွင့်တက်သွားပုံတွေ၊ ပန်းပွင့်တွေ ဓါးနှင့် ပိုင်းချက်တွေ သပ်သပ်ရိုက်ယူသည်။ များသောအားဖြင့် မင်းသား၊ လူကြမ်း သိုင်းပညာစွမ်းပြ တိုက်ခန်းတွေသာ ကြုံဘူးသော ကျွန်တော်အတွက်တော့ တော်တော်ဆန်းသည်။ မင်းသားနဲ့ လူကြမ်းအစား မင်းသားနဲ့ ကင်မရာ၊ လူကြမ်းနဲ့ ကင်မရာ လှုပ်ရှား တိုက်ခိုက်မှုတွေ လုပ်ရိုက်လေသည်။ ကျွန်တော့်တသက် ကြည့်ဘူးသော သူ့ကားများနှင့် ကွာခြားလွန်းသည်မို့ ညနေစကားဝိုင်းမှာ ….

 ဦး .. အလွမ်း၊ အချစ်ကားတွေ ရိုက်ရတာပျင်းလို့ ဓါး ဖိုက်တင်ကို ရိုက်ကြည့်တာလားဟု မေးမိသည်။

သူရော သူနဲအတူ တလျောက်လုံး အတူတည်းနေသော ဦးသက်နောင်၊ ဦဖေသဏ်းတို့ကပြုံးသည်။

အမှန်က ငါက ဓါးကား စရိုက်တာကွ ဟုဆို၏။

ကျွန်တော် သိထားတာက “ကတ္တီပါဘိနပ်စီး”။ အဲဒီအချိန်က သူ့ အသက်က နှစ်ဆယ်ကျော်။ ဆရာ မောင်သာရဆီ ၀တ္ထုသွားဝယ်တော့ ပထမတော့ ရုပ်ရှင်ရိုက်ရန် မဖြစ်နိုင်ဟု ၀တ္ထုရေးဆရာက ယူဆ၍ ၀ယ်မရခဲ့။ ထိုအသက်အရွယ် လူငယ်တစ်ယောက်ကို ရုပ်ရှင်တကားရိုက်ရန် ငွေဘယ်သူက ထုတ်ပေးခဲ့ပါသလဲ။

            သူ ရုပ်ရှင်စက် အလုပ်သမား ဘ၀ စ၀င် ကတည်းက ဦးသက်နောင်နှင့် အတွဲဖြစ်လာသည်။ ညီအကိုလို သူငယ်ချင်းလို။ ဦးသက်နောင်က သက်နောင် ဖြစ်နေနှင့်သည်။ ဒီလိုနှင့် ရုပ်ရှင်တကားကို နှစ်ယောက်အတူ ဒါရိုက်တာ လုပ်ရိုက်ကြဘို့ လုပ်သည်။ သက်နောင်က ဒါရိုက်တာနာမည် ခံမည်။ ဦးဝဏ္ဏက ဇာတ်ညွန်းရေးဆရာအဖြစ် နာမည်ခံကြသည်။ သို့သော်အမှန် တကယ် ရိုက်ကြရာမှာတော့ တာဝန်သိပ်မခွဲ။ နှစ်ယောက် အတူတူရိုက်ကြမှာ။

ထိုအချိန်က မြန်မာရုပ်ရှင်များတွင် သတ်ခန်း ပုတ်ခန်းများတွင် သာမာန် လက်သီး အပြန်အလှန် ထိုးကြပြီး ဒိုင်ဗင်ထိုးကြ။ ဒါမျိုးသာရှိသေးသည်။ သူတို့က ဟောင်ကောင် သိုင်းကားများကို ကြည့်ကာ ထိုဇာတ်ကားမျိုး ရိုက်ကြည့်ဘို့ ဆုံးဖြတ်လိုက်ကြသည်။ ဇာတ်ကားနာမည်က ‘သိုင်းသမား’။

မြန်မာ့ရိုးရာ သိုင်းပညာ ဖေါ်ထုတ်မည်။ ဘာညာဘာညာနဲ့ လုပ်လိုက်တော့ ရိုက်ခွင့်တော့ ရလာပြီ။ ငွေကမရှိ ထုတ်ဝေသူလည်း မရှိ။ အဖေ‘သာဓု’ကို နှစ်ယောက် အပူကပ်ကြတော တော်တော်များများတော့ အကြွေးရသည်။ သို့နှင့် သရုပ်ဆောင်ပေးမည့် မင်းသား၊ မင်းသမီး အားလုံးကို အကြွေးလိုက် မေတ္တာရပ်ခံသည်။ ရ၏။ အလုပ်သမားခတွေအတွက် ငွေချေးရတာတွေ ပါသေးသည်။ ဘယ်သူတွေဆီက ဆိုတာတော့ သိပ်မမှတ်မိတော့။

သို့နှင့် ‘သိုင်းသမား’ ဇာတ်ကားကြီးကို ရိုက်ကြသည်။ အရေးကြီးဆုံးက မြေတွင်းအောင်း၍ သမထကျင့်စဉ်တွေ ပါသည်။ အဲဒီကနေ မြေပေါ် ခုန်ပျံ တက်လာတာတွေ။ ငှက်ပျောရွက်တွေပေါ် ခုန်တက်တာတွေ။ သမထကျင့်ရင်း အကြားအာရုံတွေရ မျက်စိမှိတ်ရင်း ပျံဝဲလာသော ဓါးမြှောင်ကို လက်နဲ့ဖမ်းတာတွေ၊ အိမ်ခေါင်ပေါ် နောက်ပြန် ခုန်တက်သွားတာတွေ။

မြေတွင်း အနက်ကြီးထဲ ဆင်းပြီး သမထကျင့်နေသည်ကို တွင်းထိပ်ကနေ ဆရာကြီးက လာပြီး သင်ကြားခန်းအတွက်၊ ကင်မရာကို တွင်းထဲ  မထည့်ဘဲ၊ ကင်မရာ ထိပ်တွင် ကြက်တောင် အားကစားသမားများ ကြက်တောင်ထည့်တဲ့ စက္ကူဘူး ကိုဖင်ဖေါက်ပြီး မှန်ဘီလူးရှေ့မှာတပ်ပြီး ကင်မရာကို ပက်လက်လှန် ရိုက်လိုက်ရာ အမှတ်မထင် အောင်မြင်သွားသည်။ တွင်းကြီး  တူးပြီးဆင်းရိုက်စရာ မလိုတော့ပဲ လိုချင်သော အရုပ်တွေရခဲ့သည်။

            ဤသို့ဖြင့် အခက်အခဲ မျိုးစုံကို ကျော်ဖြတ်ကာ ရုံတင်ရက် ရောက်လာသည်။ သတင်းစာထဲမှာ ထူးထူးခြားခြား ကြော်ညာထည့်၏။ ပုံမှန်အားဖြင့် မင်းသား၊ မင်းသမီး ဇာတ်ဝင်ခန်း ဓါတ်ပုံ ပန်းချီပုံများ ထည့်သည့်အစား သတင်းစာမျက်နှာ အောက်ခြေအပြည့် ‘သိုင်းသမား’ ဆိုသော စာလုံးကီး တစ်ခုကိုသာ ဖေါ်ပြထားခဲ့သည် ဆို၏။

ရုံမှာ ပထမဆုံးပြသည့် နေ့။ ရုံပြင်ကနေ စိတ်ဝင်စားစွာ စောင့်နေကြသည်။ ပရိတ်သတ်က ဘယ်လို တုန့်ပြန်မလဲ။ ရုံက ထွက်လာသူမှန်သမျှ ဆဲဆိုထွက်လာသည်။ ‘သိုင်းသမား ဆိုလို့ လာကြည်တာ ဘာသိုင်းစွမ်းမှလည်း မပြ၊ ဟိုရောက် ဒီရောက် ပေါက်တက်ကရ ကားဟု တညီတညွတ်တည်း မှတ်ချက်ချကြသည်။

ပြာယာခတ်သွားသည်။ မည်သို့ ဖြစ်သနည်း။ နောက်ဆုံး ဦးသက်နောင်က မေးသည်

မင်း . စပါယ်ရှယ် အခန်းစဉ်တွေ ထည့်ဆက်လိုက်ရဲ့လား

ဟိုက်… ပြသနာကို သိပီ။

 ရုပ်ရှင်သဘောအရ ငှက်ပျောပင်ပေါ် ခုန်တက်ခန်း၊ အိမ်ပေါ် နောက်ပြန် တက်ခန်း၊ တွင်းထဲက သမထတန်ခိုးနဲ့ တက်လာခန်းတွေကို တကယ်ရိုက်တဲ့အခါ တွင်းထဲ ခုန်ချခိုင်းပြီး ရိုက်ကာ။ ကားဆက်တဲ့အခါမှ ဖလင်ကို ပြောင်းပြန်ပြန်ကာ ဆက်ရမည်ဖြစ်သည်။ သို့မှ အပေါ်ပြန်တက်တာ ဖြစ်မည်။ သို့သော် ကားဆက်သောအခါ လွယ်ကူစေရန် ပြောင်းပြန်လှန်ဆက်ရမည့် အပိုင်းတွေကို သပ်သပ် ဖယ်ထားပြီးနောက်မှ ဆက်ရန် ဆုံးဖြတ်ထားခဲ့ပြီးကာမှ မေ့ကျန်ခဲ့လေပြီ။

ချက်ချင်း နှစ်ယောက်သား ၀ုန်းဆို အငှါးကားတစ်စီးကို တားပြီး ဖလင်ဘူးတွေ ထားတဲ့ ကားဆက်ခန်းကို ပြေးကြရသည်။ ဖလင်ဘူးတွေတင်ကာ ရုံဆီ အတင်းပြေးလာ။ ရုံရောက်တော့ နောက်တပွဲကို စပြချိန် ရောက်နေပြီ။ ပြစက်ခန်းထဲ အတင်းဝင်ပြီး ဖလင်ဘူးတွေ ဖွင့်ကာ မီးမှောင်မှောင်ကြား မျက်စိ အတင်းဖြဲကြည့်ကာ ကျန်နေခဲ့တဲ့ အပိုင်းတွေကို ၀ရုန်းသုန်းကား ဆက်ကြသည်။ ပထမတပိုင်းပြီးသည်နှင့် စပြရင်း ကျန်အပိုင်းတွေကို ဆက်နေဆဲ ပရိတ်သတ်ဆီက ရွီးကနဲ လက်ခေါက်မှုတ်ပြီး လက်ခုတ်တီးသံတွေ ကြားရတော့ တော်တော် အားတက်သွားပြီး ကျန်အပိုင်းတွေကို ဆက်ဆက်၊ ပြပြ ပြခဲ့ရသည်။

ချွေးတလုံးလုံးကြား အားလုံး ပြပြီးသွားမှသာ သက်ပြင်းချရသည်။ ထိုပွဲ ပြီးကတည်းက ပွဲတိုင်း ရုံပြည့်တော့သည်။ ရုံတင်ပြီး ငွေတွေ သွားထုတ်တော့ ငွေထုတ်ကြီးကိုယူ ကြွေးစာရင်းကို ယူကာ ကြွေးရှင်အားလုံးကို ဒဂုန်ဘားကို ကြွခဲ့ပါရန် ဖိတ်ခဲ့သည်။

ဒဂုန်ဘားရောက်တော့ ပထမဆုံး ဘားထဲ သောက်နေသူအားလုံး ယနေ့ည သောက်သမျှ သူတို့ပေးမည်’ ဟု အရင် ကြေညာလိုက်သည်။ ပီးတော့ စားပွဲပေါ် ငွေထုပ်ချကာ ပေးစရာရှိသူတွေကို တစ်ဦးချင်း စာရင်း ရှင်းပေးလိုက်သည်။ နောက်ဆုံး တယာက်တလှည့် ထုတ်သုံးခဲ့သည်များကိုတော့ နှစ်ဦးလုံး မမှတ်မိတော့။ ထို့ကြောင့် နောက်ဆုံးကျန်သော ငွေကို တစ်ယောက်တစ်ဝက် ခွဲယူလိုက်ကြသည် ဆို၏။

ထိုပထမဆုံး ငွေကြေးအရ အောင်မြင်မှုကြောင့် သူ့ပထမဆုံးကား ကတ္တီပါဘိနပ်စီးရွှေထီးဆောင်းခြေလှမ်းကို စလှမ်းနိုင်ခဲသည်ဟု ဆိုသည်။

            ခွန်နှစ်စဉ် အလွမ်းကားမှာလည်း ကျွန်တော် တသက် မေ့မရသော ရုပ်ရှင်တကား ဖြစ်ခဲ့သည်။ ၀တ္ထုဘ၀ကပင် စွဲလန်းနှစ်သက် ခဲ့ရပြီး ရုပ်ရှင်အဖြစ် ရိုက်ကူး ရုံတင်ချိန်တွင် ကျွန်တော့်မှာ တောတွင်းကာလ ခရီးကြမ်းများကို ဖြတ်သန်းနေရချိန် ဖြစ်သည်။ နောက်ဆုံး ကြည့်ခွင့် ရသည်ကလည်း မမေ့နိုင်စရာ။ တောထဲတွင် ပြသနာမျိုးစုံ နှိပ်စက်မှု ကြုံတွေ့ပြီး နောက်ဆုံး ကျွန်တော်တို့ ထွက်ပြေးကြသည်။ တရုတ်နယ်ထဲတွင် အင်မတန် ကြင်နာ သနားစိတ်ရှိသော တရုတ်ရဲများ ကျွန်တော်တို့ကို ဖမ်းခေါ်သွားကာ နောက်နေ့ ညကြီး လော်လီကားဖြင့် နယ်စပ်ရှိ မြန်မာစစ်တပ် လွယ်ဂျယ်စခန်းမှာ သွန်ချလိုက်သည်။ မြန်မာစစ်တပ်က ကျွန်တော်တို့ကို ထိပ်တုံးများနှင့် ကြိုဆို၏။ တော်တော် အခြေအတင်တွေ ပြောကြပြီးမှ မင်းတို့ကို အလင်းဝင် အဆင့် ပေးမည်ဆိုကာ ငြိမ်းချမ်းရေး အထိမ်းအမှတ် မြန့်မာ့ရုပ်မြင်သံကြား ပြမည်ဆိုကာ တီဗီကြီးထုတ်လာ၏။

မကြည့်ရတာ ကြာသည့်အထဲ တိုက်တိုက်ဆိုင်ဆိုင် အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့သော ခွန်နှစ်စဉ်အလွမ်း။ အကောင်းဆုံး ဆုရခဲ့စဉ်က ပုံရိပ်တချို့လည်း ကြည့်ခွင့်ရသည်။ ထိုဇာတ်ကားသည် တကယ်တော့ သမိုင်းတွင် နိုင်ငံရေး အကျဉ်းသား တစ်ယောက်ကို ထောင်မှ လွတ်မြောက်စေခဲ့သော ရုပ်ရှင် ဖြစ်ပါသည်။ ထိုဇာတ်ကား၏ ၀တ္ထုရေးဆရာ မင်းလူမှာ ထိုအချိန်က နာမည်ကျော်သော ဘာတွေဖြစ်ကုန်ကြပီလဲကဗျာမှ အင်မတန် ပြောင်မြောက်သော သရော်တော်တော် စာသားများကြောင့် အမျက်တော်ရှခံရကာ ကြံဖေါ်ကြံဖက် ပေဖူးလွှာ အယ်ဒီတာ ကိုမျိုးမြင့်ညိမ်းနှင့် အမှုတွဲပြီး ထောင် ၇ နှစ် စံမြန်းနေရချိန်ဖြစ်သည်။

ကျွန်တော် အထင်အရ ကိုရွှေဆင်ဆာအဖွဲ့ရော အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ဝင်များသည် ထိုအချက်ကို မေ့လျော့နေခဲ့၍သာ ဤကားကို ရွေးချယ်ရဲခဲ့သည်ဟု ဆိုချင်ပါသည်။ သို့ဖြင့် ထိုကားမှာ မင်သားဆု၊ ဒါရိုက်တာဆု၊ ဆုတွေ များစွာ ချိတ်ခဲ့သည်။ ဆုရပုဂ္ဂိုလ်အဖြစ် မင်း ပရိတ်သတ် စုံညီသော ပွဲအလယ် ကျေးဇူးတင် စကားပြောကြားချိန် မှာတော့စင်ပေါ်မှာက သူနှင့် မင်သားဆုရထားသည့် ဦးသုမောင်။

ဆု မရသော်လည်း ဇာတ်ကားတွင် ပါခဲ့သည့် ကိုရူပတို့ကလည်း ခမ်းမအလယ်မှာ။ ညီအကိုတွေ ပွဲဖြစ်နေချိန်။ ကျေးဇူးတင်စကား ပြောဘို့အလှည့် ကျချိန်ကျမှ သူက  တကယ်တော့ ဒီဇာတ်ကား ခုလို ဆုတွေတသီကြီး ဆွတ်ခူးနိုင်ခဲ့တာဟာ ၀တ္ထုရေးဆရာကြောင့်ပါ။ ဒါကြောင့် ဒီဝတ္ထုကို ရေးခဲ့ စာရေးဆရာကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ဆို ပြောလိုက်မှ အားလုံး ပြေးသတိရလိုက်ကြသည်။ ၀တ္ထုရေးဆရာ မင်းလူက ထောင်ထဲမှာ။ ဆုပေးပွဲမှာ ထိုင်နေသူက ထိုခေတ် လူငယ်များ နောက်တောက်တောက် ခေါ်လေ့ရှိသော မမညွန့် (ခေါ်) ဗိုလ်ခင်ညွန့်က ရှိနေချိန်။ တကယ်ပဲ ဂရုဏာရှိလို့ပဲလား အရှက်ပြေ ထန်းလျက်ရည်ပဲလားတော့ မသိ ကိုမင်းလူတစ်ယောာက် နေသားစေ့အောင် မနေလိုက်ရပဲ ထောင်မှ ပြန်လွတ်လာနိုင်ခဲ့ပါသည်။ တကယ်တော့ ထိုအဖြစ်အပျက်ကိုယ်တိုင်က ခွန်နှစ်စဉ်တန်း၍ လွမ်းစေခဲ့ သောအလွမ်းဇာတ် တပုဒ်ဖြစ်ခဲ့ပါသည်။

            သူ့စာများမှာတော့ မောင်စိန်သောင်း ၀တ္ထုတို စီးရီးကို စွဲလန်းခဲ့သည်။ ကျွန်တော် အင်းဝ ကျောင်းဆောင်သား ဘ၀ စာဖတ်ဝါသနာ တူကြသော သူငယ်ချင်းများ အားလုံးက ဦးဝဏ္ဏကို ကလောင်နာမည်ကို မခေါ် မောင်စိန်သောင်းဟုသာ ခေါ်ဝေါ် သုံးစွဲဖြစ်ခဲ့သည်အထိ ကျွန်တော်တို့ အပေါ် သူ့ဝတ္ထုများ လွမ်းမိုးခဲ့သည်။ ရုပ်ရှင်အဖြစ် ထွက်လာတော့ ဦးဦးဖျားဖျား ပြေးသွားကြည့်ခဲ့ရသည်။

ပထမဆုံး သိချင်သည်က ဒီဝတ္ထုတိုလေးတွေကို ဒီလူ ဘယ်လိုလုပ် ရုပ်ရှင်လုပ်မှာလဲ ဆိုတာ သိချင်စိတ် ဖြစ်သည်။ ချစ်သူမွေးနေ့မှာ လက်ဆောင် မပေးနိုင်လို့ လက်ဆောင်ဘူးလေးထဲမှာ တောင်းပန်သော စာလေး တစောင်ကို ထည့်၍ လက်ဆောင်အဖြစ် ပေးခဲ့သည်ကို စွဲနေသည်။ အင်မတန် ရိုးပြီး လှပသော စိတ်ကူးလေး ဖြစ်သည်။

ကျွန်တော် နောက်ဆုံး ဖတ်ဖြစ်ခဲ့သော သူ့အရေးအသားများမှာ ကိုတာ၏ ချင်းတွင်း မဂ္ဂဇင်း၌ ရေးသားနေဆဲ ငယ်စဉ်က ချင်းတွင်းမြစ်ကြောင်းကို ယောက္ခထီးဖြစ်သူနှင့် ဆန်တက်ခဲ့သော  ‘သူလို၊ ကိုယ်လို မောင်ဝဏ္ဏ’ ခရီးသွား အတွေ့အကြုံများ ဖြစ်ပါသည်။ ချင်းတွင်း မဂ္ဂဇင်း ရောက်လျှင် ပထမဆုံး မျက်နှာဖုံးပုံကို ကြည့်ဖြစ်သည်။ ဦး၏ သမီးဖြစ်သူ ၀ါနု နှင့် သားမက်တော် ပန်းချီထွန်းဝင်းအောင်တို့၏ contemporary art လက်ရာ ဓါတ်ပုံများကို ဖေါ်ပြနေသောကြောင့် ဖြစ်သည်။ ပြီးလျှင်တော့ သူ့ခရီးသွားအတွေ့ အကြုံကို ‘စဖတ်ဖြစ်ခဲသည်။ ၂၀၁၀ ခုနှစ် အလယ်ပိုင်းအထိ လစဉ် ရေးနေခဲ့ပြီး ရပ်သွားသည်။ နောက်ဆုံး ဆောင်းပါး၌ ခန္တီးမြို့ ကမ်းနားဆိပ်မှာ ၁၉၈၂ နှစ် လောက်က အသိကလည်းမရှိ ဘယ်တည်းရမှန်းမသိဘဲ ယောင်နနနှင့် အိပ်ယာလိပ်လေး ဖင်ခုထိုင်နေစဉ် လူတယောက်က လှည့်ကြည့် လှည့်ကြည့်လုပ်ကာ ခင်ဗျား ကိုဝဏ္ဏ မဟုတ်လား၊ ကျွန်တော်ခုပဲ ခင်ဗျား အင်တာဗျူးပါတဲ့ ပေဖူးလွှာ မဂ္ဂဇင်း ဖတ်လာတာဆိုကာ ၀မ်းသာအားရ အိမ်ခေါ် သွားသဖြင်တည်းခိုစရာ ရခဲ့ပုံတို့ကို လွမ်းဖွယ်ရာ ရေးထားတာ ဖတ်ရသည်။ ဤဆောင်ပါးမှာ နောက်ဆုံး ဖတ်ခဲ့ရသော သူ့အရေးအသား ဖြစ်ပါသည်။

နောက်ဆုံး ကြည့်ခဲ့ဘူးသော သူ့ရုပ်ရှင်မှာတော့ နာမည်ကျော် ဓါတ်ခဲ’ ဖြစ်ပါသည်။ ဓါတ်ခဲမှာ ကျွန်တော်တို့ကျောင်းသားဘ၀ မဂ္ဂဇင်းဝတ္ထု အဖြစ် ဖတ်ရပြီး ကတည်းက စွဲလန်းခဲသော ကျွန်တော်၏ ဟီးရိုးဖြစ်ပါသည်။ ကံအကြောင်း မလှစွာပင် ရုပ်ရှင်အဖြစ် အသက်သွင်း အောင်မြင်စွာ ရုံတင်ပြသတော့ ကျွန်တော့်မှာ နိုင်ငံတော်အစိုးရ အထူးဧည့်သည်တော် အနေဖြင့် နရသိန်မှာ ဇိမ်ယစ်နေရချိန် ဖြစ်သဖြင့် ကြည့်ချင် ဝေးဖြစ်ခဲ့ပါသည်။ လွတ်မြောက်လာပြီးနောက် ဓါတ်ခဲမှ ဇာတ်ကောင်တဦးဖြစ်သူ ကိုသူရအိမ် သောင်တင်နေချိန်မှာ အားပါးတရ ကြည့်ခွင့်ရခဲ့ပါသည်။ ကျွန်တော် ကြည့်လွန်းသောကြောင့် လန်ဒန်ပြောင်းလာပြီး ၂၀၀၇ လောက်က ကိုသူရက လူကြုံဖြင့် စီဒီဖြင့် ကူးပြီး ဓါတ်ခဲကို ဘိလပ်ရောက်အောင်ပို့ လိုက်သဖြင့် မကြာခဏ ကြည့်ဖြစ်ခဲ့ပါသည်။

ဓါတ်ခဲ ဇာတ်ကား၏ ထူးခြားမှုကတော့ လောကအခေါ် စူပါ မင်းသားပါမှ ရုပ်ရှင်ကား ဖြစ်သည်’ ဟု ယူဆကာ စူပါမင်းသားများကို လိုက်မ နေရချိန်မှာ စူပါတယောက်မှ မပါဘဲ ရဲရဲရင့်ရင့် စိန်ခေါ် ရိုက်ကူးလိုက်ခြင်း ဖြစ်ပါသည်။ နောက်ထူးခြားမှုက သုံးနှစ်ကျော် သရုပ်ဆောင်ခွင့် ပိတ်ထားခံရသည့် နိုင်ငံကျော် လူရွှင်တော် ဇာဂနာကို ဓါတ်ခဲ ဇာတ်ကားတွင် ဗေဒင်ဆရာ ဦးဖိုးဗျော့အဖြစ် ပရိတ်သတ် ပြန်တွေ့ရခြင်း။ ဓါတ်ခဲကို ကြည့်ပြီး တ၀ါးဝါး သဘောကျနေရသော်လည်း ဓါတ်ခဲဇာတ်ကားသည် မြို့မကျ၊ တောမကျ လက်လုပ်လက်စား ဘ၀ကိုသာ ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ စရိုက် ပီပြင်လွန်းသောကြောင့်သာ တ၀ါးဝါး ရီနေရခြင်း ဖြစ်သော်လည်း တကယ် ဇာတ်လမ်း အကြောင်းအရာများမှာ ရီစရာလုပ်လိုက်ရသော မောစရာများသာ ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ ပိတ်ကားထဲက ဖြဲထွက်ကာ ပြူးပြဲပြနေသော ဟာသကားဆိုပြီး ပိုက်ဆံ ရှာနေကြသော ရုပ်ရှင်များနှင့် များစွာ တန်ဘိုးချင်း ကွာခြားလှပါသည်။ တချို့ ဟာသတွေဆိုရင်   ဇာတ်ဆောင်တွေ ကိုယ်တိုင် သူတို့ ပြောခဲ့တာ ရီစရာ ပြောခဲ့တာမှန်း ရုံထဲမှာ ပရိတ်သတ်က တ၀ါးဝါးရီတော့မှ သိရသည်ဟု ဆိုပါသည်။

ကိုယ်ဝန်ဆောင် လှထုံ အဖြစ် သရုပ်ဆောင်သော ဆုပန်ထွာက သူများတွေတော့ ဘီတွဲ(B12) ပေးတယ်၊ ကျွန်မကျတောဘီစစ်(B6) ဆိုတော့၊ မတရားဘူး၊ မျက်နှာမြင်ရာ ဟင်းဖတ်ပါတယ်ဆိုတာ ဒါပေါ့ ဟု သူနာပြု ဆရာမကို ရန်တွေ့ခဲသည့် အခန်းတွင် ရုံထဲမှာ ပရိတ်သတ် တ၀ါးဝါးရီမှ သဘောပေါက်မှန်း ကိုယ်တိုင် အင်တာဗျူးခဲ့ပါသည်။

မြန်မာမင်းသမီးငယ်တိုသဘာဝ လှချင်သဖြင့် ဇာတ်ဝင်ခန်းများတွင် ရွှေ လက်ဝတ်လက်စား တချို့ကို ၀တ်သရုပ်ဆောင်သည်ကို ဒါရိုက်တာက ဘာမှမပြောဘဲ ကြည့်နေသည်ဟု ဆိုပါသည်။ ပြီးမှ မီးဖွါးစားရိတ်အတွက် အခက်တွေ့နေသော အခန်းတွင် ယောက်ျားလုပ်သူအား ၀တ်ထားသော နားကပ်လေးကို ကိုင်ပြပြီး ဒါလေးတွေသာ အစစ်ဖြစ်ရင် သိပ်ကောင်းမှာပဲနော်’ ဟု ညဉ်းပြောလေး ပြောလိုက်ခြင်းဖြင့် ပရိတ်သတ်က ပိုကရုဏာ ဖြစ်သွားစေပါသည်။ မင်းသမီးလည်း သူဝတ်ချင်တာလေးတွေ ၀တ်ရလို့ပျော်၊ ဇာတ်ကိုလည်း ပိုထိရောက်သွားစေသော ဤ စိတ်ကူးမျိုးများမှာ အင်မတန် သဘာရင့်သော ရုပ်ရှင်ဥာဏ် အမြင်ရှိသူများသာ ဖန်တီးနိုင်သော ကိစ္စ မျိုးဖြစ်ပါသည်။

ယခုတော့ သူ  ကျွန်တော်တို့ နေထိုင်သော လူ့ဘုံအတွက် ရုပ်ရှင် စာပေအနုပညာ အမွေတွေ ချန်ထားကာ အခြားဘုံသို့ ထွက်ခွါသွားခဲ့ပါသည်။ လူ့ဘုံတွင်းမှာ ဖြစ်သော်လည်း ပြည်ပဘုံသား ဖြစ်နေရသော ကျွန်တော့်မှာ ပြည်တွင်း ဘုံသားများကဲ့သို့ ဦးဝဏ္ဏ အသုဘကိုပင် လိုက်ပို့နိုင်ခြင်း မရှိတော့ဘဲ မိုးမခ မဂ္ဂဇင်း’ ပေါ်က ဓါတ်ပုံများကိုသာ ကြည်လျက် ဖြေသိမ့်ရင်း မိမိ၏ 'ကလောင်သီလ' နှင့် 'ကင်မရာသီလ' တို့ကို တသက်လုံး မကျိုးပေါက်စေရပဲ ပရိတ်သတ်အတွက် အကျိုးရှိစေမည့် အနုပညာလက်ရာ များကိုသာ ဖန်တီးသွားခဲ့သော ဦးဝဏ္ဏတစ်ယောက်  သုဂတိဘုံ တွင် သဘာဝကျနစွာ ရောက်ရှိနေလိမ့်မည်ဟု ယုံကြည်နေမိပါသည်။   

ပန်းချီထိန်လင်း