User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 Mandalay

ဘိလပ်ရောက် ဘိုဆရာရေ…

 

ကျွန်တော်မန္တလေးကပါဆိုခဲ့ရင် နိုင်ငံခြားတိုင်းပြည်က လူတွေကတောင် သိကြပါရဲ့ဆိုတာ လူထုတိုက်ထုတ် ရွှေကိုင်းသားရဲ့ မန္တလေးအနှစ် ၁၀၀ပြည့် စာအုပ် အမှာစာမှာ ခင်ဗျားအဘိုးဖြစ်တဲ့ ဦးလှကိုယ်တိုင်က ရေးခဲ့ဖူးတယ်မဟုတ်လား။ မန္တလေးသို့သွားရာလမ်း သီချင်းကတော့ တစိတ်တပိုင်းပေါ့ ခင်ဗျာ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တစ်ခု ရောက်တိုင်း မြန်မာကပါဆိုလိုက်ရင် မန္တလေးကိုသိတယ် ၊ ရောက်ဖူးတယ်လို့ ပြောတဲ့လူတွေ ဒီနေ့ထက်ထိ ရှိနေ၊ တွေ့နေကြရတာပဲ မဟုတ်ပါလား။ ကောင်းသောသိခြင်းနဲ့ သိကြတာမို့လည်း ပိုလို့ဝမ်းသာစရာ ကောင်းပါရဲ့။

 

အခုပြောချင်တာက မန္တလေးအနှစ် ၁၅၀ ပြည့်နဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ ပိုပြီးတော့ တိတိပပ ဆိုရရင်ဖြင့် မန္တလေးအနှစ် ၁၅၀ ပြည့် မဂ္ဂဇင်းအကြောင်းပဲ ဆိုပါတော့။ မန္တလေးသားတစ်ယောက်နဲ့အနေနဲ့ရော၊ မြန်မာစာပေကို လက်လှမ်းမီသူတစ်ယောက်အနေနဲ့ပါ မန်းရာပြည့်မဂ္ဂဇင်းကို ခင်ဗျားလည်း ဖတ်ဖူး၊ တွေ့ဖူး၊ မြင်ဖူးခဲ့မယ်ထင်ပါတယ်။ ဘယ်လောက်ကောင်းခဲ့တယ်၊ ဘယ်လိုသမိုင်းတွင်ခဲ့သလဲဆိုတာ အကျယ်ချဲ့မပြောလိုတော့ဘူး။ ဒီနေ့ဒီအချိန်အထိ ရွှေကိုင်းသားရဲ့ မန္တလေး အနှစ် ၁၀၀ ပြည့်စာအုပ်ရယ်၊ နောက်တော့ မန်းရာပြည့်မဂ္ဂဇင်းရယ်လောက် မန္တလေးအကြောင်းစုံကို မြန်မာလိုရေးထားတဲ့ စာအုပ်ကောင်းကောင်းသိပ်ပြီးမှတော့ မတွေ့၊ မမြင်မိပါဘူးလို့ ကျွန်တော်ကဆိုရင် ခင်ဗျားဘက်က လက်သင့်ခံမယ်ထင်ရဲ့။

 

မန္တလေးအနှစ် ၁၅၀ ပြည့်ပွဲနဲ့ပတ်သက်လို့ ဖျော်ဖြေပွဲတွေကို အားသွန်ခွန်စိုက်လုပ်နေကြတော့ မန်းရာပြည့်တုန်းကလည်း လုပ်ကြတာပဲ။ အခုလည်း လုပ်ကြမှာပေါ့လို့ပဲ သဘောထားခဲ့တယ်။ ဖျော်ဖြေပွဲဆိုတာမျိုးက လုပ်ပြီးရင် ပျောက်ဆုံးသွားတတ်တယ်ဆိုတာတော့ မပြောဖြစ်ခဲ့ဘူး။ မန္တလေးရဲ့ အသက်၊ မန္တလေးရဲ့ ၀ိညာဉ် ဆိုတာနဲ့ မန္တလေး ဘာဆိုတာကို ခုခေတ်လူတွေ၊ နှောင်းလူတွေ သိဖို့ရယ်ဆိုတာက စာပေကတစ်ဆင့်ပဲ ဖော်ထုတ်နိုင်ကြမယ်။ စာတမ်းဖတ်ပွဲလုပ်တာတွေ၊ စာအုပ်ထုတ်တာတွေရယ်ကပဲ ဖော်ကျူးနိုင်မယ်မဟုတ်ပါလား။ အဲ့လိုအချိန်မှာပဲ မန္တလေးအနှစ် ၁၅၀ ပြည့်လုပ်ကြရာမှာ ဖျော်ဖြေမှုတွေများနေတယ်။ မန္တလေးဝိညာဉ်ပျောက်ဆုံးနေတယ်ဆိုတာတွေကို လူထုစိန်ဝင်းက ဆောင်းပါးရေးလာတော့ ကျွန်တော်တို့လို လူတွေက ဘာပြောနေစရာ လိုတော့မှာလဲဗျာ။

 

မန်းရာပြည့်ခဲ့တုန်းက စာအုပ်တွေထွက်ခဲ့တယ်။ ရုပ်ရှင်ထွက်တယ်။ မဂ္ဂဇင်းလည်းထွက်ခဲ့တယ်။ မမီလိုက်ပေမယ့် ခုနေပြန်တွေးကြည့် အတော့်ကို မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ကြမှာပါပဲ။ အခုချိန် မန္တလေးအနှစ် ၁၅၀ပြည့်ခဲ့ပြီ။ ရုပ်ရှင်တွေဘာတွေ ထွက်လာတယ်တော့ မကြားမိဘူး။စာအုပ် အတော်ပဲ ရှားကလား။ ဒေါက်တာတင်မောင်ကြည်ထွက်လာတယ်။ ရတနာပုံဘိုးမှတ်စု ပြန်ထွက်လာတယ်။ စစ်ကဲ မင်းထင်ရာဇာရဲ့ မန္တလေး ရတနာပုံ မဟာရာဇ၀င်တော်ကြီး ပြန်ထွက်တယ်။ မြသန်းတင့်ရဲ့ တောင်သမန်ရွှေအင်း ပြန်ထွက်လာတယ်။ တင်နိုင်တိုး ထွက်လာတယ်။ အသစ်ထွက်တာဆိုလို့ ဒေါက်တာတင်မောင်ကြည်နဲ့ တင်နိုင်တိုးပဲ တွေ့မိလိုက်သလားလို့။ အဲ့ဒီနှစ်အုပ်ကလည်း အဟောင်းသံသရာလည်၊ ပြောင်းရန်မရှိ အကြောင်းများကိုသာ အကျော့ထပ် ပြန်ရေးခဲ့တဲ့ စာအုပ်တွေပဲ မဟုတ်လား။ ကျန်တာတွေကတော့ မန်းရာပြည့်ခဲ့စဉ်ကထွက်ခဲ့တဲ့ စာအုပ်တွေကို ပြန်ထုတ်ခဲ့တဲ့ စာအုပ်တွေပဲ။ ဒါတောင် လမ်းသစ်စာအုပ်တိုက်က လုပ်ပေရှာလို့။ တစ်ခုတော့ လိုနေပြန်ပါရော။ မဂ္ဂဇင်း။ မန်းရာပြည့်မဂ္ဂဇင်းလို မန်း ၁၅၀ ပြည့်မဂ္ဂဇင်း။ ရန်ကုန် မန္တလေးအသင်းက လုပ်နေတယ်လို့ သဲ့သဲ့ကြားထားတော့ ဆိတ်ဆိတ်နေလိုက်တယ်။

 

ဒီလို ဒီလိုနဲ့ မန္တလေး ၁၅၀ အချိန်ကို ကျော်လာခဲ့တယ်။ ပွဲမစခင်က အသံအတော်ကျယ်ခဲ့ပေမယ့် စတော့လည်း ဒေသဆိုင်ရာ အထိမ်းအမှတ်ပွဲသာသာရယ်။ ဘာမှ ဆန်းကျယ်တာတွေ မတွေ့မိ။ တရုတ်၊ ဂျပန်၊ ယိုးဒယား ဖိနပ်ရောရာ စီးထားတဲ့ ရဲမက်တွေနဲ့ လူအင်အား ၆၀၀လောက်သုံးထားတဲ့ ထွက်တော်မူခန်းတွေက မလုပ်ခင်ကတော့ ကျန်ရိမူရဲ့ အိုလံပစ်ဖွင့်ပွဲကြီးလို အံ့မခန်းဖြစ်တော့ မလိုလိုနဲ့ လုပ်ခဲ့ကြတော့လည်း အားရလောက်စရာမရှိ။ အဲတာတွေမြင်တော့ ပြုံးမိတယ်။ တွေးမိတယ်။ အသံသာ မြည်ဖောက်တဲ့ သင်္ကြန်အမြောက် ပမာလေလား။ ရှိပါစေတော့လေ။

 

မေလ ကိုရောက်လာတဲ့အခါမှာတော့ မျှော်တော်မူနေတဲ့ မန္တလေးနှစ် ၁၅၀ ပြည့်မဂ္ဂဇင်း ပေါ်လာရဲ့။ မှန်တာပြောရရင် မေ့လို့တောင်နေတဲ့ အချိန်မှာ ထွက်လာခဲ့တာပါ။ တန်ဖိုးက ၇၀၀၀ တဲ့။ မန်းရာပြည့်မဂ္ဂဇင်းကို သံယောဇဉ်ရှိထားပြီး ဖြစ်တာမို့ သိပ်မစဉ်းစားပဲ ၀ယ်လိုက်တယ်ဆိုပါတော့။ ၀ယ်စဉ်ကတည်းက အမှားတွေတော့ ပါလိမ့်မယ်။ သို့ပေမယ့် မုဒိတာထား ဖတ်ရတာပေါ့ဆိုတဲ့ စိတ်နဲ့ ၀ယ်လိုက်တာဖြစ်ပါတယ်။ စာမျက်နှာက ၇၀၀ နီးပါး။ အတော်လည်း ထူပါရဲ့။

 

အဲဒီမှာ ပြဿနာက စတော့တာပဲ။ မုဒိတာ ထားချင်ပေမယ့် ထားလို့မရတာနဲ့ စတွေ့ပါတယ်။ မျက်နှာဖုံးက စမှားပါတယ်။ ရတနာပုံ မန္တလေးကို နန်းတည်ရာမှာ နေရာခုနှစ်ခုကို တပြိုင်နက်တည်း ပန္နက်ချခဲ့ပါတယ်။ အဲ့ဒီခုနှစ်နေရာကို သတ္တဌာနလို့ သိခဲ့ကြတယ်မဟုတ်လား။ မန္တလေးနှစ် ၁၅၀ ပြည့်မဂ္ဂဇင်းမှာတော့ သတ္တဌာနကို ရည်ညွှန်းပုံရတဲ့သဘောနဲ့ ဖော်ညွှန်းခဲ့တယ်။ ရွှေသိမ်တော်၊ မဟာလောကမာရဇိန်၊ မဟာအတုလဝေယံ၊ ကျုံးတော်၊ ပိဋကတ်တိုက်၊ရွှေမြို့တော်၊ သုဓမ္မာဇရပ် ဒီခုနှစ်နေရာကို ပြဆိုတဲ့ သတ်ပုံတွေမှာ မှားနေပါရောလားဗျာ။ မဟာလောကမာရဇိန်ကို မဟာလောကမရဇိန်၊ မဟာအတုလဝေယံကို မဟာအတုလဝေယန်၊ ပိဋကတ်တိုက်ကို ပဋိကတ်တိုက်၊ သုဓမ္မာဇရပ်ကို သုဓမ္မဇရပ်။ ဒါတွေဟာ မမှားသင့်တဲ့ အမှားတွေ။ မဟာဗောဓိမြိုင်ဆရာတော်ရဲ့ စကားအရဆို နမောတဿက စမှားနေတဲ့ ကျမ်းစာဟာ ဆက်ဖတ်စရာနေစရာ မလိုတော့ဘူးတဲ့ ။ မျက်နှာဖုံးက စာမှားနေတဲ့ မဂ္ဂဇင်းကိုရော ဆက်ဖတ်သင့်လား။ကျွန်တော်ကတော့ ဆက်ဖတ်ခဲ့ပါတယ်။

 

မထွေးလေးကဟန်နဲ့ ထွက်ခဲ့တဲ့မန်းရာပြည့်မှာ မျက်နှာဖုံးဖွင့်ဆိုချက်ပါခဲ့တာ သတိရမယ်ထင်တယ်။ အခု ဒီမဂ္ဂဇင်းမှာတော့ မျက်နှာဖုံးဖွင့်ဆိုချက်ပါမလာပါဘူး။ ကျန်ခဲ့တာလား ထည့်စရာမလိုဘူးလို့ သတ်မှတ်ခဲ့သလား။ ကျွန်တော် မသိပါဘူး။ မန္တလေးရဲ့ သတ္တဌာနကို ဒီနေ့ ဒီအချိန်မှာ လူတိုင်းသိကြလိမ့်မယ်လို့တော့ မထင်မိတာမို့ ထည့်ပေးသင့်ရဲ့ မထည့်ပေးခဲ့တာဟာလည်း အရုပ်ဆိုးတဲ့ စီစဉ်မှုလို့ပဲ ယူဆရမယ်ထင်ပါတယ်။

 

ခွဲထားတဲ့ခေါင်းစဉ်တွေအရ ဆက်ဖတ်လိုက်ရင် အသစ်ရေးကြတယ်ဆိုတာထက် မန်းရာပြည့်မဂ္ဂဇင်းမှာ ပါခဲ့ဖူုး၊ ဖော်ပြဖူးတဲ့အကြောင်းအရာတွေကိုပဲ ၏ ၊ သည် ပြောင်း လို့ ရေးထားတဲ့ (ခေတ်စကားအရဆို ပလာတာဖုတ်တယ်လို့ ခေါ်မလား) ဆောင်းပါးတွေက ခပ်များများရယ်ပါ။ ပိုဆိုးတာက ဖော်ပြခဲ့တဲ့ အချို့ဆောင်းပါးတွေဟာ ထုတ်ဝေပြီးဖြစ်တဲ့မဂ္ဂဇင်းတချို့မှာ ပုံနှိပ်ဖော်ပြထားခဲ့ပြီး ဆောင်းပါးတွေ ဖြစ်နေခဲ့တာပါပဲ။ ဘယ်မဂ္ဂဇင်းမှာ ဖော်ပြထားခဲ့ပြီး ဖြစ်တယ်ဆိုကို အောက်က မှတ်ချက်ထည့်မပေးခဲ့တာကလည်း အတော်ဆိုးတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ထည့်ပေးစရာ မလိုဘူးလို့များ ထင်ခဲ့လေသလား။

 

အမှားတွေ ဆက်တိုက်တွေ့ခဲ့ပေမယ့် ကျွန်တော် ထပ်မပြောလိုတော့ပါဘူး။ မျက်နှာဖုံးကပင် စမှားခဲ့တယ် မဟုတ်ပေလား။ စာအုပ်ဆုံးသွားတဲ့အခါ မန္တလေး ၁၀၀နဲ့ မန္တလေး ၁၅၀ အကြား အနှစ် ၅၀ မှာ မန္တလေးနဲ့ပတ်သက်ပြီး မှတ်သားလောက်စရာ ၊ ပြောစမှတ်တွင်စရာတွေ သိပ်များများစားစား မရှိတော့ဘူးလားလို့ ထင်စရာပါပဲ။ အမှန်တကယ်ကိုပဲ အဲလိုဖြစ်နေခဲ့သလား။ ထူပြီး မထူးတဲ့ မဂ္ဂဇင်းဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ မန္တလေးစာပေ အမှန်တကယ်ကိုပဲ နိမ့်ပါးသွားခဲ့လေသလား။ မန်းရာပြည့်မဂ္ဂဇင်းကိုတော့ လုံးဝမမီခဲ့တာတော့ သေချာပါတယ်။ သမိုင်းဝင်မလားဆိုတာကိုတော့ နှောင်းလူတွေ ဆုံးဖြတ်ကြတော့မပေါ့။ မန်းရာပြည့်မဂ္ဂဇင်းလို ဖြစ်စေချင်ခဲ့တဲ့ မဂ္ဂဇင်းဖြစ်မလာခဲ့တာကိုတော့ စိတ်မကောင်းမိတာအမှန်ပါ။

 

တလောက ဗိုလ်အောင်သင်းနဲ့ စကားစပ်မိတော့ မန္တလေးအကြောင်းပြောကြဆိုကြရင်း သူပြောတဲ့ မှတ်ချက်က စိတ်မကောင်းစရာပါပဲ။ မန္တလေးကလူတွေဟာ မန္တလေးကျုံးကိုခြေကန်ပြီး မန္တလေး မန္တလေး လို့ အော်နေရုံက လွဲလို့ ဘာမှ လုပ်မပြတတ်ကြတော့ပါဘူးတဲ့။ သူကတော့ မန္တလေးကို အစဉ်အဆက် ဝေဖန်ခဲ့သူမို့ သူ့ဆိုစကားကို ကျွန်တော်ကတော့ အပြည့်အ၀ လက်မခံချင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် မန္တလေးသားစာရေးဆရာတွေရေးတဲ့ မန္တလေးစာတွေကို ခုချိန်မှာ လုံးလုံးမဖတ်တော့ပါဘူးလို့ ဆိုတဲ့ လူထုစိန်ဝင်းရဲ့စကားကိုတော့ အလေးထားရပါတယ်။ မန္တလေးသားစာရေးဆရာတွေဟာ စာတွေကို အရှည်ကြီးရေးကြတယ်။ စာဆုံးသွားတဲ့အခါ ဘာအနှစ်သာရမှ ကျန်ခဲ့တာ မတွေ့ရဘူးဆိုတဲ့ စကားဖြစ်ပါတယ်။

 

ဟိုးတုန်းက ရန်ကုန်အကြွား မန္တလေးစကားလို့ ဆိုခဲ့ကြဖူးတယ်မဟုတ်လား။ မန္တလေးသားတွေ စာရေးကြ၊ စကားပြောကြတာ ကြွယ်ဝကြလွန်းလို့ပါ။ အခုချိန်မှာတော့ မန္တလေးအကြွားဆိုတာကြီး ဖြစ်လာခဲ့သလားလို့။ ဒါတောင် ပဒေသရာဇ်အယူစနစ်တွေအောက်က ရုန်းမထွက်နိုင်သေးတဲ့ မန္တလေးအကြောင်းမေ့ထားပေလို့သာပေါ့။

 

ဘိုဆရာရေ။ မြန်မာပြည်ကို ချစ်သလို မန္တလေးကိုလည်း ချစ်ပါတယ်။ မန္တလေးအကြောင်းကို မန္တလေးသားတွေပြောနေကြသလို အမွှမ်းတင်ချင်ပါတယ်။ မန္တလေးသားမဟုတ်ပေမယ့် မန္တလေးအကြောင်း ဂုဏ်ယူချင်ပါတယ်။သို့ပေမယ့်ပေါ့ခင်ဗျာ……သမိုင်းသမားတစ်ယောက်ဖြစ်တဲ့အပြင် မဂ္ဂဇင်းလုပ်ခဲ့ဖူးတဲ့ ခင်ဗျားအတွက် အမှတ်တရ မဂ္ဂဇင်းတစ်အုပ်ရဲ့ အရေးပါမှုနဲ့ လေးနက်မှုတွေကို ကျွန်တော်ထက် ပိုသိမယ်လို့ ယုံကြည်ပါတယ်ဆိုတာကိုပြောရင်း ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ချင်ပါတယ်။

 

တောကျောင်းဆရာ

 

(တောကျောင်းဆရာ၏ စာဟောင်းတပုဒ်)