User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


Moe Hein

 

မြန်မာ့လွတ်လပ်ရေး၊ စာနယ်ဇင်းနှင့်စာပေသမိုင်းတွင် တိုင်းပြည်ပြုမောင်နှံအဖြစ် များစွာကျေးဇူးပြုခဲ့သော ဂျာနယ်ကျော်ဦးချစ်မောင်-ဒေါ်မမလေးတို့ရင်သွေးများသည် စာပေအနုပညာတွင် မိဘခြေရာနင်းရုံမက ပညာရေးနှင့် ပရဟိတဘက်တွင်ပါ  ပြည်သူ့အတွက် စိုက်လိုက်မတ်တတ် ရွက်ဆောင်ပါပေသည်ဟု ကွယ်လွန်သူ ဆရာမိုးဟိန်းက ဥဒါန်းကျူးသကဲ့သို့ ရှိပါသည်။ ဝေဒနာကို အန်တုရင်း နောက်ဆုံးအချိန်ထိ စာပေနှင့် ပရဟိတကို ဇွဲကြီးခဲ၍ အားထုတ်သွားသည့် ဆရာမိုးဟိန်း၏ နောက်ဆုံးစာမျက်နှာများက တိုင်းပြည်နှင့်လူထုအတွက် မစွန့်ပဲ (စွန့်ဟန်ပြ၍) စားချင်နေသည့် မြန်မာပညာတတ်ကြေးရည်တတ်အလွှာကို သင်္ခန်းစာကြီးကြီးပြဆိုနေတော့သည်။  ချစ်မြတ်နိုးရာ တိုင်းပြည်၏ ကြမ္မာငင်နေသည့် ဆင်းရဲနွမ်းပါးလူထုကြီးနှင့် ယုံကြည်သက်ဝင်ရာ ဘာသာတရားအပေါ် အယူမရှိ အပေးချည်းသက်သက် ပေးဆပ်သွားသော ဆရာ့စေတနာကုသိုလ်က လူငယ်မျိုးဆက်အဆက်ဆက်အတွက် စံနမူကောင်းကြီး ဖြစ်ပါစေသတည်း။  

 

သူလိုလူ ကို ဦးချလျက်

(ကောင်းကင် အယ်ဒီတာအဖွဲ့)

 

အသက်ကလေးရယ်တဲ့ တိုသထက်တို၊

သြော်ဘယ်လို “ ပြို ရပါ့။

အတ္တကိုဖြို၊ ပရမှာပို၊ မြတ်ဘုန်းမို အလိုကျ။

 

ဘာလိုလိုနှင့် အသက်(၆၅) နှစ်ထဲ ဝင်လာပါကောလား။သည် အရွယ်မှာပဲ အမေဆုံးခဲ့ပါ့။ ဗုဒ္ဓဘာသာဝင်တို့အဆို ယေဘုယျ လူ့သက်တမ်း မှာ (၇၅)နှစ်ဖြစ်သည်။အကယ်၍ ကံကလည်း မငြိမ်း၊ လူကလည်းထိန်းမည်ဆိုလျှင်၊(၁၀)နှစ်ကြီးများတောင် ကျန်ပါသေး။

 

(၁၀)နှစ် နေရဦးမယ် ထားပါ။ရှေ့ဘယ်လိုဆက်သွားမလဲ ဟု ကျွန်တော်ကိုယ် ကျွန်တော် မေးခဲ့ပါသည်။ယခု ကိုယ်တိုင်ဘဝ ဆည်းဆာဖြတ်သန်းနေပြီမို့ ဘယ်လိုရပ်တည်ပြီး အဆုံးသတ်မည်နည်း။အချိန်မရှိလှတော့ပါ။

 

ရှေ့ဆယ်နှစ်အတွက် မျှော်မှန်းချက်ကိုမရေးခင် နှောင်းကာလ ဆယ်နှစ်ကဖြစ်ရပ်တွေကို ဆက်စပ်ပြီး ကျွန်တော် ပြန်ပြောင်းပြောပြချင်ပါသည်။၁၉၉၉ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်၊ သီတင်းကျွတ်လပြည့်နေ့ နံနက်ဝေလီဝေလင်း ရွှေတိဂုံစေတီတော်ရှိ နောင်တော်ကြီးလှေကားအနီးက စေတီလေးတဆူရှေ့တွင် ကျွန်တော်ဘဝ တဆစ်ချိုးခဲ့ပါသည်။

 

အသက်(၅၅)နှစ်ပြည့်တဲ့အခါ အလုပ်ကထွက်မယ် ဟု မန္တလေးတောင်ပေါ်တွင် သုံးနှစ်ကြို၍ မိသားစုကိုပြောခဲ့သောစကားကို ဘုရားရှင်ရှေ့မှောက်မှာ အကောင်ထည်ဖေါ်ရန် ယူလာသည့် ထွက်စာလျှောက်လွှာကို လက်မှတ်ထိုးလိုက်ပါသည်။နောက်ငါးနှစ် အေးအေးဆေးဆေးလုပ်နိုင်ပါသေး။ ဒေါ်လာမိုးခံသွားရုံပါ။သို့ပေမဲ့ ရပ်ချိန်တန်ပြီ။ဘဝကို လောကီအတွက်ဘဲ မဖြစ်စေသင့်ဘူး။လောကုတ္တရာဘက် လှည့်အုံး ဟုကိုယ့်ကိုယ်ကိုယ်ဆုံးမရင်း နှစ်ပေါင်းများစွာ လုပ်လာသည့်သံရုံးမှ ကိုယ်သဘောနှင့် ကိုယ်ထွက်ခဲ့ပါ့။ “ကိုင်း …ဖောင်တော့ဖျက်ခဲ့ပြီ။ဘာဆက်လုပ်မလဲ

 

ရုံးကထွက်ခဲ့ပေမယ့် လောကုတ္တရာနယ်မြေကို ကျွန်တော် ရောက်မသွားပါ။စီးပွားရေးလဲမလုပ်၊လုပ်မိသည်ကတော့ ကလောင် ပြန်သွေးခြင်း၊ ရုံးကထွက်ခါနီး ကြာမြင့်စွာအောင်းနေသည့် စာပိုးက တရှိန်ထိုး နိုးထလာသည်မို့ ကလောင်အဖျားမှာ ကဗျာမိုးပေါက်လေးများ တဖြောက်ဖြောက်ရွာလေရဲ့။ အရှိန်ရသည်နှင့် ဆောင်းပါးအသွင်ဖြင့်စီးဆင်းသွားပါသေး။ကျွန်တော် အရင်ကစာရေးဖူးပါသည်။သို့ပေမဲ့ တခါနှင့်တခါ ခြားလွန်းအားကြီး။ရုံးကထွက်လိုက်မှ တကိုယ်တော် လွတ်လပ်ရေး ရလိုက်သလို စာလွင်ပြင်တွင် “မိုးဟိန်း(သား-ဂျာနယ်ကျော်) ” ‘သင့် အမည်နှင့် ငုတ်တိုင်လေးများ စိုက်ခွင့်ရလိုက်ပါ့။ အဆက်ပြတ်နေသည့် စာရေအလျဉ်ကို သွယ်တန်းမိပါပြီ။

 

မြန်မာ-အင်္ဂလိပ် ဘာသာများနှင့် ကဗျာ၊ဆောင်းပါး၊ဘာသာပြန်များရေးခဲ့ရာ ယခု ပုံနှိပ်စာအုပ်အနေ ဖြင့် (၇) အုပ်ထွက်ခဲ့ပြီးပါပြီ။ နောက်ထပ် ထွက်ရန် (၆) အုပ် အဆင်သင့်။စာလွင်ပြင် လျှောက်နေရင်း အခါအားလျော်စွာ စာပေဟောပြောပွဲစင်တွေပေါ် တက်ခဲ့ရသေး။မကြာခင်က ပြည်ပသို့ပင် စာပေခရီး နှင်ခဲ့ရပါ့။

 

သားသမီးတို့၏ ဝတ္တရားငါးပါး အနက် မွေခံထိုက်စေ ဝတ္တရားကို စာပေဖြင့် ဖြည့်ဆည်းခွင့်ရလိုက်ပါ၏။ ကျွန်တော် အတိုင်းထက်အလွန် ဂုဏ်ယူဝမ်းမြောက်ပါဘိ။သို့ပေမဲ့ ကျွန်တော့်ဘဝတစ်ဆစ်ချိုးသည် စာလွင်ပြင်ဆီကိုသာ ရှေ့ရှုထားလေသလော။ ကျွန်တော် ဤသို့မထင်။

 

ရုံးကထွက်ပြီး ကလောင်ကိုင်ရင်းက တခြားလုပ်စရာများပေါ်လာပါသေး။စာပြခြင်းအလုပ်ပါ။ အထူးသဖြင့် ကျွန်တော်ကျောင်းသားတွေကို အင်္ဂလိပ်စာပြပါသည်။ဟိုး ယခင်ကလဲ အင်္ဂလိပ်စာ ပြခဲ့ဘူး။ ယခုအခါ ကမ္ဘာရွာတွင် ဥာဏ်အလင်းခေတ်ကြီး ထိန်ထိန်ညီးနေပြီမို့ လူငယ်တွေအင်္ဂလိပ်စာကို အလုအယက်လေ့လာနေကြပေါ့။တစ်ဖက်တလမ်းက အကူညီလိုသည်မို့ ရသည့်အချိန်များတွင် အင်္ဂလိပ်စာ ပညာဒါနပို့ချခဲ့ပါသည်။ ပို့ချနေဆဲပါ။

 

“တနေ့ တခြား ကမ္ဘာမှာ ပြန့်ပွားနေတဲ့ မြတ်ဗုဒ္ဓသာသနာကို ပိုပြီးပြန့်ပွားနိုင်အောင် သံဃာတော်တွေကို အင်္ဂလိပ်စာနဲ့ အလုပ်ကျွေးပြုရရင်ကောင်းမယ် ” ဟုဆန္ဒဖြစ်မိသေး။ မည်သူမှ မတိုက်တွန်းရ၊ မည်သူမှမဖိတ်ခေါ်ဘဲ၊ အင်္ဂလိပ်စာပြလိုကြောင်း ကျွန်တော်လျှောက် လွှာတစောင်ရေးပြီး ၂၀၀၂ ခုနှစ်အဆုံးတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဆီလိပ်မူပြီးပို့လိုက်ပါ့။သာသနာ့ အလုပ်ကျွေးအဖြစ် လုံးဝလစာမယူဘဲ စေတနာသက်သက်ဖြင့် နေ့ည အချိန်ခွဲကာ လေးနှစ်ကျော်စာပြပြီး ဘာသာပြန်အလုပ်များ ပြုလုပ်ခဲ့ပါသည်။ ”လောကုတ္ထရာ ဘက်လှည့်အုံး ဟု ပထမတဆစ်ချိုးခဲ့စဉ်က အဓိဋ္ဌာန်ကို တစ်ပိုင်းတစ်စမျှ အကောင်ထည်ဖော်ရုံပါ။အကျိုးဆက်အားဖြင့် ဘာသာရေးနှင့် ပတ်သက်သောဟောပြောပွဲများ ဟောပြောခဲ့ရသလို ၂၀၀၄ ခုနှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလ များတွင် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ကျင်းပသည့် ဘာသာရေးညီလာခံကြီးနှစ်ခုသို့ ပရိယတ္တိတက္ကသိုလ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရပါသေး။

 

စဉ်စားလိုက်ပါလျှင် ကျွန်တော် ဘဝတစ်ဆစ်ချိုးသည် ကျဉ်းမြောင်းသော ရိုးချောင်းလေးမှ အဆမနှိုင်းသာအောင် ကျယ်ဝန်းသည့် ပင်လယ်ဆီသို့ ကံကရှေ့ရှုပို့လိုက်ခြင်းပါ။သို့ပေမဲ့ စာပေ၊ပညာ၊သာသနာ့ကိစ္စများ ဆောင်ရွက်ရင်း ”ဒုတိယ တစ်ဆစ်ချိုး ကိုလှမ်းမြင်လိုက်ပါပြီ။

 

ကျွန်တော် ဦးနှောက်နှင့် နှလုံးသားကို အစဉ်ကိုင်လှုပ်ခဲ့သည့်မြင်ကွင်းများရှိပါ့။ မိမဲ့ဖမဲ့နှင့်ခလေးများ ၊သူတို့လေးတွေ၏ ချို့ချို့တဲ့တဲ့ ဘဝကိုတွေ့တိုင်း ရင်ထဲတွင်လှိုင်းထမိ။ ငယ်စဉ်ကဆို သူတို့ကိုမြင်လျှင် ကိုယ်စားနေသည့် အစာမျိုမကျ၊ ဝတ်ထားသည့် အဝတ်ကပင် ကျပ်လာသလိုလို။ ငယ်စဉ်က သနားရုံမျှဖြစ်ပြီး ကိုယ်တတ်နိုင်သလောက် လှူတန်းပေးကမ်း၊ ဒိထက်မပို။ ကြီးလာတော့ ခံစားချက်ထက် တွေးတောမှုတွေက ပိုလာသည်။ကိုယ့်သားသမီးနှင့် ဆွေမျိုးလူငယ်တွေက ပညာကောင်းကောင်းသင်ပြီး အလုပ်ဟန်ကျသွားသည်ကို ကျွန်တော်ဝမ်းသာကြည်နူးရသလောက်  သူတို့လေးတွေ အဖြစ်ကို မြင်တိုင်း ရင်ထဲမှ ဟာမိ မောမိပါ၏။ ” ဘာလုပ်ပေးနိုင်သလဲ – ဘာလုပ်ချင်သလဲ မေးခွန်းများ ရှည်လျားလာပါတော့သည်။

 

မိဘမဲ့တွေ နွမ်းပါးကလေးတွေကို လှူတန်းပေးကမ်းရုံမဟုတ် ဘဝထူထောင်နိုင်အောင် ကိုယ့်ဘဝကို မပေးဆပ်နိုင်ဘူးလားဟု ကိုယ့်ကိုကိုယ်မေးမိ၊ မေးသင့်သည်။ “ပံ့ပိုးမှုကောင်းကောင်းနှင့် ကံဥာဏ်ဝီရိယလိုက်လို့ ပညာရည်ချွန်တွေပေါ်ခဲ့သလို သူတို့လေးတွေထဲကကော ပံ့ပိုးမှုနှင့်ကြိုးစားမှုကောင်းရင် ပညာလူရည်ချွန်လေးတွေ မဖြစ်နိုင်ဘူးလား မုချဖြစ်နိုင်ပါသည်။ ကမ္ဘာ့သမိုင်းကိုကြည့်ပါ။ ဆင်းရဲနွမ်းပါးနိမ့်ကျသည့် ဘဝမှ အထက်သို့ အဆင့်ဆင့်တက်လှမ်းနိုင်ခဲ့သူ နိုင်ငံ့ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ လူမှုအကျိုးဆောင်ပုဂ္ဂိုလ်များ ဒုနဲ့ဒေးရှိခဲ့ပါ့။ ထို့ကြောင့် အမှီကောင်း၍ ဘဝလမ်းကြောင်းပြောင်းခဲ့ရသူများ ယခင်ကလဲရှိခဲ့သလို ယခုလဲရှိ၊ နောင်လဲမုချရှိပါမည်။

 

ကျွန်တော် မိဘမဲ့နွမ်းပါးသူများလောကသို့ တိုး၍တိုး၍ ဝင်ကြည့်ပါသည်။ အခါအခွင့်ရတိုင်း ရန်ကုန်အတွင်းသာမဟုတ်၊ နယ်တချို့ရှိ သူတို့လေးတွေနေရာ ဘုန်းတော်ကြီးစာသင်ကျောင်း၊ သီလရှင်ကျောင်း၊ စေတနာ့ဝန်ထမ်းကျောင်းများသို့ တတ်နိုင်သလောက် သွားကြည့်ပါသည်။ မှန်ပါသည်။ မိဘမဲ့ နွမ်းပါးကလေးများကို စောင့်ရှောက်ပေးနေသူအများဆုံးမှာ သံဃာတော်နှင့် သီလရှင်များ။ ကျွန်တော်က သူတို့လေးတွေ၏ နေရပုံကို စုံစုံလင်လင်မေးမိပါသည်။ အခြေအနေလိုက်၍ တစ်နေရာနှင့် တစ်နေရာမတူ။ စောင့်ရှောက်မှူမှာ ထောက်ပံ့မှူအားပေါ်တွင် မူတည်နေပါ့။ များသောအားဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင် ကျောင်းများတွင် အခြေခံ၊ မူလတန်းနှင့် အလယ်တန်းကျောင်းသားတွေကများပြီး အထက်တန်းတက်သူများက ပြင်ပ ကျောင်းများတွင် လိုက်တက်ရသည်။ အင်အားတောင့်တင်းသည့် ပရဟိတကျောင်းအချို့မှာသာ အထက်တန်းကျောင်းသား အနည်းငယ်တွေ့ရ၏။ (၁၀) တန်းအောင်ပြီး အဝေးသင် စာပေးစာယူဆက်သင်၊ အလုပ်ထဲဝင်ကြနှင့် တက္ကသိုလ်တက်နိုင်သည်ကနည်းပါ့။ မည်သို့ဖြစ်ဖြစ် နွမ်းပါးသည့်ဘဝမှ စေတနာ၊ ကရုဏာမိုးတွေကြောင့် ရှင်သန်ပြီး ပြန်လည်လန်းစွမ်းနိုင်မည့်ဘဝကို ရလိုက်သူများအဖို့ ဘဝတော်ပေစွ။ အမှီကို မှီရင်းကြိုးစားအားယူနေဆဲသူများအဖို့ အားငယ်စရာမရှိ။ အမိုးအရိပ်မဲ့နေသူများအဖို့တော့ အမိုးအရိပ်ရှာဖွေရပါဦးမည်။

 

မိဘမဲ့နှင့်နွမ်းပါးသူတွေနေရာကိုသွားတိုင်း သူတို့အတွက် လှူရုံမဟုတ်၊ ထိထိမိမိ လုပ်ပေးချင်စိတ်များ ဖြစ်လာပါသည်။ ပညာ၊ အလိမ္မာ၊ဘာသာအသိ၊ ကျန်းမာရေး၊ အသက်မွေး ဝမ်း ကြောင်းအတတ်၊ ပတ်ဝန်းကျင်အကျိုးပြု၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းနှင့် ဇွဲလုံ့လ၊ ဘဝယုံကြည်ချက်စသဖြင့် သိသင့်သိရာ၊ ရှိသင့်ရှိရာ၊ တတ်သင့်တတ်ရာ၊ လုပ်သင့်လုပ်ရာတွေနှင့် လူတော်လူကောင်းလေးများဖြစ်လာအောင် ပျိုးထောင်ပေးချင်လှပါဘိ။ ဖြစ်နိုင်လျှင် မိဘမဲ့နွမ်းပါးကျောင်းများမှ စာရိတ္တနှင့် ဉာဏ်ကောင်းသူတချို့ကို ရွေးထုတ်ပြီး “Special Orphanage Model စံပြပရဟိတကျောင်းလေး အဖြစ် တပိုင်တနိုင်တည်ထောင်ချင်ပါ့။ အခြေခံကောင်း၊ အစီမံကောင်း၊ အထောက်အပံ့ကောင်းရဖို့သာ လိုပါတော့သည်၊

 

ဥယျာဉ်မှူးတို့မည်သည် ပန်းမာလာအပင်တို့နှင့်အတူ အမြဲ ရှိနေရမည်။ အစဉ် စောင့် ကြည့်ပြီး ပျိုးထောင်၊ ပြုစု၊ ပြုပြင်နေပါမှ ဥယျာဉ်သည် ပြန့်ပြောသာမောပေစွ။ ထို့အတူ မိဘမဲ့ ကလေးများအကျိုးသယ်ပိုး တော့မည်ဆိုက လက်ဖြင့် ပေးကမ်းရုံနှင့်မပြီး။ လူပါရင်းရမည်။ သို့မှသာ ထိထိရောက်ရောက် ခရီးပေါက်နိုင်ပါ့။

 

အလုပ်ကိုစွန့်ပြီး ပထမတစ်ဆစ်ချိုးခဲ့သော ကျွန်တော့်အဖို့ နောက်ထပ်တစ်ဆစ်ချိုးပြီး စွန့်ရန် ဝန်မလေးတော့ပါ။ မိမိ၏ ကျန်ရှိနေသော သက်တိုင်းပိုင်းအတွင်း သူတို့လေးတွေအတွက် ထူထောင်ပေးချင်ပါသည်။ တနည်းပြောရလျှင် ” လူပင် လေးတွေစိုက်ချင်ပါ့။ အပင်တစ်ပင် သည် ပင်လျှင် အကျိုးများစွာ ဆောင်နိုင်ပါက “ လူပင် ဆိုလျှင် ပြောကုန်ဘွယ်ရာမရှိ။

 

ဆန္ဒသိ၍ ကျွန်တော့်ကို ကူညီလာသူတစ်ဦးမှာ မန္တလေးမြို့မှ ပန်းချီဖန်တီးရှင် ဦးမျိုးခင်(ထန်းရိပ်ညို)။ ပြင်ဦးလွင် ကန်ကြီးကုန်းအုပ်စု စည်သာရွာမှာလာနေဖို့ မြေတစ်ကွက်ပေးပါသည်။ စည်သာရွာအနီးမှာပဲ ” ဒိုးပင်အောင်ကံသာ ပရဟိတ ကျောင်းရှိပါ့။ ကျောင်းသား ၆၀၀ မျှ။ မိဘမဲ့တွေအတွက် ကျွန်တော့်လို ဘဝကိုပုံပေးချင်သူအဖို့ အထောက်အပံ့သာရမည်ဆိုလျှင် စံပြပရဟိတကျောင်းလေး ပေါ်ပေါက်နိုင်ပါ့။ သံဃာတော်များနှင့် သီလရှင်များ၏ ပရဟိတ ဝန်တာကိုပါ တစ်ဖက်တစ်လမ်းက မျှယူရာကျပါသည်။

 

ကျွန်တော်သည် ဘဝကို အတ္တနှင့်မချုပ်လို၊ ပရဟိတနှင့်သာ ချုပ်လို။ စာပေ-စာပြနှင့်သာမပြီးလို။ ပရဟိတနှင့်သာပြီးလို။ ဒိအတွက် ဘဝကို စွန့်စားရန်အသင့်၊ ဖေါင်မဖျက်နိုင်တောင် လက်ဆင့်ကမ်း၍ ကူညီကြမည်ဆိုလျှင် စာဆိုတော်ကြီး ၏ လူမသိ သူမသိ တောကြို တောင်ကြားက ” ဒဟတ်ပန်းလေးများ” သည် အံ့ဘွယ် ပန်းလေးများဖြစ်လာနိုင်ပါ့။

 

ဖြစ်လာနိုင်ဖို့အတွက် ကျွန်တော်တစ်ယောက် ကလောင်ကိုဖက်၊ ဖောင်ကိုဖျက်၍ သူတို့လေးတွေအတွက် ရှေ့ဆက်ရင်း ဒုတိယ တစ်ဆစ်ချိုးဆီသို့။ ။

(မှတ်ချက်။ ။ နှစ်သက်လျှင် ကြိုက်ရာစာနယ်ဇင်းတွင် ကူးယူဖေါ်ပြနိုင်ပါသည်။)

မေတ္တာဖြင့်

မိုးဟိန်း ( သား-ဂျာနယ်ကျော် )

http://www.dahatpan.co.cc/?page_id=2