User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 

ThaKhin Ohm Myint

         လူကြီးလူကောင်းဆိုတဲ့ စကားလုံးကို ဒီနေရာမှာသုံးရတာ တော်တော်ထောက်ပြီး  ကျွန်တော့်အတွက် မွေးစားစကားလုံး တခုလို တော်တော်စိမ်းတယ်။ ဒါပေမယ့် ဘာကြောင့်လည်းမသိဘူး။ ဒီအချိန်မှာ အဘကို - ဒီလိုဘဲ ရဲရဲခေါ်ချင်တယ်။  

 

၁၉၈၉ နှောင်းပိုင်း အမိန့်တွေအသီးသီး ချခံရပြီး အဘနဲ့ ၄တိုက်မှာအတူတူ နေခွင့်ရတော့  စိတ်ထဲမှာ အဘကို တအံ့တသြ စဖြစ်၊ တရင်းတနှီး စဖြစ်ရတဲ့ အကြောင်းတွေ ရှိလာတယ်။ ကိုယ့်ကိုယ်ကိုမပိုင်၊ ခဏနေ ဘာဖြစ်မယ်ဆိုတာ မသိတဲ့ကာလ၊ အချိန်ပြည့် ဆင်းရဲမွန်းကျပ်၊ ဒီလိုလောဓံက ထုထောင်း စမ်းသပ်နေတဲ့အချိန်မှာ သမဂ္ဂအဘအိုရဲ့ ဟန်ပန်က အားလုံးကြားမှာ ထူးခြားလန်းဆတ်နေတာ ကျွန်တော် သတိထားဖြစ်တယ်။ ဒီနေရာကို အိမ်လို့မှတ်ဘို့ဆိုတာ တကယ်ကမလွယ်ဘူး။ အသက်၇၀ကျော်တဲ့ သူ့အရွယ်ကလည်း လူကြီးနာနဲ့ ဘယ်ကင်းမှာလဲ။ ဒါပေမယ့် အဘက ပူတဲ့ဟန်မပြ။ ရေချိုးချတာနဲ့ သူ့တိုက်ခန်းလေးကထွက်လာ၊ ယောဂီညိုရောင် ဘောင်းဘီ တိုနံ့နံ့လေးနဲ့ ဒီတိုက်ဝင်း ကျဉ်းကျဉ်းလေးထဲ အပြေး လေ့ကျင့်ခန်းလုပ်တယ်။ လူကပိန်ပိန်၊ ကိုယ်ထည်က ခနော်ခနဲ့။ ဆီးကြိတ် ယောင်တာကျအောင် ဆေးမှန်မှန်ထိုးရဘို့ မလွယ်တဲ့အရပ်မှာ ဆေးမထိုးရ ဘာဖြစ်မလဲ သူမပူ။ အသက် (၇၀)ကျော် ထောင်ကျအဖိုးကြီးက အပြုံးမပျက် လှုပ်လှုပ်ရှားရှား ပြေးလွှားပြနေတော့ သူ့ထက်ငယ်သူ၊ မိန်းမလွမ်းနေသူ၊ ရည်းစားလွမ်းနေသူတွေလည်း မနွဲ့နိုင်တော့ဘူး။ အဘရဲ့ အထူးခြားဆုံးအချက်က လူငယ်အားလုံးကို သူငယ်ချင်းလိုပေါင်းတဲ့ဟန်။ သူ့မိန်းမကို အိပ်ရာအဆင်သင့်လိပ်ခိုင်းထား၊ အ၀တ်အစား အပြည့်အစုံ ထည့်ခိုင်းထားပြီးမှ နိုင်ငံရေးလုပ်တဲ့လူ ဆိုတော့ စမ်းတ၀ါးဝါး ယောင်ဝါးဝါး ဖြစ်နေတာမရှိ။ ချီတုံချတုံ မရှိ။ ထောင်အတွေ့အကြုံကများတော့ တော်တော်အပြည့်အစုံ ပါလာတယ်။

 

ကျွန်တော်မှာ လမ်းထိပ်က စောင့်ဖမ်းခေါ်လာတာဆိုတော့ မပြင်မဆင်လိုက်ခဲ့ရ၊ စစ်ကြောရေးမှာလဲ အ၀တ်တထည် ကိုယ်တခု၊ (၅) လလောက်အထိ လဲစရာ အပိုမရှိ၊ ထောင်ကျပြီး အိမ်နဲ့မတွေ့ရခင် ဒါဝတ် သခင်။ အဲဒီအချိန်မျိုးမှာ အဘပေးတဲ့ အနွေးထည်ကို ကျွန်တော် တမြတ်တနိုး ၀တ်ခဲ့ရတယ်။ တချိန်လုံးလည်း သူက သူ့အသုံးအဆောင်တွေ သူ့အစားအသောက်တွေ သူများ လိုက်ပေးနေတာ။ ငြုတ်သီးကြော်နဲ့ မြေပဲဆံ ပဲပုတ်ထောင်းကြော်တွေ သူကိုယ်တိုင်စပ်။ အမြဲလို လိုက်ဝေတာများ ကောင်းမှကောင်း။ သူကိုယ်တိုင်ကကျတော့ ဘာမှ မက်မက်စက်စက်မရှိ။

 

(၉၀) စက်တင်ဘာ ထောင်သပိတ်ဖြစ်တော့ ကျွန်တော်သရက်ကို ရွေ့သွားတယ်။ အဘနဲ့ကွဲသွားတယ်။ နောက် ၁၉၉၃ မှာ ပြန်လွတ်လာတော့ အဘကို အခမ်းအနားတိုင်းမှာ တက်တက်ကြွကြွ ပြန်တွေ့ရပြန်ရော။ အင်းယားကန်ဘေး ကမ္ဘာအေးဘုရားလမ်းပေါ် ခြံဝင်းကျယ်နဲ့ ခေတ်မီတိုက်ကြီးထဲ ဒီ ဇရာထောင်းနေတဲ့ အဘအို သူဌေးလို အငြိမ်း နေနိုင်ရက်ကနဲ့  နအဖ၊ န၀တကိုမှ တုတ်နဲ့ဆွတဲ့ သူ့သတ္တိ မလေးစားဘဲ မနေနိုင်ဘူး။ အဘခြံကလည်း သွားရင် လူမသိအောင် ဘယ်ကမှ ကျော်ခွပြီး ခိုးကြောင်ခိုးဝှက် တိတ်တိတ်ဝင်စရာ လမ်းမရှိ။ ထောက်လှမ်းရေးကို အရင် စာရင်းပေးသွားဘို့ပဲ ကောင်းတယ်။ န၀တ၊ နအဖတခေတ်လုံး အဘဖုန်းဘိုးတွေ ကျမှာစိုးလို့ထင်ပါ့။  အဘအိမ်ကိုမှရွေး အချစ်ပိုပြီး ဖုံးဖြတ်ထားလို့ သူ့ခမျာ ဘယ်သူ့မှ ဖုန်းမပြောနိုင်ရှာ။  ဖုန်းနဲ့ အချိန်းအချက် လုပ်မရ။ သူကလည်း မိသားစုကို အကုန်မှာပြီး၊ အိပ်ယာလိပ် ပြင်ပြီးသား။ သူ့ခေါင်းထဲ တွေးတာတခုထဲ။ ဒီအရေးတော်ပုံမှာ ဘယ်နေရာက သူဘာလုပ်ပေးနိုင်မလဲဆိုတာ တခုထဲ။ ဒေါ်စုနဲ့ တကွ နေအိမ် အကျယ်ချုပ်ကျနေသူတွေ နေ့စဉ်စားဘို့ ချက်ပြုတ်ကြော်လှော်စီမံနေတာမျိုး။ ဘယ် ထောင်က ဘယ်သူ့ဆီကို ဧည့်တွေ့သွားမှာလဲ။ သူတို့ အဖွဲ့မှာ ကူငွေဘယ်လောက်ရလို့ ဘာကူညီလိုက်ရမလဲဆိုတာမျိုးတွေ။ သူ့ခြံက ပြန်ထွက်ပြီဆိုတာနဲ့ ခြံထဲထိ ဆင်းလိုက်လာပြီး ခြံအနှံ့ သံပုရာသီးတွေ ကိုယ်တိုင်လိုက်ခူး။ အလုံး ၅၀ - ၁၀၀ ပေးလိုက်တာချည်း။

 

“ထောင်ထဲမှာ သံပုရာသီးက အဖိုးတန်တယ်ဗျ။ များများသာယူသွား။”

 

ထောင်ဝင်စာ သွားမယ့်သူတွေအတွက် သူအမြဲစုထားတတ်တာ သံပုရာသီးတွေ။ ကျွန်တော် အဘကိုချစ်တဲ့အချက်တခုက သူ့ကိုယ်သူ “ကျွန်တော် - ကျွန်တော်” လို့သုံးတာတခု။ တခါမှတ်မှတ်ရရ။

 

“ကျွန်တော် - ကျွန်တော့်မိန်းမကို သိပ်ကျေးဇူးတင်တယ်ဗျာ။ သူသေခါနီးတော့ သားသမီးတွေ အားလုံးကို အနားခေါ်ပြီးမှာသွားရှာတာ။ နင်တို့အဖေကို မငြိုငြင်ုနဲ့။ စိတ်မဆိုးနဲ့။ သူ့ဘ၀မှာ ဘာတခုမှ မကောင်းတာ မလုပ်ခဲ့ဘူး။ သူ့အတွက်လည်း ဘာတခုမှ လုပ်တာမရှိဘူး။ ဒါကြောင့် နင်တို့အဖေကို စိတ်မဆိုးကြနဲ့။ သူ လုပ်ချင်တာ လုပ်ပစေ။ သူ့ကို ခွင့်လွှတ်ကြ - လို့ မှာသွားရှာတာဗျ။”

 

ကျွန်တော် အဘမိန်းမကို မတွေ့မီလိုက်ဘူး။ ဒါပေမယ့် အဘမိန်းမလည်း ကြီးမြတ်ပြီး ရှားတဲ့ ပါရမီဖြည့်ဖက်ပါလားလို့ မှန်းကြည့်လို့ရတယ်။ သူ့ခင်ပွန်းကို သူသေခါနီးမှာတောင် ပါရမီဖြည့်နိုင်ခဲ့တဲ့ ကြင်ဖေါ်။  ၁၉၉၈ မှာအဘနဲ့ အမှုတွဲ တကြိမ်ထပ်ဖြစ်တော့ အဘကို အင်းစိန်တွဲဖက်ထောင် အထူးတိုက်မှာ ပြန်ဆုံရပြန်ရော။

 

“ကိုဆိုင်း ဒီတခေါက်ပါလာမယ် မထင်ဘူး ဆေးခန်းဖွင့်စဆိုတော့။ ခင်ဗျားတို့ ဆေးခန်းတော့ ကသီလင်တတွေဖြစ်ပြီ။ ဘာမှမကြာလိုက်သေးဘူး”

 

သူကပူတယ်။ ကျွန်တော်ကပြုံးတယ်။ ဒီခေတ်ထဲမှာ ဒါတွေက မျှော်လင့်ထားပြီးသား ဟာတွေဘဲ အဘရာ။ ကျွန်တော်တို့တွေ အလုပ်တူလုပ်ပေမယ့် ကိုယ့်အပိုင်း ကိုယ်လုပ်သွားကြတာ။ မလိုအပ်ဘဲ ဘာမှ မပြောကြဘူး။ ဒီတခေါက်လည်း အဘအနွေးထည်ကို ကျွန်တော် လက်ဆောင်ရပြန်တာ။ ဖေဖော်ဝါရီဆိုတော့ ချမ်းကောင်းတုန်း။ ဒီတခေါက် စစ်ကြောရေးကာလမှာ အဘအသက် (၈၀) ပြည့်တယ်။ ကွတ်ကီးလို မုန့်လေးတွေ သူလိုက်ဝေတယ်။ အထူးတိုက်မှာ  လူက သူ့ကို ထည့်ပေါင်းမှ (၆)ယောက်ပဲ။ ဗိုလ်ချုပ်နဲ့အတူ လုပ်ကြံခံရတဲ့ အာဇာနည် ဦးဘ၀င်းရဲ့သား ဦးအေးဝင်း၊ မောင်ဝံသ၊ ဦးမိုးသူ၊ ပိသုကာ ဦးကျော်မင်းတို့ကို ထောင်မချဘဲ တိုက်လှောင်ထားချိန်ပေါ့။ သူတို့တွေမိသားစုနဲ့ တွေ့ခွင့် မရတာ (၃) နှစ်နီးပါးတောင် ရှိရော့မယ်။ ဦးသိန်းတင် (ပထဝီမောင်တင်) ကိုတော့ ကျွန်တော်တိုက်မှာ မဆုံလိုက်ရဘူး။ သူ့ ရောဂါကျွမ်းပြီး သေလုသေခင် ဖြစ်နေချိန်မှ ပြန်လွှတ်ပေးလိုက်လို့ အိမ်ရောက်ပြီး တရက်၊နှစ်ရက်အကြာမှာ ဆုံးပါးရှာတယ်။

 

“ခင်ဗျားအခုနေတဲ့အခန်းက ဦးသိန်းတင် နေသွားတဲ့အခန်းဗျ”

 

မောင်ဝံသက လှမ်းပြောတယ်။ ကျွန်တော်က အယူမသီးဘူး။ ဘာမှမဖြစ်ဘူး။ ကျွန်တော်ပူနေတာ အဘ။ (၈၉) ကတည်းကစတဲ့ ဆီးကြိတ်က နောက်ထပ်(၁၀)နှစ် ဆိုတော့ တော်တော်ကြီးနေပြီလေ။ သူဆီးတခါသွား (၅) မိနစ်လောက်ကြာမယ်။ မပြီးဘူး။ ပြီးရင်လည်းပုဆိုးကို သူ - မထားတယ်။ ဆီးက တစက်တစက်နဲ့ ဆက်ကျနေ။ ဒါကိုပူတာ။ နောက်တယောက်ပူရတာ ဦးအေးဝင်း။ သူ့နှလုံးက ကဘောက်ကချာ ခုန်နေလို့ ရန်ကုန်ဆေးရုံကြီးမှာ လ အတော်ကြာသွားတက်။ ပြန်လာ နေ့တိုင်းဆေးသောက် နေတုန်း။ ကျွန်တော်ရောက်ပြီး သိပ်မကြာခင်  ပိသုကာ ဦးကျော်မင်း ရေချိုးထွက်လာတာကို လှမ်းကြည့်၊ သိတ်မသင်္ကာလို့ ဆရာဝန်ကိုခေါ်ပြခိုင်း။ ဆရာဝန်လာစစ်၊ နောက်တနေ့ ဆေးရုံကို လူနာတင်ကားနဲ့ ထွက်သွားတာ။ တိုက်ကို ပြန်မရောက်လာတော့ဘူး။ ရေဖျဉ်းက တော်တော်စွဲနေပြီလေ။ အဲဒီလို ဘ၀မျိုးတွေမှာ ကျွန်တော် အဘအတွက် ရင်ပူခဲ့တယ် …. အဘရေ။ ……. အဘလည်းဒီတောင်ကိုကျော်ပါ့မလား။

 

(၉၈) ဧပြီမှာ အမိန့်တွေကျပြီး အင်းစိန်ထောင်မကြီးကို ရွှေ့ရတယ်။ ထောင်ပြောင်း အချုပ်ကားကြီးပေါ်တက်တော့ ပခုံးပေါ် တပွင့်တပ်ပြီး တုတ်တရမ်းရမ်းနဲ့ မာန်တက်နေတဲ့ အရာရှိက အဘကို ဟိုဟိုဒီဒီကြည့်ရမလားဆိုပြီး အဖိုးကြီး သေသွားချင်သလားလို့ ကြိမ်းတယ်။ ကျွန်တော် အဖေ့ကိုပြေးမြင်တယ်။ အဖေ့အရာမှာထား၊ အဘအတွက် အရမ်း စိတ်မကောင်းဖြစ်တယ်။ သြော်လူ့ဂုဏ်သိက္ခာတွေကို ကျွန်တော်တို့စွန့်ခဲ့ရတယ်။

 

နောက်ကျွန်တော် ရွှေဘိုကိုရွေ့၊ (၇) နှစ်ပြည့်လို့ ပြန်လွတ်တော့ အဘကို မသေဘဲပြန်တွေ့။ ၀မ်းသာလိုက်တာ။ အမှုတွဲ (၂၃) ယောက်မှာ (၂) ယောက်ဆုံးကျန်ခဲ့တယ်။ နောက်တယောက် မကြာခင်ထပ်ဆုံး။ ဒီလို သမဂ္ဂမျိုးဆက်ဟောင်းတွေ တဖြုတ်ဖြုတ်ကြွေ။ အဘက ကျွန်တော်မသေသေးဘူးဗျ လုပ်နေတုန်း။  ကိုယ်အလေးချိန်က ပေါင် (၈၀) မပြည့်တော့ဘူး။ စိတ်ကသာ မာထားတင်းထား။ ပွဲတိုင်း ရောက်အောင်ကြိုးစားတက်နေတုန်း။

 

“ကိုဆိုင်းရေ ဒီစာတွေ ထုတ်ဘို့လုပ်ပါအုံး”

 

သူ့လက်မှတ်ထိုးထားတဲ့ စာမူကြမ်း မိတ္တူတွေ တထပ်ကြီး ပေးပြန်ရော။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်တော်လှန်ရေးလုပ်ဘို့ စကြံစည်တဲ့ အချိန်က အကြောင်းတွေ။ ပဲခူးဘက်ကိုသွားပြီး လျှို့ဝှက်အစည်းအဝေး လုပ်တဲ့အကြောင်း၊ ပါခဲ့ကြတဲ့ လူတွေ၊ တာဝန်ယူခဲ့ရတာတွေ။ ကျွန်တော် ထိုင်းကို ထွက်ပြေးလာတော့ စာမူတွေ တပါတည်း ယူမလာနိုင်ဘူး။ လုံခြုံရာမှာပဲသိမ်းခဲ့ရတယ်။

 

အဘရေ - ကျောင်းသားလှုပ်ရှားမှု သမိုင်းကို အနံ့ရသွားပြီး ထောက်လှမ်းရေးတွေက ရှိသမျှစာအုပ်တွေ မြေလှန်ရှာသိမ်းနေတဲ့အချိန်၊ ကိုအောင်ထွန်းကို နအုံကွဲအောင်ရိုက် တအုပ်မကျန် ထုတ်ခိုင်းနေချိန်။ ကျွန်တော်တို့နှစ်ယောက် အထူးတိုက်မှာကြိတ်ပြုံးနေခဲ့ကြတယ်။  သူတို့ အနံ့မရခင် (၈) လ လောက်ကတည်းက ကြိုပြီး အောင်မြင်စွာ ခိုးထုတ်ခဲ့တာ အဘကို ကျွန်တော်က ဖွင့်ဟ။ အဘစိတ်မပူနဲ့။ သမိုင်းတွေက မပျောက်ရှပါဘူးပေါ့နော်။ အခုတော့အဘလည်းအသိ။ နိုင်ငံတကာ ရောက်နေတဲ့ အဘသားမြေးတွေ ဗကသ-သမဂ္ဂ မျိုးဆက်တွေက အထူးထုတ် ထူထူကြီး ခန့်ခန့်ကြီး ထုတ်လိုက်ကြတာ။  သူတို့ ထပ်သိမ်း အကုန်မီးထပ်ရှို့လည်း မပူဘူးအဘရေ။ သမိုင်းဆိုတာ မီးရှို့လို့ ပျောက်ရိုးလား။ သူတို့ကိုယ်တိုင်ရေး ထုတ်ရင်ကော သမိုင်းဖြစ်မှာလား။ ဗြိတိသျှစာကြည့်တိုက်ကြီးမှာတောင် သွားပြီး တအုပ်လှူထားပြီးပြီ။ ဒီကို လာသိမ်းနိုင်အုံးမှာလား။

 

အဘခြေထောက်တွေ ယောင်နေပြီ။ လုံးဝလဲနေပြီဆိုတဲ့သတင်း။ ပြီးခဲ့တဲ့လက ကျွန်တော် ရတယ်။ အထူးတိုက်မှာ အဘကို ဆိုပြခဲ့တဲ့ “သမဂ္ဂအမေ” - ကို အဘမသေခင် အခွေထုတ်ပြီး အဘဆီပို့ဖို့ မှန်းထားတာ။ “ကိုဆိုင်း ထုတ်ဖြစ်အောင်ထုတ်နော်” … လို့ မှာခဲ့တာမမေ့ဘူး။ ကျွန်တော် အဘဆီ အချိန်မီ မပို့နိုင်တော့ဘူး။

 

“အဘ-အခု ကိုအောင်ဆန်းတို့နဲ့ ပုသိမ်ဘက်ပြန်ဆင်း သမဂ္ဂစည်းရုံးရေးခရီးတွေ ဆင်းနေပြီလား။  အဘကိုကျွန်တော်တွေ့နေတယ်”

 

အလေးပြုဦးချလျက် 

                                                                         

ခွန်ဆိုင်း (၁၈.၀၉.၂၀၁၀)