Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

   

  သရုပ်ဖေါ် ပန်းချီထိန်လင်း              

                 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

         ပြည်သူချစ်သောအနုပညာရှင် (ဦး)သုမောင် တစ်ယောက် ကွယ် လွန်ပြီ် ဆိုသောသတင်းက ကွန်ပြူတာ မျက်နှာပြင်သို့ မိတ်ဆွေ တွေ ဆီ က ခဏပြီးခဏ တက်တက် လာသည်။ကြေကွဲဝမ်းနည်းကြသပေါ့။ သူ့ကို သရုပ်ဆောင်အဆိုတော်စာရေးဆရာအဖြစ် တနိုင်ငံလုံးက သိသလို ဆရာကြီးဦးသာဓု နဲ့ အမေညိုတို့သား၊ ဒေါ်အေးဘုံ ယောက်ျား၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ ညီ၊ မင်းလူ မောင်ရူပ တို့ အကို၊ ဖိုးသောကြာ စိုးအိမ်သူ တို့ဖခင် အဖြစ်လည်း တနိုင်ငံလုံးကသိကြသည်သာ။

         ပြည်တွင်းပြည်ပ သူနှင့်အတူ တွဲဖက်အလုပ်လုပ်ခဲ့ကြဘူးသော အနုပညာရဲဘော်ရဲဘက်များ သူ့အကြောင်း အလွမ်းစာတွေ တသီကြီးရေးကြပေဦးမည်။

        ကျွန်တော်ကား သူ့အနုပညာတွေကို ကြည့်ရှုခံစားကြီးပြင်းလာခဲ့ရသဖြင့် သူ့ကျေးဇူးမကင်းဟု ဆိုရပါမည်။

        ကျွန်တော်တို့ မြန်မာ့နယ်၌ ရုပ်ရှင် ဇာတ်ကားများတွင် အဓိကသရုပ်ဆောင်ကို ရုပ်ရှင်မင်းသားဟုသာ နုတ်ကျိုးလျက်ရှိ၏။ဦးသုမောင်ကတော့ သူ့ကိုယ်သူ အမြဲ ရုပ်ရှင် သရုပ်ဆောင်ဟုသာ အမြဲ သုံးလေ့ ရှိ၏။ ဖခင်ကရုပ်ရှင် ဒါရိုက်တာမို့မင်းသားဖြစ်လာတာမဆန်း ဆိုလျှင်တော့ မှားလိမ့်မည်။ ဦးသာဓုက ချစ်စံနမူ ဇာတ်ကား တွင် ဘာလို့ တင် သလဲ ဆိုတော့ ဒီကောင့်ရုပ်က မုန့်ခါးသည် နဲ့ အရမ်းတူတယ်လေ ဒါကြောင့် ရွေးလိုက်တာဟုဖြေဘူးတာအမှတ်ရပါသည်။ ဦးကြီးမြင့် ရိုက်ကူးသော အချစ်နှင့် သူ၏ကိုကို ဇာတ်ကားတွင် မင်းသမီးချော ခင်သီတာထွန်းနှင့်တွဲ၍ စာရေးဆရာ တစ်ဦး အဖြစ် သူသရုပ်ဆောင်ပုံမှာ ကျွန်တော် အကြိုက်ဆုံးဖြစ်ပါသည်။ ထိုဇာတ်ကား ကို ကြိမ်ဖန်များစွာ ကြည့်ဖြစ်သည်။

         သူ ဆိုခဲ့သောသီချင်းတိုင်းလိုလို ကြိုက်ပါသည်။အကြိုက်ဆုံးမှာသူပထမဆုံးသီဆိုခဲ့သော ပန်းဦးပန်မည့်သူ သီချင်းဖြစ်ပါသည်။နောက်ချစ်မိုးကြီး။

         သူက စာပေအင်တာဗျူးတစ်ခုတွင် (ကိုဝင်းငြိမ်း နှင့် ပေဖူးလွှာတခေတ်ကဟုထင်ပါသည်။) သူစာရေးသားပုံ နှင့်ပတ်သက်ပြီး ဝတ္ထုရှည် ရေးတဲ့အခါမှာ မိုးလေးတစိမ့်စိမ့် ရွာနေသလို ရေးပြီး ၀တ္ထုတိုကိုတော့ မိုးကြိုးပစ်ချလိုက်သလို ရေးတယ်ဟု ဖြေခဲ့ဘူးတာ အမှတ်ရနေပါသည်။ သူ့ဝတ္ထုတွေ ဖတ်တိုင်း သူ့အဖြေနှင့် တကယ်ကိုက်အောင် ရေးတတ်ပါသည် ဟု အမှတ်အမြဲရ၏။ အစွဲဆုံးကတော့ အချစ်သစ်ပင် ဖြစ်သည်။ သူ့ဝတ္ထုတိုတွေက ဘယ်သူနဲ့မှ မတူ အထူးသဖြင့် သူ့မိသားစု အကြောင်း။  စဖတ် နေစဉ် ရှုပ်ရှက်ခက်နေ၏။ တခါတရံတွင် စာရေးသူကိုယ်တိုင် သူ ရှုပ်အောင်ရေးနေမိသည်ကို ၀န်ခံပြီး၊ ပြီးရင် ရှင်းသွားပါလိမ့်မည် ဆုံးအောင်သည်းခံဖတ်ပါဟု ၀င်တောင်းပန်တဲ့အခါ တောင်းပန်တတ်၏။ သို့ရာတွင် ဆုံးသွားသောအခါတိုင်းတွင်ကား စာဖတ်သူကို မိုးကြိုးပစ်ချလိုက်သလိုကို ထိထိမိမိ ခံစားမှုကို ပေးသွားသည်ချည်းသာ။

          စာရေးကောင်းသလို စာပေဟောပြောပွဲ များတွင်လည်း တကယ် အဟောအပြောကောင်းသူ၊ ကတ်ဆက်ဇာတ်လမ်းများတခေတ်က မင်းသားကြီး ကောလိပ်ဂျင်နေ၀င်း၊ ဘီအီးဒီအောင်သိုက်တို့နှင့် အပြိုင် အပြော ဇာတ်လမ်းများတွင် သရဖူဆောင်းခဲ့သူတစ်ဦးဖြစ်ပါသည်။

          ရုပ်ရှင် နှင့် ဂီတလောကတွင် အောင်မြင်ခဲ့သောသူများတွင် များသောအားဖြင့် လူမှုရေး အရှုပ်အထွေးလေးတွေ ဇာတ်လမ်းလေးတွေ အနည်းနှင့်အများရှိတတ် ကြသည်ချည်းသာ။ သို့သော် ဦးသုမောင်မှာ ထူးထူးခြားခြား လူနေ အင်မတန်ရိုးသားကာ လူမှုရေး အရှုပ်အထွေး လုံးဝကင်းရှင်းသူအဖြစ် ထင်ရှား၏။ နောက် ထင်ရှားသော အချက်တစ်ခု မှာ အနုပညာသက်တမ်းတလျှောက် အရက်သောက်ခြင်း နှင့် အရက်ဖြတ်ခြင်းအမှုကို တစ်ခုမဟုတ်တစ်ခုလုပ်နေခြင်းဖြစ်ပါသည်။ ဦးသုမောင် စာပေများတွင်လည်း အရက်နှင့်ပတ်သက်ပြီး ကိုယ်တွေ့အတွေ့အကြုံများကိုလည်းမကြာခဏကျွန်တော်တို့ဖတ်ရ၏။

          ကျွန်တော်တို့ အနုပညာလောကသား များကြားတွင် သူ့ဖခင် မှ စ၍ သားလေးယောက်စလုံး အနုပညာ နယ်ပယ်တွင် တမျိုးစီ ထူးချွန်ကြပုံနှင့် သူတို့နှင့် ဆက်စပ်လာသည့် သူတို့သူငယ်ချင်းတွေကပါ အနုပညာနယ်တွင် ထူးချွန်လှသဖြင့် သူတို့ကိုယ်သူတို့ သဘာဝအုပ်စု ဆိုတတ်သည့် သူတို့တသိုက်ကို နောက်ပြောင်၍ သာဓုအင်ပါယာ ဟုခေါ်သည့်အလေ့ ရှိပါသည်။ ကျွန်တော်တို့ တက္ကသိုလ် ရောက်သောအခါတွင်ကား ၀တ္ထုတွေ ဆောင်းပါးတွေထဲမှာ ပါလေ့ရှိသည့် ဦးချစ်ဆိုင်ကိုသွားကာ အရင်ထိုင်ရသလို၊ တက္ကသိုလ် နယ်မြေ ပြင်ပထွက်၍လည်း သာဓုခြံမှ ကိုရူပ ဖွင့်ထားသော လက်ဘက်ရည်ဆိုင်ကို တကူးတကသွားပြီး သဘာဝအုပ်စုဝင်များကို တွေ့ဘူးရအောင် သွားငေးခဲ့ရသည်များကို အမှတ်ရပါသည်။

          နောက်တော့ ၁၉၉၅ နောက်ပိုင်းနှစ်များတွင် ကိုယ်တိုင်ပန်းချီ ပုံမှန်ရေးနိုင်ဘို့ ဗီဒီယိုဇာတ်ကားများတွင် ဇာတ်ပို့ဇာတ်ရံ အလုပ်ဖြင့် ၀င်ငွေရှာရသော ကာလများတွင် မကြာခဏ သာဓုခြံသို့ရောက်၍ ဦးဝဏ္ဏရိုက်သော ဇာတ်ကားများ၌ ၀င်သရုပ်ဆောင်ဖြစ်၏။ မကြာခဏ ဦးသုမောင်နှင့်လည်း  ကိုရူပ လက်ဘက်ရည်ဆိုင်၌ ဆုံဖြစ်ပါသည်။ ဆုံသည့် အခါများတွင် ကျွန်တော့်ကို ဆရာကြီးဗဂျီအောင်စိုး အကြောင်းပြောပြလေ့ရှိပါသည်။သူက ဦးအောင်စိုးကို ဦးလေးကိုအောင်စိုးဟုသုံးနှုန်းပါသည်။ ဦးအောင်စိုးမှာ ခေတ်သစ် ပန်းချီလောက၌ အထူးထင်ရှားသလို ဦးသာဓု အုပ်စုမှ ရိုက်သမျှ ရုပ်ရှင်ကားတိုင်းလိုလိုတွင်လည်း ပါဝင်သရုပ်ဆောင်တတ်ပါ၏။ ဦးအောင်စိုးနှင့် ဆရာသော်တာဆွေတို့မှာ ဖခင်ဦးသာဓု သူငယ်ချင်းများ ဖြစ်သလို သူ၏အချစ်ဆုံးမိတ်ဆွေများဖြစ်ကာ သူတို့ချင်းလည်း သူငယ်ချင်းပေါင်းပေါင်းခဲ့ကြပုံ ရပါသည်။ထိုပုဂ္ဂိုလ်ကြီးများပေပုံတေပုံ ဇာတ်လမ်းစုံကိုလည်း သူကစီကာစဉ်ကာပြောပြတတ်ပါသည်။

           ကိုယ်တိုင်ဒါရိုက်တာ လုပ်၍လည်း ရုပ်ရှင်တကားရိုက်ခဲ့ဘူးကို မှတ်မိနေပါသည်။ ဇာတ်ကားနာမည်က ငယ်သူငယ်ချင်းသုံးယောက်ရှိလေသည်တဲ့။ သူ့ဇာတ်ကားကို ရုံတင်စဉ်က သတင်းစာကြော်ငြာ၌ မင်းသားမင်းသမီးဓါတ်ပုံ မထည့်ဘဲ လက်လေးချောင်းထောင်ထားသည့် ပန်းချီပုံသုံးခဲ့ပါသည်။ မဂ္ဂဇင်းတစ်စောင်က ငယ်သူငယ်ချင်းသုံးယောက်ဆိုပြီး ဘာ့ကြောင့် လက်လေးချောင်းဖြစ်သလဲမေးရာ သုံးချောင်းကသူငယ်ချင်းသုံးယောက်အတွက်၊ ကျန်တဲ့တချောင်းထပ်ထည့်ထားတာက ကြော်ငြာအတွက်ဟု ဖြေခဲ့ဘူးတာမှတ်မိ၏။ ကျွန်တော်တို့ငယ်စဉ်ကဖြစ်ပါသည်။ နောက်ပိုင်းတွင်သူ့ကို ထိုဇာတ်ကားကောင်းပုံကို အသေးစိတ်ပြန်ပြောပြရာ သူကအံ့သြနေပါသည်။ နောက်တော့သူက ထိုကားရိုက်ခဲ့စဉ်က အကြောင်းလေးတွေကိုပြန်ပြောပြဘူးပါသည်။ထိုကားတွင် သူနှင့်အတူ ဦးစိန်မြင့်နှင့် ဦးထွန်းထွန်းဝင်းတို့ပါ ပါခဲ့သည်။ ထိုစဉ်က သူတို့ သုံးယောက်စလုံးက အရွယ်ကငယ်ငယ် သောက်လုံးစားလုံးကလည်းကြီးကြသည့်ကာလ၊ ဇာတ်လမ်းအရ ရှမ်းပြည် အင်းလေးကန်တဖက်အစွန်က ရွာအထိသွားကာ စခန်းချပြီးရိုက်ကူးခဲ့ကြသည်ဆို၏။ သူတို့ရုပ်ရှင်ရိုက်နေစဉ် ရွာထဲသို့ အသားဖြူဖြူချောချော သူတို့နှင့် ရွယ်တူ ပုဂ္ဂိုလ်တဦး ရောက်လာကြည့်နေခဲ့သည် ဆို၏။ ညကျတော့လည်း သူတို့ကိုမိတ်ဖွဲ့ကာအ၀တိုက်သည်ဆိုသည်။ ထိုသူပြန်လျှင် တပည့်များပါ မြင်းအုပ်လိုက် ဆူညံ၍ ကောင်းဘွိုင်ရုပ်ရှင်ကားများထဲကလို ပြန်သွားသည်ဆို၏။ ထိုလူက သူ့ကိုယ်သူ မိတ်ဆက်တော့ ပအိုဝ်းသူပုန်ခေါင်းဆောင် ဗိုလ်ကျော်ဟုဆိုမှ အခက်တွေ့ကာတယောက်မျက်နှာတယာက်ကြည့်မိကြသည်တဲ့။ နောက်တော့ ရွာမှာလည်းတည်းမိနေ၊ သူသောက်သောအရက်လည်းဝင်မိနေ၊ လူပုံကလည်း မွန်ရည်သမို့ နောက်မှ ဖြစ်ချင်တာဖြစ်သဘောထားကာ ဆက်သောက်ကြတော့သည်။ ဗိုလ်ကျော်ကလည်း နေ့စဉ်လာကာ ညအထိ သူတို့နှင့် အဖွဲ့ကျပါတော့သည်။တည ဗိုလ်ကျော် အိမ်သာသွားခိုက် ခါးကြားထိုးလာခဲ့သောပစ္စတိုက မစင်တွင်းထဲပြုတ်ကျသွားသဖြင့် ပြန်မကောက်တော့ဘဲ ထားခဲ့ဆို၏။ ဤတွင် ပြဿနာကစတော့သည်။ မနက်ရောက်သောအခါ ဦးစိန်မြင့်က မစင်တွင်းထဲ ကျန်ခဲ့သောသေနတ်ကို ၀ါးလုံးရှည်တခု ရှာကာ စိတ်ရှည်လက်ရှည်ထိုးကော်၍ ရေဖြင့် သွားဆေး၏။ ထိုနောက် ပစ္စတိုတလက် အချောင်ရတာပွတာပဲ ဆိုကာ ရန်ကုန်ကို ပြန်လျှင် ယူသွားမည်လုပ်သဖြင့် ရုပ်ရှင်တဖွဲ့သားလုံးသွေးပျက်လေတော့သည်။ အမှန်ပြောရလျှင် သူရို့နယ်မြေ ရောက်၍သာ ကြည့်ဆက်ဆံနေရသော်လည်း ဗိုလ်ကျော်နှင့်နေ့စဉ် အဖွဲ့ကျနေသည်မှာပင် လွန်လှပြီ။ ယခုကဲ့သို့ ဗိုလ်ကျော် ကျန်ရစ်သည့် ဗျောက်ကိုရန်ကုန်အထိသာ ယူသွားပါက အိမ်ပြန်မရောက်ဘဲ တဖွဲ့လုံး အင်းစိန်ထောင်ထဲရောက်ကုန်ပါမည်ဟု ဆိုကာ အားလုံးဝိုင်းတောင်းပန်ပြီး သေနတ်ကိုချော့တောင်းကာ ပြန်ကာနီး ဗိုလ်ကျော်လက်ထဲ ပြန်ထည့်ခဲ့ရသည်ဆို၏။ ထိုအကြောင်းကို သူပြန်ပြောပြတုန်းက ဦးစိန်မြင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။ ယခုတော့သူကွယ်လွန်သွားသည့်သတင်းကြားခိုက် ထိုအကြောင်းက ခေါင်းထဲ ပထမဆုံးတန်းဝင်လာသည်။

              ဦးသုမောင်နှင့်စတင်ဆုံတွေ့ခဲ့ဘူးသည့်ကာလက အဖြစ်အပျက်လေးတစ်ခုကို အမှတ်ရမိပါသည်။  ၁၉၈၆ ခုနှစ်လောက် ကျွန်တော် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အနုပညာ အသင်းသားဘ၀ လူရွှင်တော်ပေါက်စ။ အတွင်းရေး မှူးက ဆရာဦးနေ၀င်း (ကဗျာဆရာမောင်နံ့သာ)၊ ဥက္ကဋ္ဌက တက္ကသိုလ်ဝင်းမွန်၊ ကျောင်းအုပ်ကြီးဦးကောင်းညွန့်။ အနုပညာရှင်များကို အပတ်စဉ် အနုပညာအသင်းသို့ ဖိတ်ကြားကာ ဟောပြောပွဲများလုပ်လေ့ရှိသည်။ ဒါရိုက်တာဦးခင်ဇော်က ရုပ်ရှင် အနုပညာ၊ ဆရာချစ်ဦးညိုက အကပညာ၊ အဆိုတော် ကိုမင်းနောင်က အဆိုပညာရပ်၊ ဦးမြတ်လေးကပြဇာတ်စာပေ စသည်ဖြင့်။ စာရေးဆရာစိန်ခင်မောင်ရီက တခန်းရပ်ပြဇာတ် အကြောင်းပို့ချစဉ် သရုပ်ပြ အစီအစဉ်အနေဖြင့် ဦးထုပ်နှင့်လူ အမည်ရသော တခန်းရပ်ပြဇာတ်လေးတခု တင်ဆက်ခဲ့သည်။ ထိုပြဇာတ်တွင် ကျွန်တော်တို့ အနုပညာအသင်းမှ လူရွှင်တော်များနှင့်အတူ ပြဇာတ်မင်းသမီး ချယ်ရီသင်း၊ မင်းသားဖြစ်စ မင်းဦး၊ ဆက်နိုင်၊ အဆိုလောကမှ လီလီနိုင်စိုး တို့ ပါဝင်စေသလို ရုပ်ရှင်ဂီတ စာပေလောကတွင် ထင်ရှားသော ဦးသုမောင်ကို ပါဝင်ကူညီသရုပ်ဆောင်ပေးရန် ဆရာကြီး စိန်ခင်မောင်ရီကမေတ္တာရပ်ခံသဖြင့် ဦးသုမောင်က လက်ခံလိုက်၏။ ဦးစိန်ခင်မောင်ရီက ဦးသုမောင်ကိုဗလကြီး  မင်းက ဒီသရုပ်ဆောင်တွေထဲမှာ နာမည်အရှိဆုံး၊ ဒါကြောင့်ဇာတ်ညွှန်းကို ဖတ်ပြီးမင်းလုပ်ချင်တဲ့ဇာတ်ကောင်ကို မင်းအရင်ရွေး ။ မင်းရွေးပြီးမှ ကလေးတွေကိုနေရာချပေးမယ် ဆို၏။ ဦးသုမောင်ရွေးသောဇာတ်ကောင်မှာ ပြဇာတ်အစမှ အဆုံးထိ ဇာတ်ခုံပေါ်တွင် ကုလားထိုင်တလုံးပေါ်၌ ဦးထုပ်ကိုဆောင်းပြီး စကားတစ်လုံးမှ မပြောဘဲ အခြားဇာတ်ကောင်တွေ ၀ရုန်းသုန်းကားဖြစ်နေသမျှကို ပရိသတ်ကို ကျောပေးကာ ထိုင်ကြည့် နေရမည့်သူ နေရာဖြစ်သည်။ အားလုံးပြီးမှ သူက ထကာ ဇာတ်ကောင်အားလုံးကို မဆိုးပါဘူး၊ ကဲ ဒီနေ့ ခဏနားပြီး နောက်မှ ဆက်ပြဇာတ်တိုက်ကြတာပေါ့ဟုပြောကာ ပြဇာတ်ပြီးသွားမည်ဖြစ်သည်။ အဲဒီနေရာမှ လုပ်ချင်ပါသတဲ့။

            မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့မှာကား မင်းသားသုမောင်နှင့်အတူတကွ ပြဇာတ်ကခွင့် ရမည်ဖြစ်သဖြင့် အထူးတက်ကြွလျက်။ ပြဇာတ်တိုက်မည့်နေ့သို့ ရောက်သောအခါ စကားတလုံးမှ မပြော၊ ဘာလှုပ်ရှားမှုမှ လုပ်စရာ မလိုသောနာမည်ကျော် မင်းသားက ရောက်အောင် လာပေးသည်။ နေရာက ရုပ်ရှင်ဒါရိုက်တာဦးခင်ဇော် နေအိမ်။ သမီးချစ်ချစ်ဇော်က အနုပညာအသင်းသူ။ ဦးသုမောင်ရောက်လာတော့ ဆရာစိန် နှင့် ဦးခင်ဇော် တို့က အားတက်သရော ထွက်ကြိုပြီး ဟေး ...ဗလကြီးရောက်လာပြီဟေ့...နေကောင်းတယ်မို့လား ဟု ထုံးစံအရစကားစ၏။

            လူကတော့ နေကောင်းပါတယ် ၊စိတ်ကတော့မကောင်းဘူး။ နိင်ငံတော် နဲ့ ရန်ဖြစ်နေတယ် ဟုဆိုသည်။ နံနက် ၁၀နာရီခန့်မှာပင် တော်တော်လေး ခရီးရောက်အောင် မော့လာခဲ့ပုံ ရ၏။ ဖြစ်ပုံမှာ ဦးသုမောင် ရေးသော ဖေဖေလာရင်အုန်းသီးခွဲစားမယ် အမည်ရသော ၀တ္ထုတိုတပုဒ်  ထိုအချိန်က (မဟေသီလား၊ ပေဖူးလွှာလား မမှတ်မိတော့) မဂ္ဂဇင်းတွင် ပါလာသည်။ ဇာတ်လမ်းထဲက ဇာတ်လိုက် ကလေးငယ် ဖခင်က မကြာခဏအိမ်ထောင်ပြုသည်။ ၀တ္ထုထဲတွင် လေးကြိမ်ထင်ပါသည်။ သားလုပ်သူမှာ ကလေးဖြစ်သဖြင့် တခြားဘာမှ မတွေးတတ်။ မင်္ဂလာတခါဆောင်လျှင် တကြိမ် မုန့်ကောင်းကောင်းစားရသည်သာ သိပုံကို ဖွဲ့ထားသည့်ဝတ္ထုဖြစ်ပါသည်။ စာပေစိစစ်ရေးက ထိုအချိန်က လူသိရှင်ကြား ရတနာနတ်မယ်နှင့် မင်္ဂလာပွဲ လုပ်ပြီးကာမှ ကြားမကောင်းကျော်မကောင်းဖြစ်ခဲ့ရသော ပါတီဥက္ကဋ္ဌကြီးဦးနေ၀င်းကို စောင်းမြောင်းရေးသားပါသည် ဆိုကာ ဦးသုမောင် ကလောင်ကို စာရေးသားခွင့် ပိတ်သည်ဟု ဆို၏။ ကြားရတော့ အားလုံးစိတ်မကောင်းဖြစ်ကြသည်။ ထို့ကြောင့်လည်း ဆရာစိန် (စိန်ခင်မောင်ရီ)က ဗလကြီး အဲဒါဆိုရင်လဲ အိမ်ပြန်နားနေပါ။ နောက်မင်းလုပ်ရမဲ့ အခန်းက ကလေးတွေနဲ့လည်း ဘာမှ အထူးတလည်တိုက်စရာမရှိတာဘဲ။ အဲဒီနေ့ကျရင်သာကျောင်းကိုလာခဲ့ ဟုဆိုသော်လည်း သူက အနုပညာသည်ကောင်း ပီသစွာဖြင့် ကျွန်တော်တို့ အမှားအယွင်းတွေနှင့် တိုက်နေသည်ကို ထိုင်စောင့်ပြီး သူပြောရမယ့် စကားလုံးများကို ပြောသွားသေးသည်။ သူပြန်ကာနီးမှာတော့ ဆရာစိန်က ပြဇာတ် ကမည့်နေရာ ဘယ်လိုလာမလဲ မေးတော့ သူက သူ့ဖာသာကားမောင်းလာမည်ဟုဆိုသည်။ ထိုအခါ ဆရာစိန်က ဗလကြီး ခုကမယ့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဆိုတာ အရင်က အာစီတူး နော် အာရ် အိုင် တီ မဟုတ်ဘူး ဟု  နှစ်ကြိမ်ခန့် ထပ်မှာပါသည်။

             သို့ဖြင့်ကပြမည့်နေ့သို့ ရောက်ပါတော့သည်။ ဆရာစိန် ၊ ဒါရိုက်တာဦးခင်ဇော်၊ စာနယ်ဇင်းသမားများအပြင် ဆရာချစ်ဦးညိုပါ ရောက်လာသည်။ ကျောင်းသူ ကျောင်းသားများကား ပြောစရာ မလိုတော့ပြီ။ တပြားမှ မပေးရဘဲ ရုပ်ရှင်မင်းသားသုမောင် ပါဝင်ကပြမည့် ပြဇာတ်တိုကို ကြည့်ရမည်ဖြစ်၍ ခန်းလုံးပြည့်လာအားပေး ကြသည်။ ပြဿနာက ဦးသုမောင် ရောက်မလာသေးတာဖြစ်၏။ အချိန်ကြာလာတော့ ဆရာစိန်ဖင်တကြွကြွ ဖြစ်လာသည်။ ဆရာဦးနေ၀င်း (ကဗျာဆရာမောင်နံ့သာ) နှာခေါင်းလေး တရှူံ့ရှူံ့ ဖြစ်လာသည်။ ထိုမှတဆင့် ကျွန်တော်တို့လူရွှင်တော်တသိုက်ကို ကျောင်းအ၀င်ပေါက်ထွက်ပြီး ကြိုနေဘို့ စေခိုင်းပါတော့သည်။ ဆရာစိန်ကသူ့ ဗလကြီးမှာ နိုင်ငံတော်နှင့် ရန်ဖြစ်နေသည့်ကာလဖြစ်သောကြောင့် ညစ်ညစ်နှင့်စွပ်မော့ကာ နေရာလွဲနေမှာကို စိတ်မချနိုင်ဖြစ်နေပုံ ရပါသည်။ ဤသို့ဖြင့် ကျွန်တော် အပါအ၀င် ယခုအမေရိကားရောက်နေသော လူရွှင်တော် စုတ်ဖွါး၊ ယခု ခေတ်ပေါ်ကဗျာဆရာ နရီ (မြိတ်)ဟု ဖြစ်လာမည့်လူရွှင်တော် ဖြတ်ထုံးတို့သုံးယောက်သားမှာ ပြဇာတ်ကမည့်ဝတ်စုံကြီးတွေဝတ်လျက်သားက ကျောင်းပြင် ထွက်ကာ ကျောင်းထဲ ကားဝင်လာနိုင်သည့် နေရာသုံးခုကိုခွဲကာ ဦးသုမောင်ကို အကြိုထောက်ကြပါတော့သည်။

             ကျွန်တော် တို့ စောင့်နေ၍ တော်တော်လေး ကြာလာခိုက်မှာ နရီ(မြိတ်)ခေါ် ဖြတ်ထုံး ဆီမှနေ၍ ဟော... ဟိုမှာ... လာပြီ.... လာပြီ ဟု အသံနှင့်အတူ ဦးသုမောင်ကား သည် ပြည်လမ်းမှ ကျောင်းဝင်းထဲ ချိုးဝင်လာတာတွေ့ရသဖြင့် ကျွန်တော်တို့မှာ ပျော်ရွှင်ဝမ်းမြောက်ကာ ကျွန်းပေါ် သောင်တင်နေသော ဒုက္ခသည်များ ပင်လယ်ထဲတွင် သဘောင်္တစ်စင်း တွေ့၍ အားရဝမ်းသာ အော်ဟစ်သကဲ့သို့ လက်များကို ဝှေ့ရမ်းလျက် ပြနေဆဲမှာပင်  ကားသည် ကျောင်းတွင်း ချိုးဝင် ရမည့် အပေါက်သို့ မ၀င်ဘဲ ကန်တော်လေး ဘေးပတ်လမ်းအတိုင်း တရကြမ်းမောင်းကာ စီးပွါးရေး တက္ကသိုလ်ဒေါင့်ဆီမှ အင်းစိန်လမ်းမဘက်သို့ ထောင်တက်ကာ မြင်ကွင်း မှ ပျောက်ကွယ်သွားပါတော့သည်။ ကျွန်တော်တို့ သုံးယောက်သားမှာ ဘာလုပ်ရမှန်းမသိ ဖြစ်ကာ အူယားဖါးယား ပြေးလွှား၍ ဆရာစိန်နှင့် ပြဇာတ်အဖွဲ့ကို သတင်းပို့ရပါတော့သည်။ ကျောင်းသားများက ထုံးစံအတိုင်း မစသေးဘူးလား... ဟေးလားဝါးလားက စလာပြီဖြစ်သဖြင့် ဦးသုမောင်နေရာ၌ အနုပညာအသင်းသား တစ်ဦးဖြစ်သော ကိုကြည်ဝင်း (ခေါ်)ကိုချမ်းအေးကို အစားထိုး၍ ပြဇာတ်စတင်ကပြရပါတော့သည်။

              အဲဒီလိုနဲ့ ကနေရင်းက ပြဇာတ် တ၀က်လောက်ထိ ရောက်တဲ့အခါ အမှတ်မထင် ကျွန်တော်တို့ ရှေ့စင်ပေါ်က ကုလားထိုင်ပေါ်သို့ ကြည့်မိရာ မည်သည့်အချိန်က ရောက်လာ၍ ကိုကြည်ဝင်းနှင့် လူချင်းလဲကာ ထိုင်နေပြီး ဇာတ်ညွန်းအရ ကုလားထိုင်နောက်မှီပေါ် ဇက်ကို လှန်တင်ထားပြီး ကျွန်တော်တို့အားလုံးကို မျက်မှောင်ကြီးကုပ်ကာ ကြည့် နေသော ဦးသုမောင်ကို တွေ့လိုက်ရပါတော့သည်။ကျွန်တော်ကဲ့သို့ပင် ကျန်သော ဇာတ်ကောင်များလည်း သတိထားမိကြပုံ ရပါသည်။အားလုံး အားတက်လာကြကာ စိတ်ပါလက်ပါ သရုပ်ဆောင်လာကြသဖြင့် ပြဇာတ်မှာသိသိသာသာ သွက်လာကာ အားလုံးချောချောမောမော ပြီးဆုံးသွားပါတော့သည်။ပြဇာတ် ပြီးနောက် သူ ရှင်းပြ၍ သိကြရသည်မှာ သူကားနဲ့ အာရ်အိုင်တီထဲထိ မောင်းသွားပြီး လိုက်ရှာနေသည်တဲ့။နောက်မှ ဆရာစိန် မှာထားတာသတိရပြီး အာစီတူးသို့ ပြန်မောင်းလာသတဲ့။သည်ခရီးကို ပြဇာတ်မပြီးမီ ရောက်အောင် ပြန်လာခဲ့နိုင်ပြီး စင်ပေါ် မှာရောက်နှင့်နေသော ကိုကြည်ဝင်းကို နောက်ကနေ အချက်ပြကာ လူချင်းလဲ ၀င်ထိုင်နေသည်ကို အားလုံးက တအံ့တသြ ဖြစ်ကြပါသည်။ ပြဇာတ်အပြီး ကျောင်းက ကျွေးသောထမင်းစားပွဲကိုပင် ၀င် မစားတော့ဘဲ အသံသွင်းရှိသည်ဆိုကာ ပြန်ထွက်သွားပါသည်။

                ဤနေရာ၌ စကားဖြတ်၍ သူ့ကလောင်ကို စာပေစိစစ်ရေးက ပိတ်ထားသည့်ကိစ္စသို့ ပြန်သွားလိုပါသည်။ကျွန်တော်တို့ပြဇာတ်အပြီး ရက်အနည်းငယ် အကြာတွင် ထိုအချိန်က ပါတီဥက္ကဋ္ဌကြီး ဗိုလ်နေ၀င်းက  တနှစ်တခါကျင်းပနေကျ စာရေးဆရာဆရာများအားလုံးကို ညစာတည်ခင်းဧည့်ခံ ပွဲလုပ်သည်ဟုဆိုသည်။ထိုပွဲမှာ အဖျော်ယမကာ အကောင်းစားများဖြင့် အလျှံပယ် ဧည့်ခံရာ ဆရာကြီးသော်တာဆွေက ထုံစံအတိုင်း ရေချိန်ရောက်သည်နှင့် စတင်ကာ တောက်ကြွားလာပြီး ဒီနိုင်ငံမှာ စာပေလွတ်လပ်ခွင့် လုံးဝမရှိဘူးဟု ဆိုကာ ထိပ်ဆုံးဝိုင်းက ဗိုလ်နေဝင်း သတိထားမိသည်အထိ အော်ဟစ်ကာ ပြဿနာရှာသည်ဟုဆိုပါသည်။ ဗိုလ်နေ၀င်းက ဘာပြသနာ ဖြစ်နေသလဲ မေးသောအခါ ဆရာ သော်တာဆွေက  ခင်ဗျားကိုသရော်တဲ့ ၀တ္ထုရေးတယ်စွပ်စွဲပြီး စိစစ်ရေးက ဗလကြီး ကလောင်ကို ပိတ်ထားတယ် ဟုဆိုရာ ဗိုလ်နေ၀င်းက ဗလကြီးဘယ်မှာလဲ ဆိုကာ စိစစ်ရေးကို ပိတ်ထားသည်မှန်လျှင် ပြန်ရေးခွင့်ပေးရန် နုတ်မိန့် နှင့် ပြောကြားခဲ့သဖြင့် ကိစ္စလည်းပြီးသွားသည်ဟု ထိုပွဲကိုသွားတက်ခဲ့သော ဆရာများမှ တဆင့် သိခဲ့ရပါသည်။

              ကျွန်တော်တို့နှင့် ပြဇာတ်အပြီး ကျောင်းက နေ့လယ်စာကျွေးသည်ကိုပင် မစားတော့ဘဲ  ကားထဲ ဝင်ထိုင်ပြီး ပြဇာတ်ဇာတ်ဝင်ခန်း လိုအပ်ချက်အရ ဆောင်းလာခဲ့သော ထန်းဖူးဦးထုပ်ကြီးကို ချွတ်၍  နောက်ခန်းထဲ လက်ပြန်ပစ်ထည့်လိုက်ပြီးနောက် ကျွန်တော်တို့ဘက် လက်တချက်ပြကာ ကားကို တရကြမ်းမောင်းထွက်သွားသော သူ့ပုံကို ယနေ့တိုင် မျက်စိထဲတွင် စွဲမိနေပါတော့သည်။

                                                           

ပန်းချီထိန်လင်း