Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 သရုပ်ဖေါ်ပုံ  ပန်းချီထိန်လင်း
ကျနော်တို့ ကြားမှာ သင့်တော် အံဝင်တဲ့ နေရာ တွေကျရင် သုံးစွဲနိုင်ဖို့ အတွက် ..အလီ သွားကျက် လိုက်ဦး.. ဆိုတဲ့ စကားလေး တခု ပေါ်လာ ဘူး တယ်ဗျ။
ဒီစကားလေး ကို ထွင်ပေးတဲ့ ရဲဘော် ရဲ့ အမည် က ကမ်ပူးချား တဲ့။ သူ့  နာမည် ရင်း တော့ မဟုတ်ပါဘူး၊ ကမ်ပူးချား လို့ ဘာကြောင့် ခေါ်ကြ သလဲ ဆိုတာ တော့ ကျနော် မမေးမိဘူး။ သူက ရဲဘော်အများ ကြားမှာ လူသိများ တယ်။ အလုပ်ကြိုးစားတယ်၊ စိတ်ထားကောင်းတယ်၊ သူ က ပြဿနာ တခု ရှာလိုက်တယ် ဆိုတာမျိုး တခါမှ မကြားရသလို တခြားရဲဘော် တွေ ကို ကူညီ ပေးတဲ့ စိတ် အမြဲ ရှိတဲ့ ရဲဘော်ဆိုတော့ အများ က သူ့ ကို ချစ်ကြတာ အဆန်း မဟုတ်ဘူးပေါ့။
သူ က ရှစ်လေးလုံး ကာလ မတိုင်မီ အထိ အတန်းပညာရေး ကောင်းကောင်း မသင်ဘူးဘူး၊ သူ စာမဖတ်တတ်ဘူး၊ ကြမ်းရှတဲ့ သူ့ ဘဝ ကပေးတဲ့ အသိကိုက မြန်မာအစိုးရ ကို ပုန်ကန်ရဲတဲ့ သတ္တိ ကို မွေးဖွားပေးခဲ့တယ် ထင်ပါ တယ် ဗျာ၊ သူ ရှစ်လေးလုံး ရဲဘော် တဦးဖြစ်လာတယ်၊ စက်တင်ဘာလ စစ်တပ် က အာဏာသိမ်းတော့ ABSDF ကျောင်းသား တပ်မတော် သား တဦး ဖြစ်လာ ပါတယ်။
၁၉၉၂ မယ်နပလော တိုက်ပွဲမှာ မိုင်းဒဏ်ရာ ရပြီး သူ့ ခြေထောက် တချောင်း ပေးလိုက်ရပါတယ်၊ အသက် ၂၀ ကျော် အရွယ် မှာ ခြေထောက် အတု တပ်ထား ရပေမယ့် သူ့ အဖွဲ့ အစည်း နဲ့  တော်လှန်ရေး အတွက် သူတတ် နိုင်တဲ့ ဘက် က ဆက်လုပ်မယ် ဆိုတဲ့ စိတ်ဓာတ် က သူ့ မှာ ရှိတုန်းပဲ။ အဲဒီ အချိန်မှာတော့ သူစာဖတ် တတ် နေပါပြီ၊ သူ့ ရဲ့ ရဲဘော်ကြီး တွေ က နောက်တန်း က ဘားတိုက် ထဲမှာ ဖြစ်ဖြစ်၊ ရှေ့ တန်း ဘန်ကာ ကျင်း ထဲ မှာဖြစ်ဖြစ် အချိန် ရ ရင် ရသလို စာသင်ပေးတော့ သူ ဒေါင်းအိုးဝေ ကို ဖတ်နိုင် နေပါပြီ၊ နားမလည် တာတွေ ပါလာရင်လည်း သူ့ ဘေးနား က ရဲဘော် တယောက်ယောက် ကို မေးတာပေါ့။
အဲဒီ နောက်ပိုင်း ABSDF က ဒဏ်ရာ ရ ရဲဘော်တွေ အတွက် ပျိုးထောင်ရေး အစီအစဉ် တခု ထဲ က အပ်ချုပ် သင်တန်း ကို သူ သွားတက်ရတယ်။အပ်ချုပ် သင်ပေး တဲ့ ဆရာ ကလည်း ကျောင်းသားရဲဘော် တဦးပါ၊ ဆရာလုပ်ပေးတဲ့ သူ က တော်ပါတယ်၊ အပ်ချုပ် ပညာ ကို ခြေခြေ  မြစ်မြစ် လည်း တတ်သလို
သူ့ သင်တန်းသား ရဲဘော် တွေကို အဆင့်လိုက် အဆင့်လိုက် Professional တဦးလို သင်တတ်ပါတယ်၊ ရောက်တာနဲ့  အပ်ချုပ်စက် ကို ကမ်ပူးချားတို့ ကို ပေးမကိုင် သေးဘဲ အပ်ချုပ် ပညာ ပေါ်ထွန်းလာပုံ က အစ အပ်ချုပ် ပညာ ဟာ လူ့ အသိုင်းအဝိုင်း အတွက် အရေးကြီးတဲ့ ပညာရပ် တခု ဆိုတဲ့ အမြင် တွေ၊ ဒီပညာတတ်ရင် ဘာတွေ အကျိုးပြုနိုင်မယ် ဆိုတာတွေပါ စပျိုးပြီး သင်တော့ သူ့ သင်တန်းသား တွေ က ဒီပညာ ကို ပိုစိတ်ဝင်စား လာကြ တယ်။
ဒီလို နဲ့  တဖြည်းဖြည်း အတိုင်းအထွာတွေ လုပ်ရတဲ့ သင်ခန်းစာ ကိုရောက် လာတယ်။ အဲဒီမှာ ကျနော် တို့ ကမ်ပူးချား အတွက် သင်တန်း ဆရာ က သီးသန့်  သင်ပေးရတာ ဖြစ်လာပါတော့တယ်၊ ကမ်ပူးချား က နှစ်ပိုင်း တပိုင်း လက်မ တို ၊့ ဒါ ကို သုံးဆ လုပ်လိုက်တို့  ဆိုတာတွေ က သူ့ အဘိဓာန် ထဲ အခုမှ ကောက်ထည့် ရတာတွေဆိုတော့ မလုပ်တတ်ဘူးလေ။ အဲဒါနဲ့ ဆရာဖြစ်သူ က သူ့ ကို အလီ ကျက်ခိုင်းရ တယ်၊ ပိုင်းခြေတို့  ပိုင်းဝေ တို့  သင်ပေးရ တာပေါ့။ အလီ နဲ့  ကမ်ပူးချား နပန်းလုံး ရတာ ၃-၄ ရက် ကြာခဲ့ပေါ့။
သင်တန်းပြီးတော့ ကမ်ပူးချား တယောက် စက်ချုပ်တတ်ပါပြီ၊ ယောက်ျား ဝတ် အင်္ကျီ နဲ့ ယူနီဖောင်း သူချုပ်တတ်ပြီ ဖြစ်ကြောင်း ကြေညာနိုင်ပြီပေါ့၊ သူချုပ်ပေးတဲ့ ယူနီဖောင်း က လက်တိုသွားတာ ခါးတို သွားတာ ပခုံးတက်သွားတာ တွေ တခါတလေတော့ ဖြစ်တုန်း ပေါ့လေ၊ သေချာတာ ကတော့ အပ်ချုပ်စက် တခု သူပိုင်သွားပါပြီ၊ သူ့ ခွင့်ပြုချက် မရဘဲ တပါးသူ ဒီစက်ကို ကိုင်ခွင့် မရှိစေရ။
အဲဒီလို ကာလ ဗဟိုရုံးချုပ် ဆေးခန်း က ဆေးမှူး ဆရာမ တဦး က သူတို့ ဝတ် ချင်တဲ့ အရပ်ဝတ် ဘလောက်စလေးတို့  မြန်မာ အင်္ကျီလေးတို့  ချုပ်တတ်ချင် လာပါတယ်၊ အရင် ကလည်း အပ်ချုပ်စက် နဲ့ အစိမ်း သက်သက် မဟုတ်တာလည်း ပါတာပေါ့၊ ဆရာမက သူ အားတဲ့ အချိန်လေး မှာ ကမ်ပူးချား ဆီသွားသင်လို့ 
ထပ်ပြီး နည်းနာတွေ ရရင်တော့ သူချုပ်လို့ ရပြီ ဆိုတဲ့ အတွေး နဲ့ ပေါ့။
အဲဒါနဲ့ ဆရာမ က ကမ်ပူးချား ဆီသွား သူ့ ကို သင်ပေးဖို့  အပ်ချုပ်စက်သုံးခွင့် ပြုဖို့ သွားပြောပေါ့၊ ကျနော် တို့  ဇာတ်လိုက် ကမ်ပူးချား ကလည်း လိုလို လားလား ပါပဲ၊ ဆရာမ က ခပ်ချောချော ဆိုတော့ စေတနာ ပေါ် သဒ္ဓါ ကလည်း ဆင့် လို့ နေမှာပေါ့၊ သူ တတ် ထားတဲ့ ဒီစက်ချုပ်ပညာ က အားလုံး သော ရဲဘော်တွေ အတွက် ဖြစ်တယ်၊ သူ သေသေချာချာ သင်ပေး မယ် ဆိုတဲ့  ကတိတွေ ပေး၊ သူတို့  ၂ ယောက်လုံး အားတဲ့ အချိန် တွေ ချိန်း ကြပေါ့။
ကမ်ပူးချား ကတော့ သူ့ မူ ကို လုံးဝ အထိမခံ ပါဘူး၊ ပညာရပ် တခု ကို သင်ယူ မယ် ဆိုရင် အခြေခံ က အစ သင်မှသာ ကောင်းမွန် တဲ့ အကြောင်း ပြောလို့ 
သူ့ အချိန် ဇယား အတိုင်း ပဲ ဘယ်နေ့  ဘာသင်ရမယ် ဆိုတာနဲ့  ပဲ ဆက်သွား ပါတယ်။ ဆရာမ လဲ နောက် တခါ ဟင်း ခနဲ သက်ပြင်း လေးတချချ နဲ့ ဆက်သင် နေရ သပေါ့။
တနေ့ သား ကျတော့ ဆရာမ တယောက် စိတ်ပျက်လက်ပျက် မျက်နှာ နဲ့  ကမ်ပူးချား  စက်ချုပ်တဲ့ ဘားတိုက် ဘက်ကပြန် လာပြီး သူ့ အဖော် တွေ ကို ထုတ်ညည်း ပါတော့တယ်၊ သူ ကမ်ပူးချား နဲ့ စက်ချုပ် သင်ခြင်း ကို ရက် အကန့် အသတ် မရှိ ရပ်ဆိုင်း လိုက်ပြီ၊ သူလက်လျှော့ပါပြီ ဆိုတဲ့ သတင်း ကို ကြေညာ ရင်းနဲ့  ကမ်ပူးချား က ဒီနေ့  သူ့  ကို အင်္ကျီအတိုင်း အထွာ တိုင်း နည်း ကို စသင်တော့မယ်လို့ ပြော ကြောင်း၊ မသင်မီ သူ့ ကို အလီ ပါတဲ့ စာအုပ် ပေးပြီး .. အလီ သွားကျက် .. လို့ ခိုင်း ကြောင်း၊ အဲဒါ နဲ့  ကမ်ပူးချား စိတ်ကျေနပ် အောင် သူ ဆေးခန်း  ကို ပြန် လာပြီး တနာရီ လောက် အကြာ မှာ ကမ်ပူးချား ဆီ ပြန်ပြီး  သူ အလီ တွေရ ပြီ ဖြစ်ကြောင်း နဲ့  အလီ ပြန်ရွတ် ခိုင်းမယ် ဆိုရင် သူ ရွတ်ပြမယ် လို့  ဆိုတော့၊ ကမ်ပူးချား က သေသေချာချာ လုပ်ပါ ဆရာမ ရယ် အခု ဘာမှ မကြာ သေးဘူး၊ ဘယ်လို လုပ် အမြဲတမ်း မှတ်မိ မလဲ၊ သူ့ တုန်း ကဆို သေချာအောင် ၃-၄ ရက် ကျက် ရကြောင်း ပြောဆို ပြန်လွှတ် လိုက်တဲ့ အကြောင်း ဇာတ်ကြာင်းပြန် ပါတော့တယ်။ အခုအချိန် ထိ အပ်ချုပ်စက် ကို ထိခွင့် မရသေးကြောင်းလည်း ပါပါတယ်။ ဇာတ်လမ်း ဆုံးတော့ ဆရာမ လည်း အခုမှပဲ သူစတဲ့ ဇာတ် သူ အဆုံးသတ် နိုင်လို့ ပေါ့ပါးသွားသလို ရယ်နိုင်၊ ကြားရ သူတွေလည်း ဒီဇာတ်ကို ရယ် ကြရပေါ့ဗျာ။
(ကမ်ပူးချား က ဆရာမ ချောချော ကို သူနေတဲ့ ဘားတိုက် ရက် ကြာကြာ လာလာ နေရ အောင် တမင် ဒီလို အချိန်ဇယား ဆွဲသလား ဆိုတာတော့ သူ ကိုယ်တိုင် ပဲ သိမှာပါ)
သူတို့ ရဲ့ စက်ချုပ်သင်တန်းဇာတ်လမ်း က ဆုံးသွားပေမယ့် ကမ်ပူးချား ရဲ့ .. အလီသွားကျက် .. ဆိုတဲ့ စကားလေး ကတော့ ကျနော် တို့  ကြားမှာ အဲဒီ ကတည်း က တွင်တော့ တာပေါ့၊
အဆင့်လိုက်လုပ်၊ အဆင့် မကျော်စေနဲ့ စတဲ့ အခြေအနေ တွေ နဲ့  ဆက်နွယ် တဲ့ ဟာ တွေ၊ သိတ်ကို ပုံသေကားချ ကြီး ပြောနေတဲ့ နေရာမျိုးတွေ မှာ ဒီ စကား ကို ကိုးကား ကြပါလေရော။
ဆိုပါတော့ တပ်ထဲမှာ စစ်တုရင် ထိုးကြရင် တယောက် က သူနဲ့ လက်ရည် သိပ်ကွာသူကို ထိုးမယ် ထိုးမယ် တကဲကဲ နဲ့ တက်ထိုး အဲ .. ပွဲ က ၁၀ မိနစ် တောင် မကြာ လိုက်ဘဲ မရှုမလှ ပွဲသိမ်းတာကြုံရရင် ဘေးက ပွဲကြည့် ပရိဿတ် က .. ကဲ မင်း အလီ သွားကျက်.. တဲ့၊ သူ သိပ် အဆင့် ကျော် တယ်ပေါ့လေ။
တနှစ် နှစ်နှစ် အတွင်း စစ် အနိုင်တိုက်မယ်၊ ဒီနေ့ ဒီရက်မှာ လူထု အုံကြွမှု ကြီးလုပ်မယ် ဆိုတဲ့ ပရော့ဂျက် တွေ ကို သူထုတ်ထားတဲ့ ပုံသေနည်း နဲ့  အတည်ကြီး ချပြ လာသူ ရဲဘော် တွေ၊ တခုခု လုပ်ရင် လုပ်ရမယ့် အဆင့် တွေ က အများသား ကို ဒါလေးများ ဆို ပြီး လုပ်ချင် သူတွေ တွေ့ လာရင် .. မင်း အလီ သွားကျက် .. လို့  တံတောင်နဲ့ တွက်သလို ပြောရင်း ရယ်ကြရတဲ့ပွဲ တွေမှာ အဲဒီ စကား ကို ကိုးကား ကြရ သပေါ့။
တခါတလေ ဒီနေ့ ဘာထူး သလဲ လို့ ဆိုရင် ဘယ်သူတော့ အလီ ကျက်နေရ ပြီ ဆိုတာ က နောက်ဆက်တွဲ ရှင်းတဲ့ ဇာတ်လမ်း နဲ့ အတူ
တပ်တွင်း သတင်း အဖြစ် ထွက်ထွက် လာတတ်ပါတယ်။
--
အခုတော့ တယောက် တနယ်စီမှာ နေဆို သလို ကျနော် တို့ တတွေ လည်း နေရာ တွေ ခွဲ နေကြရပါပြီ။
စစ်အစိုးရ ပြန်ကြားရေး ​ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ရဲ့  … မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်ပြီး မှတ်ထားစရာ စကားတခွန်း ကို ကြားရ တဲ့ အချိန်မှာတော့ အားလုံး ကို သတိရစရာ က ဖြစ်လာပါတယ်။
ဗိုလ်ကျော်ဆန်း က .. ဘာတဲ့
… အမေရိကန် လို နိုင်ငံတောင် ဒီမိုကရေစီ ရဖို့  နှစ်ပေါင်း ၂၀၀ ကျော် ဖြတ်သန်း ခဲ့ရတာ…တဲ့   
သူတို့  စစ်တပ်ခေါင်းဆောင် တွေ ဆင်ခြင်ဥာဏ် အပြည့်နဲ့ နှစ်ပေါင်း ၂၀ လောက် အချိန်ယူပြီး ဒီမိုကရေစီ လမ်းကြောင်း တစတစ ပုံဖော် ပေးနေတာ၊
မင်းတို့ သိပ်မလောနဲ့ ပေါ့လေ၊ သူတို့ ယူထားတဲ့ ပုံသေနည်းနဲ့ တဆင့်စီ သွားနေတာ့ကြောင့် တိုင်းပြည် ချောက်ထဲ ကျ မသွားတာကို မင်းတို့  ကျေးဇူးတင်ကြပေါ့။
သူ့ စကား က ၁၉ ရာစု နှောင်းပိုင်း လောက်မှာ ထွက်လာခဲ့ရင်တော့ လည်း အလေးထားစရာ ဖြစ်မှာပါ။
အခုလို စစ်အေးလွန်ခေတ် ၂၁ ရာစု ထဲမှာမှ ဆိုတော့ လည်း … ပုံသေကားချ ဗိုလ်ကျော်ဆန်း တယောက် … အလီ ကျက်ခိုင်း … နေတာ တွေးရင်း ပြုံးရင်း ရောင်းရင်း တွေကို သတိရ မိသေး တော့။
ဝင်းမော်ကြီး                                                                                               
၅ ရက် ဧပြီ ၂၀၁၀