Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

သရုပ်ဖေါ်ကလေးပန်းချီ ဆရာမသံဒိုင်းခင် နှင့်ပန်းချီထိန်လင်း


သူသေကိုယ်ရှင် တိုက်ပွဲဝင် ၊ ကျနော့်ဘဝမှာ ဒီစကားလုံး ပထမဆုံး စပြောတာက ဆရာကြီး ဦးတင်မိုး(ဆရာဂျမ်း) ပြောတဲ့နေရာက ဆရာသာမည ခေါ် ကိုခင်မောင်စိုး. ချင်းမိုင် နေမာဟေမင်။ ဆရာဂျမ်းအခေါ် ဟေမာနေဝင်း လမ်းရဲ့ တိုက်ခန်းမှာ၊ အချိန်က ၂ဝဝ၆ ခုနှစ်ထဲက နေ.တနေ.ရဲ့ ညနေ ၇း၃ဝ။ ၈းဝဝနာရီ လောက်ဖြစ်မည်၊ထိုနေ.က ဆရာအား မဲဆောက်မှ ချင်းမိုင်သို့ ကျနော် ပြန်ခေါ်လာသည့် နေ့၊ ဒါဟာ ဆရာ့အတွက် မဲဆောက် နောက်ဆုံးခရီးစဉ်လဲဖြစ်သည်၊

ဒီဗီဘီရုံးသို. ဆရာကို တီဗီမှတ်တမ်းရိုက်ပြီး အပြန်၊ အင်တာဗျူးတဲ့ အကြောင်းကလည်း ဆရာ. ထောင်တွင်း အတွေ.အကြုံများ၊ ဆရာပြောချင်တာ စိတ်လွတ်လက်လွတ် ပြောနိုင်ရန် ဧည့်ခန်း စက်တီပေါ်တွင် သက်သောင့် သက်သာထိုင်ရင်း ဗီဘီတီဗီ ဝိုင်းတော်သားတွေက ရိုက်ကူးပေးခဲ့ကြသည်၊ ဆရာက ဆေးလိပ်ကိုဖွာရင်း အေးအေးဆေးဆေး ပြောလိုက်။ ခဏနားလိုက်။ သတိရတဲ့ အကြောင်းတွေကို ပြန်ပြောလိုက်နဲ. ကျနော်ကတော့ တီဗီ ကင်မရာမြင်ကွင်းထဲမရောက်တဲ့ ဘေးတနေရာမှာထိုင်ရင်း ဆရာ့စကားတွေကို နားထောင်ကာ ဆရာနှင့်အတူ ဆရာ့ဘဝဇာတ်ကြောင်းထဲ မျောဝင်ခံစားနေသည်၊

 

တီဗီအင်တာဗျူးချိန် တနာရီကျော်လောက်ကြာခဲ့သည်၊ ထို့နောက် ရဲဘော်မောင်တူးက အထဲက ကျောင်းသားခေါင်းဆောင်တယောက်နဲ့ စကားပြောဖို့ တယ်လီဖုန်းချိတ်ပေးတော့ ဆရာက ဝမ်းပန်းတသာ အထဲကို နှုတ်ခွန်းဆက်သည်၊ ဆရာက ကျနော့်ကိုပါ ထိုကျောင်းသားခေါင်းဆောင်နှင့် စကားပြောခိုင်းသည်၊ နှုတ်ဆက်သည့် သဘောပါဘဲ၊ ဒီဗီဘီဝိုင်းတော်သားများက ကျနော်တို့ကို ထမင်းစားရန်ပြောသော်လည်း ဆရာက မဆာသေး၊ ကျနော့်ကို ဆရာသာမညအခန်းသွားစို့ဟုပြောကာ ဆရာ့ကို ဆိုင်ကယ်နောက်က ခေါ်လာခဲ့သည်၊ ဒီဗီဘီရုံးရှိရာ သံဝေဂဟု အမည်ပေးထားသည့် နေရာမှ ကျုံးဘက်ထွက်ပြီး မန္တလေးအလွမ်းပြေ ကျုံးဘေး အတွင်းပတ်လမ်းအတိုင်း ဖြေးဖြေးမောင်းပို့ပေးခဲ့သည်၊ ကျနော်တို့ဆရာကား လွယ်အိတ်တလုံးနှင့်

ဆိုင်ကယ်နောက်မှ၊ဒီလိုနဲ့ ဆရာသာမည အခန်းသို့ ကျနော်တို့နှစ်ယောက် ရောက်ခဲ့ခြင်းဖြစ်သည်၊ ဆရာသာမညက ရေခဲသေတ္တာထဲမှ ရေအေးဗူးထုတ်ပေးတော့ ကျနော်တို့နှစ်ယောက်သား တဂွတ်ဂွတ်ဖြင့် သောက်လိုက်ကြတာ ကုန်သလောက်နီးပါး ဖြစ်သွားတော့ ဟင်း  --- သောက်လို့ကောင်းလိုက်တာ ဟု ဆရာကပြောရင်း ကြမ်းပြင်ပေါ်ရှိ နောက်မှီ ဖုံလေးပေါ် သူ့ခန္ဒာကိုယ်ကြီးကို မှီရင်း လက်တဖက်က လွယ်အိတ်ထဲက ဆေးလိပ်ဗူးကို နှိုက်သည်၊ ထို့နောက် ထုံးစံအတိုင်း မာလ်ဘိုရိုလိုက် အဖြူရောင်

စီးကရက်လေးကို မက်မက်မောမော ရှိုက်ရင်း အမောဖြေနေရှာသည်၊

ကျနော်နှင့် ဆရာသာမညကတော့ ရောက်တတ်ရာရာ ကရွတ်ကင်းလောက် စကားပြောနေကြရင်း နောက်ဆုံးတော့ နိုင်ငံရေးအခြေအနေရောက်သွားသည်၊ ဒီပဲယင်း။ လမ်းပြမြေပုံ ချက်။ အမျိုးသားညီလာခံ။ ယနေ့ စီပွားရေး။ ပညာရေး စသဖြင့် ဘာရယ်လို့မဟုတ်၊

အဲဒီမှာ ကျနော်တို့ရဲ့ဆရာ ဆရာဂျမ်း ခေါ် ဆရာတင်မိုးက ဆေးလိပ်ကို ပြာခွက်ထဲထည့်ရင်း ဟေ့ကောင် ရဲဘော်သံခဲ ဆရာက ကျနော့်ကို တခါတရံ ရဲဘော်သံခဲ။ တခါတလေ မောင်သံခဲ။ တခါတခါမှာတော့ ဗိုလ်သံခဲဟု 'ကုံသလိုခေါ်သည်၊ သိုဏ္ဍသော် ရဲဘော်သံခဲဆိုတာကတော့ လေးလေးနက်နက် ခေါ်တတ်သည်ကို ရင်းနှီးနေသည့်အတွက် သတိထားမိသည် ကျနော်တို့လို လူငယ်များ ရဲဘော်ရဲဘက်လို သဘောထားသည့် ဆရာ. အတွင်းစိတ်ကို ပြသည်ဟု ကျနော်က ယူဆသည်၊ ကျနော်သာမဟုတ် အခြား ကျနော်တို့လို သူ့ တူသားနောင်အရွယ် အားလုံးကိုလည်း တခါတလေ ရဲဘော်ကို နာမည်ရှေ့တပ် ခေါ်တတ်သေးသည်၊ လူများနှင့် ဝိုင်းဖွဲ့စကားပြောသည့်အခါများတွင် ရဲဘော်တို့ဟု ချစ်ခင်ရင်းနှီးစွာလည်း သုံးလေ့ရှိသည်၊

ဗိုလ် ကို နာမည်ရှေ့က တပ်ခေါ်တာကတော့ စချင်နောက်ချင်တာပါသလို ချစ်စနိုးဖြင့် ခေါ်ခြင်းဖြစ်ပါလိမ့်မည်၊ ကျနော်က မလုပ်ပါနဲ့၊ ဒီဗိုလ်ကြီး တပ်တပ် မခေါ်ပါနဲ့။ ရှက်လွန်းလို့ပါ၊ ကျနော်တို့ ကျောင်းသားတပ်မတော်မှာ ဗိုလ်မရှိပါဘူး၊ရဲဘော်ပဲရှိပါတယ်ဆရာရယ်လို့ ခပ်သောသောကလေး ပြန်ပြောဖြစ်ခဲ့ဖူးသည်၊ အဲဒီလိုကျတော့ ဆရာက တဟဲဟဲ နဲ့၊

ဒီမှာ ဒီမှာ ရဲဘော်သံခဲ ဆရာက  ကိုယ်ကိုရှေ့နည်းနည်းတိုးရင်း

မင်း အိုစမာဘင်ကို သိလားကွ၊

ဟာ--- ဆရာကလဲ သိတာပေါ့ဗျ၊ ဘာဖြစ်လို့တုန်း၊ဆိုပြီး ကျနော်က ပြောရင်း ဆရာမောင်သာမညနှင့်အတူ ဆရာ ဘာပြောမလဲဆိုတာ သိချင်တာနဲ့ရော ပျော်ပျော်နေတတ်သလို ကျနော်တို့လို ရင်းနှီးနေတဲ့သူတွေကို စတော့နောက်တော့မယ့် အချိန်မှာရှိတဲ့ ဆရာ့ရဲ့ မပြုံးတပြုံး။ မချိုမချင် ချစ်စရာမျက်နှာ လပြည့်ဝန်းကြီးကို လှမ်းကြည့်နေပါသည်၊အေး အိုစမာဘင်လို မင်းတို့ဆီမှာ လက်နက်တွေ မရှိဘူးလား ဆရာကပြုံးသလိုမှ ခပ်တည်တည်ဖြင့် ကျနော့်ကို ကြည့်ရင်းမေးပါတော့သည်၊

ဟာ--- ဆရာကလဲ ကျနော်တို့ဆီက လက်နက်တွေနဲ့ အိုစမာဘင်ရဲ့လက်နက်နဲ့ နှိုင်းစရာဗျာ၊

ကျနော့်အဖြေကို ဆရာမစောင့်ပါ၊

ဒီကောင်တွေက စကားပြောလို့ မရဘူးကွ၊ လူစကားမသိတဲ့ အလေနတောကောင်တွေ၊ ဒီကောင်တွေရှိနေသမျှ အားလုံးကို ဒုက္ခပေးမဲ့ကောင်တွေ၊ ဒါကြောင့် ရဲဘော်သံခဲတို့ ဒီကောင်တွေကို မစ်ရှင်တခုဖွဲ့ပြီး သူသေ။ ကိုယ်ကြေတိုက်ရမှာကွ၊ ဟု ဆရာကပြောပါသည်၊

ဆရာကတော့ လုပ်ပြီဗျာ၊ မစ်ရှင်ဖွဲ့မယ်၊ အဲဒီမစ်ရှင်နာမည် ဆရာပေးဗျာ လို့ ကျနော်က ပြန်နောက်ရင်း ဆရာကိုပြောနေတုန်းမှာ ဟေ့ -- ဟေ့-- နေအုံးကွ၊ မင်းတို့တော့ သေလို့မဖြစ်ဖူး၊ ကြေဖို့လဲ မလိုဘူး၊ ရှင်ဖို့လိုတယ်၊ ဒါကြောင့် ဒီ မစ်ရှင်ကို သူသေ။ကိုယ်ရှင် တိုက်ပွဲဝင်လို့ နာမည်ပေးကွာ၊ ဆရာက ပြောလဲပြီးရော ကဲဘယ်လိုလဲဆိုတဲ့သဘောနဲ့ ကျနော့်ကို ကည့်ပါသည်၊နောက်ပြီး သူသေကိုယ်ရှင် တိုက်ပွဲဝင်၊ သူသေကိုယ်ရှင် တိုက်ပွဲဝင် ဆိုပြီး တယောက်တည်း ရွတ်ပြနေပါသေးသည်၊ အဲဒါ အင်မတန် ငြိမ်းငိမ်းချမ်းချမ်းနဲ့ တိုင်းပြည်နှင့်လူမျိုးသာမက လူသားအားလုံးကို ချစ်သော ပြည်သူ့စာဆို။ ကဗျာဆရာကြီး. ရင်တွင်းမှ ထွက်လာသော နာကျင်ခံခက် ခံစားရမှုများ. ရောင်ပြန်ဟပ်မှုဟုပင် ဆိုချင်သည်၊ကျနော့်မှာ ဆရာ့ရဲ့ဒီစကားလုံးကို နားထဲသာမက အသဲထဲထိ စွဲသွားခဲ့သည်၊ ဆရာမရှိတဲ့နောက် ဆရာ့ကို အမှတ်တရပြောကြသည့်ဝိုင်းများတွင် ဒီ သူသေ။ကိုယ်ရှင် တိုက်ပွဲဝင်ဆိုတဲ့စကားကို ဖောက်သည်ချမိပါတော့သည်၊

ထိုညနေက ဆရာဂျမ်းနှင့် ဆရာသာမညတိုဏ္ဍ အခြားအကြောင်းအရာများ။ ရှေးဟောင်းနှောင်းဖြစ်များ ပြောနေကြသော်လည်း ကျနော်မှာ မကြားတချက် ကြားတချက်၊ ဆေးလိပ်ဖွာရင်း ဘေးမှ နားထောင်နေခဲ့ပါသည်၊

ဒီလိုနဲ့ ဒေါက်တာအောင်ကျော်ဦး။ ကျနော်တို့အခေါ် ကိုဦး။ ကဗျာနဲ့ သံချပ်ရေးတော့ မြတ်ထက်။ မီဒီယာ အင်တာဗျူးသမားတွေခေါ်တော့ ဆရာမြတ်ထက် ကျနော့်တို့ဘက်လာလည်သည့်အခေါက်၊ ကျနော်။။ ကိုလွမ်းဏီ။ ကိုလွမ်းဆွေ တို့ဖြင့်စုဖွဲ့ကြရင်း ဝိုင်းကောင်းသဖြင့် ညဥ့်နက်သွားခဲ့သည့်တရက်၊ ကျနော့်အိမ် ဘုရားစင်ရှေ့မှာ သူလိုက်အိပ်သည်၊ နှစ်ယောက်သား စကားဆက်ပြောကြရင်း ဆရာဂျမ်း။ ဆရာစွမ်း။ ဆရာဦးဝင်းဖေတို့အကြောင်းရောက်သွားသည်၊

မင်း ကံကောင်းတယ်ကွာ၊ ဒီလိုဆရာတွေနဲ့ အတူခရီးသွားခွင့်။ သူတို့ကို ပြုစုခွင့်။ သူတို့စကားတွေကို နားထောင်ခွင့်ရတာ အရမ်းကံကောင်းတယ်၊လူက သဖြင့် စွပ်ကျယ်ဂျိုင်းပြတ် အဖြူလေးပေါ်က ကသည်းတဘက်ပါးလေးကိုကိုင်းရင်း နဖူးက ချွှေးကို သုတ်ရင်းနဲ့၊ ဆရာတင်မိုးကို တမ်းတရင်း ငြီးပြောလေး ပြောလိုက်သည်၊

အဲဒီမှာ ကျနော်က သူ့အား ဒီနေ့ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူတွေက မတရားမင်းမူနေပုံ။ ဆရာချစ်သော ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားခေါင်းဆောင်တွေ ထောင်ကျနေတာမခံမရပ်နိုင်ပုံ။ စုတ်ပြတ် ငတ်မွတ်နေတဲ့ ပြည်သူတွေဘဝကို မကြည့်စိမ့်နိုင်ပုံတွေကြောင့် ရင်ထဲကဝေဒနာတွေ အန်လွတ်ရင်း သူသေ။ကိုယ်ရှင် တိုက်ပွဲဝင်ဆိုတဲ့ စကားအကြောင်း ရောက်သွားပါတော့သည်၊

 

သံချပ်ရေးဆရာ မြတ်ထက်၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် မနျွှလေး ဘုရားကြီးတိုက်က ဂဠုန်နီ သပိတ်တပ်ဖွဲ့ ခေါင်းဆောင်တဦး။ ဆရာဝန်၊ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးတော့ အိန္ဒိယမြန်မာနယ်စပ်စခန်းသို့ ကနဦးရောက်ရှိခဲ့တဲ့ သူ။စခန်းတည်ထောင်သူတွေထဲက တယောက်၊ ကျနော်နဲ့က ၁ဝနှစ်နီးပါး တစခန်းထဲ၊ တဒေသထဲ၊ အတူတကွ တော်လှန်ရေးခရီး ဖြတ်ခဲ့ကြသူတွေ။ ဒီနေ့ထိလည်း တာဝန်ကိုယ်စီနဲ့ တဖွဲ့တည်း တမိုးတည်းအောက်မှာ ကျန်ရှိနေကြတုန်း၊ ဒါပေမဲ့ သူက နှစ်စဉ် သင်္ကြန်ရောက်ရင် သံချပ်ရေးတာ သူ့အလုပ်၊ ဟာသဓါတ်ခံလဲရှိ ကဗျာလဲရေးတဲ့သူဆိုတော့ စကားလုံးတွေသုံးတဲ့နေရာ ထိသည်၊ နိုင်ငံရေးသမား တဦးလဲဖြစ်နေတော့ အခြေအနေကို ခြုံငုံပြီး ကွက်ကွက်ကွင်းကွင်း ထိထိမိမိနဲ့ ဖော်ထုတ်ပြသည်၊

သရော်သည့်နေရာမှာလည်း ပီပြင်သည်၊ ဒါကြောင့် သူ့သံချပ်တွေက ပြည်တွင်း။ ပြည်ပနှစ်ခုစလုံးမှာ ပေါက် သည်၊ လူကြိုက်များသည်၊ သို့သော်စစ်အစိုးရတော့ အင်မတန်ကြောက်သည်၊

ဒီလိုနဲ့ နှစ်စဉ် သံချပ်ရာသီရောက်တိုင်း နောက်ထပ် အလုပ်များသူကတော့ စီစဉ်သူ ကျောက်မဲ ကျော်ကြီး။ ကျနော်တို့အခေါ် ကိုကျော်ကြီး၊ လူတိုင်းကို သမမျှတအောင်လုပ်နိုင်သည့် သည်းခံမှု စွမ်းရည်မြင့်တော့ သံချပ်သွင်းချိန်ဆို အိန္ဒိယရောက် ရဲဘော်တွေအားလုံးနီးပါး ပါဝင်ရလေ့ရှိသည်၊ ဒါသည်လည်း မစ္ဘိမဒေသဘက်က စုစည်းမှုတခုဟု ဆိုရမည်၊

တိုင်သူကတိုင် ဖောက်သူကဖောက်။ နောက်ကလိုက်သူကလိုက်။ ကာရာအိုကေနဲ့ သီချင်းကျင့်သူက ကျင့်၊ ကလေး။ လူကြီး၊ ယောက်ျား။ မိန်းမ နီးစပ်ရာ လာကြ အော်ကြပေါ့၊ ၁၉၉၅ခုနှစ် သံချပ်ကို ကျနော်တို့ မိသားစုရှိနေတဲ့ မီဇိုရမ် အိုင်ဇောမှာ အသံသွင်းဖြစ်သည်၊ ကိုကျော်ကြီး. စည်းရုံးရေးကောင်းတာရော။ ဝမ်းတွင်းပိုးကလဲ ရှိနေတော့ အဲဒီ သံချပ်ထဲမှာ အတိုင်ဖောက်တပုဒ် ကိုယ်တိုင် ဝင်ဟဲခွင့်ကြုံသလို၊ လက်တွဲဖော် မိန်းမတောင် သမီး လသားကလေး နို့တိုက်ရင်း မြန်မာသံ အမျိုးသမီးအဆိုမရှိလို့ သီချင်းတပုဒ် ဝင်နွဲခဲ့ကြသေးသည်၊  လူတိုင်း သံချပ်ရေစက်နှင့် မကင်းတာကို ပြောချင်တာပါ၊

အခုတော့ ကျနော်တို့အားလုံးချစ်သော ကဗျာဆရာကြီး ဦးတင်မိုး။ ဆရာဂျမ်းလည်း ကွယ်လွန်ခဲ့ပါပြီ၊ သူ့ကို မမေ့နိုင်ပါ၊ ဘယ်တော့မှလည်း မေ့နိုင်လိမ့်မည်မဟုတ်ပါ၊ သို့သော် သံချပ်ရေးဆရာ မြတ်ထက်မှာ သူသေကိုယ်ရှင် တိုက်ပွဲဝင် ၂ဝ၁ဝ သံချပ်ကိုရေးရင်း ဦးနှောက်သွေးကြောပေါက်သွားခဲ့။ လေဖြတ်သွားခဲ့သည်၊ စီစဉ်သူ ကျောက်မဲကျော်ကြီး (ကိုကျော်ကြီး)က ကျန်ရှိနေတဲ့အပိုင်းတွေကို လက်လှမ်းမှီရာ မိတ်ဆွေတွေရဲ့ အကူအညီယူရင်း သူသေကိုယ်ရှင် တိုက်ပွဲဝင် သံချပ်ကို အပြီးသတ်ခဲ့သည်၊

ဒီလိုနဲ့ သံချပ်ဆရာ မြတ်ထက် (ကိုဦး) လကျော်။ လနီးပါး အတွင်းလူနာအဖြစ် အင်ဖားဆေးရုံ တက်ခဲ့ရသည်၊ စကားပြောနိုင်ပြီဆို သူ. သူသေကိုယ်ရှင် တိုက်ပွဲဝင် သံချပ်ကို အင်တာနက်က (၂၉ မတ် ၂ဝ၁ဝ)ရရချင်း ဖုန်းဆက်မိသည်၊  သူ့သား အမွှာပူးထဲက အငယ်ကောင် ဖုန်းကိုင်ပါသည်၊

ဦးသံခဲပါ၊ သား ဖေဖေနဲ့ စကားပြောမလိုဏ္ဍ။ ခေါ်ပေးပါဆိုတော့ ကိုဦးနဲ့စကားပြောခွင့်ရသည်၊

အေး သံခဲ ပြောအသံက နဲနဲ တိုးသော်လည်း ရင်းနှီးမှု့က ပေါ်လွင်ပါသည်၊ ပထမ ကျန်းမာရေးအခြေအနေ။ မိသားစု စတဲ့ ထွေရာလေးပါးပြောကြသည်၊ အကောင်းပကတိ မဖြစ်သေးသော်လည်း ပီပီသသ ပြောနိုင်သည်၊ စကားတော့ပြောနိုင်ပြီ ခြေ။ လက် ကောင်းကောင်းလုပ်မရလို့ လေ့ကျင့်ခန်းလုပ်နေရသည်၊

ကျနော်က ကိုဦး ကျနော်အခု သံချပ်ခေါင်းစဉ် သူသေကိုယ်ရှင်တိုက်ပွဲဝင် ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး စာတပုဒ်ရေးမလို့၊ ဆရာဂျမ်းကိုလဲ ဂုဏ်ပြုချင်တယ်၊ ခင်ဗျားကိုလဲ ဂုဏ်ပြုချင်လို့၊ အဲဒါရေးပြီးပို့လိုက်မယ်၊ ဆိုတော့၊ အေး-- ကောင်းတယ်ကွာ၊ ရေးပါ။ ရေးပါ၊ ဟုဖြေသည်၊

ကျနော်တယ်လီဖုန်းချပြီးတာနဲ့ ငါ စိတ်ထဲရှိတုန်း အချိန်ရတုန်း အမြန်ချရေးမှဖြစ်မယ်၊ တော်ကြာ နေ့ရေး။ ညရေး ဖင်လေးနေရင် ဘာမှ လုပ်ဖြစ်တော့မှာမဟုတ်တော့ဘူး ဆိုပြီး ချက်ချင်း ဒီစာကို ရေးရပါတော့သည် ၊ဟုတ်ပါသည်၊

 

ကျနော်တို့တတွေ ဘဝတွေကို ငြမ်းခင်းအဖြစ် သဘောထားရင်း သူသေ ကိုယ်ကြေ တိုက်ပွဲဝင်ခဲ့ကြသည်၊ ဒါပေမဲ့ သူလဲ မသေသေးပါဘူး၊ ကျနော်တို့လဲ မကြေသေးပါဘူး၊ ရှင်လျက်ပါဘဲ၊ သူသေ။ ကိုယ်ရှင်ဖြစ်ဖို့ တိုက်ပွဲဝင်ဆဲဆိုတာ ဆရာဂျမ်း သိစေချင်ပါသည်၊

နောက်ပြီး အခုလို ၂ဝ၁ဝဆိုတဲ့ နိုင်ငံရေးကာလကြီးမှာ ဆရာပေးမဲ့ မစ်ရှင်ရဲ့ နာမည်ကို ကျနော်ဥာဏ်မှီသလောက် စိတ်ကူးနဲ့ စကားလုံးတွေကို ရွတ်အော်ကြည့်ပါသည်၊ ဆရာကျနော့်အား ပြောပြခဲ့သော သူသေ။ ကိုယ်ရှင် တိုက်ပွဲဝင်ဆိုတဲ့ စကားလုံးကို မယှဉ်သာပါကြောင်း ရိုးသားစွာ ဝံခံချင်ပါသည်၊

သူသေကိုယ်ရှင်တိုက်ပွဲ တဲ့လား ဆရာ၊

စကားလုံး သခင် ဆရာရှင်ကား ကွယ်လွန်ခဲ့ပြီ၊

စကားလုံးကို အသုံးပြုသော သံချပ်ဆရာ မြတ်ထက်ကား နလန်ထစ ရုန်းကန်တိုက်ပွဲဝင်ဆဲဖြစ်သည်၊

တိုင်တယ် အပြောခံ စာရေးသူ ကျနော် ရဲဘော်သံခဲကား ရှင်လျက်နှင့် မကြေ။ မသေအောင် ကြိုးစား တိုက်ပွဲဝင်နေရပါသည်၊

ပြီးပြီ၊

သံခဲ

၂ဝ၁ဝ ခုနှစ် မတ်လ ၃ဝ ရက်