User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

စင်္ကာပူနိုင်ငံ အနုပညာပွဲတော်တွင် မြန်မာနိုင်ငံမှ ခေတ်ပေါ်အနုပညာရှင် အောင်ကို၏  “အောင်ကိုရဲ့ရွာ အမည်ပေးထားသော ပရောဂျက်အနုပညာ ပြကွက်တခုကို ပြသလျက်ရှိရာ ကောင်းကင် ၀ိုင်းတော်သူ သီရိမှ ကိုအောင်ကိုနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို တင်ဆက်လိုက်ပါသည်။

 

 

တင်မောင်ညွန့်

 

(၁) သူရဲ တန်း ကျေးရွာက ကိုအောင်ကိုရဲ့ အနုပညာအတွက် ဘယ်လောက်အထိ အရေးပါခဲ့ပါသလဲ။

အမှန်က ကျွန်တော့် မွေးတာက သခင်မြမွေးရပ်မြေ ထုံးဘို ရွာမှာဗျ။ ကြီးတဲ့အခါကျတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးမြင့်အောင်ရဲ့ ရွာ၊ သူရဲတန်း အဲ့ဒီမှာ ကြီးတာပေါ့။ မွေးတဲ့နေရာက သပ်သပ်ကြီးတဲ့နေရာက သပ်သပ်ပေါ့ဗျာ။ ဒါပေမယ့် သိပ်တော့ မဝေးဘူးပေါ့။ မ၀းတဲ့ အခါကျတော့ သူရဲတန်း ရွာကို ပိုပြီး သံယောဇဉ် တွယ်တာပေါ။့ နောက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ ဒီရွာလေး ပါတ်ဝန်းကျင် အပြောင်းအလဲတွေ ပြောင်းလဲလာတဲ့အခါ ပိုပြီးတော့ ကောင်းအောင် ကိုယ်နိင်တဲ့ဖက်ကနေ အတတ်နိင်ဆုံး လုပ်ပေးချင်စိတ် ပေါ်လာတယ်။ အထူးသဖြင့် ကလေးတွေအတွက်ပေါ့။

 

(၂)  ရွာမှာ မွေးဖွားခဲ့ပြီး အနုပညာကို ဘယ်လိုများ စိတ်ပါဝင်စားလာခဲ့ပါ သလဲ။

ငယ်ငယ်ကထဲ က ပန်းချီပုံတူဆွဲတာတို့ ဘာတို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု့တက္ကသိုလ်မှာ ပန်းချီနဲ့ပဲ ဘွဲ့ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က ပန်းချီဆရာ မဖြစ်ချင်ဘူး။ အခုလိုမျိုး လက်ရာမျိုးကို လုပ်ချင်ခဲ့တဲ့အတွက် တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး ဆွဲထုတ်ယူခဲ့ရပါတယ်။ ကိုယ်လုပ်တာကို လုပ်နိင်ဖို့၊ လုပ်ရဲတဲ့သတ္တိရှိဖို့ အတွက် ဘာလို့လဲဆိုတော့ ဒီအလုပ်တွေမှာက မြင်ရတဲ့ အခက်အခဲ မမြင်ရတဲ့အခက် အခဲတွေ အများကြီး ရှိတယ်။ အဓိကကတော့ သည်းခံပြီး တဖြည်းဖြည်း လျှောက်ခဲ့ရတယ်။

 

(၃) ကိုအောင်ကိုအနေနဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ လှုပ်ရှားရုန်းကန်ခဲ့ရပုံနဲ့ ဆရာတွေ အကြောင်းကို လဲ ပြောပြပေးပါဦး။

အတွေ့အကြုံရော ဆရာရောကတော့ အများကြီးပဲ။ မြန်မာပြည်မှာတော့ ရှေ့ပိုင်းက ဆရာ့ဆရာတွေကလဲ ကိုယ့်ပေါ်မှာ ကောင်းခဲ့ပါတယ်။ တချို့ဆိုလို့ရှိရင် နေရာဖယ်ပေးရိုး ထုံးစံမရှိတဲ့အချိန်မှာတောင် နေရာဖယ်ပေးတာတွေ ကြုံခဲ့ရပါတယ်။ အခက်အခဲ ဆိုတာကတော့ အခုအချိန်ထိလဲ ခက်ခဲနေတုန်းပါပဲ။ ပြပွဲဆိုတာလဲ အမြဲတမ်းပြဖို့ အခွင့်အရေးလဲ ရှိမှ မရှိတာ။ နောက်ပြီးတော့  ပြလဲပြချင်စိတ်ကို မရှိတော့တာပါ။ ဒါပေမယ့် ကိုယ်နိင်သရွေ့ အကောင်းဆုံး လုပ်မယ်ဆိုတဲ့စိတ်တော့ အမြဲတမ်း ထည့်ထားရတာပေါ့။

ပွဲများများပြပြီး ဘာမှ ပြစရာ ပြောစရာမရှိဘူး ဆိုရင်လဲ လုပ်တာ လုပ်တာပါပဲ။ နည်းနည်းနဲ့ ကျဲကျဲဝိုင်း ဆိုတဲ့ စကားလိုပေါ့ဗျာ။ ကိုယ့်ပြပွဲ နည်းရင် နည်းမယ်။ ဒါပေမယ့် အကောင်းဆုံး လုပ်မယ်ဆိုပြီး လုပ်တာပါပဲ။

 

(၄) ပထမဆုံး ပြပွဲကို ဘယ်အချိန်တုန်းက ဘယ်နေရာမှာ စပြီး ပြခဲ့ဖြစ်တာပါလဲ။

ပထမဆုံးပွဲက Solo show ဆိုရင်တော့ မန္တလေး သိန်းဇော်ရဲ့ အဇဋာ ပြခန်း ၃၄ လမ်းမှာ ၂၀၀၄ က ပြတယ်။ အဲ့ဒီတုန်းက အိုးတွေနဲ့ပဲ ပြတယ်။ အိုးတွေနဲ့ လုပ်တယ်။ အဲ့ဒီတော့ အိုးအောင်ကို ဆိုပြီး လူတော်တော်များများ သိတာပေါ့လေ။ အခုကတော့ စင်္ကာပူမှာ လာပြီး ရွာတည်တာပေါ့လေ။

 

(၅) မချောအိသိမ်း နဲ့ တွဲပြီး စင်္ကာပူမှာ ပြခဲ့တဲ့ September Sweetness ဆိုပြီးတဲ့ ပရောဂျက်မှာ ကိုအောင်ကိုရဲ့ အနုပညာ ဖြတ်သန်းမှု့ အတွက် ဘယ်လောက်အရေးပါခဲ့ပါသလဲ။

ဘယ်လောက် အထိ အရေးပါသလဲ ဆိုတော့ အတူတူပူးပေါင်း လုပ်ဆောင်ရတဲ့ လုပ်ငန်းတစ်ခု အထူးသဖြင့် အနုပညာနဲ့ ပါတ်သက်တဲ့နေရာမှာ ဘယ်လိုအပိုင်းတွေက အရေးကြီးတယ် ဘယ်လိုအပိုင်းတွေက အရေးမကြီးဘူး ဘယ်လို ဖြတ်သန်းရမယ် ဆိုတဲ့ အတွေ့အကြုံ အထူးသဖြင့် မြန်မာပြည်အပြင်မှာပေါ့၊ အဲ့ဒီအတွေ့အကြုံ ကောင်းကောင်းရတယ်။ နောက်တစ်ချက်က အဲ့ဒီပြပွဲက (၂) နှစ်ကို တစ်ကြိမ်လုပ်တဲ့ Biennale ဆိုတဲ့ အမျိုးအစားပြပွဲ။ အခုလဲစင်္ကာပူမှာ ၂၀၁၁ အတွက်ပြနေပါတယ်။ သူက (၂) နှစ်ကို တစ်ကြိမ်လုပ်တာပါ။ အဲ့ဒီမှာ ကျွန်တော်က တစ်နေရာမှာ ၀င်ပါခွင့်ရခဲ့တယ်။ အဲ့ဒီပွဲမှာ ပါဝင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ကြုံရတယ် တွေ့ရတယ်။ အဆက်အသွယ်တွေလဲ အများကြီးရတယ်။ နောက်ပြီးတော့  ပုံစံအသစ်တွေကို ဒါမျိုးကို ဒီလို လုပ်တာပါလားဆိုပြီး အဲ့ဒါမျိုး တွေ့ရတဲ့ အခါကျတော့ ကိုယ့်အတွက် ပြင်ဆင်ခွင့် ပိုရသွားတာပေါ့လေ။

 

တင်မောင်ညွန့်

 

(၆)  ဒီပရော့ဂျက်က ကိုအောင်ကို အတွက် ပထမဆုံး နိင်ငံခြားမှာ တစ်ကိုယ်တော် ပြသဖြစ်ခဲ့တဲ့ ပရော့ဂျက်ပါလား။

ပရော့ဂျက်အနေနဲ့ကတော့ ပထမဆုံးပါ။ ဒါပေမယ့် နိင်ငံခြား အတွေ့အကြုံ အနေနဲ့တော့ ပထမဆုံး မဟုတ်ပါဘူး။

 

(၇) ကိုအောင်ကို အားကျခဲ့တဲ့ မြန်မာ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ အနုပညာလှုပ်ရှားမှု့တွေ၊ ဘယ်သူတွေကို အားကျခဲ့ပြီး အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါသလဲ။

ဦးအောင်မြင့်၊ ကိုပိုပိုတို့၊ ဗဂျီအောင်စိုးတို့၊ ဦးခင်မောင်ရင်တို့ သူတို့ကို ကြိုက်ပါတယ်။ နောက်ပြီး ဦးခင်မောင်ရင်ထားတဲ့  စိတ်နေသဘောထားကို  သဘောကျပါတယ်။ နောက် ကိုပိုပိုတို့ရဲ့ သတ္တိရှိတဲ့ စိတ်တွေကို သဘောကျပါတယ်။ ကိုယ်ကြုံရမယ့်ဟာတွေကို သူတို့က ရှေ့ကနေ ကြုံပြသလိုမျိုးဖြစ်တော့ ကျွန်တော်တို့ အတွက်က ပြင်ဆင်ချိန်ပိုရတယ်လို့ ပြောလို့ရတာပေါ့လေ။

 

(၈) ကိုအောင်ကိုက သရဲတန်းရွာမှာ ပုံမှန်ပရော့ဂျက်လေးတွေ လုပ်ဖြစ်တယ်လို့ သိရပါတယ်။ ဇာတိကိုပြန်ပြီး အနုပညာ ဖန်တီးဖြစ်ဖို့ ဘယ်လို မျိုးစိတ်ကူး စတင်ရရှိခဲ့သလဲ ဆိုတာ သိပါရစေ။

ကျွန်တော်က ရွာသားလို့ အခေါ်ခံရတာကို ကြိုက်တာဗျ။ တစ်ခါတလေ ကျရင် ကိုယ့်ကိုကိုယ် အနုပညာသမားဆိုတာကို မေ့နေတယ်။ ရွာမှာ ပြန်ပြီး လုပ်နေရတာကို ကျေနပ်တာပါ။ အဲ့ဒီလို ရွာမှာ လုပ်နေရင်း လုပ်နေရင်းနဲ့ ရွာမှာ ရှိတဲ့ပစ္စည်း ပစ္စယတွေ၊ နောက် ရွာသူရွာသားတွေနဲ့ ၀ိုင်းဝန်းလုပ်ရတယ်။ အဲ့ဒီတော့ ရွာသူရွာသားတွေရဲ့ စိတ်ခံစားမှု့တွေ နောက်သူတို့ လိုအပ်ချက်တွေ သူတို့ဖြစ်ချင်တာလေးတွေ အဲ့ဒါတွေကို မြင်ရတွေ့ရတယ်။ အထူးသဖြင့် ကလေးတွေ။ ကလေးတွေမှာ တချို့အပိုင်းလေးတွေ နဲနဲလေးလွဲနေတာ မြင်ရတယ်။ အဓိကကတော့ လွဲနေတယ် ဆိုတာကလဲ အားနည်းချက်တွေ ရှိလို့ လွဲနေတယ်လို့ ကျွန်တော်ကမြင်ပါတယ်။ အဲ့ဒီအားနည်း ချက်တွေကို အကုန်လုံးကို မရွေ့နိင်ရင်တောင် နဲနဲ ချင်းစီ မရွေ့ရမယ်လို့ ကျွန်တော် ယူဆတယ်လေ။ ဒါကြောင့် ကျွန်တော် ပရောဂျက်တွေ ရွာမှာလုပ်တဲ့ ပရော့ဂျက်တွေက နဲနဲချင်းစီမရွေ့နေတာနဲ့ အတူတူပါပဲ။

 

တင်မောင်ညွန့်

 

(၉) ပရော့ဂျက်ဆိုတာက မြို့ပြမှာပဲ လုပ်ဖြစ်တာများတယ်လေ။ ကိုအောင်ကိုက ဘာကြောင့် အနုပညာ ခံစားမှု့ အားကောင်းတဲ့ မြို့ပြကို ပယ်ပြီး ရွာမှာပဲ လုပ်ဖြစ်တာပါလဲ။

ရွာက ကျွန်တော့်အတွက် ပိုပြီးရိုးသားတယ်။ ပိုပြီးလုံခြုံတယ်။ ရွာသူရွာသားတွေ ပေါ်မှာလဲ ကျွန်တော်ထားတဲ့ စေတနာကလဲ ကြည်ကြည်လင်လင် ထားတဲ့အတွက်ကြောင့်လဲ သူတို့ဖက်က သူတို့ရင်ထဲကိုလဲ ကျွန်တော်တို့က ကြည်ကြည်လင်လင်ပဲ ပြန်မြင်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဖုံးကွယ်ထားတာ မရှိဘူး။ တစ်ယောက်ကို တစ်ယောက်လုပ်စားတာ မရှိဘူး။ မြို့ပြမှာ ကျတော့ တစ်ယောက်ကို တစ်ယောက်လုပ်စားဖို့ တစ်ယောက်ကို တစ်ယောက် ကျော်တက်ဖို့ သိပ်လွယ်ကူတယ်။ ယုံကြည်မှု့တွေ အားနည်းတယ်။ ရွာမှာက ယုံကြည်မှု့ရဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ ရပ်ရွာဒေသမှာ ဆိုရင်ပေါ့လေ။ လူတစ်ယောက်ကို ယုံကြည်မှု့ရပြီဆိုပြီ အဲ့ဒီလူအတွက် အသက်ပေးပြီး ကာကွယ်ပေးဖို့ ၀န်မလေးဘူး။ ကျွန်တော်တို့ မြို့ပြမှာ ဒါမျိုးမရနိင်ပါဘူး။

 

(၁၀) ကိုပိုပိုတို့ပါဝင်ပြခဲ့တဲ့ သူရဲတန်းပရောဂျက် (၄) မှာ မှတ်မှတ်ရရ အတွေ့အကြုံ့လေးတွေ ရှိခဲ့ပုံကိုလဲ ပြောပြပေးပါဦး။

မှတ်မှတ်ရရ အတွေ့အကြုံ ရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အတွက်ကို ရွာသူရွာသားတွေက တာဝန်ယူပြီး ကာကွယ်ပေးပါတယ်။ ဘာလို့လဲ ဆိုတော့ကျွန်တော်တို့ ရဲ့ လုပ်ဆောင်ချက်တွေက မှားတဲ့ဖက်မှာ မရှိဘူးဆိုတာ သူတို့ သိနေတာပါပဲ။ အပြုသဘောစိတ်ကိုပဲ ရည်ညွန်းပြီးတော့ ကျွန်တော်တို့လုပ်နေတာပါ။ လွဲတဲ့အတွေးနဲ့ တွေးနေတယ် ဆိုရင်တော့ လွဲနေဦးမှာပါပဲ။ လက်တောင်မှ ညီတာမှ မဟုတ်တာ။ ကျွန်တော်တို့က ဘယ်အရာမှ ညီအောင် ညှိလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့က လက်ညှိုးဖြစ်ရင် လက်ညှိုးကို ညီအောင် ညှိမယ်။ လက်မ ဖြစ်ရင် လက်မကို ညီအောင်ညှိမယ်။ ဒါပေမယ့် ငါးချောင်းလုံးကတော့ ဘယ်တော့မှ ညီမှာမဟုတ်ပါဘူး။

 

(၁၁) အခု Singapore art festival မှာ တင်ဆက်ပြသနေတဲ့ Aung Ko’s Village ဆိုတဲ့ အနုပညာပြကွက်ကို ဘယ်လို အနုပညာမျိုးလို့ သတ်မှတ်လို့ရပါသလဲ။

Comptemporary Art၊ Visual Art အမျိုးအစားဖြစ်ပါတယ်။ နောက်ပြီး သေသေချာချာ အချိန်ယူပြင်ဆင်ပြီးမှာ ပြရတဲ့အရာမျိုး ဖြစ်ပါတယ်။ နောက်ပြီးတော့ အကြောင်းအရာ တစ်ခုကို သေသေချာချာ ဆုပ်ကိုင်ပြီးမှ ဘက်ပေါင်းစုံကနေ ကိုယ့်ကိုယ်ကို မေးခွန်းပေါင်းများစွာ အကြိမ်ပေါင်းများစွာ ပြန်မေးပြီးမှ လုပ်သင့်တယ်လို့ ဆုံးဖြတ်ပြီးမှ အချိန်ယူပြီး လုပ်ခဲ့တဲ့ လက်ရာပါ။

 

tmn

 

(၁၂) ဒီပရော့ဂျက်ကို သူတို့ဘက်က စတင်ဆက်သွယ်ပြီးတော့မှ ဒီလိုပရော့ဂျက်ကို လုပ်မယ်လို့ ပြင်ဆင်ခဲ့တာပါလား။

မဟုတ်ပါဘူး။ ဒီဟာကို ဘယ်တော့မှ ပြရမယ် ဘယ်နေရာမှာ ပြရမယ်။ ဘယ်သူနဲ့ တွဲလုပ်ရမယ် ဆိုတာလဲ ကြိုမသိထားဘူး။ ကိုယ်လုပ်ချင်လို့ လုပ်သင့်တယ် ထင်လို့ လုပ်ခဲ့တဲ့လက်ရာပါ။

 စပြီးတော့ လုပ်ခဲ့တဲ့ အချိန်က ၂၀၀၈ ကထဲက စတယ်။ ပြီးတာ ၂၀၁၁မှာ ပြီးတယ်။ ၂၀၀၈ ကနေ ၂၀၁၁ အတွင်းမှာ ဖြည့်သည့်တာကို ဖြည့်တယ် ဖြုတ်သင့်တာကို ဖြုတ်တယ်။

 

 (၁၃) ဒီပြကွက်မှာ အဓိကအားဖြင့် ဘယ်လိုပြကွက်မျိုးကို ပြသထားပါသလဲ။

အဓိကက ကျွန်တော်က ရွာက နေလာတဲ့ ရွာသားတစ်ယောက် ဖြစ်တယ်။ ကျွန်တော်ဝတ်တဲ့ အ၀တ်အစားက ရွာသားနဲ့ တူချင်မှတူတယ် နေပုံထိုင်ပုံက ရွာသားတစ်ယောက်လို ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော့် စိတ်က အမြဲတမ်းရွာသားပဲ။ အဲ့ဒါက စတိုင်ထုတ်ပြီးပြောတာလဲ မဟုတ်ဘူး နဂိုကထဲကမှ အဲ့ဒါကို ကျေနပ်တာ။ တောသားလို့ ခေါ်ရရင်ကို စိတ်က အလိုလိုကြွလာတာ။ သူများတွေလို တောသားလို့ ခေါ်ရင် နာတာမျိုးမရှိဘူး။ တောသားလို့ ခေါ်ရင်ကို လူက ရိုက်ချင်ပုတ်ချင်စိတ်ကို ပေါက်လာတာ။ အဲ့ဒီ feeling ကို အရမ်းကြိုက်တယ်။

အခုနောက်ပိုင်းမှာ အရင်တုန်းက ကျွန်တော်က နိင်ငံခြားက လာတဲ့ စာအုပ်တွေကြည့် စာအုပ်တွေဖတ်၊ အဲ့လို ကိုယ်လေ့လာထားတဲ့အရှိန်တွေနဲ့ နိင်ငံခြားဆန်တဲ့ လက်ရာမျိုးကို ကိုယ်က ဖန်တီးချင်တယ်။ အဲ့လိုဖန်တီးမှ ကိုယ်က ကိုယ့်တိုင်းပြည်မှာရော လူထင်ကြီး ခံရမယ် လူသိပိုများမယ် ထင်ခဲ့တယ်။ ဒါပေမယ့် တကယ့် တကယ်တန်း ကျွန်တော် ကိုယ့်ကိုယ်ကို မေးခွန်းပေါင်းများစွာ မေးခွန်း ပြန်မေးပြီး ကိုယ့်လက်ရာတွေ အပေါ်မှာ သူများသုံးသပ်တာထက် ကိုယ့်ကိုယ်ကို မနာတမ်း သုံးသပ်ပြီး ပြန်လေ့လာကြည့်လိုက်တဲ့အခါကြတော့ အဲ့ဒါတွေက ကျွန်တော့် လက်ရာတွေ မဟုတ်ဘူး။

အဲ့ဒီတော့  ကျွန်တော့်ဟာတွေ မဟုတ်တာတွေ အကုန်လုံးကို ကျွန်တော် ဖျက်စီး ပစ်ခဲ့တယ်။ အဲ့လို ဖျက်ဆီး ပစ်ဖို့ သတ္တိကလဲ တော်တော်မွေးယူရတယ်။ ဘာလို့လဲ ဆိုတော့ အဲ့ဒီမှာ ဦးဏှောက် ရင်းနှီးမှု့တွေပါတယ်၊ ငွေကြေး ရင်းနှီးမှု့တွေပါတယ်။ အချိန်ရင်းနှီးမှု့တွေ ပါတယ်။  လူခွန်အား ရင်းနှီးမှု့တွေပါတယ်။ အဲ့ဒီ ရင်းနှီးမှု့တွေ အကုန်လုံးကို ကျွန်တော် ပြန်ဖျက်ဆီးဖို့ မွေးရတဲ့ သတ္တိ၊ အဲ့ဒီတော့ အများကြီး တာဝန်ကြီးတယ်။ အဲ့ဒါတွေ အကုန်လုံးကို ကျွန်တော် ဖျက်ဆီးပစ်ခဲ့တယ်၊ ဘယ်သူ့ကိုမှ မပြသခဲ့ဘူး။ ပြသဖို့ စိတ်လဲ မရှိဘူး။

ကိုယ်လုပ်ချင်လို့ လုပ်ခဲ့တဲ့ ဟာကြီးပဲ။ နောက်ပိုင်း နောက်ပိုင်းမှာ လုပ်ခဲ့တာတွေက ကျွန်တော့် identity ဖြစ်တဲ့ ရွာသားဆိုတာကိုပဲ ကျွန်တော် ပြန်ပြီးတော့ ကိုင်တွယ်ခဲ့တယ်။ အဲ့ဒီတော့ ရွာကို ပြန်တယ်။ ရွာမှာ ရှိတဲ့ ပစ္စည်း ပစ္စယ၊ ရွာပါတ်ဝန်းကျင်မှာ ရှာလို့ရတဲ့ ပစ္စည်း ပစ္စယတွေကို အသုံးပြုတယ်။ နောက်ပြီးတော့ ရွာသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်လို့ ရတဲ့ လက်ရာကို သုံးတယ်။ ဒါပေမယ့် အဲ့လို ပူးပေါင်းလုပ်ဆောင်လို့ ရတဲ့ လက်ရာကို သုံးတဲ့အခါမှာလဲ နှစ်ဦးနှစ်ဖက်ကို သဘောထားကို ညှိညှိနှိုင်းနှိုင်းသေချာ ရှင်းလင်းပြီးမှ ကျွန်တော်လုပ်တယ်။

ဘာလို့လဲ ဆိုတော့ ပရော့ဂျက်ဆိုတဲ့ လက်ရာက တစ်ယောက်ထဲနဲ့ လုပ်လို့ ပြီးတာမျိုး ရှိတယ်။ တစ်ယောက်ထဲ လုပ်လို့ မပြီးတာလဲ ရှိတယ်။ အဲ့ဒီတော့ ကျွန်တော်က နားလည်မှု့ လွဲတာမျိုး တစ်ယောက်အပေါ်တစ်ယောက် တာဝန်မယူနိင်တာမျိုး တွေမရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာက တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု့တွေလွဲရင် ရှေ့ဆက်လို့ ရမှာမဟုတ်ဘူး။ အဲ့ဒီတော့ နားလည်မှု့ အလွဲမခံနိင်ဘူး အထူးသဖြင့် ကျွန်တော်တို့ ကိုယ့်ဇာတိ ရွာသားအချင်းချင်း ကိုယ့်မိတ်ဆွေ သူငယ်ချင်း အချင်းချင်း စိတ်ဝမ်းကွဲ မခံနိင်ဘူး။ အဲ့ဒီတော့ ကျွန်တော့်အတွက် တာဝန်ပိုကြီးတယ်။

 

tmn

 

 

(၁၄) ကိုအောင်ကို လုပ်ခဲ့တဲ့ အနုပညာတွေကို Community Art လို့လဲ ပြောလို့ရတာပေါ့နော်။

ဟုတ်ကဲ့။ သေသေချာချာပြောလို့ရပါတယ်။

 

(၁၅) ဘယ်နှစ်ခုနှစ်နောက်ပိုင်းမှာ ဒီလို Community Art  အနုပညာ အမျိုးအစားကို စတင်ခဲ့တာပါလဲ။

ကျွန်တော့် အနေနဲ့က ၂၀၀၅ မှာ ကျွန်တော် တစ်ယောက်ထဲ စတယ်။ လူမသိ သူမသိပါဘဲ။ ရန်ကုန် အသိုင်းအ၀ိုင်းလဲ မသိဘူး။ ဘယ်သူမှ လဲ မသိကြပါဘူး။ ဒါပေမယ့် ကျွန်တော့်တို့ ၂၀၀၇ ခုနှစ်မှာ စခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ ကျွန်တော်ရယ် ကိုသန်းဌေးမောင်တို့ရယ်၊ ဦးအောင်မြင့်တို့ရယ်၊ ကိုဆန်းဦး၊ ကိုထွန်းဝင်းအောင်တို့ အားလုံးပဲ ပါကြပါတယ်လေ။ မိတ်ဆွေ အပေါင်းအသင်းတစ်ချို့၊ နောက် ဦးအောင်ဝေး (ကဗျာဆရာ) ပါတယ်ပေါ့။ အားလုံး ၀ိုင်းပြီး ကျွန်တော်တို့  စိတ်တူကိုယ်တူ လုပ်ခဲ့ကြပါတယ်။ စိတ်တူကိုယ်တူ လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုကလဲ ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကိုက ရိုးရိုးရှင်းရှင်းနဲ့ လုပ်ခဲ့ကြတာပါ။ ဘယ်အရာကိုမှ အရောင် စွန်းတာမျိုးမဟုတ်ဘဲ တကယ်ကို ရိုးရိုးရှင်းရှင်းနဲ့ လုပ်ခဲ့တာပါ။

 

(၁၆) Jendela (Visual arts Space ) မှာ ပြသထားတဲ့ ပြကွက်တွေမှာ  ပရိတ်သတ်ကိုပေးချင်တဲ့ အဓိက  message က ဘာပါလဲ။

အမှတ်ရမှု့။  ကိုယ်နဲ့ပါတ်သက်တဲ့ ကိုယ့်ရဲ့ Identity။ ဥပမာ တရုတ်တစ်ယောက်က အာဖရိကမှာလဲ နေလို့ ရတယ်။ မြန်မာပြည်မှာလဲ နေလို့ရတယ်။ ကြိုက်တဲ့နေရာမှာ နေလို့ရတယ်။ ဒါပေမယ့် သူက ဘယ်နေရာမှာနေနေ တရုတ်ဖြစ်နေဆဲပဲ။ အဲ့လိုပဲ  ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကြိုက်တဲ့နေရာမှာ နေလို့ရတယ်၊ ကြိုက်တဲ့ ရေကို သောက်လို့ရတယ်။ ကြိုက်တဲ့ထမင်းစားလို့ ရတယ်။ ဒါပေမယ့်  ဘယ်နေရာရောက်ရောက် ကျွန်တော်တို့က မြန်မာလူမျိုးပဲ။ အဲ့ဒီတော့ မြန်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က မြန်မာတစ်ယောက်ရဲ့ လက်ရာကို လုပ်ဖို့ ကျွန်တော့်မှာ အဲ့ဒီသတ္တိရှိတယ်။

ကျွန်တော်က မြန်မာတစ်ယောက်ရဲ့ လက်ရာကို လုပ်တယ်။ ဒီဥစ္စာကို ကျွန်တော်တို့ တချို့ပရိတ်သတ်တွေ  ပြည်တွင်း ပရိတ်သတ်တွေထဲက ကျေနပ်ရင် ကျေနပ်မယ် မကျေနပ်ရင် မကျေနပ်ဘူး။ အဲ့ဒီအပေါ်မှာလည်း ကျွန်တော့်ဖက်ကနေ ပြောရရင် သူတို့အပေါ်မှာ စိတ်ကွက်တာမျိုး ငြိုငြင်တာမျိုး ပြန်လည်ချေပတာမျိုး လုပ်မှာမဟုတ်ဘူး။ ဒါဟာ ကျွန်တော့် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တဲ့ လက်ရာ ဖြစ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဆိုတဲ့ အကြောင်းအရာကို နားမလည်လို့ရှိရင် ကျွန်တော်တို့ မျှော်လင့်ထားတာမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။

 

တင်မောင်ညွန့်

 

(၁၇) အဓိက ပြခန်းမှာ ပြသထားတဲ့ ပြကွက်ရဲ့ ရည်ရွယ် ချက်ကိုလဲ သိပါရစေ။

ပြကွက်ရဲ့ ရည်ရွယ်ချက် အဓိကကတော့ ကျွန်တော်တို့ရဲ့ Village Culture ကျေးရွာ ယဉ်ကျေးမှု့နဲ့ပါတ်သက်တဲ့ အကြောင်းအရာတွေကို ကိုယ့်ရဲ့ ယနေ့ Comtemporary Art အတွေးအခေါ် Visual Art ထဲကို တိုက်ရိုက် သွတ်သွင်းတာပါပဲ။ တိုက်ရိုက်သွတ်သွင်းခြင်း အားဖြင့် ဘာဖြစ်လဲဆိုတော့ မတူညီတဲ့ အတွေးအခေါ် အယူအဆတွေ ကျွန်တော့် လက်ရာထဲကို တပြိုင်နက်ထဲ ၀င်လာနိင်တယ်။ မတူညီတဲ့ဟာမျိုး အဲ့ဒီ Challenge ကို လိုချင်တာ။

 

(၁၈) နောင် အနာဂါတ်မှာရော ဘယ်လို အနုပညာ လက်ရာမျိုးကို ဆက်လက်ဖန်တီးထားမယ်လို့ ရည်ရွယ် ထားပါသလဲ။

ရွာက ကျွန်တော့်အတွက် တူးမကုန်တဲ့ ရွှေတွင်းကြီးပဲ။ အဲ့ဒီတော့ ရွာသူရွာသားတွေနဲ့ ကျွန်တော်ပိုပြီး ရင်းနှီးမယ်။ ရွာသူရွာသားတွေနဲ့ ကျွန်တော် အပြန်အလှန်လေးစားမှု့ ပိုပြီးခိုင်မြဲမယ်။ ကျွန်တော်တို့ ရှေ့ဆက်ပိုလုပ်ခွင့်ရမယ်ဆိုရင် သူတို့ရင်ထဲက ဟာတွေကို ကျွန်တော့်လက်ရာတွေထဲကို သွတ်သွင်းလို့ ရမယ်။ ကျွန်တော် ရင်ထဲမှာ ရှိတဲ့ အရာတွေ ကျွန်တော်လုပ်ပေးလို့ ရတာတွေကို သူတို့ လက်ထဲကို ကျွန်တော် ထည့်ပေးလို့ရမယ်။ အဲ့ဒီလို အပြန်အလှန် အကျိုးပြုတဲ့ အတွေးအခေါ်မျိုး၊ အပြန်အလှန် အကျိုးပြုတဲ့ လက်ရာမျိုးတွေကိုပဲ ကျွန်တော် ဆက်လုပ်သွားဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရွာသားတစ်ယောက်က အနုပညာရှင် တစ်ယောက် ဖြစ်လာတယ်။ အဲ့ဒီအနုပညာရှင် ရွာသားတစ်ယောက်ရဲ့ လက်ရာတွေက ရွာက ထွက်တဲ့ ထွက်ကုန်တွေပဲ ဖြစ်ရမယ်။

တွေ့ဆုံမေးမြန်းသူ                        သီရိ

ဓါတ်ပုံ                ကိုတင်မောင်ညွန့်