အက်ဆေး
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 picture
ဆံပင်ညှပ်ခြင်းကိစ္စသည် မြန်မာ့သမိုင်းမှာ အလွန်ကြီးကျယ်သော အပြောင်းအလဲကြီး တစ်ခုအတွက် အစပျိုးပေးခဲ့သည်ဟု ဆိုကောင်း ဆိုနိုင်လိမ့်မည်ထင်၏။
ဘုရင့်နောင်၏ ဒုတိယမြန်မာနိုင်ငံကြီး ပြိုကွဲပြီးနောက် တိုင်းပြည်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သူတလူငါတမင်း ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်ရင်း အင်အား စုဆောင်းနေကြသည်။ အင်းဝဘုရင်မှာ နာမည်ခံလောက်သာရှိ ၏။ သြဇာအာဏာ မရှိ။
ထိုအချိန်တွင် အောက်မြန်မာပြည်ရှိ    ဟံသာဝတီနိုင်ငံသည် တဖြည်းဖြည်း အင်အား တောင့်တင်းလာသည်။ အထက်ဘက်ကို နယ်ပယ်ချဲ့ထွင်လာခဲ့ရာ နောက်ဆုံးမင်း အင်းဝ နေပြည်တော်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမျှ မကသေး အင်းဝနန်းတွင်းမှာ ဟံသာဝတီဓလေ့ ထုံးစံများကို ကျင့်သုံးစေသည်။ ၀တ်စားဆင်ယင် မှုသာမက ဆံပင်ကိုပါ ဟံသာဝတီပုံစံ ဖြတ်စေသည်။ ဒါကို ဟံသာဝတီဇာတ်သွင်းသည်ဟု ခေါ် ဆိုကြသည်။
ထိုကာလက အထက်အညာဒေသရှိ မြန် မာတို့အတွက် ဆံပင်ဆိုသည်မှာ အထွတ်အမြတ် ထားသောအရာဖြစ်၏။ ဆံပင်ကို ဖြတ်ဖို့မဆိုထား နဲ့ သူတစ်ပါးက လာပြီးထိတာ၊ ကိုင်တာ၊ ဆွဲတာ ကိုပင် စော်ကားသည်ဟု ယူဆကြသည်။ မြန်မာ ဘုရင်တွေဆိုလျှင် သူ့တို့ဆံပင်ကို မိဖုရားခေါင် ကြီးကလွှဲပြီး ဘယ်သူ့ကိုမျှ ထိခွင့်ကိုင်ခွင့် မပေးတာမျိုးတောင် ရှိသည်။
ဒီလို အစွဲရှိသော အချိန်မျိုးမှာ ဆံပင် အဖြတ်ခံရခြင်းသည် အလွန်ခံပြင်းစရာပင်ဖြစ်၏။ ဒီထဲမှာ မကျေနိုင်  မချမ်းနိုင် အဖြစ်ဆုံး လူကတော့ ရွှေဘိုနယ်ဘက်မှာ အင်အား စုဆောင်းနေသူ ဦးအောင်ဇေယျ (နောင်အလောင်းဘုရား) ပင်ဖြစ် လေသည်။ ဆံပင်အဖြတ်ခံရသော ကိစ္စသည် အင်းဝကို မရရအောင် တိုက်ခိုက် သိမ်းပိုက်မှဖြစ်မည်ဆိုသော သူ၏ သန္နဋ္ဌာန်ကိုပို၍ ခိုင်မာစေတော့သည်။ ဒါတွင်မက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးသောအခါ ဟံသာဝတီနိုင်ငံတော်ကို ရာသက်ပန် အပြီးတိုင် ဖျက်သိမ်းပစ်လိုက်လေတော့သည်။
အလောင်းမင်းတရားကြီးသည် ဆံပင် ပြဿနာကြောင့် တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သို့တိုင်အောင် ထိုကိစ္စသည် သူ့ရင်ထဲမှာ စူးတစ်ချောင်း စိုက်ဝင်နေသလို မြက်ခနဲ မြက်ခနဲ နာကျင်ခံစားနေခဲ့မှာတော့ သေချာသည်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
picture
ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ မာတင် လူသာကင်းမှာ အိပ်မက်တစ်ခု ရှိခဲ့သည်။ ထိုအိပ်မက်သည်ပင် အမေရိက၏ အတွင်းသားထဲမှတစ်ဆင့် ကမ္ဘာကြီး၏ လူ့အခွင့်အရေး၊ တန်းတူ ညီမျှရေးနှင့် ငြိမ်းချမ်းရေးများဆီသို့ ပျံသန်းဆိုက် ရောက်ခဲ့ပြန်ပါသည်။ သို့သော် ကျွန်တော့်တွင် နေ့တစ်နေ့ ရှိခဲ့ပါသည်။ ကျွန်တော့်တွင် သာမန် နေ့ပေါင်းများစွာ ရှိတဲ့အနက် ထိုသာမန်နေ့လေး တစ်နေ့ကိုသာ သပ်သပ်ရပ်ရပ် သိမ်းထားနေရပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ နေ့တစ်ခုရှိ သည်ဟု ပြောခဲ့ရပါသည်။ ထိုတစ်ခုသော နေ့တစ်နေ့သည် ကျွန်တော့် သူငယ်ချင်းအချို့၏ နေ့တစ်နေ့လည်း ဖြစ်ပါ၏။ နေ့ပေါင်းများစွာသည် ထိုနေ့ဆီသို့ ဆိုက်လာခဲ့ပြီး ထိုနေ့ဆီမှလည်း နေ့ပေါင်း များစွာဟာ ဆင့်ကဲ ထွက်ခွာလာခဲ့ရပါသည်။ နေ့တိုင်းသည် ထိုနေ့အတိုင်းပင် ဆိုက်ရောက်၊ ထွက်ခွာ၊ ကျန်ရစ်ခဲ့ရစမြဲပင်။
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ကျွန်တော်တို့ရွာရှေ့တွင် ညောင်ညိုပင်ကြီးတပင်ရှိပါသည်။ပုဆိုးနှစ်ပတ်လောက် ကြီးမည်ထင်ပါသည်။ညောင်ရွက်တဝေေ၀နှင့် ဖြစ်ပါသည်။ ညောင် ကိုင်းကြီးများလည်း ညွတ်လျက် ရှိပါသည်။ အမြစ်များလည်း ဖွါနေပါသည်။ ညောင်မြစ် တူးလိုက်လျှင် ပုတ်သင်ဥများ ပေါ်မလားမသိပါ။ညောင်မြစ်တဖွားဖွား သည် အဘ၏ မုတ်ဆိတ်မွှေးကြီးနှင့်တူပါသည်။
   လေတိုက်လျှင် ညောင်ရွက်သံကြားရပါသည်။ ညောင်ရွက်ချင်းထိလျင် တရှဲရှဲ နှင့်မြည်ပါသည်။ ညောင်ပင်တစ္ဆေက  ဝေလေလေဟု ထူးသံလည်း ဖြစ်နိုင်ပါသည်။ ညောင်ပင်ပေါ်တွင်စာကလေးများနား နေကြပါသည်။ နှံပြည်စုတ်ကလေးများ၊ဇရက် လည်ပြောက်ကလေးများလည်း နားကြပါသည်။ ညောင်ပင်ကြီးကား အလွန်သဘောကောင်းပါသည်။ ကျွန်တော်လည်း သူ့အရိပ်မှာကစားနိုင်ပါသည်။အဘလည်း သူ့အရိပ်မှာ နားနိုင်ပါသည်။ မည်သူနားနား၊ သူကတော့ အရိပ်မိုးပေးနေပါ လိမ့်မည်။
   ညောင်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် စေတီတဆူရှိပါသည်။ စေတီထီးတော်မှ ဆည်းလည်းသံနှင့် ညောင်ရွက်သံတို့သည် တေးအဆိုပြိုင်နေကြပါသည်။အတိုင်အဖောက်ညီသော သီချင်းဖြစ်လိမ့်မည်လား မပြောတတ်ပါ။
  ညောင်ပင်ကြီးအောက်တွင် ရေချမ်းစင်တခုရှိပါသည်။ကရွတ်ခွေအောက်တွင် သဲဖြူလောင်းထားပါသည်။စပါးစေ့ကလေးများလည်းကြဲထားပါသေးသည်။ သဲစိုစုမှာ စပါးပင်ချိုချိုလေးများမြင်ရလျင် ပို၍ရေချို သည်ဟုထင်ပါသည်။
ဈေးလှည်းတို့လည်း ညောင်ပင်ရိပ်မှာ ချွတ်ကြပါသည်။နေခိုပြီး အုန်း ငှက်ပျော ဖျာ တို့ရောင်းပါသည်။ နွားကျောင်းသားတို့လည်းဤညောင်ပင်ရိပ်မှာ တရေးအိပ်တတ်ပါသည်။ ညောင်ပင်ကို လည်းဓါးနှင့် ထစ်တတ်ပါသည်။သို့သော် ညောင်ပင်ကြီးက စိတ်မဆိုးတတ်ပါ။ ညောင်ပင်သည် ကျွန်တော်အဘလို သဘောကောင်းသည်။မုတ်ဆိပ်မွေးကို ဆွဲ နုတ်နိုင်ပါသည်။
   ဤညောင်ပင်ကြီး အသက်ကြီးလှပါပြီ။အရိုးပြိုင်းပြိုင်း ခါးကိုင်းကိုင်း အရွယ်ရောက်ပါပြီ ။ ညောင်ပင်ကြီးမှာပုံတ္ထု အများကြီးရှိမည်မှာသေချာပါသည်။အဘပုံပြောကောင်းသလို ညောင်ပင်ကြီးလည်းပုံပြောကောင်းပါလိမ့် မည်။ညောင်ပင်ကြီး ပြောသောပုံပြင်များကို ကြားနိုင် ၊ နားထောင်နိုင်လျင်ကောင်းလေစွ။ ။
                                                                                                                                                တင်မိုး
                                                                                                                                  မြန်မာစာပဒေသာစာအုပ်မှ
                                                                                                                                 သရုပ်ဖေါ်ပန်းချီ မောင်ဒီ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
့hteinမိတ်ဆွေယခုဖတ်နေသော အ၀ါရောင် ခဲတံ အမည်ရှိ စာသားများကို ခဲတံတစ်ချောင်းနှင့် ရေးသား
ထားခြင်း မဟုတ်ပါ။ ကိုယ့်မှာ ခဲတံတစ်ချောင်းရှိပါသည်။  အ၀ါရောင်ဖြစ်ပါသည်။ ယခု စာသားများ
ကိုတော့ ကွန်ပြူတာ လက်ကွက်ပေါ်မှာ ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။ သို့သော်မိတ်ဆွေ ကောင်းစွာ
ဖတ်၍ရမည်မြော်လင့်ပါသည်။ ခဲတံနှင့်ရေးသလိုတော့ ကိုယ့်လက်ရေးကို မိတ်ဆွေ မြင်တွေ့ခွင့်ရမည်
မဟုတ်ပါ။ ထို့အတွက် ကိုယ့်မှာ စိတ်မကောင်း နည်းနည်းဖြစ်မိပါသည်။ နည်းနည်းဟု တမင်တကာ
ပြောပါသည်။ ခဲတံနှင့်စာမရေးသဖြင့် ကိုယ့်လက်ရေးကို မိတ်ဆွေတို့မမြင်ရခြင်း မှာ ယူကြုံးမရ အော်
ဟစ် ငိုယိုရလောက်အောင် အရေးမပါလှသဖြင့်ဖြစ်ပါသည်။ ကိုယ့်မှာ အ၀ါရောင် ခဲတံ တစ်ချောင်း
ရှိပါသည်။
ထိုအ၀ါရောင်ခဲတံလေးမှာ ကိုယ့်ဆီ ဘယ်လိုရောက်လာခဲ့မှန်းမသိပါ။ တစ်နေ့တွင် အရေးကြီးသော
ဖုံးနံပါတ်တစ်ခုကို တဖက်လူတစ်ယောက်က ဖုံးထဲမှာ ပေးနေသောအခါက (ဒီနေ့လို အစစ တိုးတက်
နေသော ခေတ်ကြီးတွင် ထိုလူက ဖုံး text message function မသုံးတတ်ပါတဲ့) သို့ဖြင့် တိုလီမုတ်စ
များ တင်လေ့ရှိသော ရေခဲသေတ္တာအမိုးပေါ်မှာ ဘောလ်ပင် တစ်ချောင်းတစ်လေ တွေ့မလားဟု လိုက်
ရှာရပါသည်။ ဖုံးကို ပခုံးနှင့် နားရွက်ကြား ညှပ်၍ ကိုယ် ဘောလ်ပင် ရှာနေပုံကို မိတ်ဆွေ မြင်ယောင်မိ
နေပါသလား။ မဟုတ်ပါ။ ကိုယ် အဲဒီလိုလုပ်ရမှာ အလွန်မုန်းပါသည်။ လက်တစ်ဖက်က ဖုံးကို ကိုင်လျက်
နှင့်ပင် ကျန်လက်တစ်ဖက်က ဟိုဟာ မ ကြည့် ဒီဟာ ဖယ်ကြည့်နှင့် ဘောလ်ပင် တစ်ချောင်း တွေ့လို
တွေ့ငြား လိုက်ရှာမိနေခြင်းဖြစ်ပါသည်။ အလွန်မသေချာ မရေရာသောအလုပ်ဖြစ်ပါသည်။ “ခဏနော်”
ဟု တစ်ဖက်ကလူကို စကားပန်လိုက်ပြီး ဖြစ်နိုင်ချေရှိသောနေရာများမှာ လိုက်ရှာနေရပါသည်။ ခုနင်က
ကိုယ်ပြောခဲ့ပါသည်။ အလွန်မသေချာသော အလုပ်ဖြစ်ပါသည်..ဟု။ ဘယ်အလုပ်ကို ပြောတာလို့မိတ်
ဆွေယူဆ မိပါသလဲ။ ဟုတ်ပါသည်။ ဘောလ်ပင် လိုက်ရှာနေသောအလုပ်ကို ပြောနေခြင်းဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကိုယ်သည် အလွန်စည်းကမ်းမဲ့သူ တစ်ယောက်ဖြစ်ပြီး ပစ္စည်းတခုကို ယူပြီး
သော် နေရာတကျပြန်မထားတတ် (၀ါ) ပြန်ထားလေ့မရှိသူတစ်ယောက် ဖြစ်သောကြောင့် ဖြစ်ပါသည်။
သို့ဆိုပင်ဆိုငြားသော်လည်း ကိုယ်သည် အသင်အကြားမဲ့ ကြီးပြင်းလာသူတစ်ယောက်တော့မဟုတ်
ခဲ့ပါ။ အလွန်စည်းကမ်းကြီးသော ရှေး ဂျီးဒေါ်ကြီးများအိမ်တွင် တလှည့်စီ နေထိုင်ခဲ့ရသူ တစ်ယောက်
ဖြစ်ပါသည်။ မောင်နှမ သားချင်းများထဲတွင် အထီး ဆို၍ တစ်ကောင်ထဲလည်းဖြစ်ကာ စုန်းပြူး ဟုခေါ်
ဝေါ်သမုတ်ရအောင် အထိန်းရခက်သည့်သား ဟုလည်း မိဘတွေက လူတကာလာတိုင်း အမောသား
ကြွားဝါရသူတစ်ယောက်ဖြစ်ပါသည်။ သို့ဖြစ်၍လည်း စည်းကမ်းအရာတွင် နံမယ်ကြီးလှသည့် မြောင်း
မြမှ ဂျီးဒေါ်ကြီးထံတွင် ၂ နှစ်ခန့်၊ ရန်ကုန် ကမာရွတ်မှ အအုပ်အထိန်းအရာတွင် ပြောင်မြောက်လှသည့်
ဂျီးဒေါ်အငယ် ထံတွင် နွေရာသီကျောင်းပိတ်တိုင်း မဲဇာပို့သလို အပို့ခံခဲ့ရခြင်းဖြစ်ပါသည်။ ယာလဲ
ညက်၊ ကြက်လဲ ပမ်း အစီအစဉ်ဖြစ်ပါသည်။ ကိုယ့်ကိုလဲ အထိန်းအကျောင်းသက်သာစေ၊ စည်းကမ်း
ကွပ်ညပ်မှုများနဲ့လဲ ထိတွေ့စေ ဆိုသည့် အစီအစဉ်ဖြစ်ပါလိမ့်မည်။ မြောင်းမြ ဂျီးဒေါ်ကြီး၏ ကျောင်း
တော်တွင် တသက်မမေ့နိုင်သည့် သင်္ခန်းစာမှာ ပစ္စည်းတခုကို နေရာတကျ ပြန်မထားမိသည့်အတွက်
“ယူပြီးပြန်ထား၊ ဖွင့်ပြီး ပြန်ပိတ်” ဟု နှုတ်က အကြိမ် ၂၀ မျှ ဆိုနေရစဉ်အတွင်း လက်သီးဆုတ်ထား
သည့် မိမိ လက်ဆစ်များအား ပေတံစောင်းဖြင့် ၁၀ ချက်မျှ အခေါက်ခံရခြင်းဖြစ်ပါသည်။ သင်္ခန်းစာ
ခံယူရပုံကိုသာ တသက်မမေ့ခြင်းဖြစ်ပါသည်။ လက်တွေ့ အကျင့်ကောင်းကလေးကတော့ ကိုယ့်အိမ်
ကိုယ်ပြန်ရောက်သည်နှင့် ကြက်ပျောက်ငှက်ပျောက် ဖြစ်ချေတော့သည်တမုံ့။
ဘောလ်ပင် တစ်ချောင်းမျှ မရှိတော့ဘူးလား။ ဘုရားရုပ်ပွားတော် တစ်ဆူ ထီးထီးငေါငေါ စံပယ်နေ
တော်မူရာ သုံးဆင့် စင်ကလေးနားကို ကပ်လာရပြန်ပါသည်။ ဒီနေရာမှာလဲ စာအုပ် စာရေးကိရိယာ
ဆိုင်ရာများ ထားတတ်သည့် အလေ့ရှိပါသည်။ အမှန်က ဒီမှာ ဘောလ်ပင်တစ်ချောင်း သေချာပေါက်
တွေ့မယ်လို့လဲ မြော်လင့်လို့ ရသည်တော့မဟုတ်ပေ။ ရှိလိုရှိငြား စိတ်နဲ့သာ ရှာဖွေမိခြင်းဖြစ်ပါ၏။
တကယ်ဖြစ်နိုင်သည်မှာ ကိုယ်အပြင်ထွက်လျင် လွယ်လေ့ရှိသော အိတ် ၂လုံးအနက် တခုခုတွင်ရှိ
နေနိုင်ပါသည်။ လမ်းမှာ အရေးအကြောင်းဆိုလျင် ရေးစရာရှိ ရေးရအောင် ဟူသော အမြော်အမြင်
ဖြင့် ယခုလို ထည့်ယူသွားခြင်း ဖြစ်ပါသည်။ တကယ်တော့ အပြင်သွားလျင် ဘောလ်ပင် ဆောင်ယူ
သွားတတ်ရုံဖြင့် အမြော်အမြင်ရှိလှပြီဟု မပြောဆိုသင့်ပါ။ သို့သော် ဒီစာကို ပြန်ပြင်ရမှာလည်းပျင်း
နေမိသဖြင့် ဒီအတိုင်းထားလိုက်ပါသည်။ ပြူးတူးပြဲတဲ ထ ကန့်ကွက်မယ့်သူလဲ ရှိလိမ့်မယ် မထင်
မိပါ။ ဤသည်မှာ ရိုးရိုးသားသား ပြောခြင်းဖြစ်ပါသည်။ ကိုယ့်စာကို ဖတ်မည့်သူမှာ များများစားစား
လည်း မရှိလှပဲ၊ ခုနင်က ပြောခဲ့သလို ဟိုလူ့စာ လိုက်ဝေဖန် ဒီလူ့စာ လိုက်အပုပ်ချနေတတ်သည့်
မျောက်မီးခြစ် (ဟိုရှို့ ဒီရှို့လုပ်တတ်သူကို သည်လိုပဲ တင်စားခေါ်ဝေါ်တာ ကြားဖူးသည်) လိုလူမျိုး
လဲ ကိုယ့်စာဖတ်သူတွေထဲမှာ မပါဝင်ဟု အတပ် ပြောနိုင်ပါသည်။ ကိုယ်သည် ဒီလိုပဲတခါတခါမှာ
အရဲကိုးတတ်ပါသည်။ အရဲကိုးတယ်ဆိုသည်မှာ တခုခုကို အပိုင်ပြောချလိုက်ခြင်းကို ဆိုလိုပါသည်။
ရထားခိုးစီးတာမျိုး၊ ကိုယ့်ကို သိပ်ဖေဘာ မပေးမှန်းသိသည့် မိန်းကလေးတစ်ယောက်ကို ကြိုးစား
ကြည့်ခြင်းမျိုးကို မဆိုလိုပါ။
ကိုယ်ဘာတွေ လျှောက်ပြောနေမိမှန်း မသိတော့ပါ။ ဤစာစု၏အစမှာ အ၀ါရောင် ခဲတံတစ်ချောင်း
အကြောင်း ပြောမလိုလို ဟန်ပြင်ခဲ့ပါသည်။ သည်စာလုံးများ စာကြောင်းများ စာပိုဒ်များကို ချမရေး
မီ တစ်နည်း typing မရိုက်မီကပင်လျင် ကြိုတင်စဉ်းစားခဲ့ပါသည်။ အ၀ါရောင် ခဲတံ တစ်ချောင်းနဲ့
ကိုယ်နဲ့ ပတ်သက်ပုံ၊ သူ မမြော်လင့်ပဲ ကိုယ့်ဆီ ရောက်လာပုံ (အမှန်က အ၀ါရောင်ခဲတံ တစ်ချောင်း
ကိုယ့်မှာ တနေ့နေ့ တချိန်ချိန်က အကယ်ပင်ရှိခဲ့ဖူးပါသည်) နောက် သူပျောက်ကွယ်နေပုံ (သူကိုယ်
၌က တမင် ရည်ရွယ်ချက်ဖြင့် ပုန်းအောင်းနေတာလား) ပြီးလျင်တော့ သူ့ကို ဘွားကနဲ ပြန်တွေ့ပုံ
ဖြင့် စာကို အဆုံးသတ်လိုက်ရမည်လား။ အ၀ါရောင် ခဲတံ ကလေး ပို၍ ကြွတက် အသက်ဝင်လာ
အောင် ဖွဲ့နွဲ့ဖို့ကိုလဲ ကိုယ်မမေ့လျော့ခဲ့ပါ။ ပေါလ် ဂေါ်ဂင် ဆိုသူ ကမ္ဘာကျော် ပန်းချီဆရာကြီး၏
အ၀ါရောင် ခရစ်တော် ဆိုသည့် ပန်းချီကား အကြောင်းကို စောင်းပါးရိပ်ခြေ ထည့်ရေးပြပြီး ကိုယ့်
ရဲ့ အ၀ါရောင် ခဲတံ ကို လူစိတ်ဝင်စားလာအောင် ရေးမည်ဟု ကြိုတင် ကြံစည်ခဲ့ပါသည်။ စာကို
စပြီး မရေးခင် သို့မဟုတ် စာလုံးတွေကို စပြီး typing မရိုက်ခင်ကပင်လျင် အင်တာနက်ထဲဝင်၍
Google Search Engine ထဲမှာ the yellow Christ, painting ဟု ရိုက်ထည့်ကာ ထိုပန်းချီကား
အကြောင်း ရှာဖွေခဲ့ပါသေးသည်။ Paul Gauguin ဟု တခါတည်း ရိုက်မထည့်ဖြစ်ခြင်းမှာ စိတ်ထဲ
က ဒီပန်းချီကားကို ဗင်ဂိုးရေးတာများလား ဟု ဇဝေဇ၀ါ ထင်နေမိသောကြောင့်ဖြစ်ပါသည်။ အဖြစ်
အပျက်များမှာ ကြာခဲ့ပြီ။ မဟုတ်ပါ။ ပေါလ် ဂေါ်ဂင်နှင့် ဗင်ဂိုးတို့ အဖြစ်အပျက်များကို ပြောခြင်း
မဟုတ်ပါ။ ဒီ ပန်းချီကား အကြောင်း ဖတ်ခဲ့ဖူးသည့် ကိစ္စကို ပြောခြင်းဖြစ်ပါသည်။ ဤသည်မှာ
လည်း ကိုယ့်ရဲ့ များစွာသောအားနည်းချက်တွေထဲက အားနည်းချက် တစ်ခုဖြစ်ပါသည်။ ထစ်
ကနဲ ရှိလျင် လေးလေးပင်ပင် စကားလုံးမျိုးကို မဆီမဆိုင် ကောက်သုံးတတ်သည့် အကျင့်ဖြစ်
ပါသည်။ ထားပါတော့..ခုန ပြောနေတာ ဘယ်ရောက်သွားပါလိမ့်။
သည်လိုနှင့် ဘောလ်ပင်ကို တော်တော်နှင့် ရှာမတွေ့နိုင်ခဲ့ပါ။ နောက်ဆုံး အပြင်ထွက်စဉ်က
ဝတ်သွားသည်ဟု ထင်ရသော သရီးကွာတား ဘောင်းဘီရဲ့ များမြောင်လှသော အိတ်တွေထဲ
မှာလည်း နှိုက်စမ်းပြီးသွားပြီ။ စောစောက သုံးဆင့်စင်မှာ ရှာနေရာက နောက်ထပ်အဖြစ်အပျက်
များ အဲ နောက်ထပ် ကိုယ် ဆက်လုပ်မိနေပုံ ဘောလ်ပင်ကို အသဲအသန်ရှာနေပုံတို့ကို တောက်
လျှောက်ပြောရမည့်အစား မဆိုင်သည့် စာသားများ ပေါလ်ဂေါ်ဂင်တွေ ဗင်ဂိုးတွေ ဆီရောက်သွား
မိတာကို နားလည်ခွင့်လွှတ်ပေးဖို့လည်း မိတ်ဆွေအား တိုက်တွန်းလိုပါသည်။ အသေအချာစဉ်းစား
ကြည့်လျင်တော့ ဂေါ်ဂင်နဲ့ ဗင်ဂိုးတို့အကြောင်း အမြွက်မျှ ပြောမိသည်မှာ အ၀ါရောင် ခရစ်တော်
ပန်းချီကားနှင့် ပတ်သက်ဆက်စပ်နေ၍ ဖြစ်ပါသည်။ အ၀ါရောင် ခရစ်တော်ကို ထည့်သွင်း ဖော်ပြ
ရခြင်းမှာလဲ အ၀ါရောင် ခဲတံ ကလေးကို ပို၍ ကြွတက် အသက်ဝင်လာစေလို၍ ဟု အကြောင်းပြ
ခဲ့ပါသည်။ ဤသည်မှာ အကယ်ပင် ကျိုးကြောင်းခိုင်လုံမှုရှိပါရဲ့လား။ စဉ်းစားတွေးတောစရာဖြစ်
ပါသည်။ သို့သော် စာတပုဒ်ကို ဖတ်သည်ဟု ဆိုလျင် မိတ်ဆွေ အနေဖြင့် စာရေးသူက ပြောနေ
သော အကြောင်းအရာ အပေါ်မှာပဲ တချိန်လုံး စိတ်ငြိကပ်နေတတ်ပါသလား။ ခဏ နားပြီး တွေး
ကြည့်ရတာမျိုး ၀ါသနာမပါဘူးလား။ ကိုယ် မဆိုင်တာတွေ လျှောက်ရေးမိနေပြီ။ ကိုယ့် စာထဲတွင်
အ၀ါရောင် ခဲတံ တစ်ချောင်း အကြောင်းပြောဖို့ အားထုတ်နေခြင်းသာ အဓိက ဖြစ်ပါသည်။ ယခု
အခါ ကိုယ်သည် အတန်ငယ် ရိပ်စားမိလာပါပြီ။ ကိုယ်သည် အလွန်ဝေ့လည်ကြောင်ပတ်နိုင်သော
စာရေးဝါသနာထုံသူ တစ်ယောက်မျှသာဖြစ်ပါသည်။ ကိုယ်သည် ဘယ်နံရော အခါမျှ အောင်မြင်
ကျော်ကြားသော စာရေးသူ (၀ါ) စာရေးဆရာ တစ်ယောက်ဖြစ်လာနိုင်မည် မဟုတ်ပါချေ။
ကိစ္စမရှိပါ။ အောင်မြင်ကျော်ကြားသော စာရေးသူ (၀ါ) စာရေးဆရာ တစ်ယောက်ဖြစ်လာရေး
မဖြစ်လာရေးထက် ပို၍ အရေးကြီးသည်မှာ ဘောလ်ပင်တစ်ချောင်းလောက် လက်ထဲ အမြန်
ရောက်လာရေးဖြစ်ပါသည်။ လက်ထဲက သရီးကွာတား ဘောင်းဘီကို ပြီးလွယ်စီးလွယ် အ၀တ်
လှမ်းစင်ပေါ် ပြန်ပစ်တင်လိုက်ရပါသည်။ ဟယ်လို ဟယ်လို ဟု တယ်လီဖုံး ဟိုဘက်ခြမ်းက လူ
ကို လှမ်း အသံပြုရပါသေးသည်။ တီဗွီစင်ရှေ့မှာ အပုံလိုက်တချို့ ပြန့်ကျဲလျက်တချို့ ရှိနေသော
စာအုပ်များထံသို့ အကြည့်ရောက်သွားပြန်ပါသည်။ တစ်ခါဖြင့် နေရာကျပြီ။ ကိုယ်သည် စာအုပ်
တွေကြားမှာ ဘောလ်ပင် သို့မဟုတ် ခဲတံ သို့မဟုတ် ရေးစရာတစ်ခုခုကို ညှပ်ထားတတ်ပါသည်။
ဤသည်မှာ ကိုယ့်အကျင့်ပင်ဖြစ်ပါသည်။ နို့ စောစောက အဘယ်ကြောင့် ဒါကို သတိမရသနည်း။
လူ့စိတ်ဆိုတာ ခက်ပါသည်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် အခြေအနေမျိုးမှာ အလွယ်
တကူ ပိုင်းခြားဆုံးဖြတ်နိုင်သည့်ကိစ္စမျိုးကို ပူပူထူထူ အချိန်မျိုးမှာ တလွဲတချော် လုပ်တတ်ကြပါ
သည်။ ဒီနေရာမှ ကြားဖြတ်၍ ကိုယ့်ကိုယ်ကို ပြောရပါပြီ။ မင်းက လူတွေရဲ့ အကျင့်စရိုက် စိတ်
သဘာဝ အကြောင်းတွေ ပြောမှာလား အ၀ါရောင် ခဲတံ တစ်ချောင်း အကြောင်း ပြောမှာလား။
မိတ်ဆွေတော့ မသိပါ။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကို စိတ်ပျက်စ ပြုလာပါပြီ။ ကိုယ် ခဲတံတစ်
ချောင်း အကြောင်းကို တကယ် မရေးတတ်ဘူးလား။ ကိုယ့်မှာ ခဲတံနဲ့ ပတ်သက်၍ ဘာပြော
စရာမှ မရှိဘူးလား။ ပြီးတော့ အတည်ပေါက်ဖြင့် အ၀ါရောင် ခဲတံ ဟု တိတိပပ ဆိုထားလိုက်
သေးသည်။ သို့ဆိုလျင် ပြောပါတော့လား ရေးပါတော့ စာရိုက်ပါတော့လား ခဲတံ အကြောင်း
ကို။ ခုတော့ သည်လို မဟုတ်ပါ။ သို့ပါသော်လည်း စောစောက ဒီစာပိုဒ်ရဲ့ စာကြောင်းရေ ၆
ကြောင်းမြောက်မှာ ရေးထားသည့်အတိုင်းဆိုလျင်တော့ (ကိုယ်သည် စာအုပ်တွေကြားမှာ
ဘောလ်ပင် သို့မဟုတ် ခဲတံ သို့မဟုတ် ရေးစရာတစ်ခုခုကို ညှပ်ထားတတ်ပါသည်။) ဟူ
သော ၀ါကျမှာ အ၀ါရောင် ခဲတံ အကြောင်းပြောမည့် ကိစ္စနှင့် ဆက်စပ်ပါတ်သက်နေပါသည်။
ကိုယ့်အစီအစဉ်မှာ သည်သို့ဖြစ်ပါသည်။ ကိုယ့်ထံကို လူတစ်ယောက်ဆီက ဖုံးဝင်လာသည်။
သူက ကိုယ့်ကို အရေးကြီးသော ဖုံးနံပါတ်တခု ပေးသဖြင့် လိုက်မှတ်ရန် ဘောလ်ပင်တစ်ချောင်း
လိုအပ်လာပါသည်။ ကိုယ်သည် စာရေးလျင် အလွန်စေ့စေ့စပ်စပ် ရေးတတ်သူ တစ်ယောက်ပီပီ
ထိုလူ text message function မသုံးတတ်ကြောင်းကို ပင်လျင် မမေ့မလျော့ ဖော်ပြလိုက်ပါသေး
သည်။ ထားပါတော့ ဘောလ်ပင် ရှာရင်း၊ ဘောလ်ပင်ရှာသည့်အကြောင်းရေးရင်းကမှ စာပိုဒ်များ
ကို တည်ဆောက်သွားပြီး စာရေးသူအား ကိုယ့်စာရေးနည်း အတတ်ပညာဖြင့် ဖမ်းစားရန်ရည်ရွယ်
ခဲ့ပါသည်။ ထိုရည်ရွယ်ချက် အထ မြောက်သည် မမြောက်သည်တော့ မသိပါ။ စာပိုဒ်တစ်ပိုဒ်လျင်
စာကြောင်းရေ ၁၂ ကြောင်းခန့်မှ ၁၈ ကြောင်းလောက်အထိ ပါဝင်သော စာပိုဒ် ၇ ပိုဒ်တိတိကို
ချောမွေ့ အောင်မြင်စွာရေးသားနိုင်ခဲ့ပြီး ယခု အခါ ၈ ပိုဒ်မြောက် စာသားများ ချရေးနေကြောင်း
သတိချပ်လိုက်မိ၍ပင် ဖြစ်ပါသည်။ တကယ်တော့ စာတပုဒ်တွင် အ၀ါရောင် ခဲတံဟု အစချီထား
ပြီး အ၀ါရောင် ခဲတံအကြောင်း အကယ်တန္တု ချမရေးမိခဲ့လျင်လည်း သိပ်တော့ ကိစ္စမရှိလှဘူး
ဟု ထင်မြင်မိပါသည်။ အ၀ါရောင် ခဲတံ အကြောင်းမသိလိုက်ရ၍ မိတ်ဆွေမှာ ဘာမှထိခိုက်သွား
စရာ အကျိုးယုတ်စရာ မရှိပါ။ မသကာလျင် ဤအကြောင်းသိရမည်ဟု ထင်ထားပြီးကာမှ ဘာမှ
မသိရသဖြင့် (၀ါ) ဘာမျှ မဖတ်ရသဖြင့် မချင့်မရဲကလေး ခံစားရကောင်း ခံစားရနိုင်ပါသည်။
ရိုးရိုးသားသားပြောရလျင် ကိုယ်သည် အ၀ါရောင် ခဲတံကလေး အကြောင်းကိုသာ အဓိက ပြော
လိုရင်းဖြစ်ပါသည်။ သို့ဆိုလျင် အ၀ါရောင် ခဲတံကလေးနဲ့စပ်ဆိုင်သော (၀ါ) အ၀ါရောင် ခဲတံ
ကလေးအကြောင်းဆီသို့ ဆိုက်ရောက်စေမည့် စာသားများကို ပြန်ကောက်ရမည်ဖြစ်ပါသည်။
ကိုယ်ဘယ်လောက် အ၀ါရောင် ခဲတံကလေး အကြောင်း ပြောချင်နေသလဲ ဟုဆိုလျင် ယခု
ဝါကျ မတိုင်မီ ရှေ့က၀ါကျမှာ - စပ်ဆိုင်သော (ပုဒ်ထီး တခုချပြီးမှ) အ၀ါရောင် ခဲတံ - ဟု
ဆက်ရေးလျင် ရသော်ငြားလည်း (၀ါ) ဆိုသည့် အသုံးကို တမင် သုံးနှုံးခဲ့ပါသည်။ ဤသည်မှာ
အ၀ါရောင် ခဲတံကလေးနှင့် ပါတ်သက်၍ ကိုယ်နိုင်သည့်နည်းနှင့် အားထုတ်ခြင်းဖြစ်ပါသည်။ (၀ါ)
ဆိုသည့် စကားလုံးကလေးက မိတ်ဆွေနှင့် ကိုယ်နှင့်ကြားမှာ အဖုအထစ်ရှိနေခြင်းများကို နည်းနည်း
ပါးပါးတော့ ပြေပြစ်စေလိမ့်မည်ဟု ကိုယ်ဘာကြောင့် ယူဆမိပါလိမ့်။ ကိုယ်သည် မိမိချို့ယွင်းချက်များ
ကို သည်လိုပဲ မယောင်ရာဆီလူး လုပ်ရပ်ဖြင့် ဖြေရှင်းလေ့သူ တစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်သွား
ခဲ့ပြီလော။ သို့ဆိုလျင်တော့ ကိုယ် ၀မ်းနည်းကြေကွဲရမှာ အမှန်ပဲ ဖြစ်ပါသည်။
ကိုယ်အမှန်ပဲ ၀မ်းနည်းကြေကွဲမိပါသည်။ ကိုယ်သည် အလကားနေရင်း စိတ်အားငယ်တတ်သူလည်း
ဖြစ်ပါသေးသည်။ ကိုယ် သည် အ၀ါရောင် ခဲတန်ကလေး အကြောင်း ရေးကွင်းရေးကွက်ကို သည်လို
စဉ်းစားထားပါသည်။ မိတ်ဆွေက ဖုံးနံပါတ်တခု ဖုံးထဲကပေး (ကိုယ် အမြန်ပဲ ပြောပါမည်) လိုက်မှတ်
ဖို့ ဘောလ်ပင် လိုက်ရှာ၊ ကိုယ်က စည်းကမ်းမရှိသူဖြစ်၊ ဘောလ်ပင် ရှာမတွေ့။ မိတ်ဆွေကို ဟဲလို
ဟဲလို ဟု လှမ်း၍ အသံပြု။ ဖုံးထဲက တီ တီ တီ တီ ဟူသော သံတို သံပြတ်တွေ တရစပ် ထွက်လာ
တော့မှ ဖုံးကျသွားခြင်း သို့မဟုတ် သူငယ်ချင်းက စိတ်မရှည်တော့သည့် အဆုံး ဖုံးကို ချသွားခြင်း
ဖြစ်နိုင်ကြောင်း သတိမူမိပါတော့သည်။ သူ့ဖုံးထဲမှာ ပိုက်ဆံ ကုန်သွားခြင်းလည်း ဖြစ်နိုင်ပါသည်။
ဤအတိုင်းသာ ဆိုလျင်တော့ သူငယ်ချင်းသည် ကိုယ့်ကို တော်တော် စိတ်ဆိုးမည်ဖြစ်ပါသည်။
ကိုယ်ကတော့ နောင်မှာ သူနဲ့ ဒီအကြောင်းပြောဖြစ်ကြတဲ့အခါ မင်းကမှ text message မပို့တတ်
ပဲ ဒီလိုပဲ ဖြစ်မှာပေါ့ ဟု နှုတ်လှန်ထိုးရန် ကြိုတင်ပြီး စဉ်းစားလိုက်မိပြီးဖြစ်ပါသည်။ ကိုယ်သည် မလို
တော့ပေသည့် လုပ်လက်စအလုပ်ကို ယောင်ယမ်း၍ ဆက်လုပ်နေမိပါသည်။ စာအုပ်ပုံကို လှန်လှော၍
ဘောလ်ပင် တစ်ချောင်း ရှာသည့် အလုပ်ကို ဆိုလိုပါသည်။ ထိုအခိုက်မှာပဲ မောင်သာနိုးဘာသာပြန်
ရှင်းလင်းရေးသားသော တောမှော်ရုံလမ်း စာအုပ်ကို ကောက်ကိုင်မိလိုက်ပါသည်။ စာအုပ်မှာ ဖုတုတု
ဖြစ်နေသည့်အတွက် ခု နေသည့်စာမျက်နှာကို လှန်လိုက်သည့်အခိုက်တွင် အ၀ါရောင် ခဲတံကလေး
တစ်ချောင်းသည် စာအုပ်ထဲမှ လျှောကနဲ ထွက်ကျလာပါတော့သည်။
မိတ်ဆွေတို့ကို ဒုက္ခပေးမိသလိုဖြစ်ခဲ့ပါသည်။ ယခု အ၀ါရောင် ခဲတံကလေးကိုတွေ့ပါပြီ။ ထိုအ၀ါ
ရောင်ခဲတံလေးမှာ ကိုယ့်ဆီ ဘယ်လိုရောက်လာခဲ့မှန်းမသိပါ။ ဘယ်တုန်းကတည်းက ရှိနေခဲ့မှန်း
လည်း မသိပါ။ အ၀ါရောင် ခဲတံ ဆိုသည့်အမည်ဖြင့် စာတပုဒ် ရေးမည်ကြံခဲ့စဉ်ကလည်း ကိုယ့်မှာ
အ၀ါရောင် ခဲတံတစ်ချောင်းရှိနေတာကို မေ့လျော့နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ မိတ်ဆွေ
ယခုဖတ်နေသော အ၀ါရောင် ခဲတံ အမည်ရှိ စာသားများကို ခဲတံတစ်ချောင်းနှင့် ရေးသားထားခြင်း
မဟုတ်ပါ။ ကိုယ့်မှာ ခဲတံတစ်ချောင်းရှိပါသည်။  အ၀ါရောင်ဖြစ်ပါသည်။ ယခု စာသားများကိုတော့
ကွန်ပြူတာ လက်ကွက်ပေါ်မှာ ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။ သို့သော်မိတ်ဆွေ ကောင်းစွာဖတ်၍
ရမည်ဟု မြော်လင့်ပါသည်။ ခဲတံနှင့်ရေးသလိုတော့ ကိုယ့်လက်ရေးကို မိတ်ဆွေ မြင်တွေ့ခွင့်ရမည်
မဟုတ်ပါ။ ထို့အတွက် ကိုယ့်မှာ စိတ်မကောင်း နည်းနည်းဖြစ်မိပါသည်။ နည်းနည်းဟု တမင်တကာ
ပြောပါသည်။ ခဲတံနှင့်စာမရေးသဖြင့် ကိုယ့်လက်ရေးကို မိတ်ဆွေတို့မမြင်ရခြင်း မှာ ယူကြုံးမရ အော်
ဟစ် ငိုယိုရလောက်အောင် အရေးမပါလှသဖြင့်ဖြစ်ပါသည်။ ကိုယ့်မှာ အ၀ါရောင် ခဲတံ တစ်ချောင်း
ရှိပါသည်။
ခင်အောင်အေး
၂၇၊ နိုဝင်ဘာ၊ ၂၀၁၁ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၀း၅၅ နာရီ
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 mg zaw win
နိုဝင်ဘာ၁၉ ရက်နေ့သည် ကွယ်လွန်ခဲ့သောကဗျာဆရာကြီး ဦးတင်မိုး၏ ရ၈နှစ် မွေးနေ့ဖြစ်ပါသည်။တိုက်ဆိုင်စွာပင် ထိုနေ့တွင်မှ ၁၉၇၅ခုတွင်ထုတ်ဝေခဲ့သော တင်မိုး မြန်မာစာပဒေသာစာအုပ် ကိုထုတ်ဖတ်မိခဲ့ပါသည်။ယခုစာအုပ်တွင် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသားများအတွက်စာစီစာကုံး စကားပြေ ကိုမည်သို့ရေးရမည်ကိုရှင်းလင်းကာ နမူနာစာစီစာကုံးငယ်လေးများစွာ ရေးသားဖေါ်ပြထားသည့်အပြင် အဖွင့်အမှာစာတွင်လည်း နိုင်ငံသားတိုင်းသည် မိမိတို့စာကို တာဝန်သိသိလေးမြတ်ချစ်ခင်စေသတည်းဟု ရေးသားခဲ့ပါသည်။ ယုခုဖေါ်ပြမည့်စာစီစာကုံးငယ်မှာ အလယ်တန်းအဆင့် ကျောင်းသားလေးများ ဖတ်ရှုလေ့လာနိုင်ရန် ရေးပေးခဲ့သော စာဖြစ်ပါသည်။ အလယ်တန်း အဆင့် အတွက်ရည်ရွယ်ခဲ့သည် ဆိုသော်လည်းကျွန်တော်တို့ယခု ပြန်လည်ဖတ်ရသောအခါတွင် ဆရာကြီး၏ မေတ္တာဓါတ် မြန်မာစာပေအပေါ် သိမြင်နှံစပ်မှူမှ ထွက်လာသော ကဗျာဥာဏ် ၊ထင်ရှားလှသောသောဆရာကြီးရိုးဂုဏ်တို့ကြောင့် တသိမ့်သိမ့်ကြည်နူးစရာ စာစီစာကုံးလေးတခု ဖြစ်ပါသဖြင့် ကောင်းကင်ပရိတ်သတ်များ အတွက် ပြန်လည်ဖေါ်ပြခြင်းဖြင့်ဆရာကြီး၏ စာပေကျေးဇူးအား ဦးညွတ်ကန်တော့အပ်ပါသည်။
                                                                                                                                                စာတည်း
                                                                        မေမေ
                                              မေမေသည်အသားဖြူဖြူ ၀၀တုတ်တုတ်ဖြစ်ပါသည်။ဆံပင်ဖြူကျိုးတိုးကျဲတဲ ရှိပါသည်။ မျက်နက်ပေါက် အနည်းငယ်ကျဉ်းပါသည်။ကွမ်းစားတတ်သဖြင့် သွားမဖြူပါ။ နက်နေပါသည်။ မေမေပါးစပ်မှ ကွမ်းနံ့ အမြဲမွှေးပါသည်။
                                              မေမေ လက်မှာ ပယင်းပုတီးတကုံး ရှိပါသည်။ ဘုရားစင်ရှေ့မှာ ၀တ်ပြုသောအခါ စိပ်ပါသည်။ ဘုရားကိုလည်း ပန်းရေချမ်းကပ်လှူတတ်ပါသည်။မေမေရှိလျှင် ပန်းညောင်ရေအိုး ဘယ်ခါမှ မညှိုးပါ။
                                            မေမေ မျက်နှာလည်း ပန်းညောင်ရေအိုးလို ဘယ်အခါမှ မညှိုးပါ။အမြဲပြုံးနေတတ်ပါသည်။ကျွန်တော်တို့ကို ပုံပြောသောအခါ မေမေမျက်နှာသည် ပို၍ကြည်လင်ပါသည်။ လရောင်သည်မေမေမျက်နှာပေါ်ထိုးကျနေသဖြင့် ကျွန်တော်တို့သည် မေမေကို ကောင်းကောင်းမြင်နိုင်ပါသည်။
                                           မေမေအသံသည် လေပြည်လေးလို တိုးပါသည်။ သို့သော်ကျွန်တော် ကြားနိုင်ပါသည်။မေမေ့ အသံသည် ချိုးကူသံလေးလို အေးပါသည်။ သို့သော် ကျွန်တော် နားလည်နိုင်ပါသည်။
                                           မေမေပြောသမျှ ကျွန်တော် အကုန်နားလည်ပါသည်။ မေမေ မပြောလျှင်လည်း ကျွန်တော်နားလည်မှာပဲဟု ထင်ပါသည်။တခါတရံ မေမေ မျက်နှာရိပ်ကိုကြည့်၍ မေမေပြောမည့်စကားကို ကျွန်တော်နားလည်ခဲ့ဘူးပါသည်။
                                           ကျွန်တော် လူဆိုးဖြစ်မည်ကိုမေမေ စိုးရိမ်ပါသည်။ကျွန်တော်တို့သည် တခါတလေ မေမေ့စကားကို နားမထောင်မိပါ။ထိုအခါမေမေရိုက်ပါသည်.။ကျွန်တော်တို့ ငိုကြပါသည်။မေမေလည်းကျွန်တော်တို့နှင့် အတူငိုပါသည်။
                                           မေမေ မငိုအောင်ကျွန်တော်တို့အငို တိတ်ကြပါသည်။မေမေက ကျွန်တော်တို့ကို နဖူးနမ်းပါသည်။ မေမမျက်နှာသည် ကျွန်တော်တို့နှင့် နီးလာပါသည်။ထိုအခါမေမေ့မျက်နှာသည် မိုးထက်ကြီးသည်ဟု ကျွန်တော်ထင်ပါသည်။
                                           မေမေသည် ကျွန်တော်တို့ကို မုန့်လည်းကျွေးပါသည်။ထမင်းလည်းကျွေးပါသည်။ အ၀တ်အစားလည်းဝယ်ပေးပါသည်။ကစားစရာလည်း ပေးပါသည်။မေမေ့ကို ပူဆာ လျင် လိုချင်သမျှ အကုန်ရပါသည်။
                                          မေမေသာ မိုးကောင်းကင်ကြီးဖြစ်သွားလျင်တော့ ကျွန်တော်တို့ လည်းကြယ်လေးတွေ ဖြစ်ချင်ပါသည်။
                                          မေမေနှင့် ဘယ်တော့မှ မခွဲချင်ပါ။မေမေရင်ခွင်ထဲမှာ နေရလျင် ကျွန်တော်တို့ ဘာမဆိုမကြောက်တော့ပါ။မေမေကလည်းကျွန်တော်တို့ကို ဘယ်တော့မှ ခွဲမည်မဟုတ်ပါ။
                                                                                                                                                                      တင်မိုး