Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

soe naings painting

 

အား …..

 

ခြင်ကိုက်သည်။

 

ခြင်သည် လေထဲမှာပျံသည်။ အရေပြားတွေပေါ် နားသည်။ အရေပြားတွေအောက်က သွေးတို့ စီးဆင်းသံကို ရှာဖွေသည်။ ထို့နောက် လူတွေ မြေအောက်ထဲက ရေနံကို တူးထုတ်သလို အရေပြားအောက်က သွေးကြောတွေကို ဖောက်သည်။


 

စစ်ကနဲ နာသွားသည်။ ယားတက်လာသည်။ လက်က ထိုနေရာကို အလိုအလျောက် ဖြန်းကနဲ ရိုက်ချလိုက်သည်။ ခြင်သည် သူအာသီသရှိသော သွေးကို မက်မက်မောမော အငမ်းမရ စုတ်ယူ သောက်သုံးနေချိန်မှာပင် သူ့အသိတရားနှင့် သူ့အာရုံခံစားမှုတို့ ချုပ်ငြိမ်းသွားသည်။ သူ့ရုပ်ခန္ဓာသည် ပြားချပ် ပျက်စီးသွားသည်။ သူသည် အမှိုက်ဖတ်ကလေးတခုသို့ ချက်ချင်းပြောင်းလဲသွားသည်။ လေမှာ ထပ်မံ မပျံသန်းနိုင်တော့။ နောက်ထပ် အရေပြားတခုကို ရှာဖွေနိုင်စွမ်းမရှိတော့။

 

ဖြစ်တည်မှုနှင့် ပျက်စီးမှု၊ ရှင်သန်မှုနှင့် ချုပ်ငြိမ်းမှုတို့သည် အနက်သဘောအရ ကြီးမားစွာ ကွာခြားသော်လည်း လက်တွေ့အရမူ နီးကပ်စွာ ယှဉ်တွဲနေသည်။ တတွဲတည်း တဆက်တည်းဖြစ်နေသည်။ သို့နှင့်တိုင် ပျက်စီးမှာ ကြောက်ကြသည်။ ချုပ်ငြိမ်းမှာ စိုးရိမ်ကြသည်။ ဖြစ်တည်မှုကို ဆုပ်ကိုင်ထားကြသည်။ ရှင်သန်မှုကို တွယ်ဖက်ထားကြသည်။

 

ခြင်တကောင်ဟာ ဘယ်လောက်ထိ စဉ်းစားတွေးခေါ်တတ်သလဲ။ သူ့ဖြစ်တည်မှု၊ သူ့ရှင်သန်မှုကို သူဘယ်လောက်ထိ ချစ်ခင်မြတ်နိုးသလဲ။ သူ့ပျက်စီးမှု၊ ချုပ်ငြိမ်းမှုအတွက် သူဘယ်လောက်ထိ စိုးရိမ်ကြောက်လန့်ခဲ့ဘူးသလဲ။ အမှိုက်ဖတ်လေးတဖတ်ဖြစ်သွားရမယ့် အနာဂတ်ကို သူကြိုတင်စဉ်းစားခဲ့ဘူးပါသလား။ ခြင်တကောင်၏ နေ့စဉ်မှတ်တမ်းသည် စိတ်ဝင်စားဖွယ်ကောင်းပါလိမ့်မည်။

 

အမှိုက်ဖတ်ကလေးကို လက်ဖြင့် တောက်ထုတ်လိုက်ပြီး ယားယံသွားသောနေရာကို ကုတ်လိုက်သည်။ အရေပြားပေါ်တွင် အနီကွက်တကွက်ဖြစ်သွားသည်။ ထို့နောက် အနီဖုကလေးထလာသည်။ အနီဖုကလေးကို ကုတ်လိုက်တော့ ယားယံမှုက ပိုဆိုးလာသည်။ နာကျင်မှုပါ နောက်ဆက်တွဲပါလာသည်။ ခြင်ကိုက်ခံရသောသူ၏ စိတ်သည် နာကျင် ယားယံသွားရတော့သည်။ အလွန်သေးမွှားသော သတ္တ၀ါလေး တကောင်က အနေအထိုင်ပျက်အောင်၊ အလုပ်အကိုင်ပျက်အောင်၊ စဉ်းစားတွေးခေါ်နေမှုတွေကို ပျက်အောင် ဒုက္ခပေးနိုင်ပါကလား။


 

ခြင်ကိုက်လို့ မသေနိုင်ပါ။ သို့သော် ခြင်မှာပါလာသည့် ရောဂါပိုးမွှားက သွေးကြောထဲကတဆင့် လူ့အသက်ဇီဝကို ခြိမ်းခြောက်တတ်သည်။ လူတယောက်၏ ဖြစ်တည်မှု၊ ရှင်သန်မှုကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

 

ညနေခင်း အလင်းရောင် ပါးလျလာချိန်တွင် သူတို့နိုးထလာသည်။ တ၀ီဝီဖြင့် ချီတက်လာကြသည်။ သွေးကြောစီးသံတွေ ဆူညံနေမည့် အရေပြားတွေရှိရာ ချဉ်းကပ်ဝင်ရောက်လာကြသည်။ သူတို့သည် တံခါးပေါက်တွေကို ကျော်ဖြတ်ကြရသည်။ အဆိပ်ငွေ့တွေဖြင့် တားဆီးတိုက်ခိုက်တာကို ခံကြရသည်။ ခြင်လုံသံဇကာတွေနှင့် တိုးတိုက်မိကြသည်။ အခန်းတွေထဲ ရောက်လျင်တော့ အမှောင်ထောင့်တွေထဲ ပုန်းခို စောင့်ဆိုင်းနေကြတော့သည်။

 

တကယ်တော့ ခြင်သည် သူ့ဝမ်းရေးအတွက် အစာရှာထွက်ခြင်းသာဖြစ်ပါသည်။ ဘယ်သူ့ကိုမှ သူမမုန်းပါ။ ဘယ်သူမှ သူ ရန်ငြိုးကြီးကြီး စောင့်ဆိုင်းတိုက်ခိုက်ရမည့် ရန်သူမဟုတ်ပါ။ သို့သော် အရေပြားအောက်က သွေးကိုမူ ဖောက်ထုတ် စုတ်ယူရပါသည်။

 

ထို့ကြောင့် ခြင်သည် ကိုက်သည်။ ထို့ကြောင့် ခြင်သည် အရိုက်ခံရသည်။

 

ဖြစ်တည်ရှင်သန်ခဲ့သည်။ ပျက်စီးချုပ်ငြိမ်းသွားသည်။

 

တကယ်တော့ ဘာမှ မဟုတ်ခဲ့ပါ။

 

ဖြောင်း …….

 

နှင်းခါးမိုး