Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

/u win pe's painting

 

 

‘ပြောမှကို ဖြစ်မှာမို့ ပြောကိုပြောတော့မယ်’

x x x

ပြောရမယ်၊ ပြောရမယ်။ မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ မပြောရဲဘူးလို့ မင်း ထင်နေမှာပေါ့။ မပြောလည်း သိလေမလားရယ်လို့ မပြောဘဲ နေနေတာပါ။ မရဘူး။ ပြောမှသိ၊ ထိမှနာ ဆိုတဲ့ဟာမျိုးဆိုတော့ မပြောဘဲ အောင့်နေလို့ မရတော့ဘူး။ မင်း ပြော၊ ကိုယ် ပြောပဲပေါ့။ ဟုတ်တယ်လေ။ ကိုယ်လည်း ပြောတတ်တာပဲ။ ပြောခဲ့တာပဲ။ ခုတော့ မင်းပဲ ပြော၊ မင်းပဲ အပြောကောင်းတယ်။ တောက်.. ပြောတော့ တစ်မျိုး၊ လုပ်တော့ တလွဲ၊ ပြောမပြောချင်ဘူးလို့ ပြောချင်စရာတွေလေ။


 

ပြောတာကတော့ ပြောပြောနေတာပဲ။ မင်း ပြောပါတယ်။ ပြောသလို လုပ်သလားဆိုတော့ နိုး No. ဒါဖြင့် လုပ်သလို ပြောပါတော့လား။ ဝေးသေး။ ပြောချင်တာပြော။ လုပ်ချင်တာလုပ်ပါပဲ။ ပြောလိုက်ရရင် မကောင်းဘူး။ မင်းမို့ ကိုယ့်အနေနဲ့ သည်းခံနေတာ မပြောရက်ဘူး အောက်မေ့နေတယ်။ ပြောတော့လည်း ပြောပြောပါပဲ။ နောက်တော့ မင်းက ဒုံရင်းပဲ။ ပြောချင်တာ ပြောမြဲပဲလေ။ မပြောနဲ့လို့ ကိုယ်မတားပါဘူး။ ပြောပါ။ ‘ဆိုရေးရှိက ဆိုအပ်လှ၏’တဲ့။ ပြောစရာရှိရင် ပြောရမှာပေါ့။ အဲဒါပဲ။ ပြောစရာရှိလို့ ပြောခွင့်ရလို့ ပြောတဲ့အခါ ပြောချင်တာလည်း ပြောပေါ့။ ပြောအပ်တာလည်း ပြောပေါ့။ ကိုယ်ပြောတာ အဲဒါပဲ။ ပြောဟေ့ ဆိုတာနဲ့ ပြောချင်တာချည်း ပြောပြောနေတာ။

 

ပြောဆိုမှ ပြောချင်တာ မပြောလို့ ဘာပြောရမှာလဲလို့ ပြန်ပြောချင်နေပြီလား။ ပြောရပါတယ်။ ပြောချင်တာ ပြောနေတာနဲ့ပဲ ပြီးပြီးသွားတာကျ မင်း ဘာပြောမလဲ။ ပြောလိုက်ရင် ချိုချို ချိုချိုနဲ့ မလိုတာစွတ်ပြောပြီး ပြောဖို့ လိုတာကျတော့ မသိချင်ယောင်ဆောင်နေတာပဲလို့ ကိုယ်ပြောရင် မင်း ဘာပြောမလဲ။ ပြောကြေးဆို ကိုယ်က တယ်မပြောချင်ဘူး။ တစ်နေ့ ပြောနိုး ပြောနိုးနဲ့ မင်း အပြောစောင့်လာတာပဲ။ ပြောတော့ပြောပါရဲ့။ ကြားချင်တာ မပြောဘဲ ပြောချင်တာ ပြောနေတာ။ ပြောသင့်တာ မပြောပဲ တော့ပြော တောင်ပြောနဲ့ပဲ ပြီးပြီးသွားတာ။ နေ့ရွှေ့ လရွှေ့နဲ့ အပြောဆိုင်းနေတာ။ ပြောမှပြီးမယ်မှန်း သိရက်နဲ့ ပြောရကောင်းစေလို့ မအောက်မေ့တာ။ ကဲ.. အဲဒါတွေ ကိုယ်က မပြောရတော့ဘူးလား။

 

ဟင်.. ပြောစမ်းပါဦး။ ပြောတော့လည်း ပြောတယ်လို့ ပြောဦးမယ်။ ပြောတိုင်းမကောင်းမှန်းတော့ မင်းထက်တောင် သိသေး။ ပြောစရာမရှိ ရှာကြံပြောနေတယ်လို့ မင်းနဲ့ နှိုင်း မတွေးနဲ့။ မင်း လက်လွတ်စပယ် ပြောသမျှ ကိုယ် နားထောင်နေခဲ့တယ် မဟုတ်လား။ တော်ရုံ ကိုယ် ပြန်ပြောခဲ့လို့လား။ ခဏခဏ ပြန်ပြောမနေချင်လို့ မပြောခဲ့တာပဲ။ ပြီးတော့ ‘မြင်ပါများတော့ ဟုန်၊ ပြောပါများတော့ ထုံ’ဆိုတဲ့အတိုင်း ဖြစ်ဦးမယ်။ မင်းနဲ့ ပတ်သက်ရင် မင်းသာ ပြောချင်သလောက် ပြောပစေ၊ ကိုယ့်အနေနဲ့ကတော့ မင်းကို ‘တစ်ခါပြော၊ တစ်ခါသိ’ ဖြစ်အောင်ပဲ ပြောချင်တယ်။ ဒါကြောင့် မင်းချည်း ပြောနေတာကို ကိုယ်ဘာမှမပြောဘဲ နေခဲ့တာပေါ့။


 

အင်း.. ပြောသာပြောရတာပါ။ မင်းက အပြောရကျပ်တဲ့သူဆိုတော့ ဘယ်လောက်ပြောပြော ပြောတာပဲ အဖတ်တင်ပြီး ပြောတဲ့သူသာ မောလို့ ပြောချင်စိတ် ကုန်သွားမယ်။ အပိုပဲ။ ကြာတော့ ပြောရခက်မှန်း သိလို့ မပြောဖြစ်၊ မပြောဖြစ်နဲ့ ကိုယ်က အပြောရပ်တော့ ဟော.. မင်းကချည်း ပြန်ပြောဦးမှာပါ။ ပြောအားကလည်း ရှိတာကိုး။ ပြောရရင်မကောင်းဘူး။ မင်းပြောတိုင်း ယုံချင်တဲ့ သူကလည်း ခပ်များများရယ်။ ကိုယ်ပြောရင်သာ အပြောကြမ်းလိုက်တာလို့ ပြန်မပြောရင် ရှိမယ်။ မင်းကများ တယော ပြောပြောရင် အံမာ သံယောင်တောင် လိုက်ပြောချင်ကြသေး။ တစ်စစ ပတ်မပြော ပြောလာတော့မှ ပြောပဟဆိုပြီး ဖြစ်ကြတာလေ။ ဒီမှာ ခင်ဗျားတို့.. မှန်တာပြောရင် မနာကြနဲ့ဟေ့။

 

အမှန်ကို ပြောပေမယ့် အပြောမှန်အောင် ပြောဖို့ ကိုယ်သိတယ်။ အမှားတွေ ပြောပါများရင် အမှန်ဖြစ်တယ်လို့ ပုဂ္ဂိုလ်တစ်ဦး ပြောခဲ့တာရော ခင်ဗျားတို့ သိလား။ ကဲ.. အဲဒါ ပြောတာပေါ့။ အနိုင်ပိုင်းပြောရင် နိုင်တာပဲလို့ ပြောကြပေမယ့် နိုင်အောင် ပြောနိုင်ဖို့က လိုသေးတယ်။ ပြောနိုင်စွမ်းရှိဖို့ ဘာမှလုပ်မထားဘဲနဲ့ အနိုင်လု ပြောရင် အပြောသမား သက်သက်ပဲ ဖြစ်တော့မှာပေါ့။ ကိုယ်က မင်းလို အပြောသမား မလုပ်ချင်ဘူးလေ။

 

ဘာပဲပြောပြော မင်းက ပြောပဲပြောတတ်တာ မဟုတ်လား။ ကိုယ့်အနေနဲ့က ပြိုင်ပြောနိုင်ပြီး ပြောလည်း ပြောတတ်ရက်နဲ့ မပြောဖြစ်ခဲ့တာပါ။ ခုပြောတော့မယ်ဆိုတဲ့ နေရာမှာလည်း ပြောချင်တာတွေ ပြောမှာဆိုပေမယ့် ပြောချင်တိုင်းလည်း မပြောဘူး။ ပြောချင်သလိုလည်း မပြောဘူး စိတ်ချ။ ပြောချိန်တန်တာတွေ ပြောချိန်လွန်တဲ့အထိ မပြောတာရယ်၊ ဖြစ်သလို ပြောပြောပြီး အဲဒီ အဖြစ်ပြောသလို လုပ်တာရယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေတာရယ်၊ အို.. ပြောမယ့်ပြောတော့ ပြောသင့်တာတွေ အကုန်ကို ပြောတော့မယ်။

 

‘အပြောမတတ် ဆဲသလို’ ဆိုတာမို့ ပြေပြေပျစ်ပျစ် ပြောချင်တာပဲ။ ဒါပေမယ့် ပြောစရာတွေက များလွန်းတော့ ပြောတတ်သလိုပြောရင်း အပြောရိုင်းသွားလည်း မတတ်နိုင်တော့ဘူး။ ပြောတာကတော့ ပြောရတော့မှာပဲ။ မပြောချင်ရင် ဒီစကားတွေ အစကကို မပြောတော့ဘူး။ ပြောမိမှတော့ အမိအရကို ပြောရမှာပဲ။ ပြောချပြီးမှတော့ မိမိရရပေါ့။


 

ပြောရကြေးဆို ပြောချဖို့ တွေးတာပဲ နှစ်ပေါက်ပြီ။ ပြောရကောင်းနိုး၊ မပြောရကောင်းနိုးနဲ့ ဖြစ်နေတာတော့ မဟုတ်ဘူး။ ပြောသင့်မှတော့ ပြောကောင်းမှန်းသိတယ်။ သြော်.. မင်းအနေနဲ့က ကိုယ့်အပေါ် ပြောခွင့်ရှိနေတာမို့ ပြောချင်မှာပေါ့။ ပြောပါစေလို့ ထားထားတာပဲ။ ပြောရင်းပြောရင်း ပြောပုံမဟုတ်တော့မှ ကိုယ် မပြောသေးဘူးလို့ နေလို့မရတော့ဘူး။ မင်းနဲ့ကိုယ်က ပြောမနာ ဆိုမနာ အနေအထား မဟုတ်ဘူးလေ။ မင်း နာတတ်၊ မနာတတ် ကိုယ်ပြောရဦးမှာလား။ ကိုယ်ကတော့ ပြောရုံနဲ့လည်း နာတတ်တယ်။ အေး မပြောတဲ့အတွက်လည်း နာနေပြီ။ မင်းက ပြောရမှာတွေ မပြောတဲ့အတွက်ရယ်၊ ကိုယ်က မင်းအပေါ် မပြောသင့်တာတွေ မပြောနဲ့လို့ မပြောတဲ့အတွက်ရယ်။ အေးလေ တစ်နေ့တော့ မင်းနားလည်လာမှာပါ။ ပြောတာဟာ နာစရာဖြစ်သလို မပြောတာဟာလည်း နာစရာ ဖြစ်တယ်ဆိုတာကိုပေါ့။

 

အဲဒီအနာမျိုး၊ မပြောလို့ မပြောလိုက်လို့ မသိဘဲ မပြီးဘဲ နာနေရတဲ့ အနာမျိုး မင်း မနာရအောင် ကိုယ်တော့ ပြောတော့မယ်။ အဲဒီအတွက် မပြောရဲစရာလည်း မရှိဘူး။ မပြောရက်စရာလည်း မရှိတော့ဘူး။ ကိုယ်မှ မပြောလည်း မင်း ပြောသက်က ပြတ်မှာ မဟုတ်ဘူး။ ပြောနေကျ မဟုတ်ပေမယ့် ပြောလေ့ရှိအောင်တော့ ပြောရမှာပဲ။ ဒါပေမယ့် မင်းလည်း ပြောရလိမ့်မယ်နော်။ မင်း ပြောရမှာတွေ မင်းဘာသာ ပြောဖြစ်တဲ့အထိ ကိုယ် ပြောသွားတော့မယ်။ မင်း မနာလေနဲ့။

x x x

ကဲ.. ပြောပြီ။ 

(သူရဂါမိက)

၈.၆.၉၄