User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


့ထလ                                                                          
              တကယ်တမ်း ပြောရရင် လောလောဆယ် ဝတ္ထုတိုလေးတစ်ပုဒ်ကို စိတ်တိုင်းကျ ရေးနေတာ နိဂုံးချုပ်ကို မရောက်သေးပါဘူး။ ကိုယ့်နိုင်ငံရဲ့ ပြင်ပကို ရောက်နေကြတဲ့ သူတွေမှာ ဖြစ်လေ့ရှိတဲ့ သဘာဝအတိုင်း တောမြင်လွမ်း တောင်မြင်လွမ်း ဆိုသလို မုန့်ဟင်းခါးမြင်လဲ လွမ်း ၊ ဘူးသီးကြော်မြင်လဲ လွမ်းလာရာက ( ပညာရှင်တွေကတော့ Home sick လို့ ဆိုကြ) စိတ်တိုင်းကျ အလွမ်းသယ် ဝတ္ထုလေး ရေးမိနေပါတယ်။ ဒါပေမယ့် ဒီဝတ္ထုကို အဆုံးမသတ်နိုင်ခင်မှာ အဆုံးသတ်ဖို့ မလိုဘူးလို့ ၊ မလိုဘူးဆိုတာထက် ဘယ်လိုမှ ဆက်ရေးစရာ အကြောင်း မရှိနိုင်ဘူးလို့ ထင်ထားတဲ့ ကျမရဲ့ အက်ဆေးတစ်ပုဒ်ကို နိဂုံးချုပ်ပေးရဖို့ အကြောင်းက ပေါ်လာပါတော့တယ်။ ကောင်းကင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းရဲ့ နိဂုံးကို မဖြစ်မနေ ရေးချင်စိတ်က ပေါ်လာခဲ့ရပါတယ်။ ဇာတ်လမ်းရဲ့ နိဂုံးလေးပေါ့၊ အခုစာကို ဖတ်မိပေမယ့် ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းကို မဖတ်ဖူး မဖတ်လိုက်မိတဲ့ သူတွေ အတွက် အနည်းငယ်လောက်တော့ ပြန်ပြောပါရစေ။


           ညိုကြီးဆိုတဲ့ ထိုင်းနိုင်ငံက ခွေးထီးတစ်ကောင်နဲ့ မြန်မာပြည်ကနေ ပိုင်ရှင်ဖြစ်သူ သခင်နဲ့အတူ ထိုင်းနိုင်ငံကို ရောက်လာခဲ့တဲ့ ဖြူမဆိုတဲ့ ခွေးမလေးတို့ရဲ့ သံယောဇဉ် အကြောင်းလေးပါ။ တရိစ္ဆာန်တွေ ဖြစ်ပေမယ့် တစ်ကောင်နဲ့တစ်ကောင် သံယောဇဉ်ကြီးတာ ၊ လူတွေက ခွဲထားတာကို လူလစ်ရင် ခိုးတွေ့တတ်တာတွေဟာ တကယ့်ကို အံ့ဩစရာမို့ အဲဒီအကြောင်းလေး ရေးထားခြင်းပါ။

အဲဒီတုန်းကတော့ နေ့လည်နေ့ခင်းဆိုရင် ကျမနေတဲ့ အိမ်ရဲ့ အနီးအနားက အိမ်တွေမှာ တံခါးတွေ သော့ခတ်ထားပြီး ညနေ အလုပ်ကပြန်တဲ့ အချိန်မှ လူသံသူသံ ကြားရတဲ့အခါ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ သက်ရှိ ကျမအပြင် ရှိနေတတ်တဲ့ သက်ရှိ ဒီ ခွေးနှစ်ကောင်ကို မြင်နေရတဲ့ အတွက် နေသာထိုင်သာ ဖြစ်ရပါတယ်။ ဒါ့ကြောင့်လည်း တရိစ္ဆာန်ကို မချစ်တတ်တဲ့ ကျမဟာ သူတို့လေးတွေရဲ့ အပြုအမူတွေကို နေ့တိုင်းတွေ့ဖန်များလာတော့ သံယောဇဉ်ဖြစ်ရတဲ့ အထိပါပဲ။ အိမ်ရှေ့ဝရန်တာလေးမှာ ထွက်ရပ်နေရာက အစာတောင်းသလို မော့ကြည့်တာမျိုး ၊ သူတို့ကို ဘာကျွေးမလို့ ထွက်လာပါလိမ့်လို့ လှမ်းမျှော်ကြည့်တတ်တဲ့အခါ ထမင်းကျန် ဟင်းကျန် မရှိတော့ရင်တောင် မီးဖိုပေါ်မှာ ချက်နေရင်း တဗွက်ဗွက်ဆူနေတဲ့ အိုးထဲက ဟင်းတုံးကို ခပ်ပြီးတော့ ချကျွေးလိုက်တဲ့ အထိပါ။ ပြောခဲ့ဖူးတဲ့ အတိုင်းပါပဲ၊ ဖြူမသံယောဇဉ်ကြောင့် ကျမတို့ အိမ်နားကို ဘယ်ကမှန်းမသိပဲ ရောက်လာပီး နေနေတဲ့အတွက် သူ့ကို ဂရုတစိုက် စောင့်ရှောက်မယ့်သူ မရှိတဲ့အခါ သန်းထူမောင် ဖြစ်နေတာပါ။ ဖြူမရဲ့ပိုင်ရှင်က စည်ပင်ရဲက လာဖမ်းမှာ စိုးရိမ်တဲ့အတွက် ဖြူမကို ညိုကြီးနဲ့ အတူမနေရအောင် အိမ်ရှေ့ဝရန်တာလေးမှာ သံတခါးပိတ်လို့ ထားလိုက်ပါတော့တယ်။ ရေမှန်မှန်ချိုးပေး တိုက်စရာ ထိုးစရာရှိတဲ့ ဆေးတွေ ထိုးတာ အစသဖြင့် ဖြူမကို လုပ်ပေးထားတော့ ဖြူမက လှလို့သန့်လို့ နေပါတော့တယ်။ ဝရန်တာဆိုတာက အမြင့်ကြီးမဟုတ်ပါဘူး။ တစ်ထပ်တိုက်ပုလေးရဲ့ အဝင်ဝကို နဲနဲလေးမြှင့်ထားတာဆိုတော့ ဝရန်တာလက်တန်းကနေ မြေကြီးကို ခြေထောက်လို့ ရလုနီးနီးပါ။ ဒီတော့ ကျမရဲ့ အိမ်ကနေ မြင်နေတွေ့နေရပါတယ်။ ဒီလိုနဲ့ ရက်တွေ လတွေ ကြာလာတော့ ဖြူမရဲ့သခင်လည်း ဖြူမကို ထိန်းမထားနိုင်တော့ပါဘူး။ ခွေးသန်းတွေကြောင့် ကျန်းမာရေး စိုးရိမ်ရတယ်ဆိုပီး တိုင်တဲ့ လူတွေလည်း နှစ်ခါလောက် တိုင်ပြီးတဲ့အခါ မောသွားဟန်တူပါရဲ့။ ဒုံရင်းဒုံရင်း ဖြစ်ပြီး ညိုကြီးနဲ့ ဖြူမကို တတွဲတွဲ တွေ့ရပြန်ပါတော့တယ်။ ဒါပေမယ့် အသက်(၁၃) နှစ်ရှိနေပြီ ဖြစ်တဲ့ ဖြူမဟာ ဝေးဝေးလံလံလည်း မသွားနိုင်တော့ပါဘူး။ သူ့အိမ်ရှေ့မှာပဲ ခွေနေတာများပါတယ်။ သူ့သခင်ပြန်လာရင် ထကြိုပီး အိမ်နောက်ဖက်ကို လိုက်သွားရင်တောင် တလှုပ်လှုပ်နဲ့ပါ။ ဖြူမကို ကြည့်ပြီး အိုခြင်း နာခြင်း ဆိုတာကို တွေ့နေရသလိုပါပဲ။


           နိုဝင်ဘာလထဲမှာ ကျမတို့ အိမ်ပြောင်းေ၇ွှ့ဖို့ စီစဉ်တော့" ညိုကြီးနဲ့ ဖြူမတော့ တို့မရှိတော့ရင် ဘယ်ရောက်သွားကြလဲ အောက်မေ့မှာပဲ" လို့ ပြောတဲ့အခါ ကျမကို ဝိုင်းရယ်ကြပါတယ်။ တရိစ္ဆာန်က ဒီလိုတွေးပါ့မလားလို့လည်း ဝိုင်းပြောကြပါတယ်။ ဒါပေမယ့် ကျမစိတ်ထဲ သိလိမ့်မယ်လို့ ထင်နေပါတယ်။ နေ့လည်နေ့ခင်း ရေငတ်တဲ့အခါ ကျမဆီလာလာတောင်းတတ်တာ ကျမက သူ့ရဲ့ ခွက်ထဲ ရေဖြည့်ပေးလိုက်ရင် တဗျတ်ဗျတ်သောက်ပြီး ကျမကို အကြာကြီး မော့ကြည့်တာကို ကျမစိတ်ထဲ နားလည်သလိုလို ပါပဲ။ ဒါ့ကြောင့် နေ့လည် ဘယ်သူမှ မရှိတဲ့ အချိန်ကျ ဘယ်လိုနေရှာပါ့မလဲလို့ တွေးပူနေမိပြန်ပါတယ်။ တကယ်တော့ အခုနေနေတဲ့ အိမ်ကလေးက ပတ်ဝန်းကျင် လည်းကောင်းပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေချင်စဖွယ်ပါ။ ဒါ့ကြောင့်လည်း အဆင်မပြေတဲ့ အသေးအဖွဲ တစ်ခုနှစ်ခုလောက်ရှိတာကို သီးခံပြီးနေခဲ့ပေမယ့် သိပ်မကြာခင်က ဘယ်လိုမှ နေမရအောင် ဖြစ်လာတဲ့အတွက် ပြောင်းဖို့စီစဉ်ခဲ့ရပါတော့တယ်။ ကျမတို့ ခေါင်းရင်းက အရင်လွတ်နေတဲ့ မြေကွက်မှာ လူနေတိုက်ခန်းတွေ လာဆောက်တဲ့အခါ အဲဒီဘက်က လူသံတွေ အလုပ်သမားတွေရဲ့ အော်ဟစ်ဆူညံသံတွေနဲ့ အတူ စက်ယန္တရားကြီးတွေရဲ့ အသံတွေဟာ အင်မတန် အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ အဲဒီဆိုဒ်က စနေ တနင်္ဂနွေ ပိတ်ရက်မှ အလုပ်သမားနဲ့ စက်တွေ ငှားလို့ရဟန်တူပါတယ်။ စနေတနင်္ဂနွေ မှာ အကြီးအကျယ်ကို ဆူညံတော့တာပါပဲ။ ပိတ်ရက်မှာမှ အနားရကြတဲ့ ကျမမိသားစုတွေက နေ့လည်နေ့ခင်း တရေးတမောအိပ်ဖို့ ပြင်တုန်း ခေါင်းရင်နားကပ်ညပီး ဒွီ................ ဆိုတဲ့ စက်သံတွေ ကြားတဲ့အခါ ဘယ်သွားနေရမှန်းမသိပါဘူး။ တခါတော့ ကျမ အမျိုးသားဟာ ဈေးဝယ်စင်တာတခုဆီ သွားထိုင်နေလိုက်ပါတော့တယ်။ သမီးတယောက်ကလည်း မနက်စာစားပြီးတာနဲ့ သူငယ်ချင်းနေတဲ့ အဆောင်ကို ပြေးတော့တာပါပဲ။ ကြာလာတော့ မဖြစ်ချေဘူးဆိုပြီး တခြားနေရာကို ပြောင်းရတော့တာပါပဲ။ ကျမတို့ အိမ်ပြောင်းပြီး တပတ်လောက်အကြာမှာ ဖြူမရဲ့သခင်ဖြစ်တဲ့ သစ်သစ်တို့ ကျောင်းက ဖက်ရှင်ပြပွဲတစ်ခု လုပ်ပါတယ်။ သူတို့ကျောင်းအနေနဲ့က ပထမဆုံး ဖြစ်တဲ့အတွက် ကျမတို့လည်း စိတ်ဝင်စားသလို သစ်သစ်တစ်ယောက်လည်း အရမ်းကို အလုပ်များနေပါတော့တယ်။ သစ်သစ်က ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်တဲ့အတွက် ဒီပွဲဖြစ်မြောက်ရေးမှာ လူရောစိတ်ပါ နှစ်ပြီး ကြိုးစားပမ်းစားလုပ်နေရပါတော့

တယ်။ သစ်သစ်အလုပ်များနေရင် ဖြူမကို ကြည့်နိုင်ပါ့မလား၊ ညိုကြီးကတော့ ပိုင်ရှင်မရှိသူပီပီ ဟိုအိမ်ရှေ့သွားရပ် ဒီအိမ်ရှေ့သွားရပ်ရင် မနေနိုင်တဲ့သူက ခေါ်ကျွေးလို့ စားရမှာပဲ စသဖြင့် ပြောမိတဲ့ အထိပါပဲ။
ထဘ
         မှတ်မှတ်ရရ အိမ်ပြောင်းအပြီး နှစ်ပတ်အကြာ အလုပ်များတာနဲ့ ပျက်နေတဲ့ ထိုင်းစကားပြောသင်တန်းကို ပြန်တက်တဲ့ နေ့မှာ သစ်သစ်နဲ့ ဆုံပြီး ဖြူမဆုံးသွားပြီဆိုတာကို သိလိုက်ရပါတယ်။ ပြောရကြေးဆို ခွေးတကောင်သေသွားတာ ဘာမှ အဆန်းတကျယ် မဟုတ်သလို ရေးကြီးခွင်ကျယ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်နေခဲ့စဉ်က သံယောဇဉ်ဖြစ်ခဲ့ရတဲ့ အတွက် စိတ်မကောင်းခြင်း ဖြစ်ပြီး ' ဘယ်လိုဆုံးသွားလည်းလို့ " မေးမိကာမှ မျက်ရည်ကျတဲ့ အထိ ခံစားလိုက်ရပါတော့တယ်။
           ဖြူမက နိုဝင်ဘာ(၂၂) ရက်၊ ညနေ ၃နာရီခွဲလောက်မှာ ဆုံးသွားတာဖြစ်ပါတယ်။ ရက်ကိုကြည့်လိုက်တာနဲ့ သစ်သစ်အရမ်း အလုပ်များနေတဲ့ ရက်တွေပဲ ဆိုတာလည်း သတိထားမိလိုက်ပါတယ်။  ဖက်ရှင်ပြပွဲက နိုဝင်ဘာ(၂၄)ဖြစ်တဲ့ အတွက်ပါ။

" အမရယ်.. သိတဲ့အတိုင်းပဲ သစ်သစ်က အလုပ်တွေ အရမ်းများတဲ့ ရက်ဖြစ်နေတယ်လေ၊ သိပ်ကို rush ဖြစ်နေတာ၊ ၂၄ရက်က သိပ်နီးနေပြီ"
" သူ နေမကောင်း ဖြစ်သွားတာလား၊ တော်တော်ခံ လိုက်ရသေးလား" ဆိုတဲ့ ကျမအမေးကို သစ်သစ်က ဆက်ပြောပါတယ်။
"ဖြူမက (၂၁) ရက်နေ့ညဘက် အိမ်နောက်ခန်းမှာ အိပ်နေရင်းက ငြီးနေတယ်။ ညတစ်နာရီလောက် ရှိမလားပဲ၊ အဲဒါ သွားကြည့်ပြီး ရေသောက်ချင်တယ် ထင်တယ်ဆိုပီး တိုက်တော့ ခွက်ထဲကရေကို မသောက်နိုင်တော့လို့ သစ်သစ်လက်ထဲကနေ သူလျှာလေးနဲ့ယက်ပီး သောက်တယ်။ နောက်တစ်နေ့တော့ သူ့အတွက် နွားနို့ကို ခွက်ထဲထဲ့ပေးပြီး ကျောင်းကို ထွက်ခဲ့ရတယ်၊ မလာလို့ မရဘူးလေ အမလဲ သိတဲ့အတိုင်း ရက်က သိပ်ကပ်နေပြီ၊ နေ့လည်(၃)နာရီ ကျော်ကျော်လောက်မှာ သစ်သစ်စိတ်ထဲ ဘယ်လိုဖြစ်တယ်မသိဘူး၊ ဒီလောက် ဖြတ် ညှပ်ကပ် ချုပ်နဲ့ အလုပ်တွေ ရှုပ်နေတဲ့ကြားက အိမ်ကို အရမ်းပြန်ချင်နေတယ်၊ ဖြူမဆီ သွားချင်တဲ့ စိတ်တွေ ဖြစ်နေတယ်။ ဒါနဲ့ ဘယ်သူ့မှတောင် မပြောခဲ့ပဲ ဆိုင်ကယ်ပေါ်တက်ပြီး အိမ်ကို ထွက်လာခဲ့မိတယ်။ အိမ်လဲရောက်ရော ဖြူမက အသက်ငင်နေပြီ...................................................." ပြောရင်းက ကျမကို လှမ်းအကြည့် ကျမမျက်လုံးမှာ ဘယ်လိုထွက်လာမှန်းမသိတဲ့ မျက်ရည်စကို တွေ့သွားသလား၊ ဒါမှမဟုတ် အဲဒီနေ့က အဖြစ်ကို ပြန်မြင်လာလို့ ပဲလားမသိ မျက်ရည်တွေ တွေတွေကျလာပါတော့တယ်။ ကျမလည်း မပြောပါနဲ့တော့ လို့ ပြောချင်ပေမယ့် စကားလုံးတွေက ထွက်မလာဘူး၊ စိတ်ထဲမှာ သစ်သစ်ပြန်ခံစားနေရရင် မပြောပါနဲ့တော့ပြောနေပြီး ပါးစပ်က တလုံးမှ ထွက်မလာဘူး ဖြစ်နေတော့တယ်။

                      မျက်ရည်ကြားကပဲ သစ်သစ်ဟာ ဆက်ပြောပြနေပါတယ်။
" ဖြူမက သစ်သစ်ကို စောင့်နေတာ အမရဲ့၊ သစ်သစ် ရောက်သွားတယ်ဆို သူ့မျက်လုံးနဲ့ သစ်သစ်ကို ကြည့်တယ်။ သူသိတယ်၊ သစ်သစ်ရောက်လာတာ သူသိတယ်ပေါ့။ သစ်သစ်လည်း သူ့ခေါင်းလေးကို ပွတ်ပေးပြီး ဆုတောင်းပေးတာပေါ့ အမရယ်၊ ၅မိနစ်လောက်ပါပဲ အမ ၊ တကယ့်ကို ငါးမိနစ်လောက်ပါပဲ သူအသက်ထွက်သွားတယ်။ သစ်သစ်ကို စောင့်နေတာလေ၊ သစ်သစ်ကို စောင့်နေတာသေချာတာပေါ့ အမရယ်"
ကျမလည်း " တော်သေးတာပေါ့သစ်သစ်ရယ်' လို့ လှိုက်လှိုက်လှလှဲ ပြောလိုက်မိပါတော့တယ်။ စိတ်ထဲမှာလည်း လူနဲ့ တရိစ္ဆာန်ကြားက သံယောဇဉ် ချစ်ခြင်းတရားကို အံ့ဩဖွယ် ခံစားသိရှိလိုက်ရပါတော့တယ်။ တဆက်ထဲပဲ ညိုကြီးကို သတိရသွားပြီး " ညိုကြီးတစ်ကောင်ရော.. ညိုကြီးရော.. ဘာတွေ ဖြစ်နေလဲ" လို့ မေးလိုက်မိပါတယ်။ ညိုကြီးက ဖြူမနေမကောင်းတဲ့ရက်က အနားမှာ လာစောင့် အိပ်သတဲ့။ အနားမှာပဲ နေတယ်တဲ့။ တကယ့်ကို အံ့ဩဘနန်းပါ။ ကျမသိသလောက် တရိစ္ဆာန်တွေ အထူးသဖြင့် ခွေးတွေဟာ သူတို့ရဲ့ အာဝါဟဝိဝါဟ ကိစ္စတွေပြီးရင် သွားတော့တာပဲတဲ့၊ အတူတတွဲတွဲ နေလေ့ မရှိကြဘူးတဲ့၊ ညိုကြီးဟာ ဖြူမသံယောဇဉ်နဲ့ ဘယ်လိုပဲ မောင်းထုတ် လွှင့်ပစ် မသွားဘူး၊ ပြန်လာတာပဲ၊(ဒီအကြောင်း ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းမှာ ရေးပြီး)။ အခုလဲ နေမကောင်းတဲ့ ဖြူမကို စောင့်ရှောက်သတဲ့၊ ဖြူမကို ကျမတို့နေခဲ့တဲ့ အဲဒီအိမ်ယာဝင်းကြီးထဲက ကားဂိုဒေါင်ဘေးက သဖန်းပင်ကြီးဘေးမှာ စောင်နဲ့ထုတ်ပြီး ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုလ် လိုက်ပါတယ်တဲ့။ ဖြူမကို မြေမြှုပ်ပီးတဲ့ ညအထိ ညိုကြီးတစ်ကောင်ရှိနေခဲ့သေးတယ်တဲ့။ နောက်တစ်နေ့က စပြီး အခုကျမနဲ့ တွေ့တဲ့အချိန်မှာတော့ ညိုကြီးတစ်ကောင် ဘယ်ဆီထွက်သွားတယ် မသိ၊မတွေ့တော့ပါဘူးတဲ့။

          အင်မတန်မှ ထူးဆန်းလှတဲ့ ညိုကြီးနဲ့ ဖြူမကို စတွေ့ပြီး သိပ်မကြာခင်မှာ တရိစ္ဆာန်၊ အထူးသဖြင့် ခွေးဆိုရင် မချစ်တဲ့ အပြင် မုန်းတတ်တဲ့ ကျမဟာ သူတို့နှစ်ကောင်ရဲ့ တစ်ကောင်နဲ့တစ်ကောင် သံယောဇဉ်တွယ်တာကို ရယ်ချင်စိတ် ချစ်ခင်နှစ်လိုဖွယ်စိတ် ဖြစ်ပြီး ဇာတ်လမ်းမဟုတ်တဲ့ဇာတ်လမ်းကို ရေးခဲ့မိပါတယ်။ ဒီဇာတ်လမ်းကို ဖတ်ပြီးတဲ့ ခင်မင်နေတဲ့ ကလေးမလေးတစ်ယောက်က အိမ်ကိုလာရင် ညိုကြီးရော ရှိသေးလား။ ဖမ်းသွားတာခံရပြီလား၊ ဖြူမဆိုတာ သူလား စသဖြင့် မေးတတ်တာကိုလည်း သတိရမိပါသေးတယ်။ ဒီဇာတ်လမ်းဟာ ပြီးသွားပြီလို့ အဲဒီတုန်းက ထင်ခဲ့ပေမယ့် အခုတော့ ဇာတ်လမ်းရဲ့ နိဂုံးကို ဆက်ပြီးရေးလိုက် ရပါတော့တယ်။
 
                                                                                       ခိုင်ခိုင်စောလွင်