Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

black hands sticking out

 

 

ဖြေရှင်းမရသော ပြဿနာများကို သူ့အတိုင်းထားလိုက်ခြင်းက ကောင်းသည်ဟုဆိုသည်။ ထိုယူဆချက် ဘယ်ရွေ့ ဘယ်မျှ အတိုင်းအတာအထိ မှန်ကန်သည်ဆိုခြင်းကို မသိရှိသေးပါ။ တစ်ချို့သော အကြောင်းအရာများသည် ဈေးဝယ်ထွက်သွားသော အိမ်ထောင်ဦးစီးတစ်ယောက်၏ အိမ်အပြန် ဈေးခြင်းတောင်း ဒါမှမဟုတ် ကျွတ်ကျွတ်အိတ်ထဲမှာ ဟင်းစားမည်မျှ ပါမည်လဲဆိုသည်ကို ခန့်မှန်းရခြင်းထက် အဆတစ်ရာ ခက်ခဲလှကြောင်း သိရှိထားပြီးဖြစ်သည်ဟု မျှော်လင့်ပါ၏။ ခေါင်ရမ်းပန်းကို အချို့သောနေရာများ၌ မသာပန်းဟု ခေါ်ဆိုတတ်ကြောင်း အရပ်တကာမှ လူအများ အရေးတကြီးသိရှိထားရန် မလိုအပ်သေးပါ။


အသက်ကြီးပြီး ဦးနှောဏ် ကြီးမလာသော အနှစ်မဲ့ အပြောသန်ကြီးရင့်လူများအတွက် ကလေးကစားကွင်းများ နည်းတူ လူကြီးကစားကွင်းများ ထားပေးသင့်သည်။ အဆံချောင်သောအုန်းသီးများ ပေါများလာခြင်းသည် အုန်းမျိုးစိတ်ညံ့ဖျင်းမှုနှင့် သက်ဆိုင်လှသည်ဟုမထင်ပါ။ မင်းမဟာဂီရိနတ်ပွဲမှ အုန်းဆွဲများ ခပ်မြန်မြန်  ခြောက်သွေ့လာခြင်းမှာမူ အဆံချောင် အုန်းသီးများပေါလာခြင်းနှင့် ဆက်စပ်နေပါသည်။ သိပ်မပြောပါနှင့်။ သွားဖုံးကြားမှ သွေးယိုတတ်ပါသည်။ ရတနာထွန်းသွားတိုက်ဆေးမှုန့် ဆောင်ထားရန်သာလိုပါ၏။ သက်ဆိုင်မှုမရှိလှကြောင်း အပြောမစောပါနှင့်။ တစ်ရေးနိုးသော် အကြံပေါ်ဆိုသကဲ့သို့ အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်းဓလေ့ ပြန်လည်ထွန်းကားလာသည်ဟူသော စာတမ်းတစ်စောင်ရေးပါက ပါရဂူဘွဲ့ပင် ရရှိသွားနိုင်ကြောင်း တိရိစ္ဆာန်ဆရာဝန်များကို အကြံပေးလိုပါ၏။

နေရာမှား ရောက်ရှိလာသူတို့၏ အရပ်သည် အမြဲတန်းပင် ဆူညံနေတတ်ပါသည်။ တောပြဇာတ်ထဲမှ စကားလုံးများဖြင့် ခြောက်လှန့်တတ်သူတို့လည်း နေရာတကာ ပြည့်နှက်နေပါ၏။ တစ်ဖက်ပိတ်လမ်းကို တစ်ဖက်ပိတ်လမ်းဟု မြင်နေကြခြင်းမှာ တစ်ဖက်ပိတ်လမ်းကြောင့်ဖြစ်ပါသည်။ ထိုသို့သော တစ်ဖက်ပိတ်လမ်းများမှာ ရံဖန်ရံခါ၌တစ်ဖက်ပိတ်လမ်းများ မဟုတ်ကြသော်လည်း သွားရောက်ကြည့်ရှု ရောက်ရှိခဲ့ပြီးကာမှ တစ်ဖက်ပိတ်လမ်းဖြစ်နေကြကြောင်း အသည်းတယားယား ရင်တဖိုဖို တက်တခေါက်ခေါက် မခံချိမခံသာ ခံပြင်း ဒေါသထွက်ဖွယ် ထိတ်လန့်စရာ ရုပ်ရှင်ဇာတ်ကားဆန်ဆန် လှည့်စားခံလိုက်ရကိုလည်း တွေ့ထိခဲ့ဖူးပါသလား။  အဖြေမလိုချင်သေးပါ။ ငွေမလို ရေမလိုပဲ အဖေသာလိုသော ကလေးများ မိဘမဲ့ဂေဟာတွင် ရှိနေပါသည်။

မနက်ဖြန် ဘာလုပ်မည်စဉ်းစားရင် ဒီနေ့ထိုင်နေသူများသည် ခေတ်အလိုက် အရောင်းတွင်ကျယ်သော တက်ကျမ်းစာပေတို့ကို ဖတ်ဖူးထားသူများဖြစ်ကြ၏။ အမှန်တရားအကြောင်း ငြင်းခုံနေသော လက်ဖက်ရည်ဆိုင်၌ ပြတင်းပေါက်မှန်များ ရှိမနေသကဲ့သို့ ကြည့်မှန်များလည်း ချိတ်ဆွဲမထားခြင်းကြောင့် မှန်စ မှန်နများ မတွေ့ရှိရပါ။

ဝမ်းတီး ချိုပေါ့ဆိုသောနေရာတွင် ဆော်မော်ရိုး ၀မ်းတူးဟူသော ဝေါဟာရ ၀င်ရောက်လာသည်မှာ ကြာခဲ့ပြီဖြစ်တဲ့အကြောင်း သူဖုန်းစားငယ်က ရှင်းပြနေပါသည်။ မိုးရာသီ တွင်း စာအရောင်းမြှင့်တင်ရေး ကာလဖြစ်သောကြောင့် နံနက်ခင်း သတင်းစာ အရောက်နောက်ကျခြင်းကို ခေတ်မီသူတိုင်း အပြစ်မပြောတော့ပါ။ ပဒေသရာဇ်စနစ်၏ ဆိုးရွားမှုကို တစ်ထောင့်တစ်နေရာက သိရှိလိုသေးသည်ဆိုပါက သန်းခေါင်ယံ လွတ်လပ်ရေး စာအုပ်တွင်လည်း တွေ့နိုင်ပါသေးသည်။ အင်ဒီဝါးဟိုးလ်တွင် ယောက်ျား စိတ်ပျောက်ဆုံးသွားခြင်း မရှိပါက ငှက်ပျောသီးကဲ့သို့သော သူ့လက်ရာကောင်းများကို အနုပညာ လက်ရာမြောက်မြောက် တွေ့ရဦးမည်ဟုထင်ပါသလား။ အများကြိုက်ကို ပါးရိုက်ခြင်းသည် မောင်သာနိုးဘာသာပြန်မှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ အဖြေလိုအပ်ပါသည်။ ပထမတန်းဖတ်စာကို သတိရနေဦးမည်ဟု ထင်ပါ၏ ။

မောင်ရေခဲ မောင်ရေခဲ ဘယ်သွားမလို့လဲ မောင်ရေခဲ။

ဘုရားပွဲကိုလှည်းနဲ့ဆို ဘာတွေလုပ်မလဲ မောင်ရေခဲ။

 

တောကျောင်းဆရာ