Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
 
 ငငင                             

လူတွေမှာ အသက်ကြီးလာလေ စိုးရိမ်စိတ် များလာလေ ကြောက်စိတ် ပိုလာတတ်လေ့ ရှိသည်လို့ တော်တော် များများ ပြောကြတာ ကြားဖူးပါသည်။ ကြောက်စိတ် ဆိုသည်မှာ စိုးရိမ်စိတ်က မြစ်ဖျားခံခြင်း ဖြစ်လေရာ စိုးရိမ်စိတ်ကိုလည်း ကြောက်စိတ်ဟုပင် ပြောတတ်ကြသည်။ ကျမသိသလောက် လူတော်တော် များများသည် ငယ်စဉ်ကတည်းက စိုးရိမ်စိတ် ကြောက်စိတ်များဖြင့် ရောထွေးစွာပင် ကြီးပြင်းခဲ့ရလေသည်။ ကိုယ့်ကိုယ်ကို ပြန်စစ်ကြည့်ရာတွင်လည်း  ကျမသည် စာမေးပွဲကျမှာကို စိုးရိမ်ခြင်း၊ ကြောက်ခြင်း၊ စာမရ၍ ဆရာမရိုက်မှာ ကြောက်ခြင်း၊ အမေဆူမှာ ကြောက်ခြင်း၊ လမ်းသွားရာတွင်ပင် လမ်းမှာ ဘိနပ်ပြတ်မှာ ကြောက်ခြင်း၊  စသဖြင့် ကြောက်ခဲ့ရတာတွေ များလှသည်။

ထိုအများကြီးထဲကမှ ကျမတွင် ငယ်စဉ်က ထူးဆန်းသည့် အကြောက်တစ်ခု ရှိခဲ့ဖူးသည်ကို သတိရမိသေးသည်။ ထိုအရာကတော့ ကျမနာမည်ကို လူကြားထဲ အော်ခေါ်မှာကို ကြောက်ခြင်း၊ အခု အသက်အရွယ်မှာ ပြန်တွေးကြည့်တော့ ရယ်စရာပင် ကောင်းသေးတော့သည်။ ထိုစဉ်ကတော့ ဘာဖြစ်လို့ ကြောက်ခဲ့မှန်း မသိ။ ကျမတို့ အိမ်နှင့် မျက်နှာချင်းဆိုင်မှာ ဘာအဆောက်အအုံမှ မရှိ။ မြေကွက်လပ် အကျယ်ကြီးတစ်ခုသာရှိသည်။

ကျမတို့ ပတ်ဝန်းကျင်ရှိ ကလေးများ ညနေကျောင်းဆင်းတာနှင့် ထိုကွင်းထဲတွင် ကစားကြသည်။ ကျမအမေက ကျမတို့ မောင်နှမတစ်တွေကို ကစားခွင့်ပေးပီး ညနေ (၆) နာရီထိုးလျှင် အိမ်ပြန် ခြေလက်ဆေးကာ စာကြည့်ရသည်။ ကျမတို့က ဆော့ကောင်းကောင်းနှင့် ဆော့နေရာ တခါတလေ (၆)နာရီကျော်သွားလျှင် နံမည်တပ်ကာ အော်ခေါ်လေတော့သည်။ ကျမအမေသည် ကျောင်းဆရာမ တစ်ယောက်ဖြစ်သည့်အပြင် အသံသြဇာကလည်း ကောင်းလှရာ အမေ အော်ခေါ်လိုက်လျှင် တရပ်ကွက်လုံးကြားရလေသည်။ သို့ဖြင့် ကျမသည် ကျမနာမည် ခေါ်မှာစိုး၍ ဘယ်တော့မှ အဲဒီကွင်းထဲမှာ မကစားတော့ပေ။ အိမ်ခြံဝင်းထဲ ဒါမှမဟုတ် အိမ်ထဲတွင်သာ ဇယ်တောက်တမ်း ရုပ်ရှင်ဖွက်တမ်း ကစားတော့သည်။ အပေါက်ဝမှာ အမေရပ်တာ မြင်သည်နှင့် ကိုယ်ရှိနေကြောင်း လက်ထောင်ပြထားရသည်။ ဒါကလည်း ဘာမဟုတ်သည့် အသေးအဖွဲက အစ ကြောက်သည်ကို ပြောရခြင်းဖြစ်သည်။

 နောက်ပိုင်း စာတွေဘာတွေဖတ်ရင်း ဆရာဝန်တွေက  အသက်ကြီးသည့် လူကြီး ဒါမှမဟုတ် သွေးတိုး နှလုံး စသဖြင့် ရောဂါရှိသူတွေ ရေချိုးခန်းဝင်လျှင် တံခါးချက်မချပဲ ဝင်သင့်တဲ့ အကြောင်း ရေးတာ ပြောတာ ဖတ်ရတော့ အဖေနဲ့ အမေကို ဘာရောဂါမှ မရှိပါပဲ တံခါးချက်မချဘို့ ခနခနပြောတော့ အလကား စိုးရိမ်တယ်ဟု အပြောခံရသေးသည်။

            ကျမ၏ သမီးများကလည်း ကျမကို အရာရာ အစိုးရိမ်ကြီးသည်ဟု မိချောင်းမင်း ရေကင်းပြတတ်သည်။ ကျမကလည်း ကျမပင်။ သူတို့ အဖေ ရေချိုးခန်းထဲက အချိန်တန်ထွက်မလာတာ ဒါမှမဟုတ် ရေသံမကြားပဲ အကြာကြီး တိတ်နေလျှင် လှမ်းပီး အသံပြုရင်း ဘာလုပ်နေသလဲ မေးတတ်သည်။ " ဟ.... ရေချိုးနေတာပေါ့ဟ.. "  ဒါမှမဟုတ် " သွားတိုက်ဖို့ မေ့နေလို့ သတိရပီးတိုက်နေတာ " စသဖြင့် ပြန်ဖြေမှ အေးတော့သည်။ သမီးများက အမေကတော့လေ ဆိုကာ ရယ်မောကြသည်။ လမ်းသွားရင်း ခွေးတွေ့က တဘက်လမ်း ကူးသွားသည်။ ခွေးကိုက်မှာ ကြောက်သည်ထက် ဆေးရုံသွား ဆေးထိုး ပိုက်ဆံတွေကုန် စသဖြင့် တွေးပီး ကြိုတင် ရှောင်ရှားခြင်းပင်။ ကလေးတွေက အမေက သိပ်ကြောက်တတ်တာဟု တွင်တွင်ပြောသည်။

တရက်မှာတော့ မိသားစု ဝိုင်းဖွဲ့ကာ ဒါရိုက်တာ ချိုတူးဇော်ရဲ့ လွမ်းစိမ့် ရုပ်ရှင်ဇာတ်ကားကို ကြည့်ရင်း ထိုဇာတ်ကားမှာ ပါဝင်သည့် ခေတ်အခြေအနေကို၊ ကြည့်ရင်း ရှင်းပြရသည်။ သူတို့က အရင်တုန်းက ကြိုးကုန်းရှိ စက်မှုတက္ကသိုလ်ကို မသိ။ လှိုင်နယ်မြေကို မသိ။ ပြောရင်းပြောရင်း ၈၈ ကို သတိရလာသည်။ မြင်ယောင်လာသည်။ ထိုသို့ မြင်ယောင်ရင်းက အတိတ်က အဖြစ်တချို့ကို ပြန်ပြောင်းသတိရရာက " သမီးတို့က အမေ့ကို ကြောက်တယ်ထင်လို့ ပြောရအုန်းမယ်၊  အမေ့ဘဝမှာ သေရမှာ မကြောက်၊ သေမှာကို စိုးရိမ်ပီး အဖေအမေကို သတိရတာမျိုးမဖြစ်ပဲ သေချင်သေပလေ့စေ ထွက်မပြေးဘူး ဆိုပီး နေခဲ့တဲ့ အချိန်တစ်ချိန် ရှိခဲ့ဘူးတယ်"။ ကျမစကားစသည်နှင့် သမီးများက ပြောပြပါဟု ပူဆာလေသည်။

ကျမက အကြောင်းအရာတခုခုကို ပြောလျှင် လိုရင်းကို ဒါကတော့ ဒါပဲဟု ပြောခဲသည်။ ထိုအကြောင်းအရာ ဖြစ်လာသည့် နောက်ခံသမိုင်းကြောင်း၊ ထိုအချိန်က လူတွေ နောက် အဲဒီကာလက ခေတ်စနစ်အခြေအနေ စသဖြင့် စီကာပတ်ကုံး ပြောလေ့ရှိရာ ကလေးတွေက မျက်လုံးတွေ အရောက်တောက်ပီး နားထောင်ဖို့ ရှေ့တိုးလာတဲ့အတွက် ကျမသေရမှာ မကြောက်ခဲ့တဲ့ နေ့တစ်နေ့ အကြောင်း ပြောပြဖြစ်လေတော့သည်။

            ကျမသည် တက္ကသိုလ်ကို (၆)နှစ်နီးပါး တက်ခဲ့ရသည်။ ဒါကြောင့်လည်း ၈၈ ကျောင်းသားအရေးတော်ပုံကို ကိုယ်တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။ ကျမသူငယ်ချင်းအချို့က ဘွဲ့ရ၍ အလုပ်သမားတွေ ဝန်ထမ်းတွေ ဖြစ်နေပေမယ့် ကျမက ကျောင်းသားဘဝဖြင့် ကြုံခဲ့ရပေသည်။ ဒုတိယနှစ်အောင်တော့ ဂုဏ်ထူးတန်းတက်ခွင့်ရသည်။ ဂုဏ်ထူးတန်းက တစ်နှစ်ပိုတက်ရမည်။ မတက်ချင်၍ ရိုးရိုးတန်းပြောင်းတက်က (၄) နှစ်ဖြင့် ကျောင်းပီးမည်။ အဖေအမေ ကျေးဇူးဖြင့် ဆက်တက်ပါ ဆိုသဖြင့် တက်ခဲ့ရသည်။  နောက်ဆုံးနှစ် ဂုဏ်ထူးတန်းဖြေကာနီး ငွေစက္ကူတွေ တရားမဝင်ကြေညာအပြီး ကျောင်းများပိတ်လိုက်ကြောင်း စာမေးပွဲဖြေဆိုမည့် အချိန်ကို ထပ်မံကြေညာမည့် အကြောင်း ရေဒီယိုက ကြေညာလေသည်။

ထိုအချိန် ကာလသည် ကျမတို့ ကျောင်းသားကျောင်းသူတွေရဲ့ မတည်ငြိမ်ဆုံး အချိန်ဖြစ်သည်။ စာမေးပွဲကို တက်သုတ်ရိုက်ဖြေကာ ကျောင်းပီးခဲ့လေသည်။ မကြာမီ ကျောင်းပြန်ဖွင့်ပီး စက်မှုတက္ကသိုလ်အရေးအခင်းဖြစ်ရာ ကိုဖုန်းမော်ကျဆုံးလေသည်။ အစိုးရက ဆူပူသူများကို လက်နက်ဖြင့် နှိမ်နင်းပီးဖြစ်၍ အေးချမ်းလာသယောင်ဖြင့် ကျောင်းတွေ ပြန်ဖွင့်သည်။ တကယ်တော့ ကျောင်းသားတွေရင်မှာ ကြိမ်မီးအုံသလို ဖြစ်နေလေပြီ။ ထိုအချိန်ကာလ မှာပင် ပညာရေးသံယောဇဉ် အမျှင်တန်းကာ ကွာလီဖိုင်းဝင်ပြန်ရာ မဟာသိပ္ပံဆက်တက်ဖို့ ဖြစ်လာရပြန်သည်။ ထိုအချိန်ကား ၁၉၈၈ခုနှစ် ဇွန်လမှာပင်။ ကျောင်းစတက်သည့် နေ့ကတည်းက ကျောင်းသားများ အားလုံး အစိုးရကို မကျေနပ်သည့် အကြောင်းနှင့် ဒီနေဝင်းအစိုးရသည် ခေတ်အဆက်ဆက် ကျောင်းသားများကို ရန်သူသဖွယ် သတ်ဖြတ်သည့် အကြောင်းများကိုသာ ပြောဖြစ်ကြသည်။ စက်မှုတက္ကသိုလ်ဝင်းအတွင်း စစ်မြေပြင်လို ပစ်ခတ်သွားသည်ကို မခံချိမခံသာ ဖြစ်ကြသည်။ တီးတိုးတီးတိုး စုစု ဖြစ်ရာက စာသင်ခန်းတွေမှာ စာတွေကပ်လာတာ ဖတ်ရသည်။

နောက်ပိုင်း အတန်းထဲမှာ ကျောင်းသားမရှိတော့ သလို ဆရာများလဲ မဝင်ကြတော့။ အားလုံးသည် အဓိပတိလမ်းပေါ်မှာ ၊အပန်းဖြေရိပ်သာရှေ့က ဟောပြောပွဲတွေ ရောက်ကုန်သည်။ ထိုစဉ်က ကျောင်းသားတော်တော်များများက မျက်နှာတွင် ပုဝါစည်း၍ တက်ဟောကြသည်။ ကျမမှတ်မိသည်က မောင်မောင်ကျော် ဆိုသည့် ကျောင်းသားနာမည်ပင်။ အိမ်ပြန်ရောက်လျှင် နောက်နေ့ ကျောင်းမလွှတ်မှာစိုး၍ တလုံးတပါဒမှ ပြန်မပြောဘဲနေလိုက်သည်။ ကျောင်းမှာစာမသင်ပဲ ခပ်တည်တည်ဖြင့် ကျောင်းတက်သည်ဆိုကာ နေ့တိုင်းသွားလေသည်။ သူငယ်ချင်းကလဲ ခပ်တည်တည်ဖြင့် လာလာခေါ်သည်။ ကြာလာတော့ သတင်းတွေက ထွက်လာ ပြန့်လာပီး အမေ့ကျောင်းတွင်လည်း ပညာရေးဌာနက အခြေခံပညာ ကျောင်းတွေကို သတိရှိရှိနေကြဖို့ စာတွေထုတ်ရာ သိသွားလေတော့သည်။

ထိုနေ့က နောက်ဆုံးနေ့ဟု ပြောရမည်ထင်သည်။ ကျောင်းမှာ ဟောပြောပွဲအပြီး ကျောင်းအပြင်ထွက်ပီး ချီတက်လိုသူနှင့် ကျောင်းထဲတွင်ပင် ယခုလို ဟောပြောနေသူများ အချီအချဖြစ်ကြသည်။ တရားပွဲ ခေတ္တနားထားရာ အပြင်ထွက်မည်၊ လှည်းတန်းဘက်သွားမည့်သူများက ခေါ်ကြရာ ကျမတို့က ကျောင်းထဲတွင် နေတာ ကိုယ့်အိမ်ကိုယ်နေသလို လုံခြုံတယ်၊ အပြင်ထွက်ရင် သူတို့လက်ခုပ်ထဲကရေ လုပ်ချင်တာလုပ်တာ ခံရမယ်ဆိုကာ ဘယ်အဖွဲ့နှင့်မှ မလိုက်ပဲ သိပ္ပံဆောင်ပေါ်ကနေ အားလုံးကို အကဲခပ်နေကြသည်။ အဲဒီအချိန်မှာပဲ ကျမနှင့်အတူသွားအတူလာသည့် သူငယ်ချင်းကို တစ်ယောက်က နာမည်ခေါ်ရင်းက နင့်အိမ်က ကားရောက်နေတယ်၊ နင်တို့ကို လိုက်ရှာနေတယ်ပြောရာ ကျမတို့က မပြန်ချင်သေးတဲ့ အတွက် အီကိုဘက်ကို သွားပုန်းမယ်ဆိုကာ အောက်ထပ်ပြန်အဆင်း လိုက်ရှာနေသည့် သူငယ်ချင်းအကိုနှင့် တွေ့ရာ အိမ်ပြန်ပါသွားရတော့သည်။

ညကျတော့ ကျောင်းများပိတ်လိုက်သည့် သတင်းကို ရေဒီယိုက ကြားရလေသည်။ ထိုစဉ်က အင်းဝဆောင်နှင့် စစ်ကိုင်းဆောင် တလျှောက်ဖမ်းဆီးတာတွေကို အချုပ်ကားပေါ်ပစ်တင်ခံခဲ့ရသည့် သူငယ်ချင်းပြောပြလို့ သိခဲ့ရသည်။ ကျောင်းပတ်ဝန်းကျင် အင်းယားကန်တလျှောက် ပြေးကြ ပုန်းကြတာတွေ သိနေကြားနေရသည်။ တက္ကသိုလ်တွေ ပိတ်သော်လည်း အခြေခံပညာကျောင်းတွေက မပိတ်သေး။ ဒီလိုပဲ ပီးသွားမှာ မဟုတ်ဘူးဆိုတာ ကျမတို့ အလိုလိုသိနေကြသည်။ ကျောင်းသားများက လုံးဝမရတော့ ။ တခုခုလုပ်ကြအုန်းမည်သာ။ ဘယ်အချိန်မှာ ဘာလုပ်မည်ကိုလဲ စာတွေထွက်လာ၊ စာတွေ ကပ်လာကြသည်။ ကျောင်းသားအချို့ ပုန်းလျှိုးကွယ်လျှိုး နေနေကြသည်ကို သိနေကြသည်။ ကျမနှင့် အထက်အောက် မောင်ငယ်ပင် ကျောင်းသားအရေးမပီးသေး လုပ်စရာရှိ၍ ထွက်သွားသည်ဆိုကာ ဘယ်ဆီရောက်နေမှန်းပင် မသိသည့်အတွက် တခုခုဖြစ်လာမည်ကို သိနေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျမတို့လမ်းထိပ်က အုတ်ခုံမှာ စာကပ်သည်ဆို၍ သွားဖတ်ရာ အောက်မှာ မင်းကိုနိုင်ဟု ရေးထားသည်။ အဲဒီနောက် စစ်ကိုနိုင်ဆိုသော နာမည်နှင့်လည်း စာတွေ ရေးတာ ဖတ်ရပြန်သည်။

အမေ့ကျောင်းက သင်္ဃန်းကျွန်းမြို့နယ်ထဲက မိကျောင်းကန်အပိုင်း(၂) မှာရှိရာ ထိုရပ်ကွက် မှာလည်း မင်းကိုနိုင် အမည်ဖြင့် ရေးထားသည့် လှုံ့ဆော်စာတွေ ကပ်တာတွေ့ပြန်ရာ အမေက မင်းကိုနိုင်ကို သူ့သားလို့ထင်နေသည်။ မင်းကိုနိုင်က ငါ့သားလေးလား မသိဘူး။ သုဝဏက တို့ရပ်ကွက်မှာလည်း စာတွေ လာကပ်တယ်၊ အမေ့ကျောင်းနားမှာလဲ ဒီလိုစာတွေပဲ လာကပ်တာ၊ အဲဒါ ငါ့သားက သူမသေသေးဘူး အလုပ်တွေ လုပ်နေတယ်ဆိုတာ အမေသိအောင် လာလာကပ်တာ ဖြစ်မယ်ဆိုကာ သူ့အတွေးနှင့်သူ ပြောနေတတ်သည်။ ၈ရက် ၈လ ၈၈ နေ့အရောက်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသားများအပါအဝင် လူထုအုံကြွမှုကြီး စတင်လေသည်။

နောက်တရက်ကစပီး တစ်နိုင်ငံလုံးရှိ ကျောင်းများ အားလုံးပိတ်လိုက်လေတော့သည်။ အစိုးရဌာနများ ရုံးများလည်း တဖြည်းဖြည်းပိတ်လိုက်လေပြီ။ သယ်ယူပို့ဆောင်မှုလည်းမရှိ ရပ်တန့်ကုန်လေပြီ။ အမေကတော့ အိပ်ယာထဲလဲလေသည်။ ကျောင်းသားသမဂတွေ ဖွဲ့အပြီး ကျောင်းသားများ အလုပ်သမားများ ချီတက်ဆန္ဒပြ ကြရာ ဇွန်လကတည်းက တိမ်းရှောင်သွားသည့် ကျမအောက် မောင်ငယ် ဖြစ်သူက အရိပ်အယောင်ပင် မတွေ့ရ သတင်းလဲ မကြားရတော့၍ ဖြစ်လေသည်။ ကျမရဲ့ သူငယ်ချင်းက ကျမကို သတင်းပေးသည်။ ကျောင်းသားသမဂ ဖွဲ့လိုက်ပြီ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သူငယ်ချင်းတွေ ရှိနေကြဘီ။ သွားရအောင်ဆိုကာ လာခေါ်လေသည်။ ကျမသည် အမေ အိပ်ယာထဲလဲရသည်မှာ စိတ်ကြောင့်ဆိုတာကို သိသည်။

ဒါပေမယ့် အိမ်အလုပ်တွေ ဝိုင်းလုပ်နေရတဲ့ အတွက် ဘယ်လိုပြောပြီး အိမ်က ထွက်ရမည် မသိ ဖြစ်ရာက အကြံရလေသည်။ ထိုအကြံအတိုင်း အမေ့ကို ပြောရာ ထင်သည့် အတိုင်း သွားခွင့်ရလေသည်။ အိမ်မှာနေရင် အမေ့သား သတင်း ဘာမှ သိရမှာ ကြားရမှာ မဟုတ်။ ကျောင်းနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းမှာ စုံစမ်းမှ သိရမှာ၊ အခု ဆေးရုံကြီးမှာ ရုံးထိုင်ပီး ကျောင်းသားသမဂက လှုပ်ရှားနေတာ။ အဲဒီမှာ သွားပီး သူငယ်ချင်းတွေကို စုံစမ်း ပြောပြမှ သတင်းရမှာ စသဖြင့် ပြောပြရသည်။

အဖေကလည်း မီးဖိုချောင် သူဝင်မည်၊ အလုပ်လဲ မသွားရတော့ ဘာမှမပူနဲ့ ပြောလေရာ သူငယ်ချင်းနှင့် ကျမတို့ နေ့တိုင်း ချီတက်ကြလေသည်။ သွားရသည့် ခရီးက နီးနီးတော့မဟုတ်။ ကျမတို့ နေထိုင်ရာ သုဝဏ ကနေ ဆေးရုံကြီးအရောက် လမ်းလျှောက်ရလေသည်။  သုဝဏ နှံပွားလမ်းမကြီးကနေ စက်ဆန်းလမ်းအတိုင်း ( တလောက ပေါက်ကွဲမှုဖြစ်သည့် ဂိုဒေါင်တွေ ရှိရာ လမ်းမ) ဆက်လျှောက် အဲဒီကနေ ပုစွန်တောင်၊ ပုစွန်တောင်ဈေးကျော်တော့ ပန်းခြံကလေးကြ ညာဘက်ကွေ့ရင် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း လျှောက်သွားပါမှ ရန်ကုန်ဆေးရုံကြီးသို့ ရောက်လေတော့သည်။

ဆေးရုံကြီးရောက်တော့ သမဂ ပြန်ကြားရေးမှာ အလုပ်များနေသော သူငယ်ချင်းက ကျမတို့ကို တွေ့တာနဲ့ ထွက်လာပြီး  နင်တို့ ဗကသ ဝင်မှာမလားဆိုကာ စာရွက် နှစ်ရွက် လာပေးပီး ဖြည့်ခိုင်းလေသည်။ စာရွက်တွေကို သူ့လက်ထဲ တဲ့ပေးအပြီး ကဒ်ပြားရရင် ငါယူထားပေးမယ်။ အခု ကျောင်းသားတွေ မြို့ထဲလှည့်မယ်၊ နင်တို့သွားကြတော့ ဆိုရာ ကျမတို့နှစ်ယောက် ဗကသ အလံအောက်မှ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း စနစ်တကျ ချီတက်ခဲ့ကြလေသည်။ နေ့စဉ် ဆေးရုံကြီးအရောက် လမ်းလျှောက်ပြီး စုရပ်မှနေ၍ ချီတက်ခဲ့ရသည်။

 ပြန်ကြားရေးက သူငယ်ချင်းကိုလဲ ကျမရဲ့ မောင်လေးအကြောင်းပြောပြပြီး တွေ့ရင်ဖြစ်ဖြစ်၊ ဆက်သွယ်လာရင် ဖြစ်ဖြစ် ပြောပါဆိုပီး အကျိုးအကြောင်းပြောပြထားရသည်။ ထိုသူငယ်ချင်းသည် ကျမရဲ့မောင်လေး သတင်းကို ရဖို့နေနေသာသာ စစ်တပ်အာဏာသိမ်းတော့ တိမ်းရှောင်ပြေးရင်း အပြေးလွန်ကာ အမေရိကား အထိရောက်သွားလေတော့သည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ အဆက်အသွယ်ပြတ်တောက် သွားရာ ဖေ့စ်ဘွတ်ကောင်းမှုဖြင့် လွန်ခဲ့သော လပိုင်းလေးကမှ  အဆက်အသွယ်ပြန်ရလေတော့သည်။ သူကပင် ကျမ မောင်လေး အကြောင်းပြန်မေးနေသေးရာ အေဘီ မြောက်ပိုင်းပြန် မောင်ငယ် အကြောင်း ပြန်ပြောင်း ပြောရပြန်သည်။

Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:"Zawgyi-One","sans-serif"; mso-fareast-language:EN-US;} Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:"Zawgyi-One","sans-serif"; mso-fareast-language:EN-US;}
ြ

အိမ်ကနေ မိုးလင်းတာနဲ့ထွက် မိုးချုပ်မှ ပြန်ရောက်၊  အမေက ပြန်ရောက်တိုင်း မေးနဲ့ ရက်တွေကကြာလာခဲ့သည်။ တရက်မှာတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့လွန်ကျောင်းသားများ သမဂ ဖွဲ့အပြီး ကျမတို့ကို ဘွဲ့လွန်ကျောင်းသားများသမဂအလံ အောက်ကနေ ချီတက်ဖို့ ပြောလာသည်။ အဲဒီမှာ လူနည်းနေသည့်အတွက် အင်အားဖြည့်ပီး ချီတက်ရလေသည်။ မှတ်မှတ်ရရ စက်တင်္ဘာ ၁၆ရက် ၊ အဲဒီနေ့မှာ ထုံးစံအတိုင်း ဆေးရုံကြီးစုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း၊ အဲဒီကမှ ဆူးလေကို ချိုးကွေ့၊ ဆူးလေဘုရားလမ်းအတိုင်း တည့်တည့်ဆင်းပီး မဟာဗန္ဖုလလမ်း ထိုမှတဆင့် ကုန်သည်လမ်းအတိုင်း  ကြွေးကြော် ချီတက်ခဲ့ကြသည်။

ရုတ်တရက် ဖန်း.. ဖန်း  ဟူသော အသံနှင့်အတူ  အရှေ့မှ စစ်ကြောင်းကရပ်သွာ့းပီး ဘာဖြစ်သည်မသိ ကျမတို့စစ်ကြောင်းအပါအဝင် ချီတက်လာကြသည့် အလုပ်သမား ဝန်ထမ်း အရပ်သူအရပ်သားတို့၏ စစ်ကြောင်းများ ရပ်တန့်ကုန်လေသည်။ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားရုံကလွဲပီး ကစဥ့်ကလျား မဖြစ်ကြပေ။ စစ်ကြောင်းများသည် အင်မတန် စည်းကမ်းရှိလှသည်။ ကျမတို့ကို ပစ်နေဘီ ပစ်နေဘီ လာကြ လာကြ ဆိုကာ ထိုအနီးအနား ရပ်ကွက် လမ်းရှိလူများက ခေါ်ကြလေသည်။ စောစောက ဖန်း ဖန်း ဟူသည် သေနတ်သံပင်။

 စာအုပ်တွေထဲမှာ ဇာတ်လမ်းပမာ တွေမှာ ဖတ်ရ ကြားရသည်က သေနတ်သံသည် ဒိုင်း .. ဒိုင်း မည်လေရာ ဖန်း.. ဖန်း  ကို သေနတ်သံ အဖြစ် ပထမဆုံး ကြားဖူးလေတော့သည်။ စစ်ကြောင်းကို မပျက်စေရန် အားလုံးစည်းကမ်းတကျ နှစ်ယောက်တစ်တွဲ လက်ချင်း တင်းတင်းဆုပ်ကိုင်ထားရင်း ပစ်သည်ဆိုသော ကုန်သွယ်ရေးရုံးနောက် နားရောက်လာသည်။ ပစ်လိုက်သည့် ပြတင်းဝသည် ကျမတို့ရပ်နေသည့် နေရာနှင့်တည့်တည့်၊ သေနတ်မှန်သွားသည့် ကျမတို့ ညာဘက်က အဆောက်အအုံ နံရံကို လူတွေက ဝိုင်းကြည့်ရင်းက တစုံတယောက်က ဆေးဖြင့် ဝိုင်းထားလိုက်သည်။ လမ်းထဲက လူများက မိန်းကလေးတွေ ရပ်မနေပါနဲ့ အန်တီတို့အိမ်လာပါ၊ ဦးလေးကြီးတွေကလဲ ကလေးတို့ လာကြလာကြ ဆက်ပစ်နေမယ် ဆိုတာကို တယောက်မှ ထွက်ခွာ မသွားကြပါ။

အားလုံးစည်းကမ်းသေဝပ်စွာဖြင့် နိုင်ငံတော်သီချင်းကို ဆိုကြလေသည်။ ကမ္ဘာမကျေ.......... ဆိုသောအသံက ဟိန်းထွက်လာလေသည်။ တအောင့်နေတော့ ဗိုလ်ချုပ်ပေးသော စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး ဆိုသော ကြွေးကြော်သံများ အော်ကြပြန်သည်။ ဆေးရုံကြီး သပိတ်စခန်းမှ ကျောင်းသားများ သတင်းကြား၍ အင်အားဖြည့်ရန်ရောက်လာလေသည်။ ယောင်္ကျားလေး တွေများရာ သူတို့က မိန်းကလေးတွေကို ကာပေးကြ အော်ရင်း မိန်းကလေးရှိသည့် အတန်းတွေကို ဝင်ရောက်ပီး နေရာယူကြလေသည်။ ကျမဘေးသို့ ကောင်လေးတယောက် ရောက်လာပီး အမ မကြောက်နဲ့ဟု ပြောလေသည်။ ကျမအပါအဝင် မိန်းကလေးများသည် တို့လဲ သတ္တိရှိတယ်၊ ဒီနေရာမှာ မိန်းကလေး ယောင်္ကျားလေး မခွဲနဲ့ဟု ပြောကြရာ သူတို့အားလုံး ချက်ချင်း လက်ခြင်းယှက်လျှက် ကုန်သွယ်ရေးရုံးဘက် မျက်နှာလှည့်ကာ စစ်ကြောင်းတစ်ခုလုံးကို တံတိုင်းသဖွယ် ကာလျက်က်ရပ်နေကြတော့သည်။

ကုန်သွယ်ရေးရုံး အပေါ်ထပ်ဆီသို့ ကျောင်းသား အတော်များများနှင့် ရဟန်းသံဃာများ အပြေးအလွှား သွားကြတာကို တွေ့နေရသည်။ သေနတ်သံကတော့ မကြားရတော့၊ ထိုအချိန် အခိုက်အတန့်လေးတွင် ကျမတို့ ရပ်နေသည်မှာ နာရီဝက်နီးပါးရှိလေသည်။ သေနတ်ဖြင့်ပစ်လျှင် သေရမည်ကို သိပါသည်။  ထိုအချိန်တွင် သေရမည်ကို မကြောက်ပါ။ အိပ်ယာထဲ လဲနေသော အမေကိုလဲ သတိမရတော့ပါ။ သားသမီးတွေ လုပ်ချင်တာ လုပ်ခွင့်ပေးပီး မီးဖိုချောင်တွင် ချက်ပြုတ်နေသော အဖေကိုလဲ သတိမရတော့ပါ။

လက်ထဲမှာ အပ်တိုတချောင်းတောင် ကိုင်မထားသော ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မည်သူ့ကိုမှ ရန်မပြုသော ကျောင်းသားတွေ ပြည်သူတွေကို သေနတ်ဖြင့် အသေပစ်ချင်သော သူတွေကို မတရားသည်ကိုသိအောင် တွင်တွင်သာ အော်နေမိလေသည်။  ကုန်သွယ်ရေးရုံးပေါ်တွင် ဘာတွေ ဘယ်လိုဖြစ်နေသည်မသိ၊ ကျမတို့ သမဂ္ဂ စစ်ကြောင်းကို ဆေးရုံကြီးသပိတ်စခန်းသို့ ပြန်ဝင်လာကြဖို့ ပြောလာသည့်အတွက် ရွှေတိဂုံဘုရားလမ်းအတိုင်း ပြန်တက်ရင်း စခန်းဆီ ပြန်ရောက်ခဲ့ကြလေသည်။

            ထိုနေ့က အဖြစ်သည် အင်မတန်ကြီးကျယ်သည့် အဖြစ်တခု ဖြစ်သွားသည်ကို နောင်မှသိရလေသည်။ ညဘက် သတင်းများတွင် ကုန်သွယ်ရေးရုံးအပေါ်ထပ်မှ ဗိုလ်ကြီးတစ်ယောက်အပါအဝင် ရဲဘော်အချို့နှင့် လက်နက်များကို ရဟန်းသံဃာများနှင့် ကျောင်းသားများက ကျိုက္ကဆံကွင်းရှိ ရန်ကုန်တိုင်းသပိတ်ကြီးကြပ်ရေးရုံးဟု ထင်သည်၊ ထိုရုံးသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ ကျမဖေဖေက ဒီကိစ္စကို ပြဿနာလုပ်လာနိုင်တယ် ဟု တွေးတွေးဆဆ ပြောလေသည်။ နောက်ရက် စက်တင်္ဘာ ၁၇ ရက်နေ့တွင် ကျမတို့ သူငယ်ချင်းနှစ်ယောက် သပိတ်စခန်းဆီ သွားဖို့ပြင်ရာ ကျမအဖေက အခြေအနေသွားကြည့်မယ်။ ခနစောင့်ဆိုကာ သုဝဏ လမ်းဆုံမှသည် စက်ဆန်းမရောက်ခင် ငံပြာရည်စက်ရုံနားကတည်းက ဂိုဒေါင်တွေ ဖောက်ပီး အရောင်းအဝယ်လုပ်ကြ ပစ္စည်းတွေ သယ်ကြကာ လမ်းတွေပိတ်ဆို့ နေသည့်အကြောင်းနှင့် မေတ္တာမွန်ဂိုဒေါင်က ဖောက်လာသည့် ပစ္စည်းတွေ ဒီဘက်ထိ သယ်လာနေကြတာ တွေ့နေရကြောင်း၊ မေတ္တာမွန်ဆိုတာက မဆလက လူကြီးတွေကိုသာ ပါမစ်နဲ့ ထုတ်ပေးတဲ့ ပစ္စည်းအကောင်းစားတွေ ထားရာနေရာပါ။

လမ်းမှာ သွားဖို့ မကောင်းတဲ့အတွက် ဒီနေ့ မသွားဖို့ တားလေရာ ကျမတို့လဲ နားကြရလေတော့သည်။ စစ်တပ်က အာဏာသိမ်းသည့် နေ့ရက် စက်တင်္ဘာ ၁၈ ရက်တွင် ကျမတို့သည် ပီးခဲ့တဲ့ရက်က အခြေအနေကိုလဲ သိချင်လှပီ ဖြစ်၍ သွားနေကြလမ်းက မသွားတော့ပဲ သုဝဏလမ်းဆုံရောက်တော့ သုဝဏအားကစားကွင်းကြီးရှိသည့် သင်္ဃန်းကျွန်းမှ ကွေ့ပတ်၍ ရန်ကုန်ဆေးရုံကြီးရောက်အောင် သွားခဲ့ကြသည်။ ကုန်န်သွယ်ရေးရုံးမှ လက်နက်များ စစ်သားများကို သိမ်းဆည်းခေါ်ဆောင်သွားသည့် ကိစ္စဖြင့် ကျောင်းသားခေါင်းဆောင်များ လူထုခေါင်းဆောင်များ အလုပ်များနေကြသည်ကို သိရလေသည်။

ကျမတို့လဲ ဖြစ်လာနိုင်သည့် အခြေအနေကို ပြောဆိုသုံးသပ်ကြရင်း သပိတ်စခန်းတွင် ကူညီလုပ်ကိုင်ကာ ဆွေးနွေးပြောဆိုရင်း အချိန်ကုန်လေသည်။ နေ့လည်လောက်တွင် ပြန်ကြမယ်ဆိုကာ လမ်းကြောင်းပြောင်း၍ သိမ်ဖြူကုန်း အဲဒီကတဆင့် ကျောက်မြောင်း မေတ္တာညွန့်က ရပ်ကွက်တွေ ကန်စွန်းခင်းတွေကို ဖြတ်ပီး သုဝဏအားကစားကွင်းဘက်ဆီက တဆင့် ပြန်ခဲ့ကြလေသည်။ တလမ်းလုံးမှာ ကြားနေရသည်က ကျောင်းသားတွေ လက်ထဲ လက်နက်တွေ ရောက်နေတဲ့အတွက် စစ်တပ်က ပြဿနာ ရှာလာနိုင်တယ်။ အခြေအနေမကောင်းကြောင်းနဲ့ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတာတွေ ပြောတာဆိုတာ ကြားခဲ့ရ လေသည်။

သူငယ်ချင်းနဲ့ လမ်းခွဲပီး အိမ်ရောက် ရေမိုးချိုးကာ အမေနဲ့ စကားစမည် ပြောကာစပင်ရှိသည်။ ကျမ အဖေက ရေဒီယိုနားထောင်ရင်းက " ထူးခြားတယ်ဟေ့..  စစ်သီချင်းတွေပဲ ဆက်တိုက်လွှင့်နေတယ်၊ ကြားမှာ အနောင်စာ အသံလဲ မဝင်ဘူး" ဆိုတော့ ဝိုင်းနားထောင်ကြလေသည်။ မကြခင်မှာပင် စစ်တပ်က တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအတွက် ထိန်းသိမ်းလိုက်ကြောင်းနှင့် ညမထွက်ရ အမိန့်များ နောက် မမှတ်မိတော့သော အမိန့်ကြေငြာချက်များ ဆက်တိုက်လိုလို ကြေငြာလေတော့သည်။

မိဘတွေ ကျောင်းသားတွေ အားလုံး စိုးရိမ်ကြရလေပြီ။ ကျမသည် ရန်ကုန်ဆေးရုံကြီးတွင် အခြေပြုထားသော ကျောင်းသားသမဂမှ သပိတ်စခန်းရှိ သူငယ်ချင်းများ ၊ မကြာသေးသော ရက်ကမှ အစာငတ်ခံ ဆန္ဒပြနေကြသော မြို့တော်ခန်းမရှေ့ရှိ ကျောင်းသားများ၊ စသည်တို့ကို တွေးပူမိလေတော့သည်။ စစ်တပ်အာဏာသိမ်းပီး နောက်တစ်ရက်တွင် ပစ်ခတ်မှုများ သေကြေမှုများ ထွက်ပြေးတိမ်ရှောင်သွားသည်များ စသည်တို့ကို ကြားနေရပေသည်။ အင်မတန် စိတ်ထိခိုက် နာကျင်ခဲ့ရသော နေ့ရက်များစွာပင် ဖြစ်လေသည်။

Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:"Zawgyi-One","sans-serif"; mso-fareast-language:EN-US;}
ယယယ
 

နောင်နှစ်တွေ ကြာလာသောအခါ ကုန်သွယ်ရေးရုံးပေါ်က လက်နက်တွေကို  ပြည်သူတွေက သိမ်းဆည်းသည့်အချက် အပါအဝင် အစိုးရဂိုဒေါင်တွေ  ဖောက်ထွင်း လုယက်မှုကြောင့်ဟု စစ်တပ်က အာဏာသိမ်းရပါသည်ဟု ဆိုလာရာ၊  တွေးစရာတွေက အများသားပင်။ ဤကုန်သွယ်ရေးရုံးပေါ်တွင် လက်နက်အများအပြား အဘယ့်ကြောင့် အဆင်သင့် ရှိနေရသနည်း၊ ပုံမှာ ပြထဲ့သည့် လက်နက်တွေက မနည်းမနောပင်။ ဒီတပ်စိတ်ကလေးရဲ့ လုံခြုံရေးဆိုပါက လက်နက်တွေက များပြားလွန်းလှပေသည်။ သူတို့တွင် အစီအစဉ်က ရှိပီးသား၊ ဒါ့ကြောင့် အကြောင်းပြချက် ကောင်းကောင်း ရသွားတာဖြစ်နိုင်သည်။ သေနတ်ဖြင့် ချီတက်လာသည့် လူထုအတွင်း ပစ်လိုက်သည်ကလည်း သွေးရိုးသားရိုးမှ ဟုတ်ပါစဟု နှစ်ပေါင်းများစွာ ကြာမှ တွေးမိလေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ပေါင်းမည်မျှပင် ကြာပါစေ သမိုင်းအဖြစ်မှန်တွေကတော့ ဖုံးကွယ်၍ မရနိုင်ပေ။ သမိုင်းဆိုသည်မှာ ဖျောက်ဖျက်၍ ရနိုင်သောအရာ မဟုတ်ပါ။

ထိုသို့သော သမိုင်းကြောင်းမှာ ကိုယ်ကိုယ်တိုင် စီးဝင်ရင်း သေမှာမကြောက်ခဲ့သော နေ့ရက်တစ်ရက် အကြောင်း၊ ထိုနေ့ရက်ကို မှတ်မှတ်ရရပင် သမီးများအား ပြောပြသလို ထိုခေတ် အခြေအနေကို ဖြတ်သန်းခဲ့ကြသည့် လူအများကလည်း သူတို့ရဲ့ သေမှာမကြောက်သောနေ့ရက်များ၊ သေတွင်းခံတွင်းဝက လွတ်မြောက်ခဲ့သည်များ ၊ မိမိရှေ့မှာတင် သေမှာမကြောက်ပဲ စွန့်ခဲ့ကြသူများ အကြောင်းတွေကို သားစဉ်မြေးဆက် ပြောနေကြမှာတော့ ဧကန်မလွဲပင်။

Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:"Zawgyi-One","sans-serif"; mso-fareast-language:EN-US;}

ခိုင်ခိုင်စောလွင်