Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

hl

သက်ပြင်းချမိမလိုဖြစ်သွားတဲ့အခိုက် မချမိအောင် တ၀က်တပျက်မှာ ထိန်းလိုက်ပြီးမှ

အို..ဘာလို့ ထိန်းချုပ်ရမှာလဲလို့ တဆက်တည်းလိုလိုတွေးမိရင်း သက်ပြင်းကို မျှင်းပြီး

ချမိတယ်။ သက်ပြင်းလေညစ်တွေကုန်စင်သွားတဲ့အထိ သေချာစောင့်ကြည့်ပြီးမှ ၀င်သက်

ကို အလောတော်အနေထားမျိုးဖြစ်အောင် အထူးကြပ်မတ်ပြီး ပြန်ရှူသွင်းတယ်။

 

“ငါ ဘာဖြစ်နေတာလဲ..

 

အလိုမပြည့်ခြင်း၊ တစ်စုံတရာကို စိုးရိမ်ပူပန်နေရခြင်း၊ တခုခု ဆုံးရှုံးတော့မှာကို သိနေရ

လို့ တုံလှုပ်ခြင်း အဲဒီတုံလှုပ်စိတ်ကို မဟုတ်ဘူးလို့ ငြင်းကွယ်လိုတဲ့ဆန္ဒအရ ပြန်တွန်း

လှန်နေရခြင်း။ အဲဒီခံစားချက်အမျိုးမျိုးအဖုံဖုံဟာ ရောင်စုံအငွေ့လုံးတလုံးလို ဆူပွက်၊

လုံးထွေး၊ ရစ်ဝန်း လို့နေတယ်။

 

အဲဒီနောက်မှာတော့ အသက်ရှူသွင်း ရှူထုတ်ကိစ္စကို လေးလေးနဲ့မှန်မှန်ဖြစ်အောင် ချိန်ဆ

ပြီး အလုပ်တခုလုပ်သလို အချိန်ကြာကြာလေး လုပ်မိတယ်။ တဒိတ်ဒိတ်တိုးနေတဲ့ နားထင်

တစ်ဝိုက်က သွေးခုန်နှုန်းတွေ လျော့ကျလာတဲ့အခါမှာတော့ စိတ်ဟာ အထိုက်အလျောက်

တည်ကြည်မှုရလာပါပြီ။ တတ်နိုင်သမျှ ဘာမှ မတွေးမိအောင် စိတ်ကို ထိန်းကျောင်းရင်း

အာရုံတွေကို တခုခုအပေါ် တင်ဖို့ကြိုးစားတဲ့အခါ စာရေးတာ အကောင်းဆုံးပဲဖြစ်မယ်လို့

အကြံကောင်းတခု လက်ကနဲရသလို ရလိုက်တယ်။ ဟုတ်တယ် စာရေးမယ်..

 

ဆုံးရှုံးမှု ဆိုတာ လူ့ဘ၀မှာ မပါမဖြစ်တဲ့ ဟင်းလျာမီနူးတစ်ခုပဲ။ ဒါမှ မဟုတ် ဟင်းလျာတခု

ထဲမှာပါကို ပါရတဲ့ ဟင်းခတ်ပစ္စည်းအမယ်တစ်ခုလို့ ဆိုနိုင်မယ်ထင်ပါရဲ့။ မဆုံးရှုံးဘူးတဲ့သူ

ဆိုတာ မသေအိမ်က မုန်ညင်းဆီလိုပဲ၊ မရှိဘူးလို့ ပြောပစ်လိုက်လို့ ရသလောက်ပါပဲ။ ခြွင်း

ချက်ဆိုတာ ရှိတတ်မြဲမို့ စကားကုန်မပြောမိအောင် ခုလိုပဲ ထိန်းထိန်းသိမ်းသိမ်းပြောဖြစ်တယ်။

နောက်တခွန်းထပ်ခြုံ့ပြောရရင် သူများတွေအတွက် မဟုတ်တောင် ကိုယ့်အတွက်တော့ ဒီမီနူး

ဟာ ခဏခဏ ဘ၀ထမင်းစားပွဲဝိုင်းမှာ ကြုံရလေ့ရှိတဲ့ တင်ဆက်ခံရလေ့ရှိတဲ့ ဟင်းလျာပါပဲ။

တကယ်တော့ ဒီဟင်းလျာနဲ့ကိုယ်နဲ့က တော်တော်တော့ ယဉ်ပါးနေပါပြီ။ ဒါပေမယ့် တကယ့်

ကြက်ရေးငှက်ရေးဆိုရင်တော့ ကိုယ့်သက်လုံက အားကိုးရလောက်အောင် မရင့်မာသေးတာမို့

ခုလိုပဲ ကိုယ့်စိတ်ကို ဟိုလှည့်ဒီလှည့်နဲ့ ခုခံကာကွယ်ရတော့တာပါပဲ။

 

ခုကြုံတွေ့နေရတဲ့ ဆုံးရှုံးအံ့မူးမူး အခွင့်အရေးတစ်ခုကို တကယ်တမ်း ဆန်းစစ်ကြည့်တဲ့အခါ

ကိုယ့်ဘ၀မှာ မာနကြောင့်သော်လည်းကောင်း၊ အခြားငဲ့ကွက်မှု တစ်ခုခုကြောင့်သော်လည်း

ကောင်း၊ သိသိကြီးနဲ့ တမင်တကာ စွန့်လွှတ်ခဲ့တဲ့ ဆုံးရှုံးမှု တချို့နဲ့စာရင် ပြောပလောက်တဲ့

ကိစ္စတခုတော့ မဟုတ်ပါဘူး။ တကယ်တော့ ဆုံးရှုံးတယ်လို့ ခံစားရတာဟာ အဲဒါကို ရမှဖြစ်

မယ်၊ ဒါမှမဟုတ် အဲဒါရှိမှဖြစ်မယ်လို့ ဆုပ်ကိုင်ထားမှသာ ခံစားရမယ့် စိတ်ဝေဒနာ တခုပါပဲ။

ကိုယ်ဟာ အဲ့ဒီလို ရမှ၊ ရှိမှ ဆိုတာကို ဆုပ်ကိုင်ထားရင် အားစိုက်ဆုပ်ကိုင်သလောက် တန်ပြန်

အကျိုးဆက် ပူလောင်မှုကို ခံစားရပြီး အားဖျော့လျော့ဖြေနိုင်သလောက် အေးချမ်းမှုကို ခံစား

ခဲ့ရတာ လက်တွေ့ပါပဲ။ နောက် ဖြစ်ရပ်အဆိုးတခုကို ဒီ့ထက်ပိုဆိုးတဲ့ ဖြစ်ရပ်တစ်ခုနဲ့ နှိုင်းယှဉ်

ကြည့်တဲ့အခါ ပူလောင်တဲ့ခံစားမှုဒီဂရီကို ကောင်းကောင်းကြီး လျှော့ချနိုင်တာမျိုးလဲ ကြုံဖူးပါတယ်။

 

“ကျုပ်က နောင်တတွေနဲ့ပွတ်သီးပွတ်သပ်နေချင်သူပေါ့

အိမ်မွေးကြောင်ကလေးတွေကို ချော့မြူကြသလိုမျိုးလေ..

(၁၉၉၀ ကဗျာများ မှ)

အဲဒီကဗျာစာသားလေး ရေးမိတဲ့အချိန်ကဆို ကိုယ်ဟာ အသက် ၃၀ ကျော်အရွယ၊် ဘ၀ကို

ရွာလွန်ရွက်တိုက် ထင်ရာကျဲ ပရမ်းပတာပြုခဲ့ပြီး တည်ငြိမ်မှုရဖို့ ပြန်လည်တည်ဆောက်နေ

ရချိန်ပေါ့။ မိသားစုကို ဘာမှအသိမပေးပဲ အ၀တ်တထည်ကိုယ်တခုနဲ့ ဘ၀သစ်တခုပြန်စဖို့

မြို့ရွှေမန္တလေးကို ရောက်ရှိကွန်းခိုနေချိန်ပေါ့။ တကယ်တော့ ဒါဟာလဲ ပထမ အကြိမ်တော့

မဟုတ်သေးဘူး ဒုတိယအကြိမ်မြောက် လက်ရှိဘ၀ကိုလက်မြှောက်အရှုံးပေးကာ ခြေဦးတည့်

ရာ ထွက်သွားရတဲ့အခိုက်ကာလပါပဲ။ မာနကလေးက တလူလူ၊ လုပ်ရင်လုပ်သလိုဖြစ်တဲ့ ဗီဇ

ကလေးကပါလာ။ ကံအကျိုးပေးတဲ့အခိုက် လေဟုန်မိတဲ့ လေတံခွန်လို တလွှားလွှားဖြစ်ပြီး

ကာမှ ပရမ်းပတာ အဆင်ခြင်ကင်းမဲ့စွာဘ၀ကို တေပစ်လေပစ်ချင်တဲ့ စရိုက်ဝါသနာကြောင့်

အကျနာပြီး အဲဒီလို တကိုယ်တော်ရွက်လွှင့်ခြင်း အော်ပရာ တင်ဆက်ရတော့တာပါပဲ။ ဒီ့ထက်

အောင်မြင်တိုးတက်နိုင်တဲ့ အနာဂတ်တွေ လုပ်ငန်းစီးပွားတွေတင်မက မိသားစုကိုပါ ဆုံးရှုံးပြီ

ရယ်လို့ စိတ်ဒုန်းဒုန်းချလိုက်ရတဲ့ ကာလပါပဲ။ ကဗျာအပေါ် ရူးစိတ် အတွက်တော့ အခွင့်ကောင်း

ပေါ့လေ။ ဒါကြောင့်လဲ ၁၉၉၀ ကဗျာများ အုပ်စု ရေးဖြစ်။ မန္တလေးမှာပဲ ဖယောင်းစာအုပ်အဖြစ်

ထုတ်ဝေဖြစ်၊ နောင်မှာ မောင်ပြည့်မင်းနဲ့တွဲပြီး လူနှစ်ယောက်နဲ့ကဗျာ” ဆိုပြီး ပုံနှိပ်စာအုပ်

ထုတ်ဝေဖြစ်ခဲ့တယ်။ အဆိုးတဲ့ကအကောင်း အမှိုက်ထဲက ရွှေပေါ့။

 

ဆိုတော့ ဆုံးရှုံးမှုတခုမှာ ဘေးထွက်ကောင်းကျိုးအဖြစ် အကျိုးကျေးဇူးတခုခုကိုလဲ ထုတ်ယူ

တတ်ရင်ထုတ်နှုတ်ယူနိုင်ပါကလားလို့ ဆင်ခြင်မိသွားတယ်။ ခုကိုပဲ လတ်တလောလက်ငင်း

မှာ ဆုံးရှုံးအံ့မူးမူး အခြေအနေတခ၊ု မသေချာမရေရာတဲ့ အခြေအနေတခုကို ကြံ့ကြံ့ခံတဲ့အနေ

နဲ့ စာတပုဒ်ရေးမယ် ဆိုတဲ့ဆီ အာရုံလွှဲလိုက်တာ ခုတော့ စာတပုဒ် အဖတ်တင်ဖြစ်တော့မယ်။

ဒါဟာ  ဘေးထွက်ကောင်းကျိုးပါပဲ။ ဒါဟာ အောင်မြင်မှု အသေးစားလေးတခုပါပဲ။ ကိုယ်စိတ်

နှစ်ပါး အေးချမ်းသွားတယ်။ အရှုံးကို ကျေနပ်စွာလက်ခံယူဖို့ အသင့်ဖြစ်သွားတယ်။ ဆုံးရှုံးခြင်း

ဆိုတဲ့ ဟင်းလျာမီးနူးကို ကိုယ် ကောင်းကောင်းကြီး စားသုံးတတ်သွားတယ်။ ကိုယ့်ဘ၀ရဲ့ အိုမင်း

ရင့်ရော်ချိန်တွေအတွက် ဒီဟင်းလျာမီနူးကို ဌာန်ကရိုင်းကျကျစားသုံးတတ်ခြင်းဟာ အင်မတန်

အဖိုးတန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုလဲ မလွဲမသွေ ဖြစ်ပါလိမ့်မယ်။

 

ကိုယ့်နောက်ကျောဖက် ၀ရံတာမှာ မနက် ၁၀ နာရီ နေ၀န်းဟာ သူ့တောက်ပမှုကို အစွမ်းကုန်

အရှိန်အဟုန်မြှင့်တင်နေပြီ။ ဖွင့်ထားတဲ့ပန်ကာရယ် ကိုယ် ဥာဏ်စွမ်းရှိသလောက် ကာကွယ်ထားတဲ့

အစီအမံတွေကြောင့် အခန်းကလေးထဲမှာတော့ နေသာထိုင်သာရှိလောက်အောင် အေးမြနေလေရဲ့။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေကာလ မတ်ခ်ျလ တုန်းက ဘယ်လိုပဲ ပန်ကာဖွင့်ဖွင့်၊ အစီအမံအကာအရန်တွေ

ဘယ်လိုပဲ လုပ်လုပ် နေလို့ထိုင်လို့မရအောင် အိုက်စပ်ပူလောင်ပြီး ဘယ်သွားနေရမှန်းမသိအောင်

အရူးတပိုင်းဖြစ်ခဲ့ရတဲ့ ရက်တချို့ကို တွေးမိပြီး စိတ်ထဲက ကြိတ်ပြုံးလိုက်တယ်။ ရေးလက်စ ဟောဒီ

စာသားတွေကို အစကနေ ပြန်ဖတ်တယ်။ မရေးဖြစ်လို့ မတင်ဆက်ဖြစ်တာကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့

စကားပြေအုပ်စု တောင်တောင်အီအီအတွေးများမှတ်စုကို ပြန်အမှတ်ရသွားကာ တောင်တောင်

အီအီ တပုဒ်တော့ရပြီရယ်လို့…။

 

ခင်အောင်အေး

၂၄၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၀း၅၄ နာရီ