Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

mnw

မိခင်မြေနဲ့ မိခင်မြေကချစ်ခင်ရသူတွေအကြောင်းပြန်စဉ်းစားလိုက်တိုင်းကျမရင်ကို နွေးထွေးလွမ်းဆွတ်စေသူ တွေထဲမှာ ပန်းချီမောင်ညိုဝင်းပါဝင်ပါတယ်။မြန်မာပန်းချီလောကမှာ မောင်ညိုဝင်းဆိုတဲ့နံမည်ကိုကြားရသူတိုင်း က သူ့အနုပညာကိုတန်ဖိုးထားအလေးပြုလျှက်သားဖြစ်ပါတယ်။ ကြံ့ခိုင်တဲ့မေးရိုးကြောင့်တည်ကြည်ပြီးသား မျက်နှာမှာအရာရာကိုအလေးအနက်ထားတတ်တဲ့သဘာဝကြောင့် ဦးညိုဝင်းကိုလူပုဂ္ဂိုလ်အနေနဲ့လည်းလေးစား ကြပါတယ်။ ကျမအတွက်ကတော့ အဲဒီတည်ကြည်တဲ့မျက်နှာဟာရင်းနှီးနွေးထွေးမှုကိုခံစားရစေပါတယ်။

ပန်းချီမောင်ညိုဝင်းဟာ မြန်မာနိုင်ငံမှာထင်ရှားခဲ့တဲ့ ပန်းချီဆရာကြီးဦးဘရင်ကလေးရဲ့သားပါ။ မောင်ညိုဝင်း ကိုယ်တိုင် ထင်ရှားတဲ့ပန်းချီပညာရှင်ဖြစ်လာခဲ့တာဟာ အဖေရဲ့သွေးပါသလိုကိုယ်တိုင်ရဲ့ပန်းချီအနုပညာအပေါ် လေးနက်မှုနဲ့ ထူးခြားတဲ့ဗီဇကြောင့်ဖြစ်ပါတယ်။

၁၉၆၀-၇၀ ကာလများမှာ မြန်မာနိုင်ငံကရုပ်ရှင်ရုံတွေမှာရုပ်ရှင်ဇာတ်ကားကြော်ငြာတွေကိုပန်းချီနဲ့သရုပ်ဖော် ရတဲ့ ပိုစတာပန်းချီတခေတ်ဆန်းခဲ့ပါတယ်။ ရုပ်ရှင်ရုံမျက်နှာစာအပြည့်ရေးရတဲ့ပိုစတာကြီးတွေဟာပေ ၁၀၀ ပတ်လည်လောက်ရှိကြပါတယ်။ ရုပ်ရှင်ရုံတွေဟာရန်ကုန်မြို့လည်မှာကပ်လျှက်ရှိကြသလို မနီးမဝေးလမ်းတွေ ပေါ်မှာလည်းရှိတတ်တာမို့ ရန်ကုန်မြို့လည်ကိုလမ်းလျှောက်ရင် လမ်းဘေးပိုစတာပန်းချီပြပွဲကြီးကြည့်ရသလို အရသာရှိလှပါတယ်။ တပါတ်တခါရုပ်ရှင်ကားအသစ်ပြောင်းတဲ့နေ့တွေဆိုရင် ရုပ်ရှင်ရုံတွေရှေ့မှာပိုစတာအသစ် ကိုလာကြည့်သူတွေနဲ့ ရန်ကုန်ရဲ့နေ့လည်ခင်းတွေဟာခါတိုင်းထက်ပိုစည်ကားနေလေ့ရှိပါတယ်။

ပိုစတာပန်းချီမှာ ထင်ရှားခဲ့သူတွေထဲမှာမောင်ညိုဝင်းပါဝင်ခဲ့ပါတယ်။ စုတ်ချက်ကြမ်းကြမ်းတွေသုံးပြီးမင်းသား မင်းသမီးတွေရဲ့မျက်နှာကခံစားမှုကို အမိအရသရုပ်ဖော်နိုင်တာမို့မောင်ညိုဝင်းရဲ့ပိုစတာပန်းချီတွေဟာ တမူ ထူးခြားတဲ့ခံစားမှုကိုပေးပါတယ်။ ကျမကပိုစတာပန်းချီခေတ်နှောင်းပိုင်းမှာအရွယ်ရောက်ခဲ့ရတာပါ။ တောမှာကြီး သူမို့ မြို့ပြပန်းချီလောကနဲ့မနီးစပ်ပေမယ့် မောင်ညိုဝင်းရဲ့ပိုစတာပန်းချီတွေကိုတွေ့စမှာ တမူထူးခြားတယ်ဆိုတဲ့ ခံစားမှုနဲ့ စွဲလန်းခဲ့တာမှတ်မိနေပါတယ်။

ကံတရားရဲ့ဖန်တီးမှုနဲ့ ကျမစာရေးဆရာဖြစ်လာတော့ မောင်ညိုဝင်းရဲ့အနုပညာတွေနဲ့ပိုနီးစပ်ခဲ့ရပါတယ်။စာရေး သူဘ၀မှာ မောင်ညိုဝင်းရဲ့နောက်ထပ်ထူးခြားတဲ့နယ်ပယ်တခုကိုတွေ့ခဲ့ရပြန်ပါတယ်။ မြန်မာစာပေနယ်က အထင်ကရစာရေးဆရာ၊ ကဗျာဆရာကြီးတွေသေဆုံးတဲ့အခါ မောင်ညိုဝင်းဟာချက်ခြင်းရောက်လာပြီးသေဆုံး သူရဲ့ပုံတူပန်းချီကားကိုညလုံးပေါက်ဆွဲပါတော့တယ်။ မနက်ရောင်နီနဲ့အတူပန်းချီကားကိုအဆုံးသတ်ပြီးပြီဆိုရင် တော့ အဲဒီပန်းချီကားကိုတစုံတရာအခကြေးငွေမယူပဲ သေဆုံးသူရဲ့မိသားစုဆီအပ်ခဲ့ပြီးအိမ်ပြန်ပါတော့တယ်။ သူညလုံးပေါက်ဆွဲတဲ့ကွယ်လွန်သူတွေရဲ့ပန်းချီကားတွေဟာ အလွန်လက်ရာမြောက်သလိုပုံတူဆွဲခံရသူ ကာယ ကံရှင်ရဲ့ ရှင်သန်ခဲ့တဲ့ဘ၀တလျောက်ကပုံရိပ်တွေထင်ဟပ်နေပါတော့တယ်။ မောင်ညိုဝင်းဟာ သေဆုံးသူအနု ပညာရှင်တိုင်းရဲ့ပုံတူကိုရေးပေးတာတော့မဟုတ်ပါဘူး။ သူ့မှာကိုယ်ပိုင်ပြဌာန်းချက်ရှိပါတယ်။

ဒီတပါတ်အတွက်မောင်ညိုဝင်းအကြောင်းရေးမယ်စိတ်ကူးတော့ မောင်ညိုဝင်းဆီဖုန်းဆက်ပြီးသူပုံတူဆွဲပေးမယ့် သူကို ဘယ်လိုသတ်မှတ်ချက်နဲ့ဆုံးဖြတ်ပါသလဲလို့မေးမိပါတယ်။

“ သေဆုံးသူပေးဆပ်ခဲ့တဲ့အနုပညာအရင်းအနှီး ( Art investment) နဲ့ ဘ၀အရင်းအနှီး (Life investment) ကိုကြည့်ပြီးလူထုရဲ့သက်ဝင်ယုံကြည်မှုနဲ့ချိန်ဆတွက်ချက်ပြီးဘယ်သူ့ပုံကိုရေးပေးမလဲဆိုတာရွေးချယ်ပါတယ်။” လို့သူကပြောပါတယ်။ဟုတ်ပါတယ်။ လူတယောက်ဟာအနုပညာနဲ့ဖြစ်စေ လုပ်ရပ်တွေနဲ့ဖြစ်စေတခြားလူတွေ အတွက်၊ လူတွေအသိအမှတ်ပြုခံရတဲ့နည်းနဲ့ အလုပ်မလုပ်ခဲ့သူတွေရဲ့ပုံကိုသူရေးပေးလေ့ မရှိပါဘူး။

၂၀၀၉ နှစ်ဦးမှာ ကျမဟာ Writer-in-residence အနေနဲ့ အမေရိကားလာရတော့မယ်လို့သိခဲ့ရပါတယ်။ အဲဒီ အချိန်မှာကျမဟာ ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ထင်နေတဲ့စိတ်ဝေဒနာခံစားခဲ့ရပါတယ်။ အမေရိကားကို ထွက်မလာခင်မှာကျမစွန့်စားမှုတခုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သေဆုံးသူတွေရဲ့ပုံတူတွေကိုသာရေးပေးလေ့ ရှိတဲ့ဦးညိုဝင်းကို ကျမပုံတူရေးပေးဖို့တောင်းဆိုခဲ့တာပါပဲ။ အဲဒီကာလမှာကျမရဲ့စိတ်ရောဂါကအပြင်းထန်ဆုံး ကာလမို့ ဦးညိုဝင်းကိုအဲဒီလိုတောင်းဆိုလိုက်ခြင်းဟာကျမအသက်ကို အလောင်းအစားလုပ်လိုက်တာနဲ့ အတူတူပဲလို့ကျမခံစားခဲ့ရပါတယ်။

MNW

မောင်ညိုဝင်းက ကျမပုံတူကိုရေးပေးမယ်လို့တုန့်ပြန်လိုက်ချိန်မှာ ကျမပြင်းထန်တဲ့ဆန့်ကျင်ဖက်ခံစားမှုနှစ်ခုကို တပြိုင်ထဲခံစားခဲ့ရပါတယ်။ တခုကကျမတကယ်သေတော့မလားဆိုတဲ့ ကြောက်မက်ဖွယ်မေးခွန်းဖြစ်ပြီးနောက် တခုကတော့ မောင်ညိုဝင်းပန်းချီဆွဲပေးတာခံရမယ့်သူတွေထဲ ငါပါခဲ့ပြီဆိုတဲ့အတွေးနဲ့ကျေနပ်ဂုဏ်ယူမှုပါ။

မောင်ညိုဝင်း ကျမပုံတူရေးနေတဲ့တချိန်လုံးသူ့ဘေးမှာကျမရှိနေခဲ့ပါတယ်။ သေဆုံးသွားသူတွေရဲ့ပုံတူကိုသာ ရေးပေးလေ့ရှိတဲ့မောင်ညိုဝင်းက မကြာခင်သေဆုံးရတော့မယ်လို့စိတ်ဝေဒနာခံစားနေရသူကျမရဲ့ရှေ့မှာကျမ ရဲ့ပုံကိုရေးပေးနေတာဟာ အတော်စိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်ပါ။ ဒါပေမယ့်ကျမမသေခဲ့ပါဘူး။ မသေတဲ့အပြင် မောင်ညိုဝင်းရေးပေးတဲ့ကျမပုံတူကို အမေရိကားကိုယူခဲ့ပါတယ်။ကျမစိတ်ထဲမှာမိခင်မြေနဲ့ ပတ်သက်ပြီးလွမ်းလွမ်းဆွတ်ဆွတ်ခံစားလာရရင်အဲဒီပန်းချီကားကိုကြည့်မိပါတယ်။ အဲဒီလိုပြန်ကြည့်မိတိုင်း ကျမခံစားခဲ့ရတာကတော့ ချစ်ခြင်းမေတ္တာတရားနဲ့ ကျေနပ်ဂုဏ်ယူမှုပါ။

လူတယောက်ရဲ့ပုံတူကိုဆွဲပေးဖို့အတွက် အဲဒီလူရဲ့အနုပညာနဲ့ ဘ၀ပေးဆပ်မှုကိုသာ အဖိုးအခအဖြစ်တောင်း ဆိုတတ်တဲ့ ပန်းချီဆရာပန်းချီမောင်ညိုဝင်းဟာ ကျမဘ၀ရဲ့အတွင်းစည်းထဲကလူတယောက် ဖြစ်နေတဲ့အတွက် ပါပဲ။

                                                                                                      ခက်မာ