User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active
 

 စံမင်း

ရန်ကုန်တက္ကသိုလ်၊ အမိတက္ကသိုလ် နှစ်(၁၀၀) ပြည့်တော့မည်တဲ့။ တက္ကသိုလ်မြေကို လွမ်းလှသည်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို အောက်မေ့သည်။ တက္ကသိုလ်အတူတက်ခဲ့သည့် သူငယ်ချင်းများကိုလွမ်းသည်။ သစ်ပုပ်ပင်၊ ဘွဲ့နှင်းသဘင်အဆောက်အဦ၊ တက္ကသိုလ်စာကြည့်တိုက်ကြီး၊ ရေတမာတန်း၊ စာကြည့်တိုက်နားက ကံ့ကော်ပင်တွေ ၊အမြဲလျှောက်ခဲ့ရတဲ့ ပုဂံလမ်း... မဆုံးနိုင်အောင် လွမ်းစရာတွေပင်။ လွမ်းစရာတွေကတဆင့် နာကျည်းစရာတွေ မမေ့နိုင်တဲ့ အဖြစ်တွေ၊ ဘယ်လိုပင် သင်ပုန်းချေပါဆိုပေမယ့် မကျေနိုင်သည့်အဖြစ်တွေ နဲ့ အမိတက္ကသိုလ်ကို သတိရမိသည်။ တမ်းတမိသည်။ အမိတက္ကသိုလ်မှာ ပညာသင်ရင်း ပညာစုံလို့ ခွဲခွာရခြင်းရှိသလို ပညာမစုံခင် အဓမ္မခွဲခံခဲ့ရသည့် အဖြစ်တွေက ကမ္ဘာဆုံးတိုင် ရှိနေမည်သာ။ အမိရဲ့ရင်ခွင်ကနေ အဓမ္မခွဲထုတ်ခံခဲ့ရသည့် ကျောင်းတော်သူ ကျောင်းတော်သားအပေါင်းဟာလဲ ကမ္ဘာအနှံ့ရောက်နေကြသလို လူမသိသူမသိသေကြ၊ အကျဉ်းစံဘဝနှစ်ပေါင်းများစွာ ခံကြရသည်။ ဒီနှစ်တွေအတောအတွင်း အမိတက္ကသိုလ်ကြီးကရော ပျော်နေသလား လွမ်းနေသလား၊ အမိရဲ့ သားသမီးအသစ်တွေနဲ့ ပျော်နေသလားလို့ တွေးမိသည်။ အမိတက္ကသိုလ်ကြီး လှုပ်ရှားနေသလား၊ ငြိမ်သက်ငေးမောနေသလား။ လွမ်းစိတ် အတွေးစိတ်များသည် တက္ကသိုလ်ရင်ခွင်ကို အပြင်းအထန် သတိရမိလေတေ့သည်။ အမှန်တကယ်တော့ အမိတက္ကသိုလ်ကြီးသည် အနှစ်နှစ်ဆယ်ကျော်ကြာ ငြိမ်သက်နေခဲ့ရသည်။ သူ့မျက်စေ့အောက်တွင် ပြေးလွှားနေရသည့် သူ၏သားသမီးများ၊ အတင်းအဓမ္မ ခေါ်ဆောင်ခံရပြီး ဘယ်ဆီဘယ်ဝယ်ခေါ်သွားကြမှန်း မသိရတဲ့ သားသမီးများ၊ ထွက်ပြေးလွတ်မြောက်သော်လည်း ဘယ်ဆီအထိ ပြေးလေသည်မသိရသော သားသမီးများ၊ သွေးသံရဲရဲဖြင့် မချိမဆန့် ကျဆုံးလေသော သားသမီးများအတွက် မချိအောင်နာကျင်ခဲ့ရပီးဘီ။ အဲဒီနောက်တော့ အမိတက္ကသိုလ်ကြီးသည် အနှောင်အဖွဲ့ တင်းကျပ်သော စည်းမျည်းတွေကြားမှာ ငြိမ်သက်စွာ လွမ်းနေသည်ကတော့ သေချာသည်။

              လွန်ခဲ့သည့် (၆) နှစ်လောက်က အမိတက္ကသိုလ် ပတ်ဝန်းကျင်အနားကို ခေတ္တဖြတ်သွားဖူးသည်။ ရွက်ကြွေတွေ ထုနဲ့ထည်နဲ့ကြားမှာ အတော်အိုမင်းနေတာကို တွေ့ရသည်။ ကြည့်ရသည်မှာ ညှိုးညှိုးနွမ်းနွမ်း ရှိလှသည်။ ကျောင်းဖွင့်ရက်တွင်ပင် လူသွားလူလာရှင်းလှသည်။ တချိန်က သားသမီးတွေ အစုံအလင်နှင့် ရယ်သံမောသံများ ဝေစည်နေသည်မှာ အိပ်မက်ပမာပင်။ ဂုဏ်ကျက်သရေ ပြည့်စုံလှသည့် ရန်ကုန်တက္ကသိုလ်ကြီးသည် သူ့အလုပ်သူမလုပ်ရတာလဲ ကြာပါပြီကော။ မလုပ်နိုင်အောင်လဲ နည်းမျိုးစုံ ပြောင်းလဲခဲ့ကြသည်။ အမိရင်ခွင်ဆီ အလွယ်တကူပင် ဝင်၍မရတော့ပေ။ တချိန်တုန်းက အလုပ်ခွင်ရောက်နေသော သူငယ်ချင်းသည် အမိရင်ခွင်အောင်က သူငယ်ချင်းများ မိတ်ဆွေဟောင်းများ ညီငယ် ညီမငယ်များထံ အစစ်အဆေးမရှိ၊ အမေးအမြန်းမရှိ လာကြသည်။ လာ၍ရသည်။ အမိအရိပ်ကို ပြန်ခိုရင်း အလွမ်းတွေ ဖြေခဲ့ကြသည်။ ဘဝအမောတွေ ပြေခဲ့ကြသည်။ လွတ်လပ်စွာ ရယ်မောပျော်ရွှင်ခဲ့ကြရဖူးသည်။ အခုတော့ အမိကိုယ်တိုင်ပင် မလွတ်လပ်တော့ပါလား။ ဘယ်လောက်တောင် နာကျင်စရာကောင်းလိုက်တဲ့ အဖြစ်တွေပါလဲ။ ဒီလို နာကျင်ခဲ့ရတဲ့ အဖြစ်တွေကြားထဲကပဲ အမှတ်တမဲ့ နာကျင်ခဲ့ရတဲ့ မကြာခင်က အဖြစ်ကလေးကို သတိရမိပါတော့သည်။

            ကိုယ်နေတဲ့ အရပ်က အမိတက္ကသိုလ်ကြီးရဲ့ ဆန့်ကျင်ဘက်အရပ်။ ဒါ့ကြောင့် ဖြတ်သွားဖြတ်လာတောင်မရောက်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ၊ အရင်အချိန်တုန်းကလိုဆို မကြာမကြာ ရောက်နိုင်သော်လည်း စိတ်ကိုယ်က တမင်မသွားချင်အောင် ဖြစ်ရသည်။ နာကျည်းစရာတွေ သတိရစရာတွေ ပြည့်သိပ်နေသည့် ဒီအရပ်ကို မေ့ထားတာကြာပါရောလား။ ဝန်ထမ်းဘဝ ထုံးစံအတိုင်း ရသည့်လခသည် ကလေးကျောင်းကားခ ဖြစ်သွားသည့်အခါ အခြားစီးပွားရေးတခုကို စားဝတ်နေရေးအတွက် တွဲပြီးလုပ်ခဲ့ရသည်၊ နယ်က ကုန်သည်တယောက်က ကုန်ဘိုးငွေလွှဲရင် အစိုးရဘဏ်ကလွှဲရာက ကမ္ဘောဇဘဏ်ပေါ်လာတော့ အဲဒီဘဏ်က အဆင်ပြေတဲ့အတွက် ဘဏ်ပြောင်းလွှဲသည်။ အနီးဆုံး ကမ္ဘောဇဘဏ်က ပြည်လမ်းပေါ် မာလာဆောင်ရှေ့က ကမ္ဘောဇဘဏ်ရုံးချုပ်ဖြစ်တဲ့ အတွက် အမိတက္ကသိုလ်ရှေ့မှောက် ရောက်ဖြစ်ခဲ့သည်။ အိမ်ပြန်ရောက်တိုင်း တက္ကသိုလ်ကြီးရဲ့ ပုံရိပ်ကို စာဖွဲ့ပြီးပြောလွန်းလို့ ကိုယ့်အမျိုးသားက စိတ်မကောင်းစရာတွေ မပြောပါနဲ့ပင် တားယူရသည်။ အဲဒီနှစ်ပိုင်းက တလကိုတခေါက်တော့ ရောက်ဖြစ်သည်။ လိုက်ခဲ့ပါ တက္ကသိုလ်ထဲဝင်မရပေမယ့် အလွမ်းပြေကြည့်ရတာပေါ့ ခံစားရတာပေါ့ဆိုတိုင်း ဦးချစ်လက်ဘက်ရည်ဆိုင်မှာ လိုက်တိုက်ရင် လိုက်မယ်ဆိုတဲ့ အတွက် မြင့်မိုရ်တောင်ပေါ်က မဉ္ဖူသကနတ်ပန်းက ရနိုင်သေးသည်။ ဦးချစ်လက်ဘက်ရည်ကတော့ မရနိုင်တော့တဲ့အတွက် လက်လျှော့ခဲ့ရသည်။ မာလာဆောင်သည် အဆောင်မဟုတ်တော့တဲ့အကြောင်း စာသင်ဆောင်ဖြစ်သွားတဲ့အကြောင်း ကိုယ်မြင်တာပြောပြရသည်။ သူက မာလာဆောင်မောင်မလာနိုင်တော့ဘူးပေါ့လို့ ရယ်ပွဲဖွဲ့သည်။ မာလာနဲ့ပတ်သက်သည့်သီချင်းတွေ ရွတ်ကြည့်ကြသည်။ တရက်မှာတော့ သူမလိုက်မဖြစ် လိုက်ရမည့် အကြောင်းပေါ်လာသည်။ မှာသမျှ ကုန်တွေ ဈေးသင့်တုန်းဝယ်ပို့လိုက်ရာ လက်ထဲ ပိုက်ဆံမရှိတော့။ ငွေအမြန်ပို့ရန် မှာလိုက်ရာ ပို့လိုက်ပြီ သွားထုတ်ပါလို့ ဖုန်းဝင်တဲ့ အတွက် ကမ္ဘောဇဘဏ်သွားဖို့ ဖြစ်လာသည်။ လက်ထဲမှာ ငွေ (၂၀၀)ကျပ်သာရှိတော့သည်။ ကိုယ်က လမ်းထွက်ရင် လက်ထဲပိုက်ဆံမပါက တယောက်ထဲ မသွားချင်။ နှစ်ယောက်သွားလျှင် တယောက်(၅၀)ကျပ်ဆိုတော့ နှစ်ယောက်ကို (၁၀၀)ကျပ်ပဲကုန်မည်။ ဟိုရောက်လို့ မတော်တဆလွဲရှော်ခဲ့ရင် အပြန်လမ်းစရိတ်က (၁၀၀) ထပ်ကုန်နိုင်သည်။ ကိစ္စမရှိ၊  ဒါပေမယ့် ငွေ(၂၀၀) နဲ့ တယောက်ထဲ မသွားလိုတဲ့အတွက် အတင်းအဖော်ခေါ်တာနဲ့ လိုက်ခဲ့လေသည်။ မာလာဆောင်မှတ်တိုင်မှာဆင်းပြီး မျက်နှာချင်းဆိုင်က ဘဏ်ဘက်ကိုသွားဖို့ ပြည်လမ်းကို ဖြတ်ကူးလိုက်တဲ့အခါ တဖက်ယဉ်ကြောက ကားတစီးလာနေတဲ့အတွက် လမ်းရဲ့ အလယ်အူကြောင်းမှာ နှစ်ယောက်သား ယဉ်ကြောရှင်းအောင် စောင့်နေတုန်း ဗြုန်းဆို " ပြေး.. ပြေး ......   " ဆိုတဲ့အသံနဲ့ အတူ ပြေးပါလေရော၊ ကိုယ်က  ဘာဆိုလိုမှန်းမသိလို့ ကြောင်ကြည့်နေတုန်းမှာပဲ ပတ်ဘလစ်ကာအဝါရောင်လေးပေါ်က မော်တော်ပီကယ် ကိုယ့်ဆီလှမ်းလာတာတွေ့မှ သဘောပေါက်ပီး လှည့်ပြေးရပါလေရော။ စိတ်ဆိုတာ အင်မတန်မြန်တာကလား။ အဲဒီပြေးနေတဲ့ ခနလေးမှာ အတွေးတွေက ပေါ်လာတယ်။ ကိုယ်တို့က မာလာဆောင်ရှေ့က ပလက်ဖောင်းအတိုင်း အရှည်လိုက်ကြီးပြေးနေတာ။ ဂျပ်ဆင်ကိုလဲ တွေ့လိုက်တယ်။ ကျောင်းထဲဝင်ပြေးမလားစဉ်းစားသေးတယ်၊ တခါးတွေ ပိတ်ပြီး ဆိုင်းဘုတ်အနီမှာ အဖြူရောင်စာလုံးတွေနဲ့ တာဝန်မှအပ မဝင်ရတဲ့ တခါမှ မတွေ့ဘူးတဲ့ ဆိုင်းဘုတ်တွေ ချိတ်လို့၊ အဲဒီမှာ တို့ကျောင်းကြီးကအမြဲဖွင့်နေရမှာ ကျောင်းတံခါးဆိုတာ အမြဲဖွင့်ထားရမှာ၊ ကဲဘယ်ပြေးမှာလဲတွေးရင်း ရှေ့မှာပြေးနေတဲ့ သူ့ကိုလဲ ဘာစိတ်ကူးနဲ့ဒီလောက်ပြေးနေတာလဲ မသိဘူးဆိုပီး စိတ်တိုလာတော့သည်။ အဲဒီနောက်တော့ ၈၈ ဇွန်တုန်းက ကျောင်းတွေပိတ်လိုက်ပြီလို့ ကြေငြာအပြီး ခုလိုပဲ ပြေးသူကပြေး လိုက်သူကလိုက် အဖြစ်ကိုရုတ်တရက် သတိရလိုက်မိပြီး တုန့်ကနဲဖြစ်မိသည်။ ဘာလို့ပြေးမလဲ၊ ဆက်မပြေးချင်တော့။ ရုတ်တရက်ရပ်လိုက်တယ်ဆို မလှမ်းမကမ်းမှာ ပြေးလိုက်လာတဲ့ မော်တော်ပီကယ်ရဲက ရှေ့က အကိုရေ ရပ်လိုက်တော့ ဒီမှာအမကို မိထားပြီဆိုရော သူလဲ ပြန်လှည့်လာပါလေရော။ တကယ်တော့ အဲဒီအချိန်လေးက ဘာမှ မကြာလိုက်ပါဘူး၊ ဒါပေမယ့် စိတ်ထဲမှာ အတွေးတွေ ခံစားချက်တွေက အလိုလိုရောက်လာတာပဲ။ ဘဏ်ရှေ့မှာရပ်ထားတယ် ကားဆီအသွား ရပ်ကြည့်နေတဲ့ ဘဏ်ဝန်ထမ်းလုံခြုံရေး တွေနဲ့ လူတစ်ချို့ကိုတွေ့ပြီး နေရာမှာတင် အငွေ့ပြန်ပြီး ပျောက်သွားချင်စိတ်ပေါ်လာမိသည်။ မကြီးမငယ်နဲ့ ပြေးကြတဲ့အဖြစ်။ ကားပေါ်ရောက်တော့ ကိုယ်တွေ ထိုင်ဖို့ နေရာမရှိတဲ့အတွက် အသက်ငယ်တဲ့ယောင်္ကျားလေးတစ်ယောက်က တွယ်စီးလိုက်သည်။ သူ့ခမျာ အဖမ်းခံရတာတောင် တွယ်စီးလိုက်ရသေးသည်။ လှည်းတန်းအဝိုင်းက ကုန်တိုက်နဲ့ မျက်နှာချင်းဆိုင် အင်းစိန်လမ်းမပေါ်က ယဉ်ထိန်းရုံးရောက်တဲ့အထိ ကိုယ်လဲစကားတလုံးမှ မပြောမိပေ။ " ကဲ..ကဲ.. တစ်ယောက်ကို (၂၂၀၀) ကျပ်နဲ့ ဒဏ်ငွေဆောင်ကြတဲ့" ကိုယ့်စိတ်ထဲ ဒါများလမ်းမှာထဲက တောင်းလိုက်ပီးရော ဒီအထိခေါ်လာသေးတယ် တွေးမိရာက ပိုက်ဆံမပါတဲ့ အဖြစ်ကို သတိရမိတော့သည်။ " ပိုက်ဆံမပါတဲ့သူတွေ မှတ်ပုံတင်(နိုင်ငံသားစိစစ်ရေးကဒ်) ထားခဲ့ပါ။ ပိုက်ဆံယူပြီးပြန်လာယူပါ" တဲ့။ ကိုယ့်မှာ မှတ်ပုံတင်ပါသည်။ သူ့မှာက ဘာမှမပါ၊ အကျိုးအကြောင်းပြောတော့ အမပြန်ပြီးပိုက်ဆံပြန်ယူ၊ မှတ်ပုံတင်ကထားခဲ့တဲ့။ မှတ်ပုံတင်ပါမှ ဘဏ်ကငွေထုတ်လို့ရမှာ ဖြစ်တဲ့အကြောင်းနဲ့ ငွေထုတ်ပြီး ကိုယ့်အမျိုးသားကို ပြန်လာခေါ်မယ်ဆိုတဲ့အကြောင်း ပြောပြမှ ပြန်တော့လာခေါ်နော်ဆိုတာကို လှည့်ပြီးတခုခုပြောဘို့ ပြင်ပြီးမှ လှည့်ထွက်ခဲ့တော့သည်။ ဘဏ်ကိုပြန်သွားရမည်၊ ဘဏ်ရှေ့ရောက်ခဲ့ပြီးမှ ပြန်သွားရအုန်းမည်၊ ရာမညဆောင်ရှေ့အရောက် ကားစီးမည်ပြင်ပြီးမှ မစီးဖြစ်တော့။ ဘာဖြစ်အုန်းမည်မသိ။ လက်ထဲက ငွေ(၁၀၀) ကျပ်ကို ထိလို့မဖြစ်။ အဆင်မပြေရင် ဒီပိုက်ဆံနဲ့ အိမ်ပြန်ရင်ပြန်ရမည်။ တစ်မှတ်တိုင်ကို လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ လမ်းတလျှောက် ကျောင်းကိုကြည့်ရင်း တချိန်က ဒါဟာကိုယ့်နယ်မြေ ကိုယ်တို့ တစ်တွေ အေးချမ်းစွာနေခဲ့တဲ့ နယ်မြေဆိုပီး လျှောက်ရင်းတွေးရင်းငေးရင်း လျှောက်လာမိသည်။ ကိုယ်တို့ ကျောင်းတက်စဉ်က မာလာဆောင်ရှိတဲ့ အဲဒီအဆောင်ရှေ့က မာလာမှတ်တိုင်မှာ ဆင်းပြီး ညာဘက်ချိုးကွေ့လို့ သီရိဆောင်ဘက်က ဝင်တဲ့အခါဝင်ရင်ဝင်၊ ဘယ်ဘက်ဆက်သွားပီး စီးပွားရေးတက္ကသိုလ်ဝင်ပေါက်ကဝင်လဲရသည်။ ခုတော့ ဒီနေရာတွေမှာ ဝင်ပေါက်မတွေ့။ ရာမညဆောင်ရှေ့မှာတော့ ဝင်ပေါက်အကြီးဖွင့်မထားပဲ မလွယ်ပေါက်ကလေးက လူတစ်ချို့ အဝင်အထွက် လုပ်နေတာကိုတော့ တွေ့မိသည်။ တွေးရင်းလျှောက်ရင်း မာလာဆောင်ရှေ့ပြန်ရောက်လာသည်။ စောစောက အဖြစ်ကို သတိရပြီး မျဉ်းကြားက မကူးလို့ ဖမ်းတာပဲ၊ မျဉ်းကြားရှိမှန်းတောင်မသိတဲ့အဖြစ်။ ဒီနေရာမှ မျဉ်းကြားရှိမရှိမသိ ကျောင်းတက်တုန်းကတော့၊ ကျောင်းသားတွေ ဟေး.... ဆိုပြီး ဖြတ်ကူးကြရင် ကားတွေက ရပ်ပေးကြသည်။ ပြီးရင် ညီလေးတို့ လာကြ ၊ ညီမလေးတို့လာကြဆိုကာ ကားရပ်ပြီးတင်သည်။ မျဉ်းကြားက မှတ်တိုင်နှင့် အတော်ဝေးဝေးရောက်နေတာပင်။ ဒါ့ကြောင့် မသိတာ။ သေချာကြည့်လိုက်တဲ့အခါ ကျောင်းရှေ့မှာ လက်မလောက် လုံးပတ်ရှိတဲ့ သံဆူးကြိုးတွေကာထားတာတွေ့ရသည်။ ဒါတင်မက စတီးတိုင်လုံးတွေ ကတထပ်ကာထားပါရောလား။ အခုမှ သေချာကြည့်မိသည်။ အမိတက္ကသိုလ်သည် အကျဉ်းကျနေသလိုပါပဲလား။ သံတိုင်တွေ သံဆူးကြိုးတွေကြားမှာရောက်နေတာပါလား။ အဆင်ပြေပြေ ငွေထုတ်ပီး လူရွေးပီး အိမ်ပြန်ရောက်သည်အထိ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြ။ အတွေးကိုယ်စီနှင့်နေကြသည်။သူဘာတွေတွေးနေလဲကိုယ်မသိ။ သူ့ကို အတင်းခေါ်လာတဲ့အတွက် စိတ်ဆိုးနေသလား။ ပြေးလိုက်ရလို့ မောနေတာလားမသိ။ အိမ်တခါးဖွင့်ဝင် အဝတ်အစားလဲလှယ်ကာ အားပါးတရ ထိုင်ချအပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိတော့မှ စကားစမိတော့သည်။ ပိုက်ဆံကိုနှမျောမနေပါနဲ့ဆိုပြီး စကားစသည်။ ကိုယ်ငြိမ်နေသည်မှာ ဒါ့ကြောင့်လို့ သူထင်နေတာကိုး။ အမှန်ကမဟုတ်။ ကိုယ့်အမေရှေ့မှာ ကိုယ်တို့ဖြစ်ရတာကို စိတ်ထဲ တမျိုးဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်နေသည်။ ကိုယ့်ရဲ့နယ်မြေ ကိုယ့်အရပ် ကိုယ့်အမိကျောင်းတော်ရှေ့မှာ ဖြစ်တာကို ခံစားနေမိခြင်း။ အမိကျောင်းကြီးရဲ့အဖြစ်ကို သတိရနေခြင်း စတာတွေကြောင့် စကားမပြောချင်တာပင်။ ကိုယ်လဲ သူ့ကို ဘာကြောင့်ပြေးရသလဲ၊ ဘယ်ကိုပြေးဖို့စိတ်ကူးပြီး လှည့်ပြေးသလဲ၊ ကိုယ်သာ ယဉ်ထိန်းရဲကို အရင်တွေ့ရင် မပြေးခိုင်းဘူး ပြောလိုက်မိသည်။ သူက "ဒါကိုယ်တို့ကျောင်းပဲ ကျောင်းထဲဝင်ပြေးရင် သူလိုက်လာလို့မရဘူးဆိုပြီး ဝင်ပြေးတာ၊ ကျောင်းက ကိုယ်ထင်သလိုမှ မဟုတ်တော့ပဲ ပိတ်ဆို့တားဆီးထားလိုက်တာ။ ကိုယ်တို့တုန်းက သူငယ်ချင်းတွေ နောက်ပြောင်ပြေးကြရင် ကျောင်းထဲ ဝင်ပြေးကြတာ၊ ကိုယ့်အိမ်ထဲ ဝင်ပြေးရသလိုပဲ။လုံလဲလုံခြုံတယ်လေ။ အမိရင်ခွင်ပေါ့ အမိရင်ခွင်ဝင်ပြေးရသလိုပေါ့.  ခုတော့ကွာ..."

          လက်စသတ်တော့ သူလဲကိုယ့်လို ခံစားနေရတာကိုး။ ကိုယ်တို့နှစ်ယောက်စလုံး ပေးခဲ့ရတဲ့ (၄၄၀၀) ကျပ်ကို နှမျောတဲ့အကြောင်း လေသံတောင်မဟမိပဲ အမိရန်ကုန်တက္ကသိုလ်ကြီး သံဆူးကြိုးတွေ သံတိုင်တွေကြားရောက်နေတာကို အထပ်ထပ်ပြောမိကြသည်။ အခုတော့နှစ်တွေကြာခဲ့ပါဘီ။ အပြောင်းအလဲတွေ ပြောင်းလဲသံတွေ ကြားနေရချေပြီ။ အမိတက္ကသိုလ်ကြီးကို လွတ်လပ်စေချင်ပြီ။ အမိတက္ကသိုလ်ကြီး ပျော်ရွှင်နေသည်ကို တွေ့ချင်သည်။ လှုပ်ရှားနေသည်ကို တွေ့လိုသည်။ သားသမီးတွေ ဝေဝေဆာဆာ နဲ့ စိုစိုပြေပြေ တွေ့လိုသည်၊ နှောင်ကြိုးတွေကလွတ်မြောက်ပြီး လွတ်လပ်နေသော အမေ့ရင်ခွင်မှာ အေးချမ်းစွာဖြင့် သားသမီးတွေ ခိုဝင်နေကြတာကို တွေ့ချင်မြင်ချင်လှပါသည်။

ခိုင်ခိုင်စောလွင်