Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

picture

အိမ်ဘေးကလမ်းကလေးကို ဖြတ်ကနဲ ချိုးအကွေ့ ရုတ်တရက်လန့်သွားတဲ့ ဖြူမကိုကြည့်ပီး ကျမရယ်လိုက်မိပါတယ်။ သူ့အိမ်က တစ်ယောက်ယောက်လာတယ်ထင်ပီး လန့်သွားဟန်ကလည်း သူ့မျက်နှာမှာ အထင်းသား။ သူ့အိမ်ကလူ မဟုတ်မှန်းလဲသိတာနဲ့ ညိုကြီးရဲ့ ခန္တာကိုယ်ကို သူ့ကိုယ်နဲ့ပွတ်သပ်ပီး ပြန်ထိုင်လိုက်ပါတယ်။ အော်.. အချစ်.. အချစ်  တရိစ္ဆာန်တွေမှာလည်း အချစ်ကြောင့် ဗျာများရပါလား ဆိုတာ တွေ့လိုက်ရပါတယ်။ တကယ်တော့ ညိုကြီးက ထိုင်းနိုင်ငံကခွေး၊ ထိုင်းခွေးပေါ့လေ။ ဒါပေမယ့် ကျမတို့ ပတ်ဝန်းကျင်မှာတော့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ၊ ပိုင်ရှင်ဘယ်သူဘယ်ဝါမရှိတဲ့ ခွေးလေခွေးလွင့်တစ်ကောင်။ ဖြူမကတော့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာပြည်ကခွေး၊ သူ့သခင်မက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ နယ်စပ်ကနေအလာ သူ့ခွေးလေးကို မခွဲနိုင်မခွာနိုင်ဖြစ်တာနဲ့ လူတစ်ယောက်စားရိတ်နီးပါး အကုန်အကျခံပီး ခေါ်လာခဲ့လို့ မြန်မာပြည်က ဖြူမနဲ့ ထိုင်းက ညိုကြီးတို့ ဖူးစာဆုံတွေ့ကြတယ် ပြောရမယ်ထင်ပါရဲ့။ ခွေးတွေအကြောင်း ပြောလို့ ကျမကို ခွေးချစ်တတ်သူလို့တော့ မထင်ပါနဲ့။ ကျမက ခွေးတင်မက တရိစ္ဆာန်ဆို ဘာကောင်မှ မချစ်တတ်။

သေးချေးနံ့ မခံနိုင်ယုံမက အင်မတန်ရွံရှာတတ်တဲ့အတွက် ဝေးဝေးရှောင်ဝေါင်ဝေါင်ရှေး၊ ဒါပေမယ့် ဒီနေရာမှာ ရေစက်ဆိုတာကိုတော့ ယုံရတော့မည်ထင့်၊ ထိုင်းကိုရောက်ပီး အိမ်ငှားနေဖို့ စီစဉ်တော့ အခု ဖြူမရဲ့သခင်မ သစ်သစ်က အိမ်ရှာပေးတဲ့အတွက် သစ်သစ်တို့ မျက်နှာချင်းဆိုင်မှာပဲ သပ်သပ်ရပ်ရပ်နဲ့ တစ်ထပ်တိုက်ကလေး ရလိုက်ပါတယ်။ သစ်သစ်လဲအဖော်ရှိ၊ နောက်ပီး ကျမက ထိုင်းစကားမပြောတတ်၊ သစ်သစ်က ထိုင်းစကားကို ထိုင်းတစ်ယောက်လို့ ထင်ရလောက်အောင် သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောတတ်တော့ တခုခုဆို ပြောပေးလို့လဲ ရတယ်ဆိုပီး နေဖြစ်ပါတယ်။ အဲဒီမှာ ဖြူမနဲ့ညိုကြီးကို ထူးထူးဆန်းဆန်း သတိပြုမိလာရတော့တာပါပဲ။ ဖြူမက တကိုယ်လုံးဖြူဖွေးပီး၊ ပုပုလေး၊ မျက်လုံးကလေးက ဝိုင်းဝိုင်းလေးနဲ့ မျက်နှာကလေးက လှတယ်။ ညိုကြီးက အဖြူနဲ့အညိုစပ်ကြားဖြစ်ပီး ထွားထွားမြင့်မြင့် မြန်မာခွေးပုံစံပဲ။သူတို့ နှစ်ကောင်က မြင်တာနဲ့ အမျိုးမတူဘူးဆိုတာ သိသာတယ်။ကျမလို ခွေးအကြောင်း နကန်းတစ်လုံးမှ နားမလဲတဲ့သူတောင် သိတယ်ဆိုတော့ တော်တော်ကို ကွဲပြားတာ သိသာတာပေါ့လေ။ ကျမ ခွေးအကြောင်းနားမလည်ပုံက ရီစရာဖြစ်ပုံ ပြောပါအုန်းမယ်။ ထိုင်းလူမျိုးတွေက ခွေးတော်တော် ချစ်ပုံရတယ်။ အိမ်တိုင်းမှာ အနည်းဆုံး ခွေးတစ်ကောင်တော့ မွေးထားကြတယ်။ တရက်မှာတော့ အိမ်တစ်အိမ်ရှေ့က ဖြတ်အလျှောက် အိမ်ထဲကနေ ခွေးဟောင်သံကြားလို့ လှမ်းကြည့်တော့ ခွေးကို မတွေ့ရဘူး။ အသံက နီးနီးလေးက ကြားနေရတာ၊ လားလား ဘယ်ဟုတ်မလဲ သေချာရပ်ကြည့်တော့မှ ခွေးက သေးသေးလေး နားရွက်ကလေးတွေက ထောင်လို့၊ မျက်လုံးကလဲ အပြင်ကို အလုံးလိုက်ပြူးထွက်နေသေးတယ်။ အရောင်ကလဲ မဲမဲနဲ့ ဆိုးလိုက်တဲ့ရုပ် မင်စာလေးနဲ့တူလိုက်တာလို့  တွေးမိတယ်။ ဒါနဲ့ ခွေးချစ်တဲ့ မိတ်ဆွေတစ်ယောက်က ခွေးအကြောင်း ခွေးတွေရဲ့သဘာဝ ခွေးတွေ ချစ်စရာကောင်းတဲ့ အကြောင်း စကားစပ်ပီး ပြောမိကြတော့ ကျမက သေးသေးလေးနဲ့ ခွေးလေ၊ ခွေးမင်စာလေ မြင်ဘူးလားလို့ မေးလိုက်တာ ရီလိုက်တာ ပြောမနေပါနဲ့။
" အမရေ... အဲဒါ ခွေးသမင်ခေါ်တယ်၊ ဈေးကြီးတယ် သူတို့ကို လူလိုပဲ ဂရုစိုက်ရတယ်တဲ့" ဆိုပီး ခွေးသမင် အကြောင်း ပြောပါလေရော။ ကျမကတော့ ခွေးမင်စာလို့သာ နှုတ်ကျိုးပီး အဲလိုခေါ်တာကိုတောင် အမရယ် ရက်စက်ပါပေ့တဲ့ အဲလို၊ အဲ ဖြူမနဲ့ညိုကြီး က အသွေးအမွေးမတူယုံတင်မကဘူး၊ အသက်လဲ အတော်ကွာတယ်၊ ဖြူမက တော်တော်ကြီးနေဘီ။ ခွေးအသက်(၁၀) နှစ်ဆို နည်းမှမနည်းပဲ။ လမ်းလျှောက်ရင် လှုပ်တုတ်လှုပ်တုတ်နဲ့။ညိုကြီးများ လမ်းသလားရင် အဲလို လှုပ်တုတ်ကြားကပဲ လိုက်ခေါ်တတ်တာ။ ကျမတို့ အပြင်ကအပြန် လမ်းပေါ်ရောက်နေရင် ဟဲ့ ညိုကြီး ဟိုမှာ ဖြူမ လိုက်ခေါ်နေဘီ ပြန်တော့ဆို နားလည်သလိုပဲ ပြန်သွားကြရော။ ဒီလိုပဲ ညိုကြီးက လျှောက်သွား ဘယ်ရောက်နေမှန်းမသိရင် လမ်းထိပ်မှာ ထွက်ထွက်မျှော်တာတွေ့ရင် ဖြူမရေ ညိုကြီးကို ရှာနေတာလားဆို နားလည်သလို မော့ကြည့်ပီး အမြီးလေးရမ်းပြတတ်တယ်။ ဒါကို အစအနောက်သန်တဲ့ ကျမရဲ့ အိမ်ဦးနတ်က" ဖြူမရေ နင်က အသက်ကြီးဘီဆိုတော့ ညိုကြီးက မကပ်တော့ဘူးဟ" ဆိုပြန်တော့ ဟုတ်သလိုလို။ ဒါပေမယ့် သူတို့နှစ်ကောင် သံယောဇဉ်က တရိစ္ဆာန်လုံးဝမချစ်တတ်တဲ့ ကျမကို ကြည်နူးစရာ မြင်ကွင်းလေးတွေ အပြုအမူလေးတွေနဲ့ ရစ်ပတ်ခဲ့မှန်း တဖြည်းဖြည်းသိလာရပါတယ်။
                 ဖြူမကို သူ့အိမ်က အစာကြွေးပေမယ့် ညိုကြီးကတော့ ပိုင်ရှင်မဲ့ ခွေးပီပီ ကြုံရာစားပဲ။ အဲဒီတော့ ကျမလဲ ထမင်းကျန်ဟင်းကျန်တွေ ကြွေးရာက သူတို့စိတ် အမူအယာလေးတွေကို သိလာရတယ်။ ဖြူမနာမည် ခေါ်ကြွေးရင် ညိုကြီးက ဘယ်လောက်ဆာဆာ လုမစားဘူး။ ညိုကြီးနာမည် ခေါ်ကြွေးရင် ဖြူမက ညိုကြီးအနားမှာ မရှိရင်တောင် အဲဒီ အစာကို မစားဘူး။ ကျမမှာ အံ့သြတကြီး ဖြစ်လို့။ သူတို့ လူစကားနားလည်နေလား မသိဘူးလို့ ထင်လိုက်မိပါတယ်။ ဖြူမရဲ့ သခင်ကတော့" သူတို့ အရမ်းနားလည်တယ်အမတဲ့"  အဲလိုတော့ ပြောဖူးတယ်။ ကျမတို့က ကျွေးတယ်ဆိုတာ ကြုံမှ ကျွေးတာ၊ အချိန်နဲ့ဘာညာကျွေးတာမဟုတ်ဘူး၊ ကိုယ့်ခွေးလဲ မဟုတ်တော့ ပိုရင်ခေါ်ကြွေးပေါ့။ တရက်မှာတော့ ညဘက် အမျိုးသားအပြင်ထွက်ရပ်နေတုန်း ညိုကြီးက ဖော့ဘူးအလွတ်တခုကို ဘယ်ကတွေ့လာမှန်းမသိ လျှာနဲ့ရက်နေတယ်။ ဒါနဲ့ " ဟေ့ကောင် ညိုကြီး  မင်းဆာနေတာလား ဘာမှမစားရဘူးလား"ဆိုတော့ မော့ကြည့်လိုက်တဲ့ မျက်လုံး အဲဒီမျက်လုံးက သနားစရာ၊ သူ့ကို စားစရာကျွေးအပီး သွားတော့ဆိုတော့ မျက်နှာလေး အောက်ချပီး လှည့်ထွက်သွားပါလေရော။ ကျမတို့ နှစ်ယောက်သား" နားလည်တယ်ထင်တယ်၊ သနားပါတယ်" လို့ တပြိုင်ထဲ အသံထွက်သွားပါတော့တယ်။ အဲဒီနောက် ရက်ပိုင်းလေးပဲခြားတယ် ညိုကြီးက ကျမအမျိုးသား အလုပ်ကပြန်အလာ ဖော့ဘူးလေးကို ပါးစပ်နဲ့ချီလာပီးပြတယ်။ သဘောက သူ့ကိုကျွေးပါပေါ့၊ ကျမမှာ အံ့သြပီးရင် အံ့သြရင်းပေါ့။ ဧည့်သည်လာလို့ သူ့အကြောင်းပြောသံကြားရင် နားလည်သလို မော့ကြည့်တတ်တယ်။ သူ့ကိုယ်က နံလို့ မောင်းထုတ်ရင် မျက်နှာအောက်ချပီး ထွက်သွားရော။ သူ့အကြည့်ကို အိမ်လာတဲ့ ဧည့်သည်ကတောင် ဒီကောင်လူစကားနားလည်တယ်၊ သူ့ကြည့်ပုံက ရုပ်ရှင်မင်းသား... ရဲ့ ပုံနဲ့တူတယ်ပြောလို့ အဲဒီမင်းသား ခရေဇီ အမျိုးသားက ခင်ဗျားဗျာတဲ့။ တကယ်လဲ ကျမအဲဒီအတိုင်းပဲ ထင်နေတာကြာဘီ။ မပြောကောင်းလို့သာ။ ဧည့်သည်က အဲဒီလိုပြောတော့ ကျမအမြင်နဲ့တူနေလို့ ဝင်ပီးထောက်ခံလိုက်မိသေးတယ်။ ဖြူမရဲ့ ပိုင်ရှင် သစ်သစ်ကတော့ အမရေ သမီးကို ချစ်တော့ သားမက်လက်ခံထားရတာ၊ ဘယ်တော့ရှင်းရမလဲ မသိဘူးတဲ့။ သူတို့နှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် သံယောဇဉ်တအားရှိတော့ ခွဲရမှာလည်းခက်နေတယ်တဲ့။ တကယ်လဲ ဟုတ်တယ်၊ ညိုကြီးကို လူတစ်ယောက်ယောက်က ဆူလိုက်တာပဲ ဖြစ်ဖြစ်၊ မောင်းထုတ်တာဖြစ်ဖြစ်လုပ်ရင် ဖြူမက ပြေးသွားပီး ပွတ်သပ် လျှာလေးနဲ့ဟိုရက်ဒီရင် ချော့တတ်တယ်။ ခက်တာက ခွေးမွေးရင် ဆေးပုံမှန်ထိုးရတယ်။ သန်းမတွယ်ရအောင် ဆေးထိုးရတယ်။ ရေချိုးပေးရတယ်။ ကိုယ့်အိမ်မှာ မလုပ်နိုင်ရင် ခွေးဆေးခန်းတို့ ခွေးအလှပြင်ဆိုင်တို့မှာ ရေချိုးအလှပြင်လုပ်ပေးရတယ်။ အလှပြင်ဆိုင်က ပြန်လာတဲ့ ခွေးတွေဆို မွှေးကြိုင်လို့၊ ခွေးပေါင်ဒါဆိုလား ဖြန်းပေးလိုက်တာ။ တခါတလေ ဆံပင်ကို ကြက်တောင်စီးတောင် စီးပေးလိုက်သေးတယ်။ ဖြူမကိုတော့ သစ်သစ်က အိမ်မှာပဲ ရေချိုးပေးတယ်။ ညိုကြီးက သခင်မဟုတ်တော့ အကိုင်မခံဘူး။ ဒါနဲ့ သူ့ကိုယ်က ညစ်ပတ်နေရော။ သန်းတွေဘာတွေ တွယ်တာပေါ့။ ဖြူမကို သူ့အိမ်က ဘယ်လိုလုပ်ပေးပေး ဖြူမကိုယ်ပါ ကူးကုန်ရော။ သစ်သစ်လဲ ညည်းရှာတယ်။ ညည်းပေမယ့် သူလဲ သီးခံနေရတာပဲ။ ကျမတို့ မရောက်ခငိက အဖြစ်ကိုပြောပြတယ်လေ။ ဖြူမကိုယ်မှာပါ သန်းတွယ်လာတော့  ညိုကြီးကို အဝေးကို သွားပို့ဖို့ စီစဉ်တယ်တဲ့။ အဲဒီမှာ ကောင်လေးနှစ်ယောက်ကို ပိုက်ဆံပေးပီး ကားငှားလို့ မြို့ပြင် သွားထားလိုက်တာ။ နှစ်ရက်ပဲ ကြာတယ်တဲ့၊ ညိုကြီးက ပြန်ရောက်လာတယ်တဲ့၊ တကိုယ်လုံးလဲ စုတ်ပြတ်ပီး ၊ အဲဒါနဲ့ သနားပီး ထားလိုက်တာ ခုထိ ရှိနေတာလို့ ပြောပြတယ်။  သစ်သစ်က ခွေးသန်းတွေတွေ့တိုင်း ညိုကြီးကို ဖိဆူရင် ဖြူမက သူ့ပါးစပ်နဲ့ ညိုကြီးကို ကိုက်ပေးတယ်။ နှစ်ကောင်းသား အမြီးလေးတွေကုပ်ပီး ထောင့်တထောင့်မှာ ငြိမ်နေကြလေရဲ့။ သူတို့နားလည်ကြတယ်။ ဒါပေမယ့် ဒီသန်းတွယ်တဲ့ ကိစ္စဟာ ဒီအတိုင်းမပီးသွားခဲ့ဘူး။
                         စနေနေ့ အလုပ်ပိတ်ရက် တစ်ရက်မှာ သစ်သစ်တို့ အိမ်ရှေ့က လူသံ ဆူညံဆူညံ ကြားလို့ အသာနားစွင့်မိတယ်။ နားစွင့်တယ်ဆိုပေမယ့် ထိုင်းစကားဆိုတော့ ကျမလဲ နားမလည်ဘူး၊ တစ်ခုခု ဖြစ်မှန်းတော့သိလိုက်တယ်။ ကြည့်လိုက်တော့ အိမ်ရှင် အိမ်ကလူနှစ်ယောက်လောက်ရယ် သူတို့ အလုပ်သမားရယ် ကျမ မမြင်ဘူးတဲ့ လူတစ်ယောက်နှစ်ယောက်ကိုတွေ့တယ်။ ကျမတို့နေတာက ဧက ၁၅၀လောက်ရှိတဲ့ အကွက်ထဲမှာ တစ်ထပ်တိုက်လေးတွေ အစီအရီ ဆောက်ထားပီး အိမ်ရှင်က ငှားထားတာ။ သူ့အိမ်လဲ ဒီဝင်းထဲမှာပဲ၊ လမ်းမတန်းမှာရှိတယ်။ ကျမတို့နေတဲ့လမ်းကြားထဲမှာ တိုက်လေးလုံးရှိတယ်၊ သစ်သစ်နဲ့ ကျမတို့က မျက်နှာချင်းဆိုင်။ နိုင်ငံခြားသားတွေ နေတာများတယ်။ ထိုင်းတချို့လဲ နေကြတယ်။ ကျမတို့နဲ့ကပ်ရက်က ပြင်သစ်လူမျိုးလို့တော့ ပြောသံကြားဖူးတယ်။ လူချင်းဆုံရင် မောနင်းလို့ နှုတ်ဆက်ပီး ပြုံးပြယုံက လွဲပီးစကားမပြောဖူးဘူး။ ကိုယ့်ဘာသာနေကြတယ်။ အဲဒီလူက ညိုကြီးကို အစာတွေ ဘာတွေ ကျွေးတတ်တယ်။ သူက အစာခြောက်တွေ ကြွေးတော့ ညိုကြီးက ကျမတို့ ကြွေးတာကို စားတာများတယ်။ မိုးရွာရင် သူ့ဝရန်တာမှာ ညိုကြီးကို နေဖို့ တံခါးဖွင့်ပေးထားတယ်။ အဲဒါတော့ ချီးကျူးမိတယ်။ ကျမတို့က ကျွေးတာတော့ ကျွေးတယ်၊ အိမ်ပေါ်အတက်မခံဘူး။ နေ့ခင်းကျတော့ အိမ်ရှင်အိမ်က အလုပ်သမားက ကျမတို့ အိမ်ပတ်ဝန်းကျင်ရော လမ်းထဲကိုရော ပိုးသတ်ဆေးတွေ ဖြန်းပါလေရော။ ပိုးတော့သေမသေမသိ။ ကျမတို့တော့ မူးပီး အော်ဂလီကိုဆန်သွားတာပဲ။ အပြင်မှာလဲ ညိုကြီးကို အလုပ်သမားတွေ ဝိုင်းချုပ်ပီး ပြင်သစ်လူမျိးက ဆေးတွေနဲ့လောင်း၊ လက်နဲ့ သေချာ ပွတ်တိုက်ဆေးကြောနေလေရဲ့။ မနက်က ကိစ္စက ခွေးသန်းကိစ္စပဲ အောက်မေ့တာပဲ။ ဒါပေမယ့် နောက်ရက်တွေမှာ ထူးခြားတာက သစ်သစ်တို့ အလုပ်သွားရင် ဖြူမကို သံကြိုးနဲ့ချီပီး ဝရန်တာလေးမှာ ထားခဲ့တာပါပဲ။ တအီအီအော်တာလဲ နားမခံသာဘူး၊ ညိုကြီးက လာလာကြည့်တယ်။ တခါတလေ တံခါးကို ကိုယ်နဲ့တိုက်ပီး ဖွင့်ခိုင်းတယ်ထင်ပါရဲ့ တဒုန်းဒုန်းနဲ့၊ ညိုကြီးက လာအားပေးတယ်ထင်ပါရဲ့။ ဝရန်တာဘောင်လေးကို ထောက်ပီးလှမ်းကြည့်ရင် ဖြူမကလဲ အထဲကနေ လှမ်းပီး ဝရန်တာကို လက်ထောက်ပီး လှမ်းကြည့်လေရဲ့။ ကျမဖြင့် ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တောင် သွားပီးသတိရမိပါရဲ့။  သစ်သစ်လဲပြန်ရောက်ရော ပွက်လောကိုရိုက်ပါလေရော။ ညိုကြီးလာသွားတယ်မှလား၊ ဟင် ညိုကြီးလာသွားတယ်မှလား ဒီမှာ သန်းတွေမနည်းဘူး။ ငါ့မှာ နင့်ကို သေချာသန့်ရှင်းပေးထားတာ၊ ဒီလိုသာ လုပ်နေရင် နင့်ကို တခြားပို့ပစ်မယ်၊ အဲလို အသံလဲကြားရော ညိုကြီးက ဖြူမဘယ်လောက်အော်အော် မလာတော့ဘူး။ နားလည်တယ်ထင်ပါရဲ့။  သစ်သစ်အလုပ်က ပြန်လာပီး ခွေးသန်းတွေရှာပီး တအိမ်လုံးသန့်ရှင်းရေးတွေ လုပ်နေရာက ကျမကို မြင်တော့ ဇာတ်စုံခင်းပါလေရော။
အဲဒိနေ့ မနက်က အိမ်ရှင်ရယ် ရဲရယ်ပါလာတာတဲ့။ ခွေးဖမ်းဖို့ပေါ့။ တိုင်လို့တဲ့။ ကျမတို့ အိမ်ဝင်းကြီးက တိုက်တွေ မနည်းဘူးလေ၊ စာတိုက်ပုံးလေး ချိတ်ပေးထားတယ်။ အကြံပြုချင်တာ လိုအပ်တာ အဆင်မပြေတာ စာရေးပီးထဲ့ထားလိုက် ယုံပဲ၊ အဲဒါ ခွေးသန်းတွေ ပြန့်နေလို့ အိမ်နှစ်အိမ်က တိုင်တယ်တဲ့။ သစ်သစ်ကတော့ ဘယ်အိမ် ဘယ်အိမ် လို့တော့ပြောတယ်။ ကျမက အိမ်မှာနေသူဆိုတော့ သိပ်တော့ မသိဘူး။ အဲဒါ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အိမ်ရှင်က သတိပေးဖူးတယ်တဲ့။ သစ်သစ်က မသိဘူး။အိမ်မှာမရှိတဲ့ အချိန် သူ့တူမကိုပြောသွားတာဆိုတော့။ဒါနဲ့ ရဲပါရောက်လာပီး( ရဲဆိုတာက စည်ပင်ရဲလို့ခေါ်ရမယ်ထင်တယ်) ခွေးပိုင်ရှင်မေးတော့ ပိုင်ရှင်က မရှိဘူး။ ဖြူမနဲ့ တတွဲတွဲဆိုတော့ သူတို့အိမ်ကို ရောက်လာတာတဲ့။ ထိုင်းမှာက ခွေးကို ရိုက်လို့မရဘူး၊မွေးထားရင် ဆေးမှန်မှန်ထိုးပေးရတယ်။ ခုလိုမျိုးဆိုတော့ ပြောတာပေါ့။ ဒါနဲ့ ကပ်ရက်က ပြင်သစ်အမျိုးသားက သူခေါ်ထားလိုက်ဟန် တူပါရဲ့ အဲဒီအိမ်ဘေးရောက်သွားတယ်။ နောက်တခါဆို ဖမ်းမယ်ဆိုတော့ သစ်သစ်လဲုဖြူမကို ထိန်းနေရဘီ။ သူတို့နှစ်ကောင် တော်တော်သိပုံရတယ်။ ညိုကြီးက ပိုသိတယ်၊ သူ့ကို ဖမ်းတော့မှာ ခေါ်သွားတော့မှာကို သိလားမသိပါဘူး။ ငြိမ်ကုပ်နေတယ်။ စိတ်ဓါတ်လဲ ကျနေပုံရတယ်၊ ကုပ်နေတာပဲ။ သစ်သစ်လဲ အလွတ်မပေးဘူး။ ဖြူမ အပြင်မထွက်အောင် တချိန်လုံးကြိုးချည်ထားတယ်။ တခါ ခနလွှတ်ပေးလိုက်တာ ညိုကြီးဆီပြေးပါလေရော။ သစ်သစ်က အခုပြန်လာခဲ့ နင် အဲလိုလုပ်နေရင် ဒီတခါ နင့်ကိုပါ ရဲဖမ်းမယ် ပြောသွားတာကြားတယ်မှလားတဲ့ ။ ဒီလို စောင့်ကြည့်နေတဲ့ကြားက လစ်ရင်လစ်သလို သူတို့နှစ်ကောင် တွေ့ကြတာ ၊ တစ်ရက်တော့ သစ်သစ် အလုပ်ကအပြန် ပက်ပင်းတွေ့ပါလေရော။ " အမလေး ဖြူမရဲ့. ငါကတော့ နင့်ကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ဒီနေ့ပဲ ရေချိုးပေးခဲ့တယ် အခုအကောင်တွေ တွေ့ပြန်ဘီ ငါတော့ သေချင်တာပဲဆို " ညိုကြီးလဲ ပြေးတာတန်းနေတာပဲ၊ ကျမမှာ အိမ်ထဲကနေ အားလုံးကြားပီး သူတို့နှစ်ကောင် အဖြစ်ကို စိတ်ရှုပ်ရှုပ်နဲ့ ရီနေရပါတော့တယ်။ ဘယ်လို စခန်းသွားကြမလဲမသိ၊ ဒုက္ခပါပဲလို့ တွေးမိပါတယ်။
                       ခုတော့ အိမ်ဘေးကထောင့်လေးမှာ သူတို့နှစ်ကောင် အလန့်တကြားတွေ့နေတော့ ကျမ အသံထွက်အောင်ပဲရယ်မိပါတော့တယ်။ ဖြူမအိမ်ကို လှမ်းကြည့်တော့ ဧည့်သည်အဝင်အထွက်တွေများပီး ဝရန်တာတံခါးလဲ မပိတ်ဖြစ်ကြဘူးထင်ပါရဲ့၊ သစ်သစ်ကို ကိုယ်ချင်းစာပီး ဖြူမလွတ်ပီး ညိုကြီးနဲ့အတူရှိနေတယ်လို့ လှမ်းပြောမလိုပြင်ပီးမှ ဘာ့ကြောင့်မှန်းမသိ သူတို့နှစ်ကောင်ကို သနားပီး နှုတ်ပိတ်ပီးနေလိုက်တော့တယ်။ တအောင့်နေတော့ ဖြူမတစ်ကောင် သူ့နေရာသူ အပြေးလေးပြန်သွားတာတွေ့လိုက်ရတယ်။ ကျမလဲ ဝရန်တာကနေ လှမ်းကြည့်လိုက်တော့ လျှာလေးတစ်လစ်နဲ့ ကျမကို ကြည့်နေလေရဲ့။ သူကျမကို တစ်ခုခု ပြောချင်နေတာများလား။  သူ့ကို မတိုင်ပါနဲ့ပြောချင်တာလား၊ မတိုင်တဲ့အတွက် ကျေးဇူးတင်နေတာလား၊ တခုခုတော့ တခုခုပင်။

 

                                                                                                                                                                             ခိုင်ခိုင်စောလွင်