Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

picture

ထောင်ထဲရှိနေတဲ့ ၂၀၀၀ ခုနှစ် ဆောင်းတစ်မနက်မှာ ရေးဖြစ်တာပါ။ အဲဒီမနက်က နှင်းတွေ တအားကျလို့ ထောင်ဖွင့် နောက်ကျပါတယ်။ တိုက်ခန်းထဲကအားလုံး ထောင်ဖွင့် သံချောင်းသံကို စောင့်နေကြချိန်မှာ ကျနော့် မျက်နှာချင်းဆိုင် တိုက်ခန်းထဲက ရဲဘော်တစ်ယောက်က ခင်ဝမ်းရဲ့ ပြည်မှာဆောင်းသီချင်းကို တိုးတိုးလေး ညည်းနေပါတယ်။ သူညည်းနေတဲ့ သီချင်းသံကို နားထောင်ရင်း စိတ်အာရုံမှာ စကားလုံးတွေ ထင်လာပါတယ်။ ဒါနဲ့ ဒီအရေးအသားတွေကို ချရေး ဖြစ်သွားပါတယ်။

၂၀၀၅ အတွင်းထုတ်တဲ့ ရနံ့သစ် မဂ္ဂဇင်း တစ်အုပ်မှာ ဖော်ပြခဲ့ပါတယ်။ ကျနော့်မှာ စာအုပ်လက်ခံ မရှိတော့လို့ အတိအကျ မဖော်ပြနိုင်ပါ။ အခုစာစုကို ထောင်တွင်း အနုပညာပြပွဲအတွက် ပေးဖို့ စာရွက်စာတမ်းဟောင်းတွေ ပြန်ရှာရင်း ပြန်တွေ့တဲ့ ထောင်တွင်းတုန်းက ရေးခဲ့တဲ့ စာရွက် အကြမ်းတွေထဲက တဆင့် ပြန်ကူးထားတာပါ။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်က အရေးအသားတွေပဲ ဖြစ်ပါတယ်။

 

ကြေကွဲပဲ့တင်

မနေ့တွေ လိုပါပဲ။ သိပ်သိပ်သည်းသည်း နှင်းတွေ။ အဲဒီ တိတ်ဆိတ်မှုထဲ ကျွန်တော် စိတ်လိုလက်ရ ငေးနေမိပေါ့။ အပြာမှိုင်းမှိုင်း ရေစက်တွေနဲ့ စေးထန်းနေတဲ့ ပြတင်းမှန်တွေ၊ အခန်းလေးထဲတွင် ပန်းချီကား တစ်ချပ်မျှ ချိတ်ဆွဲမထားပါ။ လိင်ဆွဲဆောင်မှု အားကောင်းသော ပေါင်တံလှလှများလည်း မရှိပါ။ ထို့ကြောင့်ပင် အခန်းလေးသည် ပန်းချီကားတစ်ချပ် ဖြစ်နေပြီး လိင်ဆွဲဆောင်မှု အားကောင်းသော ပေါင်တံတစ်ချောင်း ဖြစ်နေပါသည်။ အခန်းရှေ့မှာတော့ ….. နှင်းတွေ …. အသံ မမြည်အောင် လောင်ကျွမ်းလို့။

ကျွန်တော် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ကော်ဖီတစ်ခွက် လှမ်းမှာလိုက်သည့် အချိန်မှာပင် “ဘယ်နှနာရီရှိပြီလဲ” ဟူသော မေးမြန်းသံ ပေါ်ထွက်လာပါသည်။ လူသားများ သိမှတ် ပိုင်းထစ်ထားသော အချိန်ကာလဟူသည့် အနတ္ထသညာ ပြုထားခြင်းအပေါ် တစုံတရာ စိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် တဖွဲဖွဲ သက်ဆင်းနေသော နှင်းများကိုသာ ငေးမောနေမိပါသည်။

ဒေသစံတော်ချိန် ၆ နာရီတိတိ။

ကျွန်တော့်အတွက် ကော်ဖီ ရောက်မလာသေး။ ယနေ့ထုတ် သတင်းစာများတွင် ကျွန်တော့် နာရေးသတင်းကို ကျွန်တော် မဖတ်ရသေး။ နှင်းတွေ … ခုလိုအချိန်မျိုး မှာ ခင်ဝမ်းရဲ့ “ပြည်မှာဆောင်းသီချင်းကို နားထောင်ရရင် ကောင်းမလား။ ဒါမှမဟုတ် “နှင်းဆိုလည်း ကောင်းတာပဲ။ ကက်ဆက် ခလုပ်ကို နှိပ်လိုက်တော့ လူမှုဗေဒရဲ့ ကွေ့ကွေ့ကောက်ကောက် မျဉ်းတွေ ထွက်ကျလာ။ ဒါနဲ့ခလုပ်ကို အမြန်ပြန်ပိတ်လိုက်ရ။ ဒီအချိန်ဆို ပါရီမြို့ကြီးမှာ ကော နှင်းတွေ ဝေနေပြီလား။ ယခု ကျွန်တော်မြင်တွေ့နေသည်မှာ ကာဆင်းဘာ့ဂ်၏ နှင်းများ မဟုတ်ကြောင်းကိုတော့ ကျွန်တော် အာမခံနိုင်ပါသည်။ မီးကို စတင် တွေ့ရှိခဲ့ခြင်းသည် လူ့ယဉ်ကျေးမှုကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေသည် ဟု စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ဖူးပါသည်။ ကောင်မလေးကို ကျွန်တော် စတင် တွေ့ရှိခဲ့တာကတော့ ခုလို နှင်းတွေ ပိတ်သည်းနေတဲ့ မနက်ခင်းလေးမှာ။ သို့သော် ထိုမနက်က ကောင်မလေး၏ အညိုရောင် ဆံပင်တွေမှာ ခုလို နှင်းတွေ စွတ်စိုမနေခဲ့။ ကျွန်တော့် သက်ပြင်းတွေဟာလည်း ခုလို အေးခဲမနေခဲ့။ နေ့တွေ ညတွေက ကျွန်တော်တို့ နှစ်ယောက်ကြားမှာ တဖွဲဖွဲကြွေလို့။ အဲဒီမနက်က ကောင်မလေးကို ကျွန်တော် တခုခု ပြောဖို့ ကြိုးစားနေမိတယ်။ ကျွန်တော့် နှုတ်ခမ်းတွေ ပူနွေး တုန်ရင်လို့။ ကျွန်တော် ဘာပြောလိုက်ရမလဲ။ အချိန်တွေ တရွေ့ရွေ့ ဖြတ်သန်း။ နှင်းတွေ ပိုလို့ ပိုလို့ သိပ်သည်းလာ။ ကျွန်တော် ပြောလိုက်တော့မယ်။ တစ်ခုခု။

ဒါ

နားထောင်ကောင်းရုံသက်သက်

မဟုတ်ခဲ့တာ သေချာ။

ဒါ

ဝိဥာဉ်တစ်ခုရဲ့

ရူးသွပ်တဲ့တေးသွား

တစ်ဘ၀စာ

ဖျားနာခဲ့ရသူတစ်ယောက်ရဲ့

ကြေကွဲမှုဖြောင့်ချက် ဖြစ်တယ်။

ကျွန်တော့်စကားသံ မဆုံးခင်မှာပဲ ကောင်မလေးက ရယ်တယ်။ တိုးတိုးဖွဖွ။ ကောင်မလေးရဲ့ ရယ်သံမှာ ကျွန်တော့်အတွက် လှောင်ပြောင်မှုတွေ ဘယ်နှစ်ကီလိုလောက် ပါနေမလဲ။ အဲဒီရယ်သံ မဆုံးခင်လေးမှာပဲ ကောင်မလေးရဲ့ အဝေးကို ကျွန်တော် ရောက်သွားခဲ့ရပေါ့။ အရာရာတိုင်းသည် ထိုအခိုက်တွင် ပြဇာတ်ဆန်နေပြန်၏။

လွမ်းတယ် …. နှင်းတွေ တဖွဲဖွဲကျနေတဲ့ လမ်းကလေးကို လွမ်းတယ်။

လွမ်းတယ် ….. နှင်းတွေ တဖွဲဖွဲကျနေတဲ့ အိမ်သေးသေးလေးကို လွမ်းတယ်။

လွမ်းတယ် …. နှင်းတွေ တဖွဲဖွဲကျနေတဲ့ ကောင်မလေးကို လွမ်းတယ်။

သို့သော် ထိုအရာကို အရပ်သုံးဘာသာ စကားဖြင့် ရှင်းပြ ပြောဆိုရန် ခဲခက်နေသည့်အတွက် နှစ်ပေါင်းများစွာ ကျွန်တော့် အရေပြားအောက်တွင် အငွေ့တထောင်းထောင်းထ ငြိမ်သက်နေရပါသည်။

ကျွန်တော့် ရင်ဝတွင် နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသည်မှာ ချွန်မြ အေးစက်နေသော ခေတ်ကြီးတစ်ခေတ်ပင်ဖြစ်သည်။ အနုပညာ ကိုယ်ခံအား တရိပ်ရိပ် ကျဆင်းနေသော မြို့ကလေးကတော့ အစာဝထားတဲ့ တောကောင်တစ်ကောင်လို ငြိမ်ချက်သား ကောင်းနေဆဲ။ ကျွန်တော့် စိတ်ကူးများအတွက် နှစ်တွေ မလောက်ငခဲ့တာ ကြာပြီ။

ကျွန်တော် တစ်ဦးတည်းသာ သိရှိနားလည်ထားသော အိပ်မက်များ၏ ဈာပန အခမ်းအနားသို့ မည်သူမျှ ပန်းတစ်ခြင်း မပို့လိုက်ပါ။ ကျွန်တော့် အတွက် ကော်ဖီရောက်မလာသေး။ ကျွန်တော် စီးကရက်တစ်လိပ်ကို မီးညှိလိုက်စဉ် အခန်းထဲတွင် တားမြစ်စာတမ်းများ ချိတ်ဆွဲမထားခြင်းအတွက် စိတ်သက်သာရာ ရမိသည်။ ကန့်သတ်ချက်များ မျက်နှာခဏ လွှဲပေးထားပါ။ ကျွန်တော် လွတ်လွတ်လပ်လပ် စီးဆင်းပါရစေ။ ကျွန်တော့်ကို အိပ်မက်ထည့်မက်လေ့ မရှိသော  အမှန်တရားကတော့ နှင်းမှုန်တွေကြားထဲမှာ ဝေးလံ မှုန်ဝါးနေဆဲလား။ တကယ်ပါ …. ကျွန်တော်က ဒုက္ခတွေကိုသာ မြိန်ယှက်နေချင်တဲ့ကောင်လေ။

လွမ်းဖွယ် မနက်ခင်းလေး။ နာကျင်မှုတွေနဲ့ လေးလံလို့။ ဒေသစံတော်ချိန် ၆ နာရီ။ နှင်းတွေတဖွဲဖွဲ။ ကျွန်တော် ကြေကွဲပေါ့ မေမေ။ မှိုင်းပြာပြာ အခိုးအငွေ့တွေက ပြတင်းမှန်မှာ ဝေ့လူးလို့။ ဟဲမင်းဝေးဟာ သူ့ရဲ့ နောက်ဆုံးအိပ်ရာအဖြစ် အ၀ါရောင် ပြောင်းခင်းကို ဘာဖြစ်လို့ ရွေးချယ်သွားပါလိမ့်။ အဘိုးကြီး စန်တီယာဂိုရဲ့လက်ထဲက ငါးအရိုးစုကြီးကြောင့်များလား၊ လောကတွင် သေခြင်းတရားက ပိုင်ဆိုင်ခြင်းကို ခံရ သူနှင့် သေခြင်းတရား ကိုပိုင်ဆိုင်သူဟူ၍ နှစ်မျိုးသာရှိကြောင်း မယုံကြည်ကြသူများထံသို့ ဗန်ဂိုး၏ နားရွက်တစ်ဖက် ပို့လိုက်ပါမည်။

ဒီလိုပါပဲ  … ဟောဒီ ဒွန္တယာကြီးမှာ ကျွန်တော့်ကို တဖွဲဖွဲ ထိမှန်နေသည်မှာ ဝေးလံသော အရပ်ဆီမှ အရှိန်ပြင်းစွာ လွင့်မျောလာသော ချစ်သူ၏ အနမ်းများ မဟုတ်ခဲ့သည်ကို ယခုဝါကျဆုံးလျှင် သတိရပါမည်။ ဟန်ဆောင်ခြင်းကို ရွံမုန်းတတ်ကြသော်လည်း ရုပ်ရှင် တစ်ကားကိုတော့ နှစ်နှစ်ခြိုက်ခြိုက် ကြည့်တတ်ကြသည်။ ထို့ကြောင့်ပင် ကျွန်တော့် နှစ်များသည် လွယ်ကူစွာ အေးခဲခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

“ကဗျာဆရာ လုပ်တယ်။ …. ဟုတ်လား”

(လူမမာသတင်းလာမေးသလို အဲဒီ မျက်နှာပေးမျိုးတွေကို အမုန်းဆုံးပဲ။)

“ပျော်ရွှင်မှုဆိုတာ ၀ယ်လို့ရတယ်။ မင်းမှာ လုံလောက်တဲ့ ငွေကြေးရှိရင်ပေါ့”

(အခန်းထဲတွင် တစ်ချိန်လုံးရှပ်တိုက်နေသော ထိုငွေစက္ကူ တစ်ချပ်ကို မနေ့ကပင် ကျွန်တော် စုတ်ဖြဲခဲ့ပြီးပြီ။)

 

    ““တံခါးတွေ ပိတ်မထားပါနဲ့ ကျွန်တော်တို့ကျန်းမာရေးအတွက် လေကောင်းလေသန့်ရှူဖို့လိုတယ်””

 

    (မှတ်ချက်ရေးမထား)

 

    ကျွန်တော် မီးညှိလိုက်သော စီးကရက်ထဲတွင် လေးလံ ညွှတ်ကွေးသော အတွေးများက အတောင်တဖျပ်ဖျပ် ခတ်လျက်။ လူတွေဟာ သန့်သန့်စင်စင် မရယ်တတ်ကြဘူးနော်။ ကိုယ်တော်တာလူ သိဖို့ အကုသိုလ်အမှုကို ကျူးလွန်တဲ့နေရာမှာ အာသွက်လျှာသွက် ရှိလွန်းလှ တယ်။ ကြက်တူရွေး တစ်ကောင်ကတော့ သူ့အသံ သူသွင်းထားတဲ့ ကက်ဆက်ခွေကို ခေါင်းတင်ရင်း အိပ်ငိုက်နေလေရဲ့။ ကမ္ဘာကြီးဟာ သူ့နှလုံးသား သူပြန်ပွတ်သပ်ဖို့ အချိန် မရသေးဘူး။ အဲဒါပဲ ကျွန်တော် ပြောနေရတာ။ အင်္ဂါဂြိုဟ်ပေါ် သွားဖို့ လိုသလို ကိုယ့်ရဲ့ အစစ်အမှန် အတွင်းသားဆီ ကိုယ်အရောက်သွားဖို့ကော မလိုအပ်ဘူးလား။ အနုပညာ အကြောင်း မဆွေးနွေးမီ ရိုးသားမှုအကြောင်း အရင်ဆွေးနွေးကြလျှင် ကောင်းပါလိမ့်မည်။

အမှန်တရားသေပြီ၊

ဘုရားသခင်သေပြီ၊

သို့သော် နစ်ရှေး မသေသေးပါ၊

ဆော့ခရတ္တိ မသေသေးပါ၊

အာသာရင်းဘိုးမသေသေးပါ၊

ဂျွန်လင်နွန်မသေသေးပါ၊

မြို့မငြိမ်းမသေသေးပါ။

ထိုအရာသည်ပင် ကျွန်တော့်သွေးကြောထဲတွင် တ၀ီဝီ ပျံသန်းနေသော သီချင်းတစ်ပုဒ် ဖြစ်နေလေ၏။ သင်တို့အလွယ် တကူ ခူးဆွတ်နိုင်ရန် ကျွန်တော့် ရူးသွပ်မှုများကို ဤနေရာတွင် စိုက်ပျိုးထားလိုက်ပါသည်။ နှင်းတွေ သိပ်သိပ်သည်းသည်း ကျနေပေါ့။ ကောင်မလေးက အညိုရောင် ဆံပင်တိုတိုလေးတွေ ဝေ့ဖွာသွားအောင် ယမ်းခါလိုက်တယ်။ ကြောက်မက်ဖွယ်တစ်ခုကို တွေ့လိုက်ရသလို ကျွန်တော့်နှလုံးသားဟာ ဆွံ့အသွားပေါ့။ မနေ့ညက ကျွန်တော် ဖတ်ခဲ့သည်မှာ ရှယ်လီ၏ “ဝေးကွာခြင်းက တို့အတွင်းမှာကဗျာမဟုတ်ခဲ့ပါ။ အူသံတွေကို နားထောင်ဖို့ ကျွန်တော့်ဘ၀ တစ်ခြမ်းလုံး ပေးထားရတယ်။ ကျွန်တော့်ကို တမြေ့မြေ့ ပဲ့ကြွေနေ စေသည်မှာ တလက်လက် လင်းနေသော အညိုရောင် မျက်ဝန်းတစ်စုံသာ ဖြစ်ပါသည်။

“မိုက်မဲမှု” ဟု အမည်ပေးထားသော ပန်းချီကားကို ကျွန်တော် အဆုံးသတ်လိုက်ပါပြီ။ ယဉ်ကျေးပျူငှာသော လှောင်ရယ်သံများ ကျွန်တော့် နားထဲတွင် ပဲ့တင်နေဆဲ။ ဆင်ခြင်တုံတရားဖြင့် မသိနိုင်သော အမှန်တရား/အရှိတရားများကို ပြင်းထန်သော ခံစားချက် ဝေဒနာဖြင့်သာ သိနိုင်သည်ဟု ယန်းပေါဆတ် က ပြောခဲ့သည်။

နှလုံးသား၏ နက်ရှိုင်းမှုဆီမှ လျှံထွက်လာသော အသံများအတွက် ကျွန်တော့်မှာ စကားလုံး ရှာမရသေး။ လွဲချော်မှုများသည် အခန်းထဲတွင် ပို၍ စနစ်ကျစွာ  ပျံသန်းနေကြ၏။ နှင်းတွေ တဖွဲဖွဲ၊ မျှော်လင့်ခြင်းများ တငွေ့ငွေ့ ခမ်းခြောက်လာနေသော မေမေ့ရဲ့ မျက်ဝန်းတွေမှာ ခုလို နှင်းတွေ ဝေမနေပါစေနှင့်။ မနက် ၆ နာရီ။

ကိုယ့်ကိုယ်ကို လွှင့်တင်ရာမှာ မအောင်မြင်ခဲ့တဲ့ မနက်ခင်းလေးပါပဲ။

အရာရာတိုင်းသည် ဖြစ်မြဲအတိုင်းပင် ကျွန်တော့်ထံသို့ လွဲမှားစွာ ပေါက်ရောက်ခဲ့ပါသည်။

ကျွန်တော်နှင့် ကမ္ဘာကြီးကြားတွင် နှင်းတွေ သိပ်သိပ်သည်းသည်း ကျလို့။ ယနေ့ထုတ် သတင်းစာတွင် ကျွန်တော့် နာရေးသတင်းကို ကျွန်တော် မဖတ်ရသေးသည့်အတွက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည့် အခိုက်မှာပင် အခုရောက်နေတာ ဘယ်နေရာမှာလဲဟူသော မေးမြန်းသံ ထွက်ပေါ်လာပါသည်။

ဒေသစံတော်ချိန် ၆ နာရီတိတိ၊

ကျွန်တော့်အတွက် ကော်ဖီမရောက်သေး၊

နှင်းတွေ၊

(၂၀၀၀)

 

 

ဘုန်းသက်ပိုင်