Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

black hands

 

 

ဘာအလုပ်မှ မယ်မယ်ရရ မရှိပဲ လမ်းပေါ်ထွက်လာခဲ့တယ်။ ထုံးစံအတိုင်းလို့ ပြောရင်လည်းရတာပေါ့။ ဘာအလုပ်မှ မယ်မယ်ရရ မရှိဆိုတာ လုပ်စရာကို မရှိတာ။ လုပ်စရာကတော့ရှိတယ်။ မလုပ်လည်း ဖြစ်တဲ့ အလုပ်မျိုးဆိုပါတော့။ တဖက်ကပြန်စဉ်းစားရင်တော့ လုပ်ရင်လည်း ဖြစ်တဲ့အလုပ်တွေပါ။ ဘာပဲဖြစ်ဖြစ် လမ်းပေါ်ရောက်လာခဲ့တယ် ဆိုကြပါစို့။



အမှန်တကယ်ကိုလည်း လမ်းပေါ်ကိုရောက်သွားခဲ့ပါတယ်။ ခပ်ပြင်းပြင်းပူတဲ့ နေရောင်က ကျောကို စူးစိုက်ဖောက်ထွင်းတယ်။ မျက်လုံးတွေက ကျိန်းစက်လို့။ အရေပြားက စပ်ဖျင်းဖျင်း ဖြစ်နေသလိုပဲ။ ခေါင်းဆောင်းစရာ အရာတစ်ခု ဦးထုပ် ထီး ဒါမှမဟုတ် နှီးခမောက်တစ်လုံး။ ရွာကို သတိရမိတယ်။ မြို့လယ်လမ်းပေါ်က ရွာကို တမ်းတတယ်။ ဒီလိုပဲပေါ့။

 

ရွာအ၀င်လမ်းမှာက ဖုန်တွေတထောင်းထောင်း။ နေရောင်က တဗြောင်းဗြောင်းပဲ။ မိုးရွာလို့အရမ်းသည်းရင်  တဗြောင်းဗြောင်းအသံပဲကြားရတယ်။ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ အသားအရေက နေရောင်ထိဖို့လိုအပ်တယ်။ မြေမထိ၊ ရေမထိ၊ လေမထိ နဲ့ အသားအရေက ဖုတ်တကောင်လို ဖြူစွတ်စွတ်။ ရေခဲတိုက်ထဲကပဲ ထလာသလို။ သေဆုံးရာက ရှင်သန်လာသလို။ ရှင်သန်ထမြောက်ခြင်းဆိုတာ တရားတော်ထဲမှာပဲ ရှိသင့်တဲ့အရာ မဟုတ်ဘူး။

 

လမ်းပေါ်က လူတစ်ချို့က အထူးအဆန်းမဟုတ်တဲ့ အရာကို အထူးအဆန်းလုပ်နေတယ်။ အဲတာခက်တာပဲ။ ဘာမှမထူးဆန်းတာတွေကို ထူးဆန်ချင်ယောင်ဆောင်လို့။ တစ်ခါအလိမ်ခံရပြီးလည်း အခါခါ အလိမ်ခံဖို့အသင့်ဆိုတဲ့အတိုင်း မျက်လှည့်ဝိုင်းဆန်ဆန်။ လူရှိရင် တစ်မျိုး၊ လူမရှိရင် တစ်မျိုး ကြည့်ပါလား မျက်နှာကိုက ဆိုတာ။ ဟုတ်ကဲ့ ခင်ဗျာ။ လမ်းတွေပေါ်မှာ မျက်လှည့်ဝိုင်းတွေ တော်တော်များပါတယ်။ ရှေ့ဆက်သွားရင် ဆပ်ကပ်ရုံကြီး ရှိနေသလို ။ မျက်စိကို စိတ်ကြိုက် လှည့်စားနိုင်ပါတယ်။

 

ရောက်လာမှတော့ ဦးတည်ရာဆိုတာရှိတယ်။ ဦးတည်ရ လက်ဖက်ရည်ဆိုင်က မြို့ပြင်မှာ။ လက်ရှိ ရောက်နေတာက မြို့ထဲမှာ။ ကော်ဖီဆိုင်မှာတော့ အလွမ်းသင့် တစ်တွဲ နှစ်တွဲ။ လျှပ်ပေါ်လောလီတယ်ဟု မသုံးပါနှင့်။ မိန်းကလေးတစ်ချို့ အဖော်အချွတ်လွန်ကဲတယ်။ ပန်းဆိုးတန်းဘက် သွားရင် ပန်းဆိုးတန်းဈေးကွက်ရှိမယ်။ ပေါပေါ ပဲပဲ ရနိုင်တယ်။ ဘားလမ်းဘက်ဆင်းရင် ဘားလမ်းဈေးကွက်ရှိတယ်။ ပေါပေါ ပဲပဲ ပါပဲ။ မြို့လယ်ကတိုက်တွေ သိပ်မြင့်လာရင် ဆူးလေဘုရား ပျောက်သွားမှာပေါ့။ ဒီအခါကျရင် ဘုရားရိပ်၊ တရားရိပ် ဆိုတဲ့နေရာမှာ တိုက်ရိပ် ကွန်ဒိုရိပ် ဆိုတာ ဖြစ်လာမှာ။




ဆန္ဒရှိတယ်ဆိုရင် ခြေထောက်တစ်စုံသာ လိုပါတယ်။ လိုရာသွားနိုင်ဖို့။ လိုရာသွားနိုင်ဖို့။ ရွာမှာလိုတော့ ဖုန်တထောင်းထောင်း မဟုတ်ဘူး။ မီးခိုးငွေ့က တထောင်းထောင်း။ အိတ်ကပ်ရဲ့ ချိန်ဆမှုက ခိုနားရမယ့် တစ်နေရာအတွက် အဆုံးအဖြတ်ပဲ။ အထပ်နှစ်ဆယ်သွားချင်သလား။ မြေညီထပ်မှာ နေချင်သလား။ ခပ်သန့်သန့်ကလေး။ အယောင်ဆောင်ထားတဲ့ ကာဖီဆိုင်တွေကလည်း လမ်းပေါ်မှာ များများစားစား။ လမ်းနံဘေးကလည်း လှမ်းငေးလို့ရတယ်။ အဆာပြေ ယင်နားစာများ သုံးဆောင်ပါ။

 

တရိပ်ရိပ်တက်လာတဲ့ အပူရှိန်က တဒိတ်ဒိတ် ခေါင်းကို လှုပ်နိုးနေမယ်။ တစ်ခါထွက်ပြီး နောက်တစ်ခေါက်ထွက်ဖို့ မတတ်နိုင်တော့ဘူးဆိုတာ ကြားနေကျ။ အပူရှိန်မြင့်တာကို စကားလုပ်ပြောရင်း လူတွေဟာ လမ်းမပေါ်မှာ သူလို ကိုယ်လို။ ရောထွေးနေတဲ့ အရိပ်တွေကြား တိုက်နံဘေးမှာ တွယ်ကပ်နေတာ မျော့စိမ်းတွေလို။ မြို့လယ်မှာ မျော့တွေသိပ်များတယ်။ သွားသတိ။ လာသတိ။ ထားပါ သတိ၊ အသိ။ အကွက်ရွေ့မှားရင် အစားခံရမယ်ဆိုတာ သီချင်းထဲမှာ မဟုတ်ဘူး။

 

မြို့လယ်မှာ ဖုန်နံ့ရတယ်ဆိုရင် မြို့က ဖုန်တက်နေလို့ ဖြစ်မှာပေါ့။ လမ်းပေါ်မှာတော့ တစ်နေကုန် တစ်နေခမ်း အပူငွေ့က တထောင်းထောင်း။ အလုပ်ရှိတယ်ဆိုရင် အခုမီးပျက်သွားလို့ မနက်ဖြန်မှ ထပ်လာခဲ့ပါ။ တိုက်စွယ်မှာ နေကွယ်တဲ့အခါ လမ်းပေါ်မှ ဘတ်စ်ကားအူသံညံစီတော့မယ်။ တိုက်နံရံက မျော့တွေဟာ သူ့အလိုလို ကွာကျလာတော့တာပဲ။ အခန်းထဲမှာနေတဲ့အတိုင်း အသားအရေက ဖြူဖတ်ဖြူလျော်။

 

ဘာအလုပ်မှ မယ်မယ်ရရ မရှိပဲ လမ်းပေါ်ထွက်လာခဲ့တယ်။ ဘာအလုပ်မှ မယ်မယ်ရရ မရှိဆိုတာ လုပ်စရာကို မရှိတာ။ မလုပ်လည်း ဖြစ်တဲ့ အလုပ်မျိုးဆိုပါတော့။ လုပ်စရာကတော့ရှိတယ်။ တဖက်ကပြန်စဉ်းစားရင်တော့ လုပ်ရင်လည်း ဖြစ်တဲ့အလုပ်တွေပါ။ လမ်းပေါ်ကိုတော့ ရောက်သွားခဲ့တာပါပဲ။

 

တောကျောင်း