Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

picture

နေခြည်ဝင်းဝင်းနှင့် လှုပ်လှုပ်ရှားရှား ပတ်ဝန်းကျင်တို့မှတဆင့် နွေးထွေးသော အပျော်ကို သယ်ဆောင်လာခဲ့ပေးသော နွေဦးတစ်ခု လွန်မြောက်ခဲ့ပြန်ပြီ။ နှင်းဖွေးဖွေးနှင့် သစ်ကိုင်းခြောက် ထီးထီးတွေကြားမှာ တချိန်လုံးလိုလို ငိုချင်ဝမ်းနည်းနေခဲ့ရသော တိတ်ဆိတ်သည့် ဆောင်းပန်းချီကို မေ့လျော့ဖို့ ကြိုးစားနိုင်သည့် အင်အားကိုလည်း နွေဦးက သယ်ဆောင်လာပေးခဲ့သည်။

နွေဦး ရောက်သည် နှင့် ဆောင်း ရာသီမှာ အဖြူ၊ အမည်း နီးပါး ဖြစ်ခဲ့သော လောက ၀န်းကျင်တွင် ရောင်စုံ လွှမ်းလာပြီ။ ကောင်းကင် က ပြာပြာ။ မြေပြင်တွင် မြက်ခင်း စိမ်းစိမ်း။ သစ်ကိုင်းတွေ ပေါ်မှာ အသွေးစုံ ပုရစ်ဖူးတွေ အစီအရီ။

အရိုးပြိုင်းပြိုင်း ဘ၀ဖြင့် ကြောက်မက်ဖွယ်အအေးဒါဏ်ကို အံကြိတ် တင်းခံခဲ့သော သစ်ကိုင်းခြောက်များ အားထိုး ခွဲထွက်လာတာက အလွန်နုညံ့သော ပွင့်ဖတ်ပွင့်လွှာများဖြင့် ဖွဲ့စည်းထားသည့် ပန်းဖူးတွေဖြစ်သည်။ ထိုပန်းပင်တွေက နွေဦးမှစ၍ အစွမ်းကုန် ပွင့်လန်းလှပစေဖို့ ခြောက်ခြားဖွယ်ဆောင်း၏ အအေးဒါဏ်အောက်မှာ အားယူခဲ့သည်ပေါ့။ နှင်းထုဖုံးလွှမ်းသော သစ်ကိုင်းခြောက်များအတွင်းမှာ ‘ နေသေးသပ ရယ်လို့ ‘ ချိုသွေး ခဲ့ကြသည်ပေါ့။

နေခြည်ဝင်းလာတော့လည်း နှင်းများက တောင့်မခံနိုင်။ ရေအဖြစ် အသွင်ပြောင်းကာ မြေကြီးထဲ စိမ့်ဝင်ကြ ရသည်။ ထိုရေဓါတ်က သစ်ပင်များကို အသက်ဆက်စေပြန်ကာ နွေဦးမှစ၍ စုံလင်များပြားသော ပန်းများကို ပွင့်စေ ပြန်သည်။

နွေဦးက မျက်နှာမလိုက်ပါ။ ကျမခြံထဲကိုလည်း ရောက်လာ၍ ကျမပျိုးထားသော ပန်းတွေကို ပွင့်စေသည်။ ဒါပေမယ့် မတည်မြဲတတ်သော သဘာဝတရားအရ ကျမ ပန်းများကလည်း အမြဲတန်းတော့ လှမနေနိုင်ပါ။ ရှဥ့်ကလေးတွေက တချို့ပွင့်ဖတ်တွေကို လာစားသည်။ ငှက်ကလေးတွေက အညွှန့်အညှောက်တွေကို ထိုးဆိတ်သည်။

ရွက်ကြွေရာသီကလည်း သစ်ပင်များ၏ အရွက်တွေကို ခြွေချ၍ မကြာခင် ကြွေလျောရမည်ဖြစ်ကြောင်း ပန်းများကို နမိတ်ပြသည်။

မကြာခင် ဆောင်းရာသီ ရောက်လာဦးတော့မည်။ အအေးဒါဏ်နှင့် နှင်းထုက ပန်းများ၏ ဇီဝိန်ကို ခြွေဖို့ ကြိုးစားကြလိမ့်မည်။ ပန်းပွင့်ဖတ်လွှာတွေကလည်း အားမတန် မာန်လျော့၍ ကြွေလျောကြရမှာပေမယ့် သူတို့၏ဇီဝစွမ်း အားများကို အရိုးပြိုင်းပြိုင်း သစ်ကိုင်းများထဲတွင် သိုလှောင်၍ ဆောင်း၏ဒါဏ်ကို အံကြိတ် ခံကြဦးမည်။ နောက်တနွေ နေခြည်ဝင်းဝင်းနှင့် ပေါင်းဆုံရချိန်မှာတော့ ထိုရုပ်ဒြပ်မဲ့အင်အားတို့က ပန်းပွင့်များအဖြစ် ပြောင်းလဲကာ လူသားတို့အား ကြည်နူးပျော်ရွှင်စေဦးမည်။ ဆောင်း၏ အအေးဒါဏ်နှင့် နှင်းထုက ပန်းများ၏ ပွင့်ချပ်ပွင့်လွှာတွေ ကိုခြွေနိုင်ပေမယ့် သစ်ကိုင်းခြောက် ရိုးတွင်း ခြင်ဆီထဲတွင် ကိန်းအောင်းနေသော ရုပ်ဒြပ်မဲ့ ၀ိညာဉ်အင်အားကိုတော့ ဘယ်လိုမှ မဖျက်ဆီးနိုင်ပါ။

ကျမတို့တတွေလည်း နွေဦးတဖန် ရောက်လာချိန်ကို မျှော်၍ ရာသီကြမ်း ဆောင်းများကို ဖြတ်သန်းနေကြရသည်ပင်။ အနှောက်အယှက် အမျိုးမျိုးကြောင့် ပျက်စီးသွားရသော ပန်းတွေနေရာမှာ အစားထိုးဖို့ ပန်းပင်အသစ်တွေ စိုက်နေကြရသည်ပင်။ အပျက်အစီးကို စိတ်ပျက်ပြီး ထပ်မပျိုးလျှင် ပန်းလှလှတွေကို ကြည့်၍ ကြည်နူးရသော အရသာ ဆုံးရှုံးရမှာ ကျမတို့ပဲဖြစ်သည်။ ဆောင်းကိုကြောက် (မုန်း၍) ၍ လက်ပန်းကျနေလျှင် နွေဦးကို မကြိုနိုင်မှာ ကျမတို့ ပဲဖြစ်သည်။ 

နွေဦးများ လှဖို့ဆိုတာ ဆုတောင်းနေရုံနှင့် တော့မပြီးပါ။ ဘ၀၏ ရာသီကြမ်းများအတွင်းတွင် ပန်းများအား ပွင့်လန်းလာစေနိုင်သော ၀ိညာဉ်အင်အားတွေကို ကျမတို့ ခန္ဒာကိုယ်ထဲမှာ သိုလှောင်ထားနိုင်သမျှတော့ ကျမတို့ နွေဦးတွေကလည်း ပန်းစုံပွင့်၍ လှနေလိမ့်မည်ဖြစ်သည်။

ခက်မာ

 

အင်္ဂလိပ်လို ရေးသားထားသော စာမျက်နှာအား အောက်ပါလင့်တွင့် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

 (http://himalmag.com/component/content/article/4840-preparing-for-the-spring.html)