Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

ပါဖေါင်းမင့် သမားတဦးရဲ့ မှတ်စု

 

ကျွန်တော် ဧပြီလ (၃) ရက် နေ့မှာ ရန်ကုန်မြေကို ပြန်ရောက်ခဲ့ပါတယ်။ (၄) ရက်နေ့မှာတော့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုလွင်ကိုလတ်ရဲ့ မင်္ဂလာဆောင်ကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖွဲ့နဲ့ လိုက်ပါသွားဖြစ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ကိုပေါ်(ကိုမင်းကိုနိုင်)က နောက်တရက်မှာ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ဦးဆောင်ပြီးလုပ်မယ့် လူငယ်ထုအတွင်း အကြောက်တရား ကင်းဝေးစေရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ပါမယ်။ အဲဒီပွဲကို လာပြီးတော့ အကြောက်တရား ပပျောက်ရေး အကြောင်းနဲ့စပ်ပြီး ပါဖေါင်းမင့် အနုပညာတခု ဖန်တီးတင်ဆက်ပေးဘို့ ပြောလာပါတယ်။

 

ကျွန်တော်၂၀၀၅ ထောင်က လွတ်ကာစ ပြင်သစ်သံရုံးက လုပ်တဲ့ ပွဲတခုမှာ ပါဖေါင်းမင့် အနုပညာတင်ဆက်တော့ ကိုပေါ်တို့ လာရောက်အားပေးခဲ့တာကို သွားသတိရသွားမိပါတယ်။ အဲဒီတုန်းက ထောင်က လွတ်ပြီးပြီးချင်း ပထမဆုံး လုပ်ခွင့်ရတဲ့ အနုပညာပွဲလေး ဖြစ်ပါတယ်။ ခုဟာကလည်း ပြည်ပကို ထွက်လာခဲ့ပြီးတဲ့ ၆ နှစ်ကာလ အပြီး၊ ပထမဆုံး အမိမြေကို ပြန်ခြေချခွင့်ရတာ (၂) ရက်ပဲ ရှိသေးတဲ့နေ့မှာ ပါဖေါင်းမင့်ပွဲ တခုလုပ်ပေးဘို့ ပြောလာတာဖြစ်ပြီး ပြောလာသူက မကြာခင်ကမှ အကျဉ်းထောင်က လွတ်လာခဲ့တဲ့ ကိုယ်လေးစားတဲ့ ခေါင်းဆောင်တဦး ဖြစ်နေတာမို့ ဟုတ်ကဲ့လို့သာ ပြောလိုက်ပြီး ခေါင်းထဲမှာ ဘာလုပ်မယ်ဆိုတာ ရေရေရာရာ မပေါ်ပဲ ဖြစ်နေပါတယ်။


သူကပဲ ဆွေးနွေးပွဲကို ဦးစီးကျင်းပတဲ့ လူငယ်လေးတွေကို ပါဖွန့်မင့်အတွက် လိုအပ်တာ ပြောနိုင်အောင် မိတ်ဆက်ပေးထားပါတယ်။ များသေားအားဖြင့် ကျွန်တော်က ပါဖေါင်းမင့်တခုကို ဖန်တီးတဲ့ အခါမှာ လုပ်မဲ့နေရာနဲ့ အချိန်ကို လိုက်ပြီးမှာ စိတ်ကူးကို ထုတ်ယူလေ့ရှိတဲ့ အကြောင်း သူတို့ကို ပြောပြပြီး၊ ဒါကြောင့်မို့ မနက်ဖြန်ကို စောစောလာပြီး နေရာကိုကြည့်မယ် အဲဒီကျတာ့ စိတ်ကူး ပေါ်လာတဲ့အခါ အထူးတလည် လိုအပ်တာရှိရင် ပြောပါမယ်။ များသောအားဖြင့် ကိုယ်က ရှိတဲ့ အခြေအနေပေါ်မှာပဲ စိတ်ကူးကို တည်ဆောက်တတ်တာမို့ သိပ်လိုမယ်မထင်ပါဘူးလို့ပဲ ပြောထားလိုက်ပါတယ်။

 

         ဒီလိုနဲ့ နောက်နေ့ရောက်တော့ ကိုရဲ(ကိုရဲလွင်)က ကျွန်တော့်ကို နာရေးကူညီမှူ ရုံးကို ခေါ်သွားပါတယ်။ ဟိုရောက်တော့ ကိုမောင်၊ ဇနီး မရွှေဇီးကွက်တို့နဲ့ စကားကောင်းနေတုန်း ဆရာမောင်ဝံသနဲ့ ကိုမျိုး (မြန်မာစာ)တို့ ရောက်လာကြပါတယ်။ ရောက်ရောက်ချင်းပဲ ဆရာဦးဝံသက ကျွန်တော့်ရဲ့ လူကက်ဆက်ဆောင်းပါးကို သူဖတ်တဲ့အခါ စက်ဆုပ်တဲ့ ဘယာနကရသကို ခံစားရကြောင်း စပြောလာ ပါတယ်။ နောက်မှ သိရတာက ဆရာက နာရေးကူညီမှုက လူငယ်တွေကို ဒီမိုကရက်တစ်လူ့ အဖွဲ့အစည်း ခေါင်းစဉ်နဲ့ ဟောပြောဘို့လာတာမှန်း သိရပါတယ်။ ဒါနဲ့ပဲ ခေါ်လာတဲ့ ကိုရဲကို ကျွန်တော်တော့ ဒီပွဲ တက်နားထောင်လိုက်ဦးမယ်ဗျာလို့ ခွင့်တောင်းပြီး ကျန်ရစ်ခဲ့ပါတယ်။ ကိုရဲကတော့ သွားကာနီး ကိုပေါ်တို့ပွဲသွားဘို့ ကတိပေးထားတာလည်း မမေ့နဲ့ဦးလို့ ပြောပြီး သူ့တယ်လီဖုန်းကိုပါ ပေးထားပြီး ဂီတပွဲကိစ္စ ဆွေးနွေးပွဲကို ဆက်ချီတက်သွားပါတယ်။ ကိုမျိုးက စိတ်မပူဘို့နဲ့ သူလည်းသွားမှာ ဖြစ်တဲ့အကြောင်း အဲဒီပွဲအတွက် မဂ္ဂဇင်းတခုမှာ ဖေါ်ပြခဲ့ပြီးတဲ့ အကြောက်တရားလို့ အမည်ရတဲ့ သူ့ကဗျာလေးကို ဝေငှဖို့ ကော်ပီပွါးလာတဲ့ စာရွက်ထဲက တရွက်ကို ပေးဖတ်ပါတယ်။

 

            ဒါပေမယ့် တကယ်ဟောပြောပွဲစတော့ ကျွန်တော်က ဆရာဦးဝံသရဲ့ ပို့ချတဲ့ အချက်တွေထဲ မျောနေပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတလျောက်မှာ လူတော်တော်များများ မသိသေးတဲ့ အချက်တွေမို့ ကိုယ်ပါ လူငယ်တွေနဲ့ စိတ်ဝင်တစား မျောပါသွားပါတယ်။ အထူးသဖြင့် လူငယ်တွေခုလို နိုင်ငံရေးဟောပြောပို့ချချက်တွကို အလေးတယူ နာယူနေကြတာ တွေ့ရတာမို့ တော်တော့်ကိုစိတ်ထဲ အားတက်မိပါတယ်။ ဆိုးတာကတော့ ဟောပြောပွဲ အတွင်းမှာ တယ်လီဖုန်းလာတဲ့ အသံတွေပါပဲ။ အဲဒီတော့မှ သတိထားမိတာက ဟောပြောပွဲ တက်လာတဲ့ လူငယ်တိုင်းမှာ မိုဘိုင်းဖုန်းလေးတွေ ကိုယ်စီ ရှိနေကြတာဟာ ကျွန်တော်ပြည်ပ မထွက်ခွါမီက အခြေအနေနဲ့ ကွာခြားချက်ပါပဲ။ ဒါပေမဲ့ ခုလိုဟောပြောပဲတွေ လုပ်တဲ့အခါမှာ မိုဘိုင်းဖုန်းတွေကို ပိတ်ထားရမယ်ဆိုတဲ့ စည်းကမ်နဲ့တော့ တော်တော်လေး အံမ၀င်တာ တွေ့ရပါတယ်။ ရှေ့က ဟောနေတဲ့ ဦးဝံသကတော့ မိုဘိုင်းဖုန်း ခုလို ထထမြည်နေတဲ့ အတွက် အနှောင့်အယှက် ဖြစ်ဟန်မပြပဲ ပုံမှန်ပဲ ဆက်လက် ဟောမြဲဟောနေတာမို့ ပွဲတွေမှာ ခုလို ဖုန်းထထမြည်သံတွေနဲ့ တော်တော်လေး အသားကျနေဟန် ရှိပါတယ်။ နောက်မှ ကိုပေါ်ကို ကတိပေးထားတဲ့ ပွဲဆီကို အငှါးကားနဲ့ ပြေးရပါတော့တယ်။

 

            ဒီနေရာမှာ ပြောစရာရှိတာကတော့ ဆရာမောင်ဝံသရဲ့ ဟောပြောချက် နားထောင်ချိန်မှာရော အငှါးကားနဲ့ ဒဂုန်မြောက်ကနေ တာမွေစာတိုက်အနီးက ကိုပေါ်တို့ ကွန်ဖရင့် လုပ်နေတဲ့နေရာ သွားတဲ့ ကားပေါ်တလျောက်လုံးမှာ စိတ်က လုပ်ရမယ့် ပါဖေါင်းမင့်အတွက် စိတ်ကူးက တောက်လျောက်ပါလာ နေပေမယ့် သဘောကျတဲ့ စိတ်ကူးတခုမှ မပေါ်ပဲ သွားနေမိနေပါတယ်။ ဒီလိုနဲ့ သူတို့ အခမ်းနား လုပ်နေတဲ့ တိုက်ခန်းလေးဆီရောက်တော့ တော်တော်တောင် နောက်ကျနေပါပြီ။ ကျွန်တော်ဝင်လာတော့ ကိုကိုကြီးက ရပ်စကားပြောနေပါတယ်။ ဒီလိုနဲ့နောက်ဖက်က အခန်းလေးထဲ ၀င်ပြီး ရေတဗူးယူသောက်ပြီး တွေ့တဲ့ထိုင်ခုံပေါ် ထိုင်ပြီး အမောခဏဖြေရင်း ပတ်ဝန်းကျင်ကို စပြီး မျက်စိကစားမိပါတယ်။ ဒီကြားမှာ အရင်ရောက်နေတဲ့ ရွှေသံစဉ်ကိုဝင်းမော်ကို ကိုယ့်ကင်မရာ ထိုးပေးရင်းက ကျွန်တော့်ပါဖေါင်းမင့်ကို အဆင်ပြေရင် ဗီဒီယိုရိုက်ပေးပါလို့ မေတ္တာရပ်ခံရပါတယ်။ အခမ်းနားစီစဉ်တဲ့ ကလေးမလေးက ခုမကြာခင်မှာ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက ကျောင်းသားနိုင်ငံရေးသမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ စာတန်းတခုဖတ်လိမ့်မယ်။ အဲဒါပြီးရင် အကိုအလှည့်လို့ လာပြောပါတယ်။ သူ့ကို ခေါင်းငြိမ့်ပြီး စိတ်ကို ပြန်စုစည်းပြီး ကိုယ်နေနေတဲ့ နောက်ခန်းလေးထဲမှာ ဘာတွေရှိလဲဆိုတာကို စလေ့လာပါတယ်။

 

   ပထမဆုံး သတိထားမိတာကတော့ အခန်းထောင့်မှာ ပုံနေတဲ့ ရေသန့်ဗူးအခွံတွေ ဖြစ်ပါတယ်။ နောက်ထပ်ရှာတွေ့တာကတော့ အချိုရည်ပုလင်း သံအဖုံးလေးတွေ။ နောက်တာ့ ရေသန့်ဗူးအကြီးတွေက ပြုတ်ထွက်လာပုံရတဲ့ ဘုံဘိုင်ခေါင်းတခုပါ။ နောက် ပလပ်စစ် အခွံတွေ။ အခန်းထဲမှာ တွေ့ရတဲ့ တိုလီမုတ်စတွေကို အခြေပြုပြီး ပါဖွန့်မင့် တင်ဆက်မှုတခုကို ရတဲ့အချိန်အတွင်း တည်ဆောက်ကြည့်နေမိပေမယ့် ကျေနပ်လောက်တဲ့ စိတ်ကူး ပေါ်မလာပဲ ဖြစ်နေပါတယ်။ ပြသနာက ခုတင်ဆက်မယ့် အနုပညာတင်ဆက်မှုဟာ လူငယ်တွေ အကြောက်တရား ကင်းစင်ရေးနဲ့ တနည်းမဟုတ် တနည်း ဆက်စပ်နေရမယ်ဆိုတဲ့ စိတ်က တော်တော်ဖိစီးနေတာ သတိထားမိပါတယ်။ နောက်ဆုံးမှာ သတိထားမိတာကတော့ ကျွန်တော်က အကြောက်တရား ကင်းစင်ရေးအတွက် ပါဖေါင်းမင့် လုပ်ဖို့ စိတ်ကူးရှာရင်း ကျွန်တော်ကိုယ်တိုင် ကြောက်နေတာကို ဖြတ်ကနဲ သတိပြုလိုက်မိပါတယ်။ ကျွန်တော် ဘာကြောက်နေသလဲဆိုတော့ ရေရာတဲ့ စိတ်ကူးတခု မရမှာ ကြောက်နေတယ်။ မြန်မာပြည်ရဲ့ ပထမမျိုးဆက် ပါဖေါင်းမာ တဦးအနေနဲ့ရော ပြည်ပက ပြန်လာတဲ့ အနုပညာသည် တဦးအနေနဲ့ရော ပြန်လာပြီး ပထမဆုံးလုပ်တဲ့ အနုပညာအလုပ်မှာ ဘာမှ ပြည့်ဝလေးနက်တဲ့ အဓိပါယ်မပါတဲ့ အနုပညာလို့ ပရိတ်သတ်က ဝေဖန်ခံရမှာလည်း ကြောက်နေတဲ့ စိတ်ဖြစ်နေတာ သတိထားမိပါတယ်။

 

            ပါဖေါင်းမင့် တင်ဆက်မှု တခုအတွက် နေရာတခုနဲ့ အချိန်တခုကို ရောက်လို့ စိတ်ကူးကို စဉ်းစားပြီဆိုတာနဲ့ အမျိုမျိုးသော စိတ်ကူးတွေ တခုပြီးတခု ပေါ်လာ၊ အဲဒီကနေမှ အကောင်းဆုံး တခုလို့ မိမိယူဆထားတဲ့ စိတ်ကူးကို အတည်ယူဘို့ ဆုံးဖြတ်ပြီး ယေဘုယျအားဖြင့် အနုပညာအလုပ်ကို စတင်လေ့ရှိပါတယ်။ ခုဟာကတော့ အကြောက်တရား ကင်းစင်ရေးဆိုတဲ့ အကြောင်းအရာရဲ့ အကျဉ်းအကြပ်ထဲမှာ မိမိစိတ်ပါ ညှပ်နေတာကို သတိသွားထားမိတဲ့အချိန်မှာ ပိတ်မိနေတဲ့ စိတ်ကို ဖေါက်ထုတ်နိုင်တယ်ဆိုရင် အကြောက်တရားက ကင်းမှာပဲဆိုတဲ့ အကြောင်းကိုပဲ ဝေငှဘို့ ဆုံးဖြတ်မိပါတယ်။

 

            ဒီလို ထိုင်စဉ်းစားနေတုန်း မိန်းကလေး တယောက်က တခုခုလိုက်ရှာနေသလို လုပ်နေတာမို့ ဘာရှာနေလဲလို့မေးတော့ ကိုမျိုး (မြန်မာစာ)ရဲ့ ကဗျာစာရွက်လေးတွေ ချထားတာ လိုက်ဝေမလို့တဲ့။ နောက်ဆုံး အဲဒီကဗျာစာရွက်ထပ်ကို ကိုယ်က ဖင်ခုထိုင်ထားမိရက်သား ဖြစ်နေပါတယ်။ ကဗျာစာရွက် ကိုထုတ်ပြီး ဖတ်မိတော့ ခေါင်းစဉ်က အကြောက်တရားတဲ့။ ဒါနဲ့ ဒီကဗျာကို ခုမဝေနဲ့ ကိုထိန်လုပ်မယ့် ပါဖေါင်းမင့်မှာ ကိုထိန်ကိုယ်တိုင် လိုက်ဝေလိုက်ဦးမယ်လို့ ပြောပြီး ကဗျာစာရွက်ထပ်ကို ယူထားလိုက် ပါတယ်။

 

           နောက်တော့ အနားမှာ တွေ့ရတဲ့ ပလပ်စတစ် အိပ်အပါးအကြည်စကို အသုံးပြုဘို့ ဆုံးဖြတ် ပါတယ်။ ဒီပလပ်စတစ် အကြည်ကို စွပ်လိုက်ခြင်း အတွက် လူတယောက်မျက်နှာဟာ အမြင်အရကို သိသိသာသာ ထူးခြားပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ နောက်တခုကတော့ ကျွန်တော် ၁၉၉၁ မြောက်ပိုင်း ABSDF(NB) မှာ နှိပ်စက်ခံခဲ့ရစဉ် အခါက နောက်ဆုံး ပလပ်စတစ်အိပ်နဲ့ ခေါင်းစွပ်တဲ့ ညှင်းဆဲမှူမှာ တောင့်မခံနိုင်တော့ပဲ မိမိဟာ ထောက်လှမ်းရေး တယောက်ပါလို့ လိမ်ပြီး ထွက်ချက်ပေးခဲ့အထိ ပလပ်စတစ်နဲ့ မိမိကြား ဆက်စပ်မှုက ခိုင်ခိုင်မာမာ ရှိနေပါတယ်။ ဒါကြောင့် ပလပ်စတစ် အိတ်ထဲမှာ မွန်းကြပ် ပိတ်မိနေရာကနေ ရေဘုံဘိုင်ခေါင်းနဲ့ အိတ်ကို ထိုးဖေါက်ပြီးတော့ ကိုက်ထားခြင်းအားဖြင့် အမြင်အာရုံဆန်းပြားမှုကို ရစေတဲ့အပြင် ပလပ်စတစ်အိတ်ထဲမှာ ဘုံဘိုင်ခေါင်း အပေါက်ကတဆင့် အသက်ရှူလို့ ရမယ်ဆိုတာကို စဉ်းစားမိလိုက်ပါတယ်။ များသောအားဖြင့်ရေ ဘုံဘိုင်ခေါင်းဆိုရင် အတွင်းကရေကို အပြင်ကို ထုတ်ဘို့ ဒီဇိုင်းဖြစ်ပါတယ်။ ခု ပါဖေါင်းမင့်မှာတော့ အပြင်က လေကို လမ်းကြောင်းပြောင်းပြန် အတွင်းကို ပြန်ရူသွင်းရာမှာ အသုံးပြုတဲ့အပြင် အဲဒီရေပိုက်ခေါင်းက တဆင့် ရေပုလင်းလွတ်တွေထဲကို တစုံတရာကို တစက်ချင်းချပြီး ပရိတ်သတ်ကို ဝေငှဘို့ အစီအစဉ်ကိုပါ ထည့်ဖြစ်သွားပါတယ်။ ဘာကို တစက်ချင်း ချတာပါလဲ။ ဘာကိုဝေငှသင့်ပါသလဲ။ မကြောက်တရားလား လွတ်လပ်မှုကိုလား၊ အကြောက်တရားကိုလား၊ မေတ္တာတရားကိုလား၊ ဘာမှမရှိတဲ့ အရာကိုပဲလား ဆိုတာကို မပြောပဲ အဲဒီအချက်ကို ပရိတ်သတ်ကိုပဲ စဉ်းစားအဖြေရှာစေမယ်လို့ ဆုံးဖြတ်မိခဲ့ပါတယ်။

 

နောက်တချက်ကတော့ ပရိတ်သတ်ရဲ့ ပူးပေါင်းပါဝင်မှု ကိစ္စပါ။ ၂၀၀၅ ထောင်က လွတ်ပြီးလုပ်တဲ့ ကျွန်တော့် ပါဖေါင်းမင့် တော်တော်များများမှာ ပရိတ်သတ်ထဲက တချို့ တခါတလေ ပရိတ်သတ်အားလုံးကို အနုပညာပြကွက်ထဲမှာ တစိတ်တပိုင်း တခါတရံ အပြည့်အ၀ ပူးပေါင်း ပါဝင်ဆောင်ရွက်တဲ့ တင်ဆက်မှုမျိုးကို ပိုပြီး လုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အထူးသဖြင့် ပုလင်းထဲကို အစက်ကျတဲ့ အသံအဖြစ် ပရိတ်သတ်ကပဲ ပုလင်းလွတ်တွေကို ကြမ်းနဲ့ ရိုက်ပြီး အသံတခု ဖြစ်ပေါ်စေခြင်းဖြင့် ပရိတ်သတ်ဟာ ဒီပါဖေါင်းမင့် ပြကွက်ထဲမှာ သူတို့ကိုယ်တိုင် အစိတ်အပိုင်း တခု အနေနဲ့ ပါဝင်နေတယ်ဆိုတဲ့ ခံစားမှုကို ရရှိစေချင်လို့ ဒီဆောင်ရွက်မှုကို လုပ်ခဲ့ပါတယ်။ နောက်တခုကတော့ ဒီလိုစုပေါင်းပြီး အသံတခု ပြုလုပ်ကြတဲ့ လုပ်ငန်းရဲ့ အရေးပါတဲ့ တချက်ကတော့ အတူတကွ စည်းချက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်ကို စိတ်မှာ သတိထားမိသွားစေလိုလို့ လုပ်တာဖြစ်ပြီး နောက်ဆုံး ကိုမျိုး (မြန်မာစာ) ရဲ့ ကဗျာကို အတူတကွ ရွတ်ဆိုကြခြင်းမှာလည်း ကဗျာစာသားကပေးတဲ့ အဓိပ္ပါယ် အပြင် ရုတ်တရက် အတူတကွ ဟန်ချက်ညီ ပေါင်းစည်း ရွတ်ဆိုကြခြင်းရဲ့ ရလဒ် အရသာကို ကိုယ်စီ ကိုယ်တိုင် အတွေ့အကြုံနဲ့ ခံစားရရှိနိုင်ဘို့ ရည်ရွယ်ပါတယ်။

 

            ဒီအချက်များဟာ ပါဖေါင်းမင့် အနုပညာသည် တဦးရဲ့ တခုသော ပြကွက်နဲ့ ပတ်သက်ပြီး စိတ်အလုပ်လုပ်ပုံ မှတ်စုဖြစ်ပါတယ်။ ဒါပေမယ့် ပါဖေါင်းမင့် အနုပညာရှင်တိုင်းဟာ ဒီလိုတွေးခေါ်ပုံအတိုင်း အလုပ်လုပ်လေ့ ရှိကြတယ်လို့တော့ ပြောလို့မရပါဘူး။ အထူးသဖြင့် ပါဖေါင်းမင့် အနုပညာနောက်က လောကအမြင် တခုခုကို ဖေါ်ကျူးဘို့ စိတ်ကူးကို ရောက်ရှိရာ နေရာ၊ အချိန်နဲ့ ပရိတ်သတ်ရဲ့ အခြေအနေ ရာသီဥတု အခြေအနေတို့အပေါ်မှာ အခြေတည်ပြီးတော့မှ စိတ်ကူး ဆောင်ရွက်လေ့ရှိတဲ့ သူတွေရဲ့ အလုပ်လုပ်ပုံဖြစ်ပြီး၊ မိမိလောကအမြင်ကို မိမိစိတ်တိုင်းကျတဲ့ နေရာ၊ အချိန်၊ အတိုင်းအတာတွင်းမှာပဲ လုပ်မယ်ဆိုပြီး ကြိုတင်ပြီး အသေစဉ်းစားထားပြီး အလုပ်လုပ်တဲ့ သူမျိုးလည်းရှိပါတယ်။

 

        နောက်တခုက မိမိလုပ်တဲ့ ပါဖေါင်းမင့် အနုပညာနဲ့ ပတ်သက်ပြီး မိမိစိတ်ကူး၊ မိမိရည်ရွယ်ချက် မိမိလုပ်ဆောင်မှုတို့ နောက်ကွယ်က အဓိပ္ပါယ် (သို့) လောကအမြင်တို့အကြောင်းကို ပရိတ်သတ်သိအောင် ရှင်းလင်းပြသသင့်တယ်လို့ ယူဆတဲ့ အနုပညာရှင်များရှိသလို မိမိဆောင်ရွက်ချက်ကို ပရိတ်သတ်က ကြိုက်သလို ယူဆနိုင်တယ် ရှင်းလင်းပြနေဘို့ တာဝန်မရှိဘူးလို့ ယူဆ သူများလည်း ရှိနိုင်ပါတယ်။

 

            ဒီပါဖေါင်းမင့်ဟာ အကြောက်တရား ကင်းစင်ရေးအကြောင်း ဆွေးနွေးနေကြတဲ့ နေရာကို ရောက်သွားတဲ့ အနုပညာသည်တယောက်ရဲ့  .. (၁) ဖြတ်သန်းခဲ့သောဘ၀၊ (၂) ဖတ်ရှူလေ့လာခဲ့မှု၊ (၃) စွဲခဲ့သောအစွဲများ၊ (၄) ကမ်းလှမ်းချက် (၅) ရရှိထားသော နေရာနှင့် အချိန် အတွင်းမှာ အနုပညာရှင်က နားလည်ထားသော အကြောက်တရားနှင့် ပတ်သက်သည့် လောကအမြင် နယ်ပယ်အတွင်းမှ ကြိုတင်/လတ်တလော စိတ်ကူးစိတ်သန်းများပေါ်မှ အနုပညာဟု ရည်ရွယ် ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက် တခုသာဖြစ်ပါတယ်။

 

            ယခု မှတ်စုတိုကတော့ အခုဖေါ်ပြထားတဲ့ ကျွန်တော်ပါဖေါင့်မင့် ဗီဒီယိုမှတ်တမ်းနဲ့ အကြောင်းစပ်ပြီး ကျွန်တော် လုပ်ခဲ့စဉ်က စိတ်အစဉ်မှာ ဖြစ်ပေါ်ခဲ့တာ ပါဖေါင်းမင့် မလုပ်မီ နီးသောကာလ ဝေးသောကာလတို့မှာ ကြုံခဲ့တဲ့ အတွေ့အကြုံတွေက ပါဖေါင်းမင့်အပေါ် ဘယ်ပုံ ပတ်သက်လာတာ တို့ကို ပါဖေါင်းမင့် အနုပညာကို ချဉ်းကပ်ကြည့်ချင်သူတချို့ အတွက်  စမ်းသပ်ရေးသားကြည့်ချက်  မျှသာ ဖြစ်ပါတယ်။            

 

ပန်းချီထိန်လင်း

{youtubejw}UsHCbGefujg{/youtubejw}